Friday, January 27, 2012

လက်ပံပွင့်ချိန်၊ ခွေးရူးချိန်

by Maung Maung Oo on Friday, January 27, 2012 at 8:29pm
 
“စုန်းမ ၃၀ လောက် လိုက်နှောက်ယှက်နေလို့- လို့ ပြောတဲ့ အရေးပေါ် လူနာတစ်ယောက် နဂါးနီဆေးရုံကို ရောက်လို့ဆရာ” ဖုန်းလာတယ်။ ကျနော်ဝင်သွားတော့ အခန်းအပြင်မှာ လူ၁၅ ယောက်လောက်။ အခန်းထဲ ၀င်လိုက်တော့ “အခန်းတံခါးပိတ်လိုက်ဆရာ” လူနာက မျက်လုံးပြူး မျက်ဆန်ပြူး ပြောတယ်။ လူကလဲ မျက်ကလဲ ဆန်ပြာနဲ့။ ကျနော်က “ဘာလို့ တံခါးပိတ်ခိုင်းတာလဲ” လိုမေးတော့ “ကျနော့်အတွက်က အရေးမကြီးဘူးဆရာ၊ ဆရာတို့ကို သူတို့က ၀ိုင်းဒုက္ခပေးမှာ စိုးတယ်” တဲ့။ “ဘယ်သူတွေက ဒုက္ခပေးမှာလဲ” လို့မေးကြည့်တော့ စုန်းမတွေ ၃၀ လောက် သူ့ကို လိုက်နှောက်ယှက်နေတာ အခု သူ့နောက်ပါလာလို့ ကျနော်တို့ ဆရာဝန်ဆရာမတွေကို  ဒုက္ခပေးမှာ သူစိုးရိမ်ပါသတဲ့။ စိတ်ကောင်းရှိပုံများ။



လူနာကို သတိထားကြည့်မိတော့ ညာလက်ဖျံမှာ ကုတ်ရာတွေ အစင်းအစင်းတွေ သွေးများတောင် စို့လို့။ “ဒါတွေကဘာဖြစ်တာလဲ” လို့ မေးပြန်တော့ အတူပါလာတဲ့ လူတစ်ယောက်က ၀င်ဖြေပေးတယ်။ ဒီလို မဖြစ်ခင် ၄-၅ ရက်လောက်က စယားတာတဲ့။ သူက ဆိုင်ကယ်သော့ကွင်းလေးကို အဲဒီညာလက်ညှိုးလေးမှာ စွပ်ပြီး လှည့်နေလေ့ ရှိသတဲ့။ အပြင်က ပြန်လာယင် သော့လေး လှည့် လေလေးချွန်ပြီး ပြန်လာနေကြတဲ့။ ကြာတော့လည်း အဲဒီလက်ညှိုးက စယားလာတာတဲ့။ (pruritus near the site of the exposure occurs in 50–80% of patients.)

ဆရာဝန်လေးက ၀င်ပြောတယ်။ ပြီးခဲ့တဲ့ ၆ လလောက်က ခွေးရူးအကိုက်ခံရဖူးသတဲ့။ အတူကိုက်ခံရတဲ့ ခွေးတွေတော့ ရူးပြီးသေကုန်ပြီတဲ့။ ဒါဆိုဘယ်နေရာ အကိုက်ခံခဲ့ရတာလဲလို့ မေးတော့။ အဲဒီညာလက်ညှိုးပဲတဲ့။ “ဒါဆို အခုရေသောက်လို့ ရသလား” လို့ မေးလိုက်တော့ လူနာက ရပါတယ်လို့ ၀င်ဖြေတယ်။ “ဒါဆိုသောက်ပြဗျာ” ဆိုတော့ မသောက်ပါရစေနဲ့တဲ့။ ဘာလို့လဲမေးတော့ သူ့ကို စုန်းမတွေက ရေသောက်လို့ မရအောင် လိုက်တားနေတာတဲ့။ အခုသောက်ယင် သူ့ကိုသာမက ကျနော်တို့ကိုပါ ဒုက္ခပေးမှာ သူစိုးရိမ်လို့တဲ့။ ဒါနဲ့ “မပူပါနဲ့ဗျာ.. ကျနော်က အပေါ်လမ်းရော အောက်လမ်းရော ပိုင်တယ်။ သောက်သာသောက်” လို့ အားပေးရတယ်။ (ဒီတခါ လိမ်တာကတော့ ဆရာဝန်ကိုယ်ကျင့်တရားနဲ့ ညီမယ်ထင်ပါရဲ့)။

လူနာသောက်တယ်။ ခွက်က ပါးစပ်နားရောက်ခါနီးမှ တေ့မရဘူး။ လက်ကနေခွက်က လွတ်ထွက်သွားတယ်။ ရေတွေမှောက်ကျတယ်။ ဆရာဝန်လေးက “Hydrophobia နဲ့ မတူဘူးနော်” တဲ့ - ကျနော့်ကို သေဖော်ညှိတယ်။ လည်ပင်းကြွက်သားတွေ ထောင်တက်ပြီး Spasm ရသွားတာ မြင်မိလားဆိုတော့ သူသတိမထားဖြစ်ကြောင်း ၀န်ခံတယ်။ လူနာရှင်တွေကို ရှင်းပြရတယ်။ သူတို့က မြန်မာဆေးသောက်ပြီးသား ခွေးရူးပြန်ပြီးသား ဖြစ်ကြောင်း ပြောပြန်တယ်။ ဒီမှာ ပြောစရာ ရှိတာက “Rabies Hysteria" ဆိုတာပါ။ A conversion disorder due to an exaggerated fear of rabies ("rabies hysteria") can produce symptoms that closely resemble those of rabies (e.g., aggressive behavior, inability to swallow or communicate) လို့ ရေးပါတယ်။ ခွေးရူးပြန်တာနဲ့ တော်တော်တူသော်လည်း ခွေးရူးပြန်တာက အကိုက်ခံရပြီး အနည်းဆုံး တစ်ပါတ်လောက်မှ ရူးတာ။ Rabies Hysteria က ကိုက်ပြီးပြီးခြင်းဆေးဆရာဆီပြေး ဆေးကု ခွေးရူးက ချက်ခြင်းပြန်ဆိုတော့ တော်တော်လေးကို ရောဂါပျိုးချိန် Incubation Period တိုနေပါတယ်။ ဒါကြောင့် မြန်မာဆေးနဲ့ ပြန်အောင် လုပ်တယ်ဆိုတာ ဒီလို Rabies Hysteria ဖြစ်နိုင်သလို ပဒိုင်းရွက်တွေ ကျွေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။


ဆရာဝန်က ဖြစ်ခါစ။ ဂျီပီလေးကလည်း ကောင်းလာတော့ ထောင်ထောင်။ တမနက်မှာ  လူ ၁၀ ယောက်လောက်က လူနာတစ်ယောက် ဆေးခန်းသွားပြတာကို လိုက်ပို့တာ တွေ့ရတယ်။ လူနာက အဖျားငွေ့ငွေ့နဲ့ ချမ်းချမ်းဖျားနေတာ  ၃-၄ ရက်လောက် ရှိပြီ။ ရွာမှာလည်း ထုံးစံအတိုင်း ချမ်းဖျားယင် ငှက်ဖျားဆေးထိုးနေတာ မသက်သာလို့ ခေါ်လာတာ။ ထူးခြားလာတာက နည်းနည်း ကြောင်တောင်တောင် ဖြစ်လာလို့တဲ့။ ဦးနှောက်ထဲများ ငှက်ဖျားပိုး ၀င်သလားပေါ့လေ။ သူတို့ကလည်း တွေးတယ်။ ကိုယ်ကလည်း တွေးမိတယ်။ လူနာမှာ သွေးပေါင်ချိန် နည်းနည်းတက်တယ်။ နှလုံးခုန်နှုန်းမြန်တယ်။ ငွေ့ငွေ့ဖျားတယ်။ အဲ .. လူနာက ရေသောက်ချင်သတဲ့။ ဒီတင် လူနာစောင့်တွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်တယ်။ “ရေခပ်ပြီး တိုက်လိုက်လေ” ကျနော်ပြောတယ်။ သူတို့တိုက်တယ်။ လူနာက ရေခွက်လက်ထဲ ရောက်တော့ လက်တွေ တုန်လာတယ်။ ခွက်ကို ပါးစပ်နား ယူလာတယ်။ တေ့လိုက်တယ်။ သောက်မရဘူး။ ခေါင်းက နောက်ကို ဆွဲလှန်လိုက်သလို ဖြစ်သွားတယ်။ ရေခွက်လွတ်ကျတယ်။ “ဟား... ပေါက်ပြီ။ ပေါက်ပြီ” ပေါ့။ Hydrophobia ကြီးပဲ ပေါ့လေ။ ဒီတော့မှ ခွေးကိုက်ခံရဘူးသလားလို့ မေးမိတယ်။ “ဆရာရယ် တစ်နှစ်တော့ ကျော်ပါပြီ” တဲ့ တစ်ယောက်က ဖြေတယ်။ ခင်ဗျားတို့လူ ခွေးရူးပြန်နေတာ လို့လည်း ပြောရော။ ပြန်ပါတော့မယ် ပြန်ဦးမယ်တဲ့။

nonspecific flu-like symptoms including malaise, anorexia, irritability, low grade fever, sore throat, headache, nausea, and vomiting ဖြစ်သတဲ့။ တွေ့တဲ့ အတိုင်းပဲ ငွေ့ငွေ့ဖျားတာအပြင် လည်ပင်းတောင် နာသတဲ့။ fever, chills, malaise, weakness, tiredness, headache, photophobia, myalgia, anxiety, depression, irritability, and symptoms of upper respiratory tract and gastrointestinal infections ဖြစ်သတဲ့။ ချမ်းဖျားတော့ ငှက်ဖျားထင်ကြတာပေါ့။



စာရေးဆရာကြီးတစ်ဦးက သူ့သားဟာ ခွေးအကိုက်ခံရပြီး နှစ် အစိတ်လောက်မှ ခွေးရူးပြန်ပြီး ဆုံးသွားတယ်လို့ ရေးပါတယ်။ တကယ်တော့ ရောဂါပျိုးချိန်ဟာ 9 days to many months (a possible range of 2 weeks to >1 year) လို့ရေးတော့ကာ စဉ်းစားစရာဖြစ်ပါတယ်။ more than six years in selected patients လို့ ရေးတာလည်း ရှိပါတယ်။ 2005 တုန်းက Mississippi မှာ ၁၀ နှစ်သားကလေးလေး ခေါင်းကိုက်ဖျားတယ်။ ဦးရေပြားက ယားတယ်လို့ ပြောတယ်။ ဘယ်က ခွေးရူးပိုးရမှန်းမသိပဲ ဆုံးသွားတယ်။ ဒီတော့ ဆရာကြီးရဲ့သားဟာ ခွေးရူးပိုး အသစ် ၀င်လာပြီး သေတာလည်း ဖြစ်နိုင်ပါတယ်။ ၁လကနေ ၃ လအတွင်းမှာ အများဆုံး ဖြစ်တယ်ဆိုတာကိုသာ မှတ်ထားသင့်ပါတယ်။
http://www.cdc.gov/mmwr/preview/mmwrhtml/mm5508a4.htm

ခွေးမှာ ရောဂါပိုးဝင်သွားပြီးယင် မကူးနိုင်တဲ့ ကာလ noninfectious incubation period က ၂လ ရှိပါတယ်။ ဒီတော့ ကိုယ့်ခွေးကို ခွေးရူးကိုက်သွားယင် ၂ လ မရူးပဲ နေနိုင်တယ်လို့ မှတ်သားရမှာပါ။ ခွေးစရူးတော့မယ်ဆိုရင် သူ့သွားရေထဲမှာ ၃ ရက်ကြိုပြီး ပိုးတွေ့ပါတယ်။ အဲဒီ ၃ ရက်ပြီးယင် ခွေးက စရူးပါတယ်။ ခွေးက စရူးပြီးယင် ၅ ရက်ပဲ ခံပါတယ်။ ဒီတော့ မရူးခင် ၃ ရက်+ ရူးတာ ၅ ရက် စုစုပေါင်း ၈-ရက်ပဲ လူကို ကူးနိုင်တာပါ။ ဒါဟာ လူတစ်ယောက် ခွေးကိုက်ခံရယင် ၁၀ ရက်တိတိ ခွေးရူးရူးစောင့်ကြည့်ပါဆိုတာ ဒီအိုင်ဒီယာက လာတာပါ။

ကိုယ်တွေ့တွေ အကြောင်း ဆက်ပါရစေ။ ဆယ်တန်းအောင်စာရင်း ထွက်ပြီးစ။ ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ အောင်ထားတယ်ဆိုပြီး လူလေးကလည်း ခပ်မြောက်မြောက်။ စက်ဘီးလေး စီးပြီး ကတိုးရုပ်ရှင်ရုံနားက နာမည်ကြီး ရှားမီးမုန့်တိုက်ရှေ့ ခြေလေးထောက်ပြီး ရပ်လိုက်တယ်။ သူငယ်ချင်းနဲ့ လှမ်းစကားပြောတုန်း။ မြောက်ကားကား ဖြစ်နေလို့ ကြည့်မရတဲ့ ခွေးက ပေါ်နေတဲ့ ခြေသလုံးသားကို ကိုက်ပြီး ထွက်ပြေးပါလေရော။ ခွေးကိုက်ခံရတာက တော်တော်လေးကို အောင့်နာနာကြီး။ ပြဿနာက ကိုက်တဲ့ခွေးကို ရူးမရူး စောင့်ကြည့်လို့ မရတာပါပဲ။ ဘယ်ခွေးမှန်း မသိဘူးလို့ ပါတ်ဝန်းကျင်က ၀ိုင်းဖြေကြတယ် (ချစ်ကြပုံရတယ်)။ တကယ်လို့ ကိုယ့်ကို ကိုက်သွားတဲ့ခွေးကို စောင့်ကြည့်နေရင်းနဲ့ အဲဒီခွေးကို ကားတိုက်သွားယင်ကောတဲ့။ ဟုတ်ကဲ့- ခွေးတွေဟာ ကားကို ကောင်းကောင်း ရှောင်တတ်ပါတယ်။ ရောဂါဖြစ်လို့သာ ခွေးဟာ ကားကို မရှောင်နိုင်တာလို့ ယူဆပြီး ကာကွယ်ဆေးကို ထိုးရတော့မှာပါ။

အဲဒီတုန်းကတော့ ခုလိုခေတ်ပေါ်ဆေးတွေ ဘယ်ရှိမှာလဲ။ ပျဉ်းမနားဆေးရုံကြီးကို သွားပြီး ခွေးရူးကာကွယ်ဆေးသွားထိုးရတာပေါ့။ တကယ်တော့ အဲဒီဆေးက မကိုက်ခင်ထိုးရတဲ့ Active vaccination ပါပဲ။ Neural tissue က ထုတ်ထားတာဖြစ်လို့ ကာကွယ်ဆေးထိုးသူ ၁၀၀၀ မှာ 0.3 to 0.8 ယောက်အထိ ဦးနှောက်ရောင်နိုင်သတဲ့။ ဘယ်သိမှာလဲ။ ထိုးတာပေါ့။ နေ့တိုင်း ရှမ်းကန်တောင်ဖက်က လမ်းအတိုင်း ဆေးရုံကုန်းတက်ကြီးကို စက်ဘီးစီးပြီး တက်တက်သွားရတယ်။ ကုန်းပေါ်က အိုပီဒီမှာ ဆေးသွားထိုးရတာ။ ချက်ပါတ်ချာလည်ထိုးရတာ။ ၅ လုံးလောက်ရှိတော့ ထိုးပြီးသားနေရာ ထပ်ထိုးရတော့တယ်။ နေရာတွေ ထပ်ကုန်တာကိုး။ ရေနွေးအိပ်တွေ ကပ်လည်း မသက်သာ။ နောက်ရက်တွေမှာ စက်ဘီးစီးပြီး ကုန်းတက်တော့ ဗိုက်က သေလုအောင် နာရော။ ကုန်းတက်က တော်တော်လေးကို မတ်တယ်။ နောက်ရက်တွေမှာတော့ ကိုယ်တိုင်မနင်းနိုင်တော့လို့ သူငယ်ချင်းက နင်းပြီး လိုက်ပို့ရတယ်။

တတိယနှစ်အမ်ဘီမှာ ကျောင်းတွေ ပိတ်ထားတုန်း ဘီးတစ်စီးနဲ့ ပါတ်နေတုန်းပေါ့။ စားအိမ်သောက်အိမ်ဖြစ်တဲ့ သူငယ်ချင်း မင်းဦး (အခုတော့ The Tree Music Band) ရဲ့ခွေးက ပဒတ်ရပ်ပြီး ဟတ်လိုက်တာ ဗိုက်ကို ချစ်မိသွားတယ်။ သွေးမထွက်သလောက်ပဲ။ သူ့တို့ခွေးက ခွေးရူးကာကွယ်ဆေးကို ဆေးပါတ်လည်အောင် ထိုးနေကြတဲ့။ ဒါလည်း ကိုယ်မှာ စိတ်မချတော့ ထိုးမိပြန်တယ်။ အဲဒီတော့ Rabipur ဆိုတဲ့ ဆေးရှိတယ်။ Verorab ထက် ဈေးပေါတယ်။ ဒါပဲ တတ်နိုင်တော့ ဒါပဲ ထိုးရတယ်။ ထိုင်းကြက်ခြေနီက သုံးတဲ့နည်းတဲ့။ အရေပြားကို လိမ္မော်ခွံလေးလို ဖြစ်အောင်ထိုးရတဲ့ Intradermal injection ထိုးနည်းနဲ့ လက်မောင်း ၂ဖက်ကို တဖက်ကို 0.1 cc နဲ့ ၂ ဖက်လုံးမှာ ၃ ကြိမ် ကို Day 0, Day 3 and Day 7 မှာ ထိုးရတယ်။ ဆေးတစ်လုံးကို 0.5 cc ပဲ ပါတော့ Day 7မှာ ဆေးဘူး အသစ်ဖောက်ထိုးရတော့တယ်။ ပြီးယင် Day 30 and Day 90 မှာ လက်တစ်ဖက်တည်းကိုပဲ 0.1 cc တစ်ကြိမ်စီ ထိုးလိုက်တော့ ဆေးက 0.2 cc ပိုနေသေးတယ်။ အဲ Day 90 မှာတော့ ဆေးက အရောင်ပြောင်းနေပြီ။ ဒါကြောင့် ဆေးတစ်ဘူးကို လူတွေ အများကြီး ခွဲပြီး ထိုးပေးလိုက်တဲ့ ကြက်ခြေနီလိုအသင်းမျိုးတွေ အတွက် သိပ်ကောင်းပေမဲ့ သာမန်လူတွေ တစ်ယောက်ချင်း ၀ယ်ထိုးယင် ဖောက်ပြီးသား ဆေးက ရေခဲသေတ္ဘ္ဘ္တာထဲမှာ အကြာကြီး မခံဘူး။


ခွေးက ခွေးရူးကာကွယ်ဆေး ဆေးပါတ်လည်အောင် ထိုးထားယင် ကိုယ်က ထိုးဖို့ မလိုပေမဲ့ ဒီလိုမျိုး ခြစ်မိသွားတယ် သွေးမထွက်ရင်ကော ထိုးဖို့လိုမလား။
၁။ ခွေးကို ကိုင်မိတယ်။ ခွေးက အပေါက်အပြဲ မရှိတဲ့အရေပြားကို လျက်မိတယ်ဆိုယင် ထိုးမဘို့မလိုဘူး။
၂။ ခွေးကိုက်တာ သွေးမထွက်သော ခြစ်ကြောင်းထင်သွားရင် အရေပြား အပေါက်အပြဲပေါ်မှာ လျှာနဲ့ လျက်မိရင် ကာကွယ်ဆေး Vaccine ထိုးရမယ်။ ။ ခွေးရူးဆိပ်ဖြေဆေး Rabies Immunoglobulins (RIG) ထိုးဖို့မလိုဘူး။
၃။ သွေးထွက်အောင် ပေါက်သွားရင်တော့ Vaccine + ခွေးရူးဆိပ်ဖြေဆေး Rabies Immunoglobulins (RIG) နှစ်မျိုးလုံး ထိုးရမယ်။




ခွေးရူးဆိပ်ဖြေဆေး Rabies Immunoglobulins (RIG) မှာ မြင်းက ထုတ်တဲ့ Equine RIG (ERIG)  အမျိုးအစား  ရယ်၊ လူသွေးသားကို အခြေခံထုတ်တဲ့ Human RIG (HRIG) ရယ်လို့ ၂ မျိုးရှိပါတယ်။ မြင်းက ထုတ်တဲ့ Equine RIG (ERIG) ကို မြန်မာပြည်မှာ ၀ယ်လို့ ရပြီးတော့ 40 IU/ kg နှုန်းနဲ့ လိုအပ်တဲ့ ဆေးပမာဏကို တွက်ချက်ထိုးရပါတယ်။ ဒီနေရာမှာ Equine RIG (ERIG) ဖြစ်တဲ့ Favirab ဟာ တစ်ပုလင်းကို 1000- 2000 IU ပါနိုင်ပါတယ်။ ဆိုလိုတာက အနည်းဆုံး ၁၀၀၀ အများဆုံး ၂၀၀၀ ထိပါမှာ ဖြစ်ပါတယ်။ လူကြီးတစ်ယောက်ကို 50 kg နဲ့ တွက်လိုက်ယင် 2000 IU လိုမှာ ဖြစ်တဲ့အတွက် သေချာအောင် ၂ လုံးထိုးဖို့ လိုပါတယ်။ ကိုက်တဲ့နေရာမှာ အသားဆေးထိုးသလို ထုံဆေး ထိုးသလို လှည့်ပတ်ထိုးရပါတယ်။ ပုံမှာ ပြထားတဲ့ နည်းကတော့ Vaccine 4 virals ပဲ လိုတဲ့ နည်းဖြစ်ပြီးတော့ Equine RIG (ERIG) မရနိုင်တဲ့ အခြေအနေမှာ ပိုကောင်းပါတယ်။




ခွေးရူးလို့ ယူဆရတဲ့ ခွေးကိုက်မိရင် ဒါဏ်ရာကို မချုပ်သင့်ပါဘူး။ တကယ်လို့ ချုပ်မှ ဖြစ်တော့မယ်ဆိုရင်လည်း RIG ထိုးပြီးမှ ချုပ်ပါ။ နောက်ဆုံး ပြောချင်တာကတော့ တကယ်လို့ ခွေးရူးရောဂါကူးနိုင်ဖို့ အခွင့်အလမ်းများသူတွေကတော့ အကိုက်မခံရခင်ထဲက ကြိုပြီး Vaccine  သုံးလုံးကို Day 0, Day 7 and Day 28 မှာ ကြိုထိုးထားရမှာပါ။ တကယ်တော့ ခွေးရူးပိုးဟာ ခွေးရူးသာမက နို့တိုက်သတ္တ၀ါတွေနဲ့ ငှက်တွေက ကူးနိုင်ပါတယ်။ ၂၀၀၆ မှာ ဆယ်ကျော်သက်လေးတစ်ယောက်ဟာ သူ့အခန်းထဲ ၀င်လာတဲ့ လင်းနို့က ကိုက်မိတာ(Google for "teen infected with rabies dies")။ လင်းနို့ကိုက်ခံရင် တချို့များ မနာလို့ သိတောင်မသိလိုက်ဘူးတဲ့။ ကံကောင်းတဲ့ Wisconsin က ကံကောင်းတဲ့ ၁၅ နှစ်သမီး ကောင်မလေးတစ်ယောက် ရှိဖူးတယ်။ ဘုရားကျောင်းမှာတွေ့တဲ့ လင်းနို့လေးကို ဆော့ရင်း 2004 September 12 မှာ အကိုက်ခံရတာ။ ဟိုက်ဒရိုဂျင် ပါရောဆိုဒ်ထည့်ပြီး  အသာလေး ထားလိုက်သတဲ့။ ကာကွယ်ဆေး မထိုးထားခဲ့ဘူး။ ၃၇ ရက်နေတော့မှ အကိုက်ခံရတဲ့ လက်က အကြောတွေဆွဲ၊ မျက်စေ့တွေဝါးလာ၊ စကားတွေ မပီတော့မှ ဆေးရုံရောက်လာတယ်။ အိုင်စီယူ အသည်းအသန်ခန်းထဲထည့် မေ့ဆေးပေး၊ ၀က်ရူးပြန်သလို တက်မှာစိုးလို့ ကြွက်သားတွေ အားပျော့အောင် ဆေးတွေပေး၊ ရှိတဲ့ ဗိုင်းရပ်သတ်ဆေးတွေ ပေး။ တစ်ပါတ်လောက်ထားတော့ ပြန်ကောင်းလာသတဲ့။ အဲလို ကုနည်းကို Milwaukee protocol လို့ ခေါ်တယ်။ အကုခံရသူတိုင်းတော့ မအောင်မြင်ပါဘူး။ ကမ္ဘာပေါ်မှာ ခွေးရူးပြန်ပြီးမှ အသက်ရှင်သူ ၆ ယောက်ရှိတယ်လို့ တချို့ ၀က်ဆိုဒ်တွေက ပြောတယ်။

(တော်သေးပြီ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...