Tuesday, January 31, 2012

“ရွှေမြိုင်မှာပင် နေတော့မည်”

by Soe Min on Tuesday, January 31, 2012 at 9:41am
 
          လေပွေနှောက်ခိုက် စိုက်စိုက်ပါသွားတဲ့ သစ်ရွက်ကြွေဆိုတာ လေဟုန်စီးလာတဲ့ ငှက်ကလေးတွေနဲ့တွေ့ပြီး ရောယောင်ပျော်ပါးလို့ရလှ တခဏပါပဲ။ အချိန်တန်တော့ ကိုယ့်နေရာကိုယ် ပြန်လဲလျောင်းရစမမြဲ မဟုတ်လား။ ဆရာခမ်းလိတ်ရဲ့ သီချင်းတွေနဲ့ချည့် လုပ်စားနေသလို ဖြစ်နေမှာစိုးလို့ စာသားလေးတော့ ပြန်မတင်တော့ပါဘူး။ လက်ရှိကိုယ့်အဖြစ်နဲ့ တိုက်ဆိုင်နေလို့ ခံစားကြည့်တာပါ။ သူများရပ်ရွာမှာ နတ်မကလည်း ကျီးကတော့ မောခဲ့တာအမှန်။ ငှက်ကလေးတွေ ပျံတာ အားကျသော်ငြား က်ုယ့်ဘ၀နဲ့ကိုယ် အိပ်မက်က နိုးထရပြန်သပေါ့လေ။ အိမ်မှာကျန်ခဲ့တဲ့ ဖတ်သီဖတ်သီ လူနာကလေးတွေကို တွေးမိတော့ အလည်မလွန်မိသော်ငြား “အားနာလိုက်တာ အချစ်ရယ်..” ဆို အတင်းတွန်းပြီး ပြန်ချင်စိတ်တွေ ပေါက်လာပါပြီ။
ပြောချင်တာတွေလည်း ပြောကြပါစေကွယ်၊ လုပ်ချင်တာတွေလည်း လုပ်ကြပါစေကွယ်။ ကိုယ့်ဘာသာကိုယ် ဘယ်သူမှလုပ်မယ့်သူမရှိတဲ့ အလုပ်တွေပဲ ပြန်လုပ်နေတာကောင်းပါတယ်။ မောင်ပိုလည်း မောင်ပို့နေရာမှာပဲ နေပါ့မယ်။ ကျားကြီးတွေလည်း ပျော်ရာမှာသာ နေတော်မူကြပါ။ မောင်ကြီးတို့ နွှဲပျော်ကြတဲ့ ပွဲတော်ညတွေဟာ ရင်ခုန်စရာလည်း ကောင်းလှပါပေရဲ့။ ယစ်မူးစရာလည်း ကောင်းလှပါပေရဲ့။ “သူ့ချည့်သာလော” ဆိုရင်တော့ “ပိုက်ဆံနှင့်ပါဘုရား” လို့ ဖြေရလိမ့်မယ်။ ကပ်စေးနည်းတဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ ဘာတွေကို ဘယ်လိုပဲ ပျော်ချင်ပျော်ချင် ကျန်းမာရေးကလေး ကောင်းမှ ပျော်လို့ရမှာပေါ့။ အဲဒီကျန်းမာရေးလေး ကောင်းနေဖို့ကလည်း “ပိုက်ဆံနှင့်ပါဘုရား”ထဲမှာ ပါနေပြန်ရော။ အဲဒီကိုယ်နဲ့ဆိုင်တဲ့ ကျန်းမာရေးကိစ္စတွေမှာ “ဘရာသာရေ ဇေပါတယ်။ ငွေသာအရင် မစပါ” ဆိုတာမျိုး ကြားရမြင်ရတဲ့အခါ “တော်ပြီ။ တော်ပြီ။ နင်တို့မျက်နှာ ငါမကြည့်ချင်တော့ဘူး။ ငါ့မျက်နှာလည်း ငါမကြည့်ချင်တော့ဘူး” ဆို ဖီလင်တွေ အကုန်အောက်ပြီး ဂေါက်တောက်တောက်ဖြစ်လာပါသဗျို။
          တကယ်တော့ ရန်ကုန်နဲ့ အိုးစားကွဲပြီး ဧည့်သွားဧည့်လာဖြစ်နေခဲ့တာ ခြောက်နှစ်ခြောက်မိုးလောက် ကြာခဲ့မှပဲ။ အဲဒီမတိုင်ခင်ကတည်းကလည်း မဟာ့မဟာ ပေါ်လီကလင်းနစ်ကြီးတွေနား ကားလောက်ပဲ ဖြတ်မောင်းဖူးတာမို့ ထဲထဲဝင်ဝင် သိပ်မသိခဲ့ပါဘူး။ သူများတွေ ဂျာနယ်မှာရေးသလောက်၊ ဖွသလောက်ကလေးတင် အပ်ဒိတ်လုပ်လုပ်နေရတာပါ။ ရန်ကုန်မြို့ကြီးဟာ စင်္ကာပူကို ဘယ်သောအခါမှ မီလေမယ် မပြောတတ်ပေမယ့် မဟာရန်ကုန်က စူပါကလင်းနစ်ကြီးတွေကတော့ အဲဒီအဆင့်အတန်းမီနေတာ အတော်တောင် ကြာခဲ့ပြီမောင်။ စက်ပစ္စည်းကိရိယာ နဲ့ ပညာရှင်ကျွမ်းကျင်သူတွေပါမကျန် ဟိုကဒီလာကုရမလား။ ဒီကလူ ဟိုခေါ်သွားရမလား။ ဟိုကကုထုံးအတိုင်းလည်း ဒီကဆရာကြီးတွေက တတ်လွန်လွန်းလို့။ အစစ အရာရာ ဟိုမှာနဲ့ဒီမှာ ဘာဆိုဘာမှ မခြားသလိုပါပဲနော်။ သူ့ချည်းသာလော ဆိုရင်တော့ ဆားနှင့်ပါဘုရား။ ဆားမှ တော်တော်ဆားတဲ့ဆား၊ သောက်ကျိုးနည်းဆား၊ ၀က်ဝက်ကွဲဆား၊ မွေးမေလေ့ဆားတွေပါပဲ။ နောက်ဆုံးကျတော့ ခြောက်တုံးမကျတာ ငါတစ်ယောက်တည်းပါလားနော်။
          တောကတက်လာတဲ့သူဆိုတော့ တောကျင့်တောကြံတွေက မပျောက်ဖူး မဟုတ်လား။ ဈေးဝယ်မယ်ကြံတိုင်း ဂဏန်းပေါင်းစက်ကြီး နှိပ်ပြီး မြှောက်မြှောက်နေသလိုပဲ။ ဆေးခန်းပြမယ်ကြံ၊ ဆေးဝယ်မယ်ကြံ၊ ဆေးရုံတက်မယ်ကြံလို့ ကုန်ကျစားရိတ်ဘောက်ချာတွေ မြင်ရတဲ့အခါ ကိုယ့်ဆီက အမ်းဈေးနဲ့ စားစားကြည့်မိပါတယ်။ မတန်မရာကွယ်။ ရာရာသသ။ နှိုင်းစရာရှားလို့။ ခက်တာက အကျင့်ပါနေလို့ “ဒါမျိုး ဟိုမှာဆိုရင်..” က ဖျောက်လို့ကို မရဘူး။ ခုမှပဲ ငါ့မှာ တော်တော် မကောင်းတဲ့ အကျင့်ကြီး စွဲနေပါပေါ့လား လို့ သတိထားမိတယ်။ ကိုယ့်ဘာသာ ဆေးကုမှာ မကုဘူးလေ။ လူနာဘက်က ဘယ်လောက်ပွန်းသွားသလဲကို ကိုယ်နဲ့လည်း မဆိုင်ပဲနဲ့ လိုက်လိုက်တွက်နေမိတယ်။ ဒါတွေ ဒါတွေ စစ်လိုက်ရင် ဒီလောက်ကုန်သွားမှာပေါ့။ ဟိုဟာဒီဟာ ၀ယ်ခိုင်းလိုက်ရင် ဒီလောက်မြောက်သွားမှာပေါ့နဲ့။ ကိုယ့်အလုပ်လား အဲဒါ။ ပြီးကျ မနေနိုင်မထိုင်နိုင် လိုက်ခြိုးခြံနေမိပြန်ရော။ ကိုယ့်အရပ် ကိုယ့်ဇာတ်နဲ့ နင့်ဘာနင် ပစ္ဆန္တရာဇ်မှာ ၀ါသနာပါလို့ အမ်းစိန်ကြီးပဲ လုပ်နေနေ၊ ရောမ ရောက်ရင်တော့ ရောမထုံး၊ ရောမမူ၊ ရောမဈေး ဆိုလည်း နားလည်နိုင်ပါတယ်။ ဒါပေမယ့် အမ်းကလူနာတွေကို “ဒါ ဒီမှာ ခွဲလို့မရဘူး။ ရန်ကုန်သွားခွဲချေ” လို့ လွယ်လွယ်လေး လွှဲစာရေးရေးပေးတဲ့အလုပ်ဟာ ဘယ်လောက်ငရဲကြီးသလဲဆိုတာ ခုမှ ကိုယ်တွေ့နားလည်မိပါတော့တယ်။ ရန်ကုန်ကို အချိန်မီ လွှဲလိုက်လို့ မသေပဲ၊ ဒုက္ခိတမဖြစ်ပဲ ပြန်လာတဲ့သူတွေ အများကြီးပါ။ ဒါပေမယ့် ကိုယ်က မနိုင်လို့ လွှဲပေးပါလျက်နဲ့ ပေကပ်ပြီး မသွားပဲနေတဲ့လူနာတွေကို နင်ပဲငဆ ပြောဆိုခဲ့မိတာ နောင်တရလို့ မဆုံးပါဘူး။
          တခါက ဆေးရုံကို လည်ပင်းမှာ ကင်ဆာနာဟောက်ပက်ကြီးနဲ့ အမယ်ကြီးတစ်ယောက် လာပြပါတယ်။ “မေ့ဆေးဆရာဝန်လည်း မရှိဘူး။ ဒီမှာခွဲဖို့မဖြစ်နိုင်ဘူး။ အနီးဆုံး မကွေး၊ မင်းဘူး၊ ဒါမှမဟုတ် စစ်တွေ၊ ရန်ကုန်၊ အဆင်ပြေရာမှာ သွားခွဲပါ။” လို့ သေသေချာချာ လွှဲပေးပေမယ့် မသွားပဲ ပေကပ်နေပြီး နေ့တိုင်း လာလာပြနေပါတယ်။ ကိုယ်လုပ်ပေးလို့ရတာလည်း ဘာမှ မရှိတော့ စိတ်ကတိုလာပါတယ်။ ဘယ်လူနာကိုပဲ ဖြစ်ဖြစ် “နင်တို့ ဘာလို့ ဒီလောက် နောက်ကျမှ လာရသလဲ။ ဘာဖြစ်လို့ လွှတ်တဲ့ဆီ မသွားသလဲ” ဆိုရင် “ပိုက်သာမဟိလို့“ ဆိုတာက လူတိုင်းပြောနေကျ လက်သုံးစကားပါ။ ကိုယ်မကြားချင်ဆုံးစကားလည်း မှန်တာပေါ့။ နေ့တိုင်း မကြားရပဲမနေတဲ့ စကားလည်း ဖြစ်တယ်။ စိတ်တိုမိလို့ ပိုက်ဆံကလေး သုံးသောင်း ထုတ်ပေးပြီး “အဘ၊ အမေကြီးကို ရောက်အောင်ပို့၊ မပို့လို့ ဒီရောဂါနဲ့ အမေကြီးသေရင် အဘတာဝန်” လို့ ပြောမိပါတယ်။ ရေးနေရင်းကို ရှက်မိပါရဲ့။ အဲဒီသုံးသောင်းဟာ ရန်ကုန်မှာ ဘာလုပ်လို့ရသလဲ မစဉ်းမစား၊ အဘိုးကြီးအဘွားကြီးခမျာ နောက်ထပ်လည်း လာမပြရဲ၊ ဟိုဘက်လည်း ဆက်မသွားနိုင်နဲ့။ အလိုလေးလေး၊ ကိုယ်ပြုမိတဲ့ အကုသိုလ်ဟာ အဲသလောက်ကြီးမှန်း အစက မသိပါဘူး။ ရန်ကုန်က ဆေးကုစားရိတ်တွေဟာလေ အမ်းကလူနာတွေ မပြောပါနဲ့။ ခွဲစိတ်ကုဆရာဝန်ပါဆိုတဲ့ ကိုယ်ကိုယ်တိုင် နေထိုင်မကောင်းဖြစ်ရင်တောင် အမေကယ်ပါ၊ ယောက္ခမ ကူပါ မလုပ်ပဲ ကိုယ့်စားရိတ်နဲ့ကိုယ် မကုနိုင်လောက်ဘူးဗျ။ ခေတ်နဲ့ ဘယ်လောက်များ မျက်ခြေပြတ်သွားမိပါလိမ့်နော်။ ပထမဆုံး ပြင်ပလူနာပြတဲ့နေ့မှာတင် စမ်းသပ်စစ်ဆေးစားရိတ်ဟာ သောင်းအိပ်နဲ့လာရင် အိမ်ပြန်ယူပါချေဦးပဲ။ ဆေးဖိုးက သပ်သပ်။ ဘယ်မှာ ဘာတွေ စစ်ပြီးခဲ့ပြီးခဲ့။ လျှာမရှည်နဲ့။ တစ်ကမစပဲ တစ်ရာမရောက်ဘူး။ ဆေးရုံတက်ရမယ်ဆိုရင်၊ ခွဲစိတ်ကုသဖို့လိုမယ်ဆိုရင်.. ဘုရား။ ဘုရား။ ငါက ဦးနေ၀င်း လဲပေးတဲ့ တစ်ဒေါ်လာ ဆယ့်ခြောက်ကျပ်ခေတ်မှာ ကျန်နေခဲ့ပါပေါ့။
          ဆိုက်ကားဘီးဖာတဲ့ဈေးနဲ့ ပါဂျဲရိုးဘီးရေဆေးတဲ့ဈေးဟာ ယှဉ်စရာမှ မဟုတ်တာ။ လူချင်းအတူတူ၊ အသက်တစ်ချောင်းချင်း အတူတူပေမယ့်၊ အသက်ရှူချင်းမှ မတူတာ၊ ဆေးကုသစားရိတ်ချင်း ဘယ်တူမလဲ။ ဘုရားလက်ထက်တုန်းကတောင် ဗိုက်ဝတာချင်း အတူတူ အဖိုးတစ်သိန်းထိုက်တဲ့ ဂဏှာနို့ဆွမ်းတို့ ဘာတို့ ရှိခဲ့သားပဲ။ လူဆိုတာ ကိုယ်နဲ့ တန်ရာတန်ရာ နေရာကို သိရင်ပြီးတာပဲ ဟုတ်ဘူးလား။ လက်ခံပါရဲ့ဗျာ။ သို့သော်ငြား လူနာကြည့်တဲ့အခါ ကိုယ့်ရဲ့ ချိုသာပျော့ပြောင်းမှု မီတာကို လူနာလက်ထဲက ပိုက်ဆံအိပ်နဲ့ချိန်ပြီး အတိုးအလျော့တော့ဖြင့် မလုပ်ချင်ပါဘူး။ ပိုက်ဆံမရှိတဲ့လူနာမို့လို့ နင်ပဲငဆပြောမိတယ်ဆိုရင် သူတို့ခမျာလည်း တော်တော် အသည်းနာရှာမှာပဲ။ ၀ိသာခါတို့ အနာတပိဏ်တို့၊ သုဇာတာတို့အတွက်တော့ အရေးမကြီးပါဘူး။ သူတို့ နာနိုးဖျားနိုးစောင့်လို့ ကုရေးလည်း မပြင်ချင်ပါဘူး။ မရှိဆင်းရဲသားများ သေရေးရှင်ရေးကိုဖြင့် မေခလာလည်း လာမကယ်နိုင်၊ ဗဟုသုန္ဒရီလည်း မျက်နှာလွှဲနေ၊ ဒီလိုပဲ ကြည့်နေကြတော့မှာလားဗျို့။ ထိုင်းမှာတော့ ဘတ်သုံးဆယ်ဆေးပေးခန်းဆိုတာ အယုတ် အလတ် အမြတ်မရွေး ဘတ်သုံးဆယ်ထည့်ဝင်လို့ ဆေးကုသမှုခံနိုင်ပါသတဲ့။ တကာတော်ရေမြေ့ရှင် မင်းတရားကြီးများဟာ အလှူရေစက် လက်နဲ့မကွာ သဒ္ဒါတရားထက်သန်ကြတာ မှန်ပါရဲ့။ တံတားဆောက်၊ ညောင်ထောက်၊ ရေစစ်လှူ၊ လျက်ဆားကပ် ဒါနလေးများအပြင် ဇီဝိတဒါန ဆေးစားရိတ် အလှူကလေးများ စိတ်ဝင်စားမလားလို့ စကားခေါ်ကြည့်ချင်ပါတယ်။ အသက်ရှည်ရာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်စေတယ် ဆိုပဲ။ အနောတတ္ထရေအိုင်ဆိုတာ ဆင်လိုသတ္တ၀ါကြီးတွေမှ သောက်ချိုးသုံးစွဲ အေးချမ်းရတာမဟုတ်ပါဘူးတဲ့။ ပျားလိုသတ္တ၀ါကလေးတွေလည်း သူ့အထွာနဲ့သူ ၀လင်အောင် သုံးစွဲနိုင်ပါသတဲ့။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဆိုတာကြီးလည်း အလားတူဆို ဘယ်လောက် ကောင်းလိုက်မလဲနော်။
          ဒါပေမယ့်လည်း အထက်မှာက ဆင်သတ်ပြီး အရပ်ဝေနေရတာ ကြာလှပါပေါ့။ သမင်မွေးရင်း ကျားတွေစားခဲ့ကြတာလည်း ရိုးလှပါပေါ့။ ဘယ်ရောက်လို့ ဘယ်ပျောက်ကုန်တာတုန်းဆိုတာ မသိလို့မေးတာလည်း မဟုတ်၊ သိလျက်နဲ့မေးတာလည်း မဟုတ်ရပေါင်။ ဆရာဝန်တိုင်း ဆရာဝန်တိုင်းဟာ ဖြူစင်စေတနာ အကြင်နာစိတ်ထားနဲ့ချည့်ပါပဲ။ ဒါပေသိ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တွေးကလေး လှည့်ပတ်တွေးနေတတ်ကြတာချည့်ပဲ။ ပန်းပန်လျက်ပါထဲက မဗေဒါစကားကို ငှားပြီး ပြောရရင် “လူဆိုတာ ကိုယ့်ဖို့ကျတော့ တစ်ကွက်ချန်ပြီး တွေးစမြဲပါလေ” (ကိုယ်လည်းပါတယ်ဗျာ။ အဲဒီအထဲမှာ) ကိုယ်လုပ်တဲ့အလုပ်ဆို ဂလောက်တော့ ရှိမှာပေါ့။ ဒီလိုမှ မလုပ်ရင် ဘယ်ဖြစ်မလဲနဲ့ ဆင်ခြေတစ်ထောင်ဗျ။ ဥပမာတစ်ခုပြောပြမယ်ဗျာ။ အရမ်းဆင်းရဲတဲ့တိုင်းပြည်က အရမ်းချမ်းသာတဲ့ နိုင်ငံခေါင်းဆောင်ထွက်လာလို့ရှိရင် အင်မတန် ရှက်စရာကောင်းပါသတဲ့။ (မူဂါဘီကြီးကိုပြောတာနော်။ တခြားလျှောက်မတွေးနဲ့။ သားသားပါဘူး) အလားတူပေါ့ဗျာ။ အရမ်းဆင်းရဲတဲ့ အရပ်မှာ လုပ်နေတဲ့ဆရာဝန်တစ်ယောက်က လင်ခရုဆာကြီး ၀ယ်စီးနေတယ်ဆိုရင် ထီပေါက်လို့နေမှာလို့ ဘယ်သူမှ မတွေးဘူး။ အမ်းမှာတွေ့ရတဲ့ လူနာမျိုးတွေနေတဲ့တိုင်းပြည်မှာ အဲလိုဆေးခန်းကြီးတွေရှိနေတာကရော ရှက်စရာ မကောင်းလို့လား။ အီသီယိုးပီးယားလာပြီး ဘယ်သူ့မှမကျွေးပဲ ဒန်ပေါက်ထိုင်စားပြနေသလိုပေါ့။ ကျွန်တော်တို့ဆရာတွေ နိုင်ငံတကာအဆင့်ကိုမီတာ ဘယ်တုန်းကမှ သံသယမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တိုင်းပြည်က ကျွန်တော်တို့ဆရာတွေအဆင့်ကို လိုက်မမီသေးဘူးဗျာ။ အနားတောင် မသီဝံ့ဘူး။ ဒါထက် စကားမစပ်၊ ဒီစာကို အမ်းကလူတွေ ဖတ်မိရင်တော့ “တို့ဆရာကလည်း ငရို့ကို နှိမ်လိုက်တာအေ” လို့မှတ်နေဦးမယ်။ အဲဒီအစားထဲ ကျွန်တော်လည်း ပါတယ်ဗျ။ ကျွန်တော့်ဆွေမျိုးတွေလည်းပါတယ်။ မြန်မာလူမျိုး အများစုက အဲဒီအဆင့်အတန်းလို့ ပြောချင်တာပဲ။ တတ်နိုင်သူတွေကလည်း မြန်မာတော့ မြန်မာပေါ့ဗျာ။ ဒါပေမယ့် မြန်မာပေါ့။ သဘောပေါက်။
          နဂိုတုန်းကတော့ ပေါ်လစီဇာတ်ကားတွေဆို ဘယ်တုန်းကမှ မကြိုက်ခဲ့တာ ဘုရားစူးရစေ့။ တောရွာမှာ ဆေးကုပေးတဲ့ စေတနာဆရာဝန်ကလေးဆိုတာ ကျွန်တော့်အတွက် ဟာသပဲ။ တို့မယုံဘူး။ ကိုယ်မသွားနိုင်တိုင်း ကလေးတွေကို နားလှည့်ပါးရိုက် ညာညာပြီးလွှတ်နေတာ လို့ မြင်တယ်။ အခုလည်း အဲလိုပဲ မြင်ပါတယ်။ ဒါပေမယ့် တိရစ္ဆာန်များ တောကိုပြန်ရောက်သွားရင် အရိုင်းစိတ်ဝင်သလို ၀င်သွားပြီလား မပြောတတ်ပါဘူး။ ရန်ကုန်ပြန်ရောက်သွားမှာ၊ အဲဒီဆေးရုံကြီးတွေမှာ အလုပ်လုပ်ရမှာကို ကြောက်သွားပြီ။ (ကြောက်မနေနဲ့။ ဒီပုံစံနဲ့ တစ်သက်လုံးလည်း လုပ်ရလိမ့်မယ် မထင်ပါဘူး။) ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေမှာလည်း အလကားနေ ဝေဖန် လေကန်လုပ်မနေချင်တော့ဘူး။ (ဖြစ်လာမှာလည်း ဟုတ်ပဲနဲ့) ကိုယ်နဲ့တန်ရာတန်ရာမှာ ကိုယ့်အလုပ်ကိုယ် လုပ်နေတာသာ အကောင်းဆုံးပဲ။ အရူးလည်းစိတ်ချမ်းသာ ကမ္ဘာကြီးလည်း အေးချမ်းပါစေတော့။ “ဒီတခါလာရင် မပြန်ဘူးအတည် … ရွှေမြိုင်မှာပင် နေတော့မည်”  ဆိုပါတော့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...