Friday, January 27, 2012

အိုးစည်ဗုံမောင်းတွေ တီးပြီး အောင်ပွဲခံရမယ့် အချိန်မဟုတ်ဘူး

by Wai Maw on Friday, January 27, 2012 at 5:40pm
 
မင်းကိုနိုင်တို့ ခွန်ထွန်းဦးတို့ အမှန်တကယ်ထောင်က လွတ်လာပြီဆိုတော့ ပြည်သူတွေအားလုံး ပျော်သွား ကြတယ်။ မျှော်မျှော်သူမောရရှာတယ် အဖြစ်မျိုးကလွတ်ပြီ ကျွတ်ပြီလို့လည်း မှတ်ယူလိုက်ကြတယ်။
အုတ်အရောရော မဟုတ်လို့
ကိုယ်တိုင်လည်း ကိုယ်ထောင်ကလွတ်တုန်းကနဲ့အတူတူကို ဝမ်းသာတယ်။
အထူးသဖြင့် ဒီတစ်ခေါက် သူတို့ကို လွှတ်လိုက်ရာမှာ အရင်အခေါက်တွေကလို အုတ်အရောရော ကျောက်အရောရော မဟုတ်ဘဲ နိုင်ငံရေးကိစ္စ အမျိုးမျိုးကြောင့် ထောင်ထဲရောက်နေသူတွေချည်း သီးသန့်လွှတ်ပေးလိုက်တာဖြစ်လို့ ပိုပြီးကျေနပ်တယ်။ နိုင်ငံရေးသမားတွေကို ခါးပိုက်နှိုက်မှု၊ ခိုးမှု၊ ဓားပြတိုက်မှု စတဲ့ ရာဇဝတ်မှုမျိုးစုံနဲ့ ထောင်ထဲရောက်နေသူတွေနဲ့ အတူတူ ရောလွှတ်တာဟာ နိုင်ငံရေးသမားတွေကို သိက္ခာကျအောင် လုပ်သလိုဖြစ်နေလို့ မုလပ်သင့်ဘူးလို့ နောက်ဆုံးအသုတ်လွှတ်ပေးတုန်းက သတင်းမီဒီယာတွေကို အတိအလင်းပြောခဲ့သေးတယ်။ ဒီတစ်ခေါက် သီးသီးသန့်သန့်လွှတ်ပေးလို့ ကျေနပ်အားရတယ်။
ထောက်လှမ်းရေးတွေလည်းပါ
မင်းကိုနိုင်တို့ ခွန်ထွန်းဦးတို့တင်မကပါဘူး၊ ဦးနေဝင်းရဲ့မြေးတွေနဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်နဲ့ ထောက်လှမ်းရေးတွေလည်း အများကြီးပါတာပဲလို့ တချို့က ထောက်ပြကြ တယ်။ အများက ဘယ်လိုမြင်ကြမယ်မသိပေမဲ့ ကိုယ်တိုင်ကတော့ သူတို့တစ်တွေလည်း နောက်ကွယ်က နိုင်ငံရေး အကြောင်းကိစ္စအမျိုးမျိုးနဲ့ နွှယ်ပြီး ထောင်ထဲရောက်နေကြတာဖြစ်လို့ နိုင်ငံရေးအကျဉ်းသားများလို့ပဲ သဘောထားတယ်။ ဒါကြောင့် သူတို့ကိုလည်း လွှတ်ပေးထိုက်တယ်လို့ ယူဆတယ်။ သူတို့လုပ်တာတွေကို မေ့ပစ်လိုက်တာ မဟုတ်ဘူး။
ဒီမိုကရေစီနဲ့မအပ်စပ်တာတွေ
ဘယ်သူဘယ်ဝါဖြစ်ပါစေ ဒီလိုနည်းနဲ့တော့ ထောင်ထဲမရောက်စေချင်ပါဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီလမ်းကြောင်းအတိုင်း နောက်ပြန်မလှည့်တမ်းသွားမယ်လို့ ကတိကဝတ်တွေ အကြိမ်ကြိမ်ပေးနေတာ ကြောင့် ဒီမိုကရေစီနဲ့ မအပ်စပ်တာတွေကို ဖယ်ရှားပစ်လိမ့်မယ်လို့ ယူဆပါတယ်။ အာဏာရှင် စနစ်အောက်မှာ မချိပြုံး ပြုံးစရာ ကောင်းသလို၊ တရားကျစရာလည်း ကောင်းတဲ့အဖြစ်တွေ အများကြီးထဲက တစ်ခုလောက် ထုတ်ပြပါရစေ။ ကျွန်တော် ပထမအကြိမ် အဖမ်းခံရပြီး ရေကြည်အိုင်ကိုရောက်သွားတာက ဗိုလ်ချုပ်ကြီးနေဝင်း ရဲ့ တော်လှန်ရေးကောင်စီခေတ်ပါ။ ရေကြည်အိုင် အကြီးအကဲက နောင်မှာ လန်ဘားကြီး၊ မျက်မှန်ကြီးလို့ အမျိုးမျိုးခေါ်ကြတဲ့ ဒုဗိုလ်မှူးကြီး တင်ဦးပါ။ ၁၉၇၄ အခြေခံဥပဒေသစ်ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတော့ သူက ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးကြီး ဖြစ်နေပါပြီ။
ထောင်တွေမရှိစေချင်
ဒုတိယအကြိမ် အဖမ်းခံရတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူယုံတော် ညာလက်ရုံး  ဗိုလ်မှူးချုပ်တင်ဦးအဖြစ် တော်တော် တန်ခိုးထွားနေပါပြီ။ ဒါပေမဲ့ သူဖမ်းပြီးထောင်ထဲထည့်ခဲ့တဲ့ သူတွေရှိနေတဲ့ နေရာကို သူမမျှော်လင့် ဘဲ ရောက်လာပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းရောက်တော့ ဗိုလ်ချုပ်ကြီးခင်ညွန့်လည်း သူတို့လိုပဲ အင်မတန် တန်ခိုးထွားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးကျ သူလည်း ထောင်နန်းစံရပြန်တာပါပဲ။ သံဝေဂယူစရာ ဖြစ်ခဲ့တာ တွေကို ပြောတာပါ။ သူတို့တစ်တွေ ထောင်ထဲရောက်တာကို ဝမ်းသာလို့ ပြောတာမဟုတ်ပါဘူး။ ဘယ်သူရောက်တာမှ ဝမ်းမသာပါဘူး။ ဖြစ်နိုင်ရင် ထောင်ဆိုတာတွေ လုံးဝမရှိစေချင်ပါဘူး။
မင်းကိုနိုင်တို့ လွတ်တဲ့အသုတ်မှာ သင်္ကြန် ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်ဖမ်းဆီးခဲ့တဲ့ သတင်းထောက် စည်သူဇေယျ နဲ့ သူ့အဖေ သားကြီးမောင်ဇေယျတို့ပါ လွတ်လာတယ်လို့ ကြားလိုက်ရတော့ မိတ်ဆွေကြီး လင်းယုန်မောင်မောင်ကို ပြေးပြီး သတိရလိုက်တယ်။ ရင်ထဲမှာလည်း ‘စစ်’ ခနဲ နာကျင်ခံစားလိုက်ရတယ်။ လင်းယုန်မောင်မောင်လည်း ထောင်ကျခဲ့ဖူးတယ်။ သူ့သား သားကြီးမောင်ဇေယျလည်း ထောင်ကျခဲ့ဖူးတယ်။ အခု သူ့မြေး စည်သူဇေယျပါ ထောင်ထဲ ရောက်ပြန်တယ်။
အောင်ပွဲခံရမယ့် အချိန်မဟုတ်
ဒီသံသရာလည်မှုကြီး အမြန်ဆုံး အဆုံးသတ်စေချင်ပါပြီ။ နိုင်ငံရေးကြောင့် ထောင်ထဲရောက်ရတယ် ဆိုတာမျိုး လုံးဝချုပ်ငြိမ်း ပျောက်ကွယ်စေချင်ပါပြီ။ ဒီပုဒ်မတွေဟာ ဒီမိုကရေစီစနစ်နဲ့ လုံးဝ မအပ်စပ်တော့ပါဘူး။ ဒီအချိန်က အိုးစည်ဗုံမောင်းတွေတီးပြီး အောင်ပွဲခံနေရမယ့်အချိန် မဟုတ်သေးပါဘူး။ ပြည်သူလူထုအပေါ် ဖိစီးနေတဲ့ ဥပဒေပုဒ်မအမျိုးမျိုး ပယ်ဖျက်နိုင်အောင် အဓိကထား လုပ်ဆောင်ရမယ့် အချိန်ဖြစ်တယ်။ ဒီမိုကရေစီ ရအောင် အရင်လုပ်ကြပါအုံး။ ဒီမိုကရေစီရပြီးမှ စိတ်ကြိုက် တီးကြ မှုတ်ကြ ကကြ ရုပ်ရှင်ရိုက်ကြပါလို့ ပြောလိုက်ပါရစေ။  ။ (၁၇-၁-၂၀၁၂)

လူထုစိန်ဝင်း
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၉  မှကူးယူ ဖော်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...