လူနဲ့ မြို့
by ရင်နင့်အောင် on Tuesday, January 31, 2012 at 4:04pm
သံသယကို မိုးရေရောထားတဲ့ မြို့ပြကြီးက အက်ဆစ်တွေ
တစ်ခွက်ပြီးရင်း နောက်တစ်ခွက်နဲ့ လမ်းတွေက ပိုပိုကျယ်လာတယ်
ရင်ခုန်သံမှတ်တမ်းမှာ သွေးနဲ့ယက်တဲ့ ဖျင်ထည်တွေ စုတ်ပြဲလို့
ဆောင်းတွင်းတိုင်းမှာ သွေးနွေးသတ္တ၀ါတွေ ချမ်းရစ်ခဲ့ပြီ
တိုက်တွေ မြင့်မြင့်လာတဲ့ မြို့ပြကြီး.. တိုက်တွေ ပြိုပြိုကျတဲ့ မြို့ပြကြီး
ကားတွေ များများလာပြီး.. လမ်းတွေ ပိတ်ပိတ်လာတဲ့ မြို့ပြကြီး
စလွယ် ဆုံးလွယ်တဲ့ ဦးနှောက်အက္ခရာတွေနဲ့
ဖြူလိုက် မည်းလိုက် ပြာလိုက် ၀ါလိုက် ကမ္ဘာက ညညဆို
ကွန်ပျူတာ အိပ်မက်ပေးတယ်.. ဒစ်ဂျစ်တယ် အိပ်မက်ပေးတယ်.. အီလက်ထရောနစ်နဲ့ မီးထွန်းတယ်
တစ်ရေးနိုး ပြန်အိပ်တတ်အောင် သင်ကြားပို့ချတယ် … သင်ခန်းစာက လိပ်ခေါင်းရောဂါလို ပြူတစ်တစ်ဖြစ်တယ်..
အဆင်မပြေတာက အဆင်ပြေလာပြီး အဆင်ပြေတာတွေက ခြေချော်လက်ချော်ဖြစ်လာတယ်
အလုပ်တစ်ခုနဲ့ အာသာမပြေတော့တဲ့ မျက်မှန်တစ်လက်နဲ့ ပါဝါနဲ့ အာဟာရနဲ့
ဆာလောင်မှုနဲ့ ပြန်စတယ် မပြီးခင်မှာ ဆုံးတယ် ပန်းတိုင်က စပြေးတယ် .. သေတယ်.. ရှင်တယ် ..
ယုံကြည်ချက်ကြောင့် ၀တ်သူဝတ်.. ချွတ်သူချွတ် .. ဖေါ်သူဖေါ် … ဖုံးသူ ဖုံး ..
ကြာတော့လည်း လောကကြီးက တစ်ခြမ်းစောင်းရာက တစ်ဝက်စောင်း၊ နောက်
အကုန်စောင်းပြီး ပြန်တည့်သွားတယ်.. လူက အဲဒီအခါ
လူပဲ .. နှလုံးသားကို ဖေါ်ကောင်လုပ်ပြီး အချစ်ကို ၀ါကျအသစ်နဲ့ ချစ်မယ်
ရုပ်လက္ခဏာတွေနဲ့ စိတ္တဇနာမ်တွေကြားမှာ တည်ထားတဲ့ ထမင်းသိုးဟင်းသိုးကို ပြန်နွေး
နွေရာသီက သစ်ရွက်ကို အရင်အတိုင်း ပြန်ခြွေ … မိုးရာသီက သစ်ပင်ကို အရင်အတိုင်းပြန်စိုက်တာတောင်
ဆောင်းရာသီက နှင်းတွေထဲမှာ ပုန်းနေတုန်း .. အံစာတုံးတွေ ပစ်ချနေတဲ့ ကမ္ဘာ
နံပါတ်တွေမှာ ဘ၀တွေ ကပ်ပြီး လောင်ကြွမ်းနေတုန်း ငါက တစ် … သူက နှစ်ရယ်
အနန္တတွေက ဟောဒီပတ်ဝန်းကျင်မှာ ကမူးရူးထိုးနဲ့ ကခုန်နေပြန်ပြီ
ကမောက်ကမတွေ သီးသီးပြီး အစာရေစာ ပြတ်ပြတ်နေတတ်လွန်းတဲ့
ကျွန်တော်နေတဲ့ မြို့ပြကြီး
ဒီနေ့လည်း အွန်လိုင်းပေါ်တက်ကြည့်မိတာ
မနေ့ကလိုပဲ အတ္တကိုယ်စီလွယ်ထားတဲ့ လမ်းကျယ်ကျယ်ဘေးက တိုက်မြင့်မြင့်ကြီးတွေပေါ်က
လူတွေ လူတွေ… ကျွန်တော့်ကို ငါးစာပစ်ချလို့နေတာ
ပြီးကို မပြီးနိုင်ဘူးဗျာ။
ရင်နင့်အောင်
0 comments:
Post a Comment