Thursday, January 26, 2012

ပြည်သူ့နီတိ မရှိတိုင်းပြည်၊ မသိလူမျိုး

by Nay Zaw on Thursday, January 26, 2012 at 4:51pm
Written by တင်ညွန့်

ကျွန်တော် ရန်ကုန်မြို့ထဲရောက်တိုင်း မဖြစ်မနေသွားတတ်သည့် နေရာတစ်ရာရှိပါသည်။ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက် ဗိုလ်ချုပ်ဈေးမှသည် ပန်းဆိုးတန်း ဂုံးကျော်တံတားအထိဖြစ်သည်။
ယခင်က မနက် ၁၀ နာရီလောက် ရောက်အောင်သွားဖြစ်သော်လည်း ယခု နေ့လည် ၂ နာရီကျော်လောက်မှ ဖြတ်ဖြစ်အောင် အားထုတ်ရသည်။ ထိုလမ်းမကြီးသို့ ကျွန်တော်မဖြစ်မနေရောက်ရသည့် အကြောင်းရင်းမှာ စာအုပ်အဟောင်းတန်း သံယောဇဉ်ကြောင့်ဖြစ်သည်။
စာအုပ်အဟောင်းတန်းသည် လမ်းဘေးတွေ စာအုပ်များ ခင်းကျင်းရောင်းချခြင်းကို ဆိုလိုပါသည်။ စာအုပ်စုံ အဟောင်း အသစ်၊ ဂျာနယ်၊ မဂ္ဂဇင်းအားလုံး ရသည်။ တကယ်တော့ လမ်းဘေးစာကြည့်တိုက်လေးတစ်ခုဟူ၍ လည်း တင်စားခေါ်နိုင်သည်။ စာအုပ်ပုံများတွင် ၃၀၀ ကျပ်၊ ၅၀၀ ကျပ် တန်ဖိုးများ သတ်မှတ်ထားတတ်သည်။ တန်ဖိုးမသတ်မှတ်ထားသည့်အပုံသည် ဈေးကြီးနိုင်သည်။ စာအုပ်ကောင်းများဖြစ်နိုင်သလို သူတို့ခေါ်ဈေး အတိုင်း ပေးရမည်။
သို့သော် ရှားပါးစာအုပ်တစ်အုပ်သည် နှစ်ထောင် သုံးထောင်ပတ်ဝန်းကျင်သာရှိသဖြင့် တန်ကြေးအရ များသည်ဟု မဆိုနိုင်။ ဤစာအုပ်တန်းမှ ကျွန်တော် အဖိုးတန်စာအုပ်ပေါင်းများစွာရဖူးသည်။
ကျွန်တော်သည် မြန်မာစာအုပ်အသစ်များ ၀ယ်ခဲသည်။ ရင်ထဲသိပ်မငြိသော်ကြောင့်ဖြစ်သည်။ နိုင်ငံခြားထုတ် အင်္ဂလိပ်စာအုပ်များနှင့် စာအုပ်အဟောင်းသက်သက် ၀ယ်စုသဖြင့် အိမ်တွင် အဟောင်းပုံနှင့် အင်္ဂလိပ်စာအုပ် တွေသာများသည်။ နယ်အိမ်တွင် စာအုပ်ထောင်ချီပြီး ခြကိုက်ခံရဖူးသည်။ ရင်နာစွာနှင့် စာအုပ်တွေကို မီးရှို့ပြီး နောက်တစ်ခါပြန်စုဆောင်းရသည်။ ရန်ကုန်ရောက်မှာ စုဆောင်းခဲ့သော စာအုပ်တွေလည်း မနည်းတော့။ ကျွန်တော် စာရေး၍ရသမျှ စာအုပ်တွေဝယ်တာနဲ့ ပြန်ကုန်ရသော်လည်း စာအုပ်ပုံကြီး အနားတွင်နေပြီး စာရေး နေရခြင်းကပင် စိတ်ချလုံခြုံနေသလို ခံစားရသည်။
တစ်နေ့ ပန်းဆိုးတန်းအနီး အဟောင်းဆိုင်တန်းမှ ၃၀၀ ပုံထဲတွင် “ပြည်သူ့နီတိ ၂ ” ဆိုသည့် စာအုပ်လေးတစ် အုပ်ကို သွားတွေ့သည်။ ကျွန်တော့်ထံတွင် ယခင်ရှိခဲ့ဖူးသည့် ပြည်သူ့နီတိစာအုပ်များသည် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းမှထုတ်ဝေသည့် စာအုပ်များဖြစ်သည်။ ကျောင်းသုံးအဖြစ် ပြဌာန်းသော ကျောင်းသုံး စာအုပ်များလည်းဖြစ်သည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းများအတွက် သုံးအုပ်ခွဲထုတ်ထားသည်။ ၁၉၅၂ ခုနှစ်နှင့် ၁၉၅၄ ခုနှစ်ဝန်းကျင်က ထုတ်ဝေခဲ့သော စာအုပ်များဖြစ်သဖြင့် လွတ်လပ်ရေးရပြီးခေတ် ကျောင်းသုံးစာအုပ်များဟုဆိုနိုင်သည်။

ကျွန်တော်တွေ့ရသော စာအုပ်နွမ်းလေးမှာ ဆရာကျော်၏ အစိုးရပညာရေးဌာန ကျောင်းပြဌာန်းချက် အသိအမှတ်ပြုပြီး ၃ တန်း၊ ၄ တန်းနှင့် ၅ တန်းကျောင်းသုံး ပြည်သူ့နီတိ ၂ စာအုပ်ဖြစ်ပါသည်။ က၀ိမိတ်ဆွေစာပုံနှိပ် တိုက်၊ ကြည့်မြင်တိုင်မှ ထုတ်ဝေပြီး၊ တန်ဖိုးမှာ ၈ ပဲ ဟူ၍ အဖုံးတွင်ရေးထားသည်။
ဆရာကျော်က နိဒါန်းတွင် ဤစာအုပ်ကို ရေးသားပြုစုရာ၌ စာအုပ်တစ်အုပ်တည်းမှ မဟုတ်ဘဲ ကမ္ဘာ့စာအုပ်စာတန်း အသီးသီးမှ ကောင်းနိုး ရာရာအချက်များကို ထုတ်နုတ်ပြီး မြန်မာတို့၏၀ါဒထုံးစံ ယဉ်ကျေးမှုတို့နှင့်အညီ ပညာရေးဌာနက ညွှန်ပြသော ပညာရပ်မာတိကာစဉ်ဖြင့် ရှင်းလင်းလွယ်ကူစွာ နားလည်နိုင်အောင် စီစဉ်ရေးသားလိုက်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
ပြည်သူ့နီတိဘာသာရပ်ကို ဗြိတိသျှကိုလိုနီခေတ် အခြေခံပညာသင်ရိုးညွှန်းတမ်းများတွင် မတွေ့ရပါ။ အမျိုးသား ကျောင်း သင်ရိုးညွှန်းတမ်းတွင်မှ အထက်တန်းဆင့်တွင် စိတ်ကြိုက်ဘာသာရပ်အနေဖြင့် ယူရသည့် ဘာသာရပ် တစ်ခုအနေဖြင့် ထည့်သွင်းထားကြောင်းတွေ့ရသည်။
လွတ်လပ်ရေးအကြိုခေတ် ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိကာလတွင်လည်း မူလတန်းအဆင့်တွင် အပိုဘာသာ၊ မယူမနေရဘာသာရပ်များစာရင်းတွင် ပြည်သူ့နီတိကို ပြန်လည်ထည့်သွင်းထားသည်။ မူလတန်းလွန်အဆင့်တွင် အဓိကဘာသာများ၌ မယူမနေရ အဖြစ် ပြဌာန်းထားသည်။ ပါလီမန်ဒီမိုကရေစီခေတ် (၁၉၄၈-၁၉၆၂) အထိ လွတ်လပ်ရေးရပြီးချိန်၌လည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆင့်များတွင် ပြည်သူ့နီတီကို သင်ကြားခဲ့သည်။
ပြည်တော်သာပညာရေးစီမံကိန်း သင်ရိုးညွှန်းတမ်းများကို (၁၉၆၀-၆၁) ခုနှစ်အတွင်းပြဌာန်းသင်ကြားရာတွင် မည်သည့်အတန်းတွင်မျှ ပြည်သူ့နီတိဘာသာရပ်ကို ထည့်သွင်းသင်ကြားခြင်းမရှိတော့ကြောင်းတွေ့ရပြန်သည်။ တော်လှန်ရေးကောင်စီခေတ် (၁၉၆၂-၁၉၇၄) အထိ အထွေထွေပညာရေး (အခြေခံပညာရေး) သင်ရိုးညွှန်း တမ်းများကို ပြောင်းလဲခဲ့သည်။ ၁၉၆၇ ခုနှစ်အထိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းများတွင် ပြည်သူ့နီတိ ကိုထည့်သွင်း သင်ကြားပြန်သည်။
၁၉၆၇ ခုနှစ် ဇွန်လမှစတင်ပြီး အခြေခံပညာရေးဥပဒေ (၁၉၆၆) အရ အခြေခံပညာရေးစနစ်သစ်ကို အကောင်အထည်ဖော်သည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းများတွင် ပြည်သူ့နီတိ ပြန်ပြုတ်သွားပြန်သည်။ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ခေတ် (၁၉၇၄-၁၉၈၈) အထိ အခြေခံပညာ သင်ရိုးညွှန်းတမ်းများတွင် ပြည်သူ့နီတိဘာသာရပ်ကို လုံးဝသင်ကြားခြင်းမရှိတော့ပေ။
ဆရာကျော်ရေးသားသည့် ပြည်သူ့နီတိကို မည်သည့်အချိန်က ပြဌာန်းသင်ကြားကြောင်း ပုံနှိပ်မှတ်တမ်း မပါ သဖြင့် မသိရပေ။ သို့သော် ထိုစာအုပ် စာမျက်နှာ ၂၃ တွင် “၁၉၄၇ ခုနှစ်တွင် သူကြီးများကို ၅ နှစ်တစ်ကြိမ် မဲနှင့် ရွေးကောက်ကြရန် ဥပဒေစည်းကမ်းပြုလုပ်လိုက်ပါသည်” ဟူ၍မှတ်ချက်တွေ့သဖြင့် လွတ်လပ်ရေး မရမီ ခေတ်တွင် သင်ကြားခဲ့သည့် ပြဌာန်းစာအုပ်ဖြစ်မည်ဟု ယူဆရပါသည်။ နိဒါန်းတွင် ဤစာအုပ်ကိုရေးသားပြုစုသူ မှာ တစ်ဦးတည်းမဟုတ်ဘဲ ဆရာကျော်နှင့် ဦးထွန်းရှိန် (အထက်တန်းဆရာဖြစ်လက်မှတ်ရ) ဟူ၍ တွေ့ရသဖြင့် နှစ်ဦးပေါင်းရေးသည်ဟု ယူဆရပါသည်။
ဤစာအုပ်ပါ အခန်းခေါင်းစဉ်များကလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ ရွာရှိလူတို့ စုဝေးနေထိုင်မှုကို သိရှိ အောင်စုံစမ်းခြင်း၊ ရွာနှင့် ရွာ၏အုပ်ချုပ်ရေး၊ ရွာနှင့်ဆိုင်သောအရာရှိများ၊ ရွာ၏ကော်မီတီလူကြီးအဖွဲ့နှင့် အလုပ် တာဝန်များ၊ ရွာသူကြီး၏ တာဝန်ဝတ္တရားများ၊ ရွာနှင့် ရွာကော်မီတီ၏တာဝန်၊ မြို့နှင့်ရွာဆက်သွယ်ပုံ၊ ရွာမှမြို့သို့ ရွှေ့ပြောင်းနေထိုင်ခြင်းအကြောင်း၊ မြို့၏အုပ်ချုပ်ရေး၊ မြို့သူမြို့သားအဖြစ် ခံစားထိုက်သော အခွင့်အရေးများ၊ မြို့သူမြို့သားများနှင့် ဆောင်ရွက်ရန်ရှိသော တာဝန်ဝတ္တရားများဟူ၍ စိတ်ဝင်စားဖွယ်ရာ အခန်းများခွဲထား သည်ကိုတွေ့ရသည်။
ပထမပိုင်းတွင် ကျေးရွာတစ်ရွာ၏ ရှိသင့်ရှိထိုက်သော စံများ၊ အုပ်ချုပ်မှုပုံစံများ၊ အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ယူထားရသူများ လိုက်နာရမည့်ကျင့်ဝတ်များ၊ ရွာသူရွာသားများ လိုက်နာကြရမည့် စည်းကမ်းများကို ဖော်ပြထားသည်။ ကျေးရွာရှိ အုပ်ချုပ်ရေးတာဝန်များကို ယူထားရသူများသည် ကျေးရွာသူရွာသားများ၏ တရားမျှတရေး၊ သက်သာချောင်ချိရေး၊ ပညာဗဟုသုတတိုးပွားရေး၊ အသက်စည်းစိမ်လုံခြုံရေးတို့ကို ရရှိ ခံစားနိုင်အောင် တာဝန်ယူရမည်။ သူတစ်ပါး၏ ဓလေ့ထုံးစံများကို လေးစားခြင်း၊ မပြောင်လှောင် မရှုံ့ချခြင်း သဘောထားကြီးခြင်းတို့လိုအပ်သည်။
ရပ်ရွာတစ်ခုတွင် စည်းကမ်းသေ၀ပ်ခြင်း၊ မိမိဝတ္တရားကို လေးစား၍ ရိုးသားဖြောင့်မတ်စွာ အသက်မွေးခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ ရပ်ရွာကြီးပွားတိုးတက်ကောင်းမွန်ခြင်း၊ ငြိမ်ဝပ်ပိပြားခြင်းတို့သည် ပညာသင်ကြားရေးနှင့် ဆက်စပ်နေသည်။ ပညာမြင့်မှ အဆိုပါ အနေအထားများမြင့် လာမည်ကို ထောက်ပြ ထားသည်။
ရပ်ရွာတွင် ငြိမ်ဝပ်ပိပြားမှုမရှိခြင်းသည် စီးပွားရေးကြပ်တည်းခြင်း၊ အကျင့်စာရိတ္တပျက်ခြင်း၊ ပညာဗဟုသုတ ခေါင်းပါးခြင်းတို့ကြောင့်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းကို အသက်မွေးမှု ပြည့်စုံစွာရှိစေခြင်း၊ အကျင့်စာရိတ္တပျက် ယွင်းသူများကို ဆုံးမသွန်သင်နိုင်သူများရှိခြင်း၊ လောင်းကစားနှင့် မူးယစ်သောက်စားသူများ ကင်းစင်စေခြင်း၊ အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ ပညာဗဟုသုတိုးပွားစေရန် ကျောင်းများ စာကြည့်တိုက်များ ထူထောင်ပေးရန်လိုကြောင်းလည်း ဆွေးနွေးတင်ပြထားသည်။
ပထမပိုင်းတွင် ကျေးရွာ၊ ရပ်ကွက်တစ်ခုတွင် ရှိသင့်သည့် ဂုဏ်အင်္ဂါများ၊ ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးပိုင်းဆိုင် ရာလုပ်ငန်းများတွင် တာဝန်ယူရမည့်သူများ၏ အရည်အချင်းနှင့် ဆောင်ရွက်ရမည့်ဝတ္တရားများ၊ ကျောင်း၊ ဆေး ပေးခန်း၊ ကျန်းမာရေးဌာန၊ စာတိုက်၊ ဈေးစသည့် အရည်အချင်းများနှင့် ကျေးရာရပ်ကွက်များတွင် ပြည့်စုံပါမှ လူတိုင်းစည်းကမ်းရှိစွာဖြင့် ချမှတ်ထားသည့် ဥပဒေများကို လေးစားလိုက်နာပါမှ နိုင်ငံသားကောင်းများဖြစ်နိုင် မည်ကို စိတ်ပါဝင်စားဖွယ် ရေးဖွဲ့တင်ပြထားသည်။
ဒုတိယပိုင်းတွင် မြို့နေအုပ်ချုပ်ရေးနှင့် နိုင်ငံသားများ လိုက်နာရမည့် စည်းကမ်းဥပဒေများကို ဖော်ပြထားသည်။ မြို့တစ်မြို့၏အင်္ဂါရပ်များ၊ မြို့တစ်မြို့တွင် ရှိသင့်ရှိထိုက်သော ပြည်သူ့အကျိုးဆောင်ရွက်ပေးမည့် အစိုးရဌာန များ၊ မြို့သူမြို့သားများ ခံစားထိုက်သည့် အခွင့်အရေးများကို ဖော်ပြထားသည်။
မြို့သူမြို့သားတိုင်း မိမိနှစ်သက်ရာရပ်ကွက်တွင် နေထိုင်ပိုင်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ တရားဥပဒေနှင့်အညီ အသက်မွေးခွင့်၊ မိမိနှစ်သက်သူနှင့် လက်ထပ်ပိုင်ခွင့်များရှိသည်။ ပြည်သူတို့အနေဖြင့် လွတ်လပ်ခွင့်ကို စည်းကမ်းမဲ့စွာ ပြုမူခွင့်နှင့် ခွဲခြားနိုင်ရမည်။ နိုင်ငံနှင့်လူမျိုးအဆင့်အတန်းမြင့်ရေးအတွက် စည်းကမ်းရှိစွာ နေထိုင် ပြုမူ ပြောဆိုသင့်သည်။ လွတ်လပ်ခွင့်ကိုပြောပြီး အများသူငါလမ်းများပေါ်တွင် ကျင်ကြီး ကျင်ငယ်စွန့် ခြင်း၊ သူတစ်ပါးသားပျို သမီးပျိုတို့ကို ဖျက်ဆီးခြင်းတို့မပြုသင့်ကြောင်းလည်း တိုက်တွန်းရေးသားထားသည်။
နိုင်ငံရေးနှင့် ပတ်သက်ပြီး ကျောင်းသားများကို အခြေခံမှစကာ လေ့ကျင့်သင်ကြားပေးခြင်းသည် ပြည်သူ့နီတိ ဘာသာရပ်၏ အနှစ်သာရဖြစ်သည်။ နိုင်ငံရေးကို နားမလည်လျှင်၊ နိုင်ငံရေးအခြေခံများမရှိလျှင် နိုင်ငံခေါင်း ဆောင်များ မပေါ်ထွက်နိုင်ပေ။ ထို့ကြောင့် နိုင်ငံရေးနှင့်ပတ်သက်ပြီး ဒီမိုကရေစီနည်းစနစ်အရ ရရှိအပ်သော နိုင်ငံရေး လွတ်လပ်ခွင့်များကို ဖော်ပြထားသည်။

၁။ မိမိတို့ဝါဒအလိုက် ကြိုက်နှစ်သက်ရာ နိုင်ငံရေးပါတီတွင် ၀င်ရောက်ဆောင်ရွက်ခြင်း
၂။ အသက် ၁၈ နှစ်ပြည့်သူတိုင်း ကျား-မ မရွေး ရွေးကောက်ပွဲများတွင် မဲဆန္ဒပေးနိုင်ခြင်း
၃။ ကြိုက်နှစ်သက်သော ၀ါဒကို လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခြင်း
၎။ အစည်းအရုံး၊ သမဂ္ဂအသင်းအဖွဲ့များ လွတ်လပ်စွာ စည်းရုံးဖွဲ့စည်း တည်ထောင်နိုင်ခြင်း
၅။ အမျိုးသမီးများ အမျိုးသားများနှင့်တန်းတူ အခွင့်အရေးရရှိခြင်း တို့ကိုလည်း ဖော်ပြထားသည်။
“နိုင်ငံရေးပါတီတို့သည် နိုင်ငံတော်၏ ကောင်းရာကောင်းကြောင်းကို မိမိတို့ဝါဒနှင့် လုပ်ငန်းစဉ်အရ လုပ်ဆောင် ကြရန် ဖွဲ့စည်းထားသဖြင့် ပတ်ဝန်းကျင် အခြေအနေ၊ လူမျိုးဓလေ့ထုံးစံ၊ ယဉ်ကျေးမှုစနစ်၊ တော်သင့်သော အချိန်အခါကိုကြည့်၍ မိမိတို့ လုပ်ငန်းစဉ်ကို အများပြည်သူတို့ နှစ်သက်လာအောင် ကာယကံမြောက် လုပ်ကိုင် ပြခြင်းဖြင့် မိမိ၏ပါတီအစည်းအရုံး သမဂ္ဂများအား အင်အားကြီးမားလာအောင် လုပ်ကိုင်ပြသကြရမည်” ဆိုသည့် အရေးအဖွဲ့မျိုးဖြင့် နိုင်ငံရေးစိတ်ဓာတ်၊ နိုင်ငံရေး အသိတရားများကို အခြေခံကျကျ ရေးပြထားကြောင်းလည်း တွေ့ရသည်။
လွတ်လပ်စွာပြောဆိုခွင့်သည် လူသား၏ မွေးရာပါ အခွင့်အရေးတစ်ခုဖြစ်သည်။ လွတ်လပ်စွာဖော်ပြရေးသား ပြောဆိုခွင့် ဆုံးရှုံးခြင်းသည် လူ့အခွင့်အရေးဆုံးရှုံးခြင်းဖြစ်သည်။ ပြည်သူ့ဆန္ဒကို လေးစားသောတိုင်းပြည်တွင် ဒီမိုကရေစီထုံးတမ်းစဉ်လာအရ ပြည်သူပြည်သားတို့အား လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို ပေးကြရသည်။ လွတ်လပ်စွာပြောဆိုဖော်ထုတ် ပြသခွင့်ရမှ အစိုးရတို့၏ အမှားများ၊ ပြည်သူပြည်သားတို့၏ လိုလားချက်များကို အမှန်အတိုင်းသိနိုင်ပြီး အခြေအနေနှင့် လျော်ကန်သင့်မြတ်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

လူတိုင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရာတွင်လည်း
၁။ ပုန်ကန်ထကြွအောင် လှုံ့ဆော်ခြင်း
၂။ သူတစ်ပါးကို ပုတ်ခတ်၍၊ မဟုတ်မတရား စွတ်စွဲပြောဆိုခြင်း
၃။ စက်ဆုပ်ရွံရှာဖွယ် ညစ်ပတ်ကြမ်းတမ်းသော စကားတို့ဖြင့် ပြောဆိုခြင်းမျိုးမဖြစ်အောင် သတိမူရမည် ဖြစ်ကြောင်းလည်း တင်ပြဆွေးနွေးထားသည်။

ဤစာအုပ်ပါ လွတ်လပ်စွာ ရေးသားပုံနှိပ်ထုတ်ဝေခွင့် အပိုင်းသည် မျက်မှောက်ခေတ်ကာလအထိ ခေတ်မီနေ သဖြင့် ဖော်ပြလိုပါသည်။
စာနယ်ဇင်းဆိုသည်မှာ တိုင်းသူပြည်သားများ၏ ပညာဗဟုသုတတိုးတက်၍ အသိဥာဏ်ရင့်သန်အောင် မျက်စိဖွင့်ပေးသော လက်နက်များဖြစ်သည်။ ယဉ်ကျေးခေတ်မီသောနိုင်ငံများတွင် ပုံနှိပ်တိုက်တို့၏ လွတ်လပ် ခွင့်ကိုပေးကြရသည်။ ယခုအခါ ရှေးခေတ်ကထက် သတင်းစာဆရာများသည် အရေးပါအရောရောက်၍ အရေးကြီးသော ကိစ္စပေါ်ပေါက်တိုင်း ဖိတ်ခေါ်ခြင်းခံရပြီး ရှင်းလင်းပွဲလုပ်ကာ ပြည်သူတို့ကို အမှန်အတိုင်းသိစေ ရန် တင်ပြကြရသည်။

စာနယ်ဇင်းတို့ကို ရေးသား ရိုက်နှိပ် ထုတ်ဝေ ဖြန့်ဖြူးရာတွင် ပုံနှိပ်တိုက်များအနေဖြင့် လွတ်လပ်ခွင့်မရပါက ပြည်သူတို့၏ နား မျက်စိ ပိတ်သည်နှင့်တူ၏၊ ပြည်သူတို့၏ လိုလားချက်ဆန္ဒအစစ်အမှန်ကို သိရှိရန် ခဲယဉ်းမည် ဖြစ်သည်။
ပြည်သူတစ်ယောက်အနေဖြင့် မိမိ၏ ထင်မြင်ချက်၊ မိမိ၏ လိုအင်ဆန္ဒကို

၁။ တိုင်းပြည်ဆူပူအောင် လှုံ့ဆော်မှုမဟုတ်လျှင်
၂။ ညစ်ညမ်းကြမ်းတမ်းစွာ ရေးသားထားခြင်းမဟုတ်လျှင်
၃။ သူတစ်ပါး အသရေပျက်စေရန် ပုတ်ခတ်ရေးသားထားခြင်း မဟုတ်လျှင် လွတ်လပ်စွာရေးသားပုံနှိပ်ခွင့် ရှိစေရမည်ဟူသည့် ဖော်ပြထားမှုမျိုးကို တွေ့ရပါသည်။

နိုင်ငံရေးအရ လွတ်လပ်စွာစုဝေးစည်းရုံးခွင့်နှင့်ပတ်သက်ပြီး
လွတ်လပ်စွာစုဝေးစည်းရုံးခွင့်သည် လွတ်လပ်စွာပြောဆိုခွင့်နှင့် ဆက်စပ်နေသည်။ နိုင်ငံရေးအသင်းအဖွဲ့များ သည် တရားပွဲများ၊ အစည်းအဝေးများကို လွတ်လပ်စွာစုရုံးဆောင်ရွက်ခွင့်ပြုရန်လိုသည်။ အောက်ပါစည်းကမ်း ဥပဒေများနှင့် မဆန့်ကျင်လျှင် ပြည်သူတိုင်း လွတ်လပ်စွာစုဝေးစည်းရုံးပြောဆိုခွင့်ကို ရရှိရမည်ဖြစ်သည်။

၁။ အများပြည်သူနှင့် အစိုးရတို့၏ ငြိမ်းချမ်းမှုကို မထိခိုက်ခြင်း
၂။ လူအများ သွားလာအသုံးပြုရာ လမ်းကျယ်ကြီးများမှ လွတ်ကင်း၍ အများပြည်သူတို့ ဖြတ်သန်းသွားလာမှုကို အနှောက်အယှက်မဖြစ်စေခြင်း
၃။ ရုန်းရင်းဆန်ခတ်မှု အဓိကရုဏ်းများ မဖြစ်ပွားခြင်း
၎။ အာဏာပိုင်အစိုးရတို့အား ဆန့်ကျင်ဘက်ပြုလာအောင် လူထုအား လှုံ့ဆော်ပေးခြင်း
၅။ အစည်းအဝေးများသည် မြို့သူမြို့သားများအတွက် အကျိုးရှိစေခြင်း
၆။ အစိုးရတို့က ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသောနေရာတို့မှ ကင်းလွတ်စေခြင်းတို့ကိုလည်း လွတ်လပ်စွာစုဝေးပြောဆိုလိုသူတိုင်း လိုက်နာရမည့်အချက်များ အနေဖြင့် ထောက်ပြထားသည်ကို တွေ့ရပါသည်။
နောက်ပိုင်းတွင် အစိုးရတာဝန်၊ တိုင်းသူပြည်သားတို့တာဝန်၊ ပြည်သူ့ဝန်ထမ်းတို့၏တာဝန်၊ ကျင့်သုံးလိုက်နာ အပ်သည့် စည်းကမ်များစသည်တို့ကို ဆွေးနွေးပြထားသည်။ ခြုံ၍ပြောရလျှင် စာအုပ်လေးသည် ကျောင်းသုံး စာအုပ်ငယ်လေးတစ်ခုသာဖြစ်သော်လည်း ယနေ့တိုင် ခေတ်မီတိုးတက်သည့် အယူအဆ၊ အတွေးအခေါ်၊ ဝေဖန်အကြံပြုမှုများဖြင့် ပြည့်နေသဖြင့် ပြုစုတင်ပြသော ဆရာကျော်နှင့် ဆရာဦးထွန်းရှိန်တို့ကို ကျေးဇူးတင်ရ မည်ဖြစ်သည်။
မြန်မာနိုင်ငံပညာရေးစနစ်တွင် ကိုလိုနီခေတ်၊ အမျိုးသားရေးလှုပ်ရှားမှုများနိုးကြားနေချိန်၌ ပြည်သူ့နီတိဘာသာ ရပ်ကို တိုင်းသူပြည်သား၊ ကျောင်းသူကျောင်းသားများအကျိုးငှာပြဌာန်းသင်ကြားခဲ့သည်။ ပြည်သူ့နီတိသည် နိုင်ငံသူနိုင်ငံသားတိုင်းနှင့်ဆိုင်သည့် လိုက်နာရမည့်ကျင့်ဝတ်များ၊ စောင့်ထိန်းရမည့် ၀တ္တရားများ၊ ပြုသင့်ပြုထိုက် သည့် ယဉ်ကျေးသော နိုင်ငံကြီးသားပီသဖွယ် အဆုံးအမများဖြစ်ပါသည်။
ပြည်သူ့နီတိတွင် နိုင်ငံရေးနှင့် မကင်းပေ။ နိုင်ငံရေးသည် နိုင်ငံသူနိုင်ငံသားတိုင်း သိသင့်သိထိုက်၊ ပြုသင့် ပြုထိုက်သည့် တာဝန်တစ်ရပ်အနေဖြင့် သင်ကြားခြင်းကြောင့်လည်း တစ်ပါတီစနစ်ထွန်းကားခဲ့သည့် ၁၉၆၇ ခုနှစ်နောက်ပိုင်းတွင် ကျောင်းသင်ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားခြင်းမပြုတော့ကြောင်း လေ့လာတွေ့ရှိရသည်။
 မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ မူဝါဒနှင့် သဘောတရားရေးရာများကိုသာ ပညာရေးတွင် ထည့်သွင်းသင်ကြားရန် အားထုတ်လာခြင်း၊ နိုင်ငံရေးဆိုသည့်စကားလုံးကိုကြောက်ခြင်းကြောင့် နိုင်ငံရေးနှင့် ကင်းဝေးစေရန် ပညာရေးတွင် ပြည်သူ့နီတိအစား၊ စာရိတ္တပညာရေးကို သွပ်သွင်းလာခြင်း၊ ပညာရေးတွင် ပြည်သူ့နီတီကို မသင်မနေရပုံစံမျိုးမဟုတ်ဘဲ သင်ချင်မှသင် (စာမေးပွဲတွင်လည်းမမေးသဖြင့်) လုပ်ဆောင်လာ ခြင်းသည် ပြည်သူ့နီတိနှင့် ကင်းဝေးစေသည့်အကြောင်းတရားများဖြစ်လာသည်။
ရလဒ်အနေဖြင့် နိုင်ငံရေးအသိတရားမရှိသောမျိုးဆက်များ ပေါ်ထွက်လာသည်။ နိုင်ငံရေးဆိုသည်မှာ စားကောင်းသော အသီးတစ်ခုလိုမထင်တော့။ ကျောင်းများတွင် နိုင်ငံရေးသည် ပြောပြရ သင်ကြားပြရသည့် ကိစ္စမဟုတ်။ ဆရာများသည် တစ်ပါတီစနစ်အောက်တွင် နိုင်ငံရေးအရ လမ်းစဉ်ပါတီသို့ မဖြစ်မနေ၀င်ကြရသော် လည်း၊ နိုင်ငံရေးဆိုသည်မှာ ပြောတာနားထောင်၊ ခိုင်းတာလုပ်အဆင့်၊ ပြန်မပြော၊ နားထောင်အဆင့်၊ ထောက်ခံမှုကိုသာပြုခွင့်ရှိပြီး၊ ကန့်ကွက်ခွင့်မရှိသည့် နိုင်ငံရေးမျိုးနှင့်သာ ကြုံတွေ့ကြရသည်။
သို့သော် ၁၉၈၈ နောက်ပိုင်းတွင် ၀န်ထမ်းဟူက ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဆိုပြန်သဖြင့် နိုင်ငံရေးသည် ကျောင်းများတွင် ပြောသင့်သည့်အရာ၊ ဝေဖန်ဆွေးနွေးသင့်သည့် အကြောင်းအရာများဖြစ်မလာပြန်ပေ။
နိုင်ငံရေးအသိ၊ နိုင်ငံရေးစာပေ၊ နိုင်ငံရေးအဟောအပြော၊ နိုင်ငံရေးသဘောတရားအစစ်အမှန်များနှင့် ကင်းဝေးခဲ့ ခြင်းကြောင့် နိုင်ငံရေးမျိုးဆက်များ ပျက်သုဉ်းခဲ့ရသည်။ ၁၉၈၈ ခုနှစ်အရေးအခင်းတွင် ကျောင်းသားများ ဦးဆောင်သည်၊ လှုပ်ရှားသည်ဆိုသော်လည်း နိုင်ငံရေးအသိ၊ နိုင်ငံရေးသဘောတရားပြည့်ဝစွာဖြင့် နိုင်ငံရေး ဗျူဟာများကို မလေ့လာ မသုံးသတ်တတ်ခြင်း၊ နိုင်ငံရေးအသိအားနည်းခြင်းကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များ မချနိုင်သည့်အတွက် ဟိုလူပြော ဟုတ်နိုးနိုး၊ သည်လူပြောဟုတ်နိုးနိုး၊ လက်နက်ကိုင်လျှင် ကောင်းနိုးနိုး၊ ဘာတော်လှန်ရမှန်းမသိ တော်လှန်လိုက်လျှင်ကောင်းနိုးနိုးများ ဖြစ်ခဲ့ကြရသည်။
နိုင်ငံရေးအခွင့်အလမ်းဆိုသည်မှာ နှစ်ကြိမ်ပြန်ရနိုင်ရန် ခက်ခဲတတ်ပါသည်။ အခြေအနေ၊ အချိန်အခါပေးလျှင် ပေးသလို ဆုံးဖြတ်လုပ်ဆောင် ကိုင်တွယ်နိုင်မှသာလျှင် နိုင်ငံရေးအပြောင်းအလဲတစ်ခုကို ပိုင်နိုင်စွာရယူနိုင်မည် ဖြစ်သည်။ နိုင်ငံရေးအမြင်တွင် ပြည်သူ့နီတိအခြေခံမျှပင်မရှိသောလူမျိုးဖြစ်ခဲ့ရခြင်းကြောင့် ပရမ်းပတာနိုင်ငံရေး တွင် အံဝင်ခွင်ကျမဖြစ်ခဲ့။
လမ်းမများပေါ်တွင် ဘောလုံးကန်ချင်တိုင်းကန်၊ ကွမ်းတံတွေးထွေးချင်တိုင်းထွေး၊ အများပြည်သူပိုင်ယာဉ်များ ကို စီးသူကလည်း စည်းကမ်းမရှိ၊ ယာဉ်မောင်းယာဉ်နောက်တွေကလည်း ရိုင်းစိုင်း၊ စည်းကမ်းမဲ့ အမှိုက်ပစ်၊ လမ်းဖြတ်ကူးသည့် မြင်းကြားကို လမ်းသွားလမ်းလာတွေကလည်းမသိ၊ ယာဉ်မောင်းတွေကလည်း ရပ်ပေးရမှန်း မသိ၊ ဖြတ်ချင်ရာဖြတ်သဖြင့် ယာဉ်တိုက်မှုတွေဖြစ်ပွား၊ ဖမ်းဆီးဒဏ်ရိုက်မှုတွေဖြစ်ရ စည်းမရှိကမ်းမရှိဖြစ်ချင် တိုင်းဖြစ်နေရခြင်းသည် ပြည်သူ့နီတီအခြေခံများ အားနည်းခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
ပညာရေးတွင် “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူ၍ကြွေးကြော်နေပါသည်။ သို့သော် စည်းကမ်း ရှိအောင်သင်ရမည်ကိုတော့ မေ့နေကြသည်။ ကျောင်းများတွင် အခြေခံလာရမည်ကို အခြေခံမပေးလိုက်နိုင် သည့် အခါတွင် အခြေမခိုင် အခြေယိုင်လာတော့သည်။ နှိပ်ကွပ်ခြင်းသည် စည်းကမ်းမဟုတ်ပါ။ တားမြစ်ခြင်း သည် ချုပ်ခြယ်ခြင်းလည်းဖြစ်နိုင်ပါသည်။ ဟိုဟာမလုပ်ရ သည်ဟာမလုပ်ရဆိုသည်မှာ မလုပ်သင့်မလုပ်ထိုက် သည့်ကိစ္စများကို တားမြစ်ခြင်းသာဖြစ်သင့်ပါသည်။
လုပ်သင့်လုပ်ထိုက်သည့် လူ့အခွင့်အရေးကို တားမြစ်ခြင်း များသည် ဖိနှိပ်ခြင်းဖြစ်ပါသည်။ ကြောက်၍ခေါင်းငုံ့နေခြင်းကို ပီတိဖြစ်ကာ ခံစားနေကြသည့်ပညာရေးကို ပြည်သူ့နီတီ သိသောဆရာ၊ ပြည်သူ့နီတိ သိသောကျောင်းသားများဖြင့်သာ တော်လှန်ပြောင်းလဲနိုင်မည် ဖြစ်သည်။
တင်ညွန့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...