Wednesday, January 25, 2012

ဒီနှစ် အကယ်ဒမီ ဘယ်လိုလဲ… မျှော်လင့်ထားသလို ဖြစ်မလား… ကြိုတင် တွက်ဆသလို ဖြစ်မလား…

by General Knowledge on Wednesday, January 25, 2012 at 5:45pm

Wednesday, 25 January 2012 16:17




နှစ်တစ်နှစ်၏ ဆန်းစကာလသို့ ရောက်ရှိပြီဆိုလျှင် ရုပ်ရှင်အနုပညာရှင်များရော၊ ရုပ်ရှင်ကိုချစ်သည့် ပရိသတ်များအတွက်ပါ ရင်ခုန်ရသည့် ပွဲတစ်ပွဲအတွက် စကားသံများ၊ သတင်းစကားများ စတင် ထွက်ပေါ်လာတတ်မြဲ ဖြစ်သည်။ မျှော်လင့်ရင်ခုန်ရင်း ကြိုတင်ပြင်ဆင်မှုများ ရှိသကဲ့သို့ ပွဲနေ့မရောက်ခင် အချိန်ထိလည်း ခန့်မှန်းသည့်၊ မျှော်လင့်သည့်၊ ရင်ခုန်သည့် ခံစားချက်အဖုံဖုံတို့ဖြင့် ကိုယ်တိုင် အတွက်တစ်မျိုး၊ ကိုယ်စားဝမ်းသာစေရန် အတွက်တစ်ဖုံ ခံစားချက်အစုံစုံ ရှိနေကြစမြဲဖြစ်သည်။


ယင်းသို့ ရုပ်ရှင်ချစ်သူတို့ အတွက် ရင်ခုန်မျှော်လင့်စရာ ပွဲတစ်ပွဲဖြစ်သည့် အကယ်ဒမီဆု ချီးမြှင့်ပွဲအား ဖေဖော်ဝါရီလ ၇ ရက်နေ့ တွင် နေပြည်တော် လဟာပြင် ကဇာတ်ရုံ၌ ကျင်းပပြုလုပ်တော့မည်ဖြစ်ရာ အကယ်ဒမီနှင့် ပတ်သက်သည့် သတင်းစကား၊ အချက်အလက် တို့ကို စုစည်းဖော်ပြပေးဖြစ်ပါသည်။

၂၀၁၀ ပြည့်နှစ်မှာ ရုံတင်ပြသခဲ့တာ ၁၅ ကား

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်မည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသည် ၂၀၁၀ ပြည့်နှစ်တွင် ရုံတင်ပြသခဲ့သည့် မြန်မာရုပ်ရှင်ဇာတ်ကား ၁၅ ကား အနက်မှ ရွေးချယ်ပေးအပ်မည်ဖြစ်ပြီး ယင်း ဇာတ်ကားများမှာ သုခမိန်ရုပ်ရှင် ထုတ်လုပ်ရေးမှ နတ်ဖြစ်ရတဲ့ဒုက္ခ၊ စိမ်းဝါနီ ရုပ်ရှင်ထုတ်လုပ်ရေးမှ ဆွေတစ်ရာ မောင်တစ်ကျိပ်၊ စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးမှ နတ်ဖက်တဲ့စုံတွဲများ၊ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ဟတ်ထိတယ်၊ ရွှေတောင်ရုပ်ရှင် ထုတ်လုပ်ရေးမှ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ လူစွမ်းကောင်း ရုပ်ရှင် ထုတ်လုပ်ရေးမှ ဂွတ်ရှယ်သမက်၊ ကမ်းထရီးစတား ရုပ်ရှင်ထုတ်လုပ်ရေးမှ ဘာမီတွန်၊ လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေး မှ အချစ်လားလာထား၊ ၀ါဝါ၀င်းရွှေရုပ်ရှင် ထုတ်လုပ်ရေးမှ ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ်၊ ၀မ်းဖိုးဖိုက် ရုပ်ရှင်ထုတ်လုပ်ရေးမှ နယူးမော်ဒယ်လ်၊ Heart& Seoul ရုပ်ရှင်ထုတ်လုပ်ရေးမှ ‘အာဒမ်ရယ် ဧ၀ရယ် ဒသရယ်’
ကြောင်ကမ္ဘာ ရုပ်ရှင်ထုတ်လုပ်ရေးမှ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်၊ ကမ်းထရီးစတား ရုပ်ရှင် ထုတ်လုပ်ရေးမှ လာထားအာဘွား၊ စတူဒီယို ၃၅ ရုပ်ရှင် ထုတ်လုပ်ရေးမှ ပင်လယ်ထက်က နေ၀န်းနီ၊ သရ၀ဏ်ရုပ်ရှင် ထုတ်လုပ်ရေးမှ အငိုမျက်လုံး အပြုံးမျက်နှာ ဇာတ်ကားတို့ ဖြစ်သည်။
အဆိုပါဇာတ်ကားများ အနက် ဒရာမာ ဇာတ်ကားလေးကား ပါဝင်ပြီး ဟာသ ဦးစားပေးဇာတ်ကား ၁၁ ကားပါဝင်သည်ဟု သိရသည်။

အကောင်းဆုံးဒါရိုက်တာဆု

ယခုနှစ်အတွက် ဒရာမာဇာတ်ကားများ ဖန်တီးရိုက်ကူးခဲ့သည့် ဒါရိုက်တာများကသာ အများဆုံး ရေပန်းစားလျက် ရှိသည်။ ယင်းတို့အနက် သုံးပွင့်ဆိုင်လူငယ် အချစ်ဇာတ်လမ်း ကို တစ်မူထူးခြားသည့် ပုံဖော်တင်ပြမှုများဖြင့် ဖန်တီးရိုက်ကူးခဲ့ရာ သမားရိုးကျ ရုပ်ရှင်ဇာတ်ကားများမှ ကွဲထွက်တင်ပြနိုင်ခဲ့သည့် ‘အာဒမ်ရယ် ဧ၀ရယ် ဒသရယ်’ ရုပ်ရှင်ဇာတ်ကား၏ ဖန်တီးရှင် ဒါရိုက်တာဝိုင်းသည် ပရိသတ်များအကြား ရေပန်းစားမှု အများဆုံး ဒါရိုက်တာတစ်ဦး ဖြစ်နေခဲ့သည်။

ထို့အပြင် ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့သူ ဒါရိုက်တာခင်စောမျိုး (အဖေ့ပညာ)၊ ‘အငိုမျက်လုံး အပြုံးမျက်နှာ’ ဇာတ်ကားအား ပုံ ဖော်ရိုက်ကူးခဲ့သူ ဒါရိုက်တာမင်းအုပ်စိုး၊ ‘ပင်လယ်ထက်က နေ၀န်းနီ’ ဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာခင်မောင်ဦး၊ စိုးသိမ်းထွဋ် တို့ကို ထင်ကြေးပေး ခန့်မှန်းလျက် ရှိကြသည်။

အဆိုပါဇာတ်ကားများတွင် မိမိ၏နာကျည်းမှုနှင့် အတ္တကြောင့် မိမိချစ်မြတ်နိုးရသည့် မိန်းကလေးကို အသုံးချကာ တစ်ဖက်လူအား အနိုင်ယူရန် ကြိုးစားရာ၌ မိမိ၏ချစ်သူ၏ စိတ်နာကျည်းပစ်ပယ်မှုနှင့်အရှုံးဝေဒနာများ သာရရှိပုံကိုပုံဖော်ထားသည့် ‘အာဒမ်ရယ် ဧ၀ရယ် ဒသရယ်’ ဇာတ်ကား၊ လွန်ကဲသည့်မိခင် ၏ မေတ္တာနှင့်အတ္တကြောင့်  သားဖြစ်သူ၏ မိသားစု ပြိုကွဲခဲ့ရပြီးပုံ၊ အနစ်နာခံမိခင်စိတ်နှင့်
ရုန်းကန်ရသူ ချွေးမမှာလည်း စစ်မှန်သည့် မေတ္တာတရား၏ အရိပ်အောက်တွင် အဆုံးသတ်၌ ငြိမ်းချမ်းအေးမြခွင့်ရရှိပုံကို ပုံဖော်ထားသည့် ‘အမေ့ကျေးဇူးဆပ်ဖူးချင်တယ်’ ရုပ်ရှင်ဇာတ်ကား၊ ဆလုံတိုင်းရင်းသားများ ၏ နေထိုင်မှုစရိုက်များတွင် မောင်နှမ သံယောဇဉ်၊ ဖခင်နှင့်သမီးကြား မေတ္တာတရား၊ ချစ်ခြင်းမေတ္တာ၏ လေးနက်မှုတို့ကို ပုံဖော်ထားသည့် ‘ပင်လယ်ထက်က နေ၀န်းနီ’ ဇာတ်ကား၊ မြန်မာ့ရိုးရာ ဇာတ်သဘင်ပညာကို မြတ်နိုးသူ မောင်နှမနှစ်ဦး၏ ဇာတ်သဘင်အပေါ် တန်ဖိုးထားစိတ်နှင့် တစ်ဦးအပေါ် တစ်ဦးထားသည့် သံယောဇဉ်တို့ကို ပုံဖော်ထားသည့် ‘အငိုမျက်လုံး အပြုံးမျက်နှာ’ ဇာတ်ကားတို့မှာ အကောင်းဆုံး ဇာတ်ကားဆုများအဖြစ် ပရိသတ်များက ထင်ကြေးပေးလျက် ရှိကြသည်။

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု



၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ‘အာဒမ်ရယ်ဧ၀ရယ်ဒသရယ်’ ဇာတ်ကား၊ ‘အမေ့ကျေးဇူးဆပ် ဖူးချင်တယ်’ ဇာတ်ကားတို့တွင် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည့် သရုပ်ဆောင်  ပြေတီဦးက တစ်ကားကားဖြင့် ရရှိနိုင်လိမ့်မည်ဟု ပရိသတ်များက ထင်ကြေးပေး ခန့်မှန်းလျက် ရှိကြသည်။

အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု

၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ရုပ်ရှင်ဇာတ်ကားတွင် ခင်ပွန်းဖြစ်သူက ထားရစ်ခဲ့သောကြောင့် စိတ်ဆင်းရဲကြေကွဲမှုကို မွေးဖွားလာသည့် သားဖြစ်သူအပေါ် ပုံအောချစ်မြတ်နိုးခဲ့ရသော်လည်း သားဖြစ်သူ ကောင်းစားရေးအတွက် ဖခင်ဖြစ်သူက လာခေါ်ချိန်တွင် မိမိဝေဒနာကိုမေ့ ပျောက်ကာ သား၏ရှေ့ရေးအတွက် ထည့်လိုက်ရသည့် မိခင်တစ်ယောက်၏ မေတ္တာနှင့် စေတနာကို အကောင်းဆုံး ဖော်ပြနိုင်ခဲ့သည့်၊ ‘အာဒမ်ရယ်ဧ၀ရယ်ဒသရယ်’ ဇာတ်ကားတွင် လည်း အချစ်စိတ်တစ်ခုတည်းဖြင့် မိမိအားအနိုင်ယူသမျှကို ကြိတ်မှိတ် မြိုသိပ်ခဲ့သော်လည်း မိမိအားချစ်သူက အသုံးချနေသည်ကို သိရှိသွားပြီးနောက် ပေးဆပ်လိုစိတ်သက်သက်ဖြင့် မိမိကိုချစ်မြတ်နိုးသူကိုလည်း တွေ့လိုက်ရသည့်အချိန်၌ ချစ်သူအပေါ် နာကျည်းစိတ်သာ ပြောင်းလဲခံစားရသည့် ငွေလသာ အဖြစ် ပီပြင်ခဲ့သူ သရုပ်ဆောင်သက်မွန်မြင့်က ရရှိနိုင်သည်ဟု ထင်ကြေးပေး ခန့်မှန်းလျက် ရှိကြသည်။

အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု

အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ညီမလေးကို ချစ်မြတ်နိုးသည့် အစ်ကိုတစ်ဦး ၏ အတ္တနှင့် ကောင်းစားစေလိုသည့် လောဘ၊ ညီမကမွေးဖွားခဲ့သည့် တူမလေးကို ကြီးပြင်းအောင် စောင့်ရှောက်ရာတွင် သံယောဇဉ်စိတ် နှင့် စောင့်ရှောက်ရသော်လည်း ဖခင်အရင်းဖြစ်သူ လာခေါ်၍ မြို့သို့ထည့်လိုက်ရချိန်တွင် စိတ်ထိခိုက် ကြေကွဲရပုံကို သရုပ်ဆောင်နိုင်ခဲ့ သည့် သရုပ်ဆောင် ဝေဠုကျော်၊ ‘အာဒမ်ရယ် ဧ၀ရယ်ဒသရယ်’ ရုပ်ရှင်ဇာတ်ကားတွင် ချစ်သူကို ပေးဆပ်လိုစိတ်ဖြင့် ချစ်မြတ်နိုးသူ အဖြစ် ပါဝင်ခဲ့သည့် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တို့ ဆွတ်ခူးနိုင်သည်ဟု ပရိသတ်များက ထင်ကြေးပေး ခန့်မှန်းလျက်ရှိသည်။

အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု

၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို မိခင်တစ်ယောက်၏ သားသမီး အပေါ်ထားရှိသည့် မေတ္တာတရားကြောင့် အတ္တကြီးမားသွားရပုံကို ပုံဖော်ခဲ့သည့် ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ဇာတ်ကားမှ သရုပ်ဆောင်မေသန်းနု၊ တူမလေး၏အိမ်ထောင်ရေး သောကများကြောင့် မိမိပါစိတ်ဆင်းရဲ ပင်ပန်းရသော်လည်း ဖုံးကွယ်ထားရပုံ၊ မိဘမပြည့်စုံသည့် မြေးလေးရရှိလာချိန်၌ လည်း မြေးဖြစ်သူအပေါ် သနားစာနာစိတ် ကြီးမားရပုံကို ပုံဖော်ထားသည့် ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ဇာတ်ကားမှပင် သရုပ်ဆောင် ၀ါဝါအောင်တို့ တစ်ဦးဦး ရရှိနိုင်လိမ့်မည်ဟု ထင်ကြေးပေး ခန့်မှန်းလျက် ရှိကြသည်။

အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု

၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို ဆလုံတိုင်းရင်းသားတို့ ၏ နေရာဒေသဖြစ်သည့် မြိတ်ကျွန်းစုအလှအပများကို ပုံဖော်ရိုက်ကူးခဲ့သည့် ‘ပင်လယ်ထက်က နေ၀န်းနီ’ ရုပ်ရှင်ဇာတ်ကား၏ ဓာတ်ပုံဖန်တီးရှင် ဒါရိုက်တာပန်းချီစိုးမိုးက ရရှိနိုင်လိမ့်မည်ဟု ခန့်မှန်းလျက်ရှိကြသည်။

အကောင်းဆုံးရုပ်ရှင် တေးဂီတဆု

ယခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင် တေးဂီတဆုကို မြန်မာ့ရိုးရာဆိုင်းဝိုင်းနှင့် ဇာတ်သဘင် ပညာရပ်ကို အကောင်းဆုံးပုံ ဖော်တီးခတ်ခဲ့သည့် ‘အငိုမျက်လုံး အပြုံးမျက်နှာ’ ဇာတ်ကား၏ ဂီတဖန်တီးရှင် မြန်မာပြည် ကျောက်စိမ်းက ဆွတ်ခူးရရှိလိမ့်မည်ဟု ထင်ကြေးပေးခန့်မှန်းလျက်ရှိကြသည်။

အကောင်းဆုံးရုပ်ရှင် ဇာတ်ညွှန်းဆု

၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို ‘အမေ့ကျေးဇူးဆပ်ဖူးချင်တယ်’ ဇာတ်ကား၏ ဇာတ်ညွှန်းရေးသားခဲ့ သူ မစန္ဒာ၊ ‘အာဒမ်ရယ်ဧ၀ရယ်ဒသရယ်’ ဇာတ်ကား၏ ဇာတ်ညွှန်း ရေးသားသူ ဒါရိုက်တာဝိုင်းတို့မှာ ရေပန်းစားလျက်ရှိသည်။

ဟာသတွေ အကယ်ဒမီရမှာလား

ယခုနှစ်ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားသစ် ၁၆ ကားတွင် ဟာသဦးစားပေးရုပ်ရှင် ဇာတ်ကား ၁၀ ကားပါဝင်ခဲ့ရာ ဇာတ်ကားစုစုပေါင်းစာရင်း၏ ထက်ဝက်ကျော်ခန့် မှာ ဟာသဦးစားပေး ဇာတ်ကားဖြစ်နေခြင်း၊ ၂၀၀၈ ခုနှစ်အတွက် ဆုရွေးချယ်ချီးမြှင့်ရာ၌လည်း ဟာသဦးစားပေး ဇာတ်ကားဖြစ်သည့် ‘အကယ်ဒမီရှော့ခ်’ ဇာတ်ကားဖြင့် သရုပ်ဆောင် ရဲအောင် ဆုရရှိခဲ့ခြင်းစသည့် အချက်များကြောင့် ဟာသဇာတ်ကားများမှလည်း ဆုအချို့ရရှိသွားနိုင်သည်ဟု ထင်ကြေးပေး ခန့်မှန်းလျက် ရှိသည်။

အထူးဆု

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပေးအပ်ခဲ့သည့် သမိုင်းတစ်လျှောက်တွင် ၁၉၅၅ ခုနှစ် က ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် သရုပ်ဆောင်ဝင်းမာ၊ ၁၉၇၇ ခုနှစ်က ‘အဖေတစ်ခုသားတစ်ခု’ ဇာတ်ကားဖြင့် သရုပ်ဆောင် အောင်ထွန်းလေး၊ ၁၉၇၈ ခုနှစ်က ‘မေတ္တာရှင်မလေးငြိမ်းငြိမ်းအိ’ ဇာတ်ကားဖြင့် သရုပ်ဆောင် အင်္ဂလန်စိန်၊ ၁၉၉၉ ခုနှစ်က’ရင်ထဲကဆောင်းရာသီ’ ဇာတ်ကားဖြင့် သရုပ်ဆောင် အိဖြူစိုး ရရှိခဲ့ဖူးသည့် နည်းတူ ယခုနှစ်တွင်လည်း ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ဇာတ်ကားတွင် အကောင်းဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည့် ကလေးသရုပ်ဆောင် အိစိကွေးသည်လည်း အထူးဆုရရှိနိုင်သည်ဟု ခန့်မှန်းလျက်ရှိကြသည်။

‘မြန်မာ့ ရုပ်ရှင်အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ်အဖွဲ့ကို ၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်း’

၁၉၅၂ ခုနှစ်နှင့် ၁၉၅၃ ခုနှစ်တွင် ရုပ်ရှင်ထူးချွန်ဆု (သုံးမျိုး) သတ်မှတ်

(က) ပထမ အကောင်းဆုံး ဇာတ်ကားဆု (ရွှေကိန္နရီရုပ်)

(ခ) ဒုတိယ အကောင်းဆုံး ဇာတ်ကားဆု (ငွေဒေါင်းရုပ်)

(ဂ) တတိယ အကောင်းဆုံး ဇာတ်ကားဆု (ကြေးခြင်္သေ့ရုပ်)

(ဃ) အကောင်းဆုံး အမျိုးသား ပညာသည်ဆု (ရွှေရင်ထိုး)

(င) အကောင်းဆုံး အမျိုးသမီး ပညာသည်ဆု (ရွှေရင်ထိုး)

၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာ ထူးချွန်ဆုကိုပါ တိုးမြှင့်ချီးမြှင့်

၁၉၅၅ ခုနှစ်တွင် ဇာတ်ကားထူးချွန်ဆုကို ပထမ၊ ဒုတိယ၊ တတိယမခွဲခြားဘဲ အကောင်းဆုံး ဇာတ်ကား တစ်ဆုတည်းကိုသာ ရွှေကိန္နရီရုပ်ချီးမြှင့်

၁၉၅၆ ခုနှစ်တွင် ရုပ်ရှင်ဓာတ်ပုံ ထူးချွန်ဆုတစ်ဆု ထပ်မံတိုးမြှင့်သတ်မှတ်

၁၉၅၇ ခုနှစ်တွင် ဆုပုံသဏ္ဌာန်ကို ရွှေရင်ထိုးတံဆိပ်မှ ရွှေကိန္နရီ ရွှေစင်ရုပ်သို့ စတင်ပြောင်းလဲသတ်မှတ်

၁၉၆၂ ခုနှစ်မှစ၍ အမျိုးသားပညာသည်ဆုနှင့် အမျိုးသမီးပညာသည် ဆုများကို အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆုဟူ၍ ထပ်မံခွဲခြားကာ တိုးမြှင့်သတ်မှတ်

၁၉၉၀ ပြည့်နှစ်မှစတင်၍ ရုပ်ရှင်ဇာတ်ညွှန်း ထူးချွန်ဆု၊ ရုပ်ရှင်တေးဂီတ ထူးချွန်ဆုနှင့် ရုပ်ရှင်အသံဆုများပါ တိုးမြှင့်သတ်မှတ်

၁၉၉၃ ခုနှစ်မှစတင်၍ ရွှေကိန္နရီရုပ်တွင် တပ်ဆင်ထားသော ငွေကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်တပ်ဆင်ချီးမြှင့်

၁၉၉၄ ခုနှစ်မှစတင်၍ ရုပ်ရှင်တည်းဖြတ်ဆုကို ထပ်မံတိုးမြှင့်သတ်မှတ်



‘ဆုချီးမြှင့်ခဲ့သည့် နေရာများ’


ရန်ကုန်မြို့တော်ခန်းမ

ဝိဇယရုပ်ရှင်ရုံ

နတ်မောက်လမ်းရှိ စက်မှုလက်မှု ကျောင်းဝင်း

ဝင်္ကပါလမ်းရှိ ရုပ်ရှင်ပြဇာတ် အစည်းအရုံးခြံဝင်း

ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်လုပ်ငန်း မြှင့်တင်ရေးအဖွဲ့ဝင်း မြက်ခင်းပြင်

ဘုရားလမ်းရှိ ဂျူဗလီဟောကွက်လပ်

ပြည်လမ်းအသံလွှင့်ရုံ စတူဒီယိုအေ

မြန်မာ့အသံ မြက်ခင်းပြင်

အင်းလျားကန်ဟိုတယ်

ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံ

သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ

နေပြည်တော် လဟာပြင်ကဇာတ်ရုံ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...