Sunday, January 29, 2012

လူမိုက်ကြီး၏ သံဝေဂစကား

by Win Ko on Saturday, January 28, 2012 at 7:15pm
 
တော်လှန်ရေးနယ်မြေတခု၏ အခန်းကျဉ်းလေးထဲတွင် ဦးလေးနှင့်ကျနော် မထင်မှတ်ဘဲ ဆုံတွေ့ခွင့်ရရှိခဲ့သည်။ ရှေးဘဝရေစက်လားတော့ မသိ။ သူ၏ သွန်သင်ဆုံးမသံများမှာ ယနေ့တိုင် အမှတ်ရနေဆဲ။ ခွန်အားများ ပြည့်ဝ နေဆဲဖြစ်သည်။ ဦးလေး၏ အရပ်အမောင်းက ၆ ပေနီးပါး၊ အသားညိုတုတ်တုတ်နှင့် အလွန်ခိုင်မာတောင့်တင်း လှသည်။ အသံဝဲဝဲနှင့်မို့ တိုင်းရင်းသားတဦးဆိုသည်ကိုတော့ ကျနော်ရိပ်မိလိုက်သည်။ ဦးလေးနှင့် စကားပြော ဆိုခွင့်မရသေး။ အခြေအနေတို့ကို စောင့်ကြည့်နေရသည်။

ဦးလေးကို လာပို့သူများ ပြန်သွားသောအခါ ဘေးချင်းကပ်ထိုင်နေသော သူ့ထံမှ ပထမဦးဆုံးစကားသံ စတင် ထွက်ပေါ်လာခဲ့သည်။
 “တူလေး ဦးလေးကို ဆေးလိပ်နည်းနည်းလောက်တိုက်ပါလား” တဲ့။
ကျနော်လက်နှစ်ဘက်ဖြင့် ရှိုက်ဖွာလျက်ရှိသော ဆေးလိပ်တိုကို ဦးလေး၏ပါးစပ်အတွင်းသို့ ထိုးပေးလိုက်မိ သည်။ အပေါ်သွား အောက်သွား နှစ်ခုကြားမှာ ညှပ်ပြီး ဆေးလိပ်တိုလေးကို အငမ်းမရ ရှိုက်ဖွာလိုက်ပြီး နှုတ်ခမ်းမှာခဲထားရင်း ကျနော့်ဘက်လှည့်ကာ ချိုမြိန်လှ သော အပြုံးတပွင့်ဖြင့် စတင်နှုတ်ဆက်လိုက်သည်။ ဒီနောက်မှာတော့ သူကျင်လည်ခဲ့ရာ ဘဝကြီးနှင့် ထိတွေ့ ဆက်ဆံခွင့်းပေးလိုက်ပြန်သည်။
“ဦးလေးနာမည်က အိုက်ပဲ့ ကွ၊ လူမျိုးကတော့ ရှမ်းပအို့လေ၊ နေတာက ရှမ်းကယားနယ်စပ်ပေါ့။ အလုပ်အကိုင် ကတော့ စုံသလားလို့ မမေးနဲ့ငါ့တူ၊ တော်လှန်ရေးသမားလုပ်ဖူးတယ်။ အခြေအနေအကြောင်းကြောင်းကြောင့် မနေနိုင်တော့လို့ အစိုးရဆီမှာ လက်နက်ချ အညံ့ခံခဲ့ဖူးတယ်။ ရွာပြန်ရောက်တော့လည်း ဓားပြတိုက်တယ်။ ဆက်ကြေးတောင်း၊ လစ်ရင်လစ်သလို ကျွဲနွားတွေကိုလည်း ခိုးပြီးရောင်းစားတတ်တယ်။ မကောင်းမှု ဟူသမျှ အကုန်လုပ်ဖူးတယ် ဆိုရမှာပဲ၊ မကောင်းမှုတွေက ဆိတ်ကွယ်ရာ မရှိဘူးဆိုရမှာလား မသိဘူး။ အသက်အရွယ် လေးရလာလို့ လုပ်ရပ်အမှားတွေကို ခဝါချပြီး ဘဝကိုအေးအေးလူလူ ဖြတ်သန်းမယ်လို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံ ဘက်ကိုတက်လာမှ အခုလိုအဖမ်းခံလိုက်ရတာပဲ၊ အကုသိုလ်ရဲ့အကျိုးဆက်ဖြစ်မှာပေါ့ကွာ။ ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရမှာဆိုတော့ တွေဝေမနေတော့ဘူး၊ ငါလိုကောင်မျိုးက လောကကြီးထဲမှာ အမှိုက်တခုဘဲ၊ အသက် ရှင်နေသေးရင်တောင် လူတဖက်သားနစ်နာနေရမှာ စိုးရိမ်သေးတယ်။ ဘာပဲဖြစ်ဖြစ် မြန်မြန်သေရင် မြန်မြန် လူဖြစ်မှာဆိုတော့ ဘယ်လိုနည်းနဲ့ သေရသေရ ကျေနပ်တယ်ကွာ” ဟု မနားတမ်း ကျနော့်ကိုပြောနေသည်။
“ငါ့တူ မင်းလည်း တနေ့သေရမှာဘဲကွ၊ သေခြင်းတရားကို ဘယ်လိုအနေအထားရောက်ရောက် မကြောက်ရဘူး တွေဝေဒူးထောက်စရာမလိုဘူး၊ ဘဝကိုလည်း အရှုံးမပေးရဘူး။ ငါ့လို လူ့လောကရဲ့အမှိုက်မဖြစ်စေနဲ့၊ ငယ်သေး တော့ အရာရာကို ချင့်ချင့်ချိန်ချိန်နဲ့ တွေးတောစဉ်းစားပါ။ အမှန်တရားဘက်ကလည်း အမြဲရပ်တည်ပေးပါ၊ ကောင်းမှုတခုကိုလည်း နေ့စဉ်ပြုလုပ်နိုင်ဖို့ ကြိုးစားပါ။ သေရမှာကို မကြောက်တဲ့သူဟာ ဘဝမှာ ဘယ်တော့မှ အရှုံးဆိုတာ မရှိဘူး။ မြဲမြဲမှတ်ထား..” ဟု ပြောဆိုလေသည်။
သူ့မိုက်ပြစ်က သူ့ကိုဒဏ်ခတ်လိုက်သည်မှာ ဆိုးဝါးလွန်းလှသည်။ ခြေထောက် အစုံကို ထိပ်တုံးထဲမှာ ၄ ပေါက် ကျော်ထည့်ထားသောကြောင့် ကားကားကြီးဖြစ်နေသည်။ လက်နှစ်ဘက်ကတော့ နောက်ပြန်ကြိုးအပြင် လက်ထိပ်ပါ အဆစ်ပါနေသေးသည်။ ထိုထက်မက ခါးကိုလည်း ဆင်ချည်သော နိုင်လွန်ကြိုးကြီးဖြင့် သိုင်း၍ပင်  ချည်နှောင်ထားသေးသည်။ မည်မျှဒုက္ခရောက်လိမ့်မည်ကိုတော့ ကျနော်မတွေးတောရဲ။ ကျနော်ကတော့ လူငယ်သဘာဝ ခိုက်ရန်ဖြစ်ပွားသောကြောင့် လက်နှစ်ဘက်ကိုသာ လက်ထိပ်ခတ်ထား၍ သက်တောင့် သက်သာ ရှိသေးသည်။
ညဥ့်နက်ပိုင်း ရောက်သောအခါ သူ့ထံမှသိလိုသော သတင်းအချက်အလက်များကို ရယူရန်အတွက် စစ်ဆေးရေးအဖွဲ့ ရောက်ရှိလာခဲ့သည်။ သိလိုသည်များကို မေးမြန်းရေးမှတ်ပြီး......။
ကျနော်မျက်နှာလွှဲ၍ နေလိုက်မိသည်။
ဦးလေးထံမှ အန်ထွက်လာသော စကားလုံးများက ကျနော့်ကို ပိုမိုအံ့အားသင့်စေလိုက်သည်။
“မိတ်ဆွေတို့ သေနတ်နဲ့ပစ်မသတ်ပါနဲ့ ကျည်ဆံကုန်မယ်၊ ဓားနဲ့ထိုးရင်လည်း ဓားသွေးနေရအုံးမယ်။ ဝါးကြောနဲ့ သာ လည်လှီးသတ်ပေးပါ” လို့တောင်းဆိုနေလေသည်။ စစ်ဆေးရေးအဖွဲ့ပြန်သွား၍ သူ့ကိုကြည့်လိုက်သောအခါ တွေဝေမှုမရှိ ပြုံးရယ်လျက် စကားဖောင်ဖွဲ့မြဲပင် ဖြစ်သည်။
သို့နှင့် မနက်မိုးသောက်အလင်းရောက်သော် ကျနော့်ဇနီးလာပို့သော ထမင်းတောင်းကို ဖွင့်ကြည့်လိုက်ရာ ဂဏန်းကို ငရုတ်သီးဖြင့်ထောင်းထားသော ဟင်းနှင့်အတူ လှကျော်ဆေးလိပ် ၇ လိပ်ပါလာသည်ကို တွေ့လိုက်ရ သည်။ အသက် ၆၀ ဝန်းကျင်ရှိ ဦးလေးအိုက်ပဲ့ စားရန် ကျနော်ထမင်းကို ဝေမျှခွန့်ကျွေးလိုက်ရာ သုံးလေးလုပ် လောက်သာ စားလိုက်နိုင်ပြီးနောက် ဆက်မစားနိုင်တော့။ ကျနော့်မျက်နှာကို လှမ်းကြည့်ပြီး-
“ဘဝတသက်တာ မှာ မင်းခွန့်ကျွေးတဲ့ ထမင်းဟာ အချိုမြိန်ဆုံးနဲ့နောက်ဆုံးဖြစ်မှာပါ။ ငါထွက်သွားတဲ့အခါ နောက်ဆုံးအနေနဲ့ အိတ်ကပ်ထဲကို ဆေးလိပ်လေး ၄ လိပ်လောက် ထည့်ပေးလိုက်ပါအုံး.....”
“ငါသွားပြီ ကောင်လေးရေ.. ငါပြော တာတွေကိုလည်း မြဲမြဲမှတ်ထားနော်”
ပုစ္ဆာတိုင်းတွင် အဖြေဆိုတာ ရှိစမြဲ။ ထွက်ရှိလာမည့် အဖြေကိုတော့ ကျနော်တို့ ၂ ယောက်လုံး မပြောဖြစ်ကြပေ မဲ့ သိနေကြသလိုလို...........။
၁၉၉၈ ခုနှစ် တရက်တာ ဆုံစည်းခွင့်ရလိုက်သော ဦးလေးအိုက်ပဲ့သို့ အမှတ်တရ....
အုပ်ကြီးဖေ
၂၈-၁-၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...