Sunday, January 29, 2012

- တော်လှန်ရေးနှင့် တော်လိမ်ရေး

by Wai Maw on Monday, January 30, 2012 at 10:25am
-ဦးဖိုးသာအောင် -29-1-2012

အင်္ဂလိပ်ကိုလိုနီတော်လှန်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ အရင်းရှင်တော်လှန်ရေး၊ စစ်အာဏာရှင် တော်လှန်ရေး၊ ဒီမိုကရေစီ တော်လှန်ရေး၊ တော်လှန်ရေး တော်လှန်ရေး တော်လှန်ရေးပေါင်းများစွာကို မြန်မာလူထုတွေ ဆင်နွှဲခဲ့ကြရသည်၊ ဆင်နွှဲဆဲလည်းဖြစ်သည်။

တော်လှန်ရေးဆိုသည်မှာ မည်သည့်အခါမှာ ပြီးဆုံးမည်နည်း၊
လူမှု့ဆက်ဆံရေးနယ်ပယ်နှင့် နိုင်ငံရေးလောကတွင် မကျေနပ်မှု့တွေရှိနေသမျှ၊ ထိုမကျေနပ်မှု့များကို ဖြစ်စေသည့် မတရားမှု့များ ရှိနေသမျှ တော်လှန်ရေးလည်း ရှိနေမည်သာတည်း။

သို့သော် တော်လှန်ရေးကို ဆင်နွှဲနေကြသူများနှင့် ခေါင်းဆောင်ခေါင်းရွက်ပြုကြသူများကို မေးစရာရှိလာပါသည်၊
မကျေနပ်မှု့များနှင့် မတရားမှု့များရှိ၍ တော်လှန်ကြသည်ဆိုသော် မည်သူ့အတွက် မကျေနပ်၍ မည်သူ့အပေါ်မတရားမှုများ ပြုလုပ်နေသဖြင့် တော်လှန်ကြပါသနည်း။

ဘာကြောင့် ဤသို့မေးရသနည်းဆိုသော် မိမိနှင့် မိမိ၏ အပေါင်းအပါတစ်စုက မကျေနပ်၍ တော်လှန်တာမျိုးလား၊
မိမိနှင့် မိမိ၏ အပေါင်းအပါတစ်စုအပေါ် မတရားမှု့ပြုကျင့်ခံရသည်ဆိုပြီး တော်လှန်တာမျိုးလား၊
သို့မဟုတ် အများပြည်သူလူထုကြီးအတွက်လား ဆိုတာ ခွဲခြားဖို့လိုအပ်လာပါသည်။

အဘယ်ကြောင့်ဆိုသော် တော်လှန်ရေးဆိုတိုင်း လက်ခံနိုင်စရာမရှိသည့် အခြေအနေသို့ ရောက်လာသောကြောင့်ပင် ဖြစ်ပါတော့သည်။
ခေတ်ပြောင်းတော်လှန်ရေးကာလ မဟုတ်တော့ဘဲ ခေတ်ပြောင်း ဒီမိုကရေစီကာလတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသောကြောင့် ဖြစ်ပါသည်။


ယနေ့ကြားနေရသည့် အသံမှာ သိသိသာသာပင် နှစ်မျိုးနှစ်စား ကွဲပြားလာပါသည်၊
ဥပဒေတွင်းနှင့် ဥပဒေပ (တနည်းအားဖြင့်) လွှတ်တော်တွင်းနှင့် လွှတ်တော်ပ ဆိုသည့် နယ်ပယ်နှစ်ရပ်တွင် မည်သည့်ဘက်ကနေ၍ တိုင်းပြည်ကို ကယ်တင်ထူထောင်ကြပါမည်နည်း၊
ဒီအချက်သည် အဓိကတို့ရဲ့ အဓိကအချက်ပင်ဖြစ်နေပါသည်၊ ဘယ်ဘက်က ရပ်တည်ကြမည်နည်း ဆိုသည်ကို ပြတ်သားရမည့် အခြေပင် ဖြစ်ပါသည်။

ဒါကြောင့်လည်း ယ္ခုအချိန်မှာ အကျဉ်းထောင်များမှ လွတ်မြောက်လာကြသည့် နိုင်ငံရေးခေါင်းဆောင်များဟု ဆိုနိုင်သည့် ပုဂ္ဂိုလ်အများအပြားကို ရေဒီယို အပါအဝင် စာနယ်ဇင်း၊ စာဆောင် မီဒီယာများက အင်တာဗျူးများဖြင့် သူတို့၏ ရပ်တည်ချက် သဘောထားများကို မေးမြန်းပြီး ကြေငြာလွှင့်ထုတ် ဖေါ်ပြကြသည်ကို ကြားသိ ဖတ်ရှု့နေရပါသည်၊
တပြိုင်နက်တည်းမှာလည်း ပြည်တွင်း ပြည်ပ နယ်စပ်မှာ ရှိနေကြတဲ့ အတိုက်အခံ အမည်ခံအဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ တာဝန်ရှိသူများ နှင့်ပါ သူတို့၏ ရပ်တည်ချက် သဘောထားများကို မေးမြန်းပြီး အင်တာဗျူးသံများကိုလည်း ကြားနေကြရပါသည်၊
အချို့ကလည်း ဘလော့ဂ်တွေ ဝဘ်ဆိုဒ်တွေမှာ ရေးသားတင်ပြလာကြတာကို ဖတ်ရှု့နေရပါသည်။

အကျဉ်းထောင်မှ လွတ်လာသည့် ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းဝင်များ အများစု၏ ရပ်တည်ချက်နှင့် သဘောထားတွေကတော့ ယနေ့ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခင်းအကျင်းအပေါ် အကောင်းမြင်သူက များသဖြင့် အားရစရာကောင်းလှပါသည်၊
လွတ်မြောက်လာသည့် ရှစ်ဆယ့်ရှစ်ကျောင်းသား ခေါင်းဆောင်များထဲမှ တစ်ဦးကဆိုလျှင် ယနေ့မြန်မာ့ နိုင်ငံရေး အချိုးအကွေ့တခု ဖြစ်ထွန်းလာသည်ဖြစ်၍ ဒီအခွင့်အရေးသည် အမိအရ ဆုတ်ကိုင်နိုင်ရမည်ဟု ပင်ပြောဆိုလာသည်ကို ကြားရပါသည်။

မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျာ၊ ဂျင်မီ၊ လှမျိုးနောင်၊ မနီလာသိန်း နှင့် ဦးခွန်ထွန်းဦးတို့ကဲ့သို့ အထင်ကရ ခေါင်းဆောင်များ၏ သဘောထားများသည်လည်း လက်ရှိမြန်မာ့ နိုင်ငံရေးအခြေအနေအပေါ် အပြုသဘောဆောင်သည့် ဖြစ်ထွန်းလာမှု့ အဖြစ် အကောင်းမြင်ကြ ပါသည်၊
မြန်မာ့ ဒီမိုကရေစီရေး ဖြစ်စဉ်အတွက် လမ်းစ တခုပွင့်နေပြီ၊ လမ်းကြောင်း၏ အစပေါ်တွင် ရောက်ရှိနေကြပြီ၊ သို့သော် စွန့်စားကြရအုံးမည်၊
မိမိတို့လိုချင်သည့် ပန်းတိုင်ရောက်ရန် အတွက်တော့ အများကြီး အလုပ်လုပ်ကြရအုံးမည်၊ အခက်အခဲတွေ အများကြီး ရှိနေကြအုံးမည်၊
လိုအပ်လျှင် လိုအပ်သလို နောက်မဆုတ်တန်း ဒီမိုကရေစီတော်လှန်ရေး တစ်ရပ် ဆင်နွှဲကြရအုန်းမည်၊
သို့သော် လက်ရှိအခြေအနေကတော့ တိုးတက်ဖြစ်ထွန်းစပြုနေသည်မို့ ဒီပုံစံမှ ပိုမိုကောင်းမွန်ပီပြင်သော နိုင်ငံရေး ပုံစံတစ်ခုဆီသို့ ချီတက်ကြ ရန်သာဖြစ်သည်ဆိုတာကိုတော့ အများစုက နားလည်သဘောပေါက် လက္ခံနေကြပြီလည်း ဖြစ်ပါသည်။


သို့သော် လက်ရှိနိုင်ငံရေး ဖြစ်ထွန်းမှု့ အခြေအနေကို အရှိတရား အတိုင်းလက်မခံနိုင်ဘဲ အဆိုးမြင်နေသည့် အုပ်စုနှင့် ဂိုဏ်းဂဏများလည်း ရှိနေကြပါသည်၊
ထိုအဆိုးမြင်ဝါဒီများသည် အချို့က ပွင့်လင်းရိုးသားမှု့ ရှိကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ စစ်အစိုးရနှင့် ပူးပေါင်းခြင်း၊ ရွေးကောက်ပွဲဝင်ကာ လွှတ်တော်ထဲမှာ နိုင်ငံရေးလုပ်မည်ဆိုခြင်းများကို လက်မခံနိုင်ကြောင်း တိကျပွင့်လင်းစွာပြောဆိုသူများ ရှိကြသလို သူရဲဘောကြောင် အဆိုးမြင်အုပ်စုများကတော့ ဒေါ်စုကိုလည်း ပြတ်ပြတ်သားသား မဝေဘန်ရဲ၊ မကန့်ကွက်ရဲကြဘဲ ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်လည်း စစ်တပ်က တမတ်သား ပါလီမံဖြစ်တဲ့ အပြင် ကာချုပ်ရဲ့ အာဏာသိမ်းခွင့် လုပ်ပိုင်ခွင့်ရှိနေခြင်း၊ ဒါတွေအပြင် ကချင်မှာ စစ်ပွဲတွေဖြစ်နေ၊ နိုင်/ကျဉ်းတွေအားလုံး မလွတ်သေး စတဲ့ အချက်တွေကို အဓိက ထောက်ပြကြပြီး လက်ရှိ စိန်နဲ့ စု ပူးပေါင်းဖြစ်စဉ်ကိုလည်း တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ သံစုံဟစ်နေသည်ကိုလည်း ကြားနေရပါတော့သည်။

နဂိုကတည်းက အနောက်ဒီမိုကရေစီ ပုံစံမျိုးကို မကြိုက်မနှစ်သက်ကြသူတွေက အနောက်က ပေးစာကမ်းစာလေးတွေနဲ့ ထူထောင်ထားကြတဲ့ ဝဘ်ဆိုဒ်နဲ့ ဘလော့ဂ်အချို့တို့မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီ ပါတီသစ်၏ လမ်းစဉ်အပေါ် ထိကပါး ရိကပါး ပုတ်ခတ်ရေးသားနေကြတာတွေကိုလည်း ဖတ်ကြရပြန်ပါသည်၊
ဗွီအိုအေ၊ ဘီဘီစီ၊ အာဖက်(ဖ်)အေ နဲ့ ဒီဗွီဘီတို့လို အကြီးစား အသံလွှင့် မီဒီယာတွေမှာလည်း အနောက်ဒီမိုကရေစီ ပုံစံမျိုးကို မကြိုက်သူ အချို့နှင့် သူတို့နှင့် သဘောတူညီ သူများ၏ အယူအဆများကို ဦးစားပေး ရွေးချယ်ဖေါ်ပြ ဝါဒဖြန့်သည့် သဘောတွေကိုလည်း အမြဲလိုလိုကြားနေရပြန်ပါသည်၊
ဒါတွေဟာ တစ်ကယ်တော့ မဆန်းပါ၊ နိုင်ငံရေးအောက်လမ်းဆိုတာလည်း ရှေးကတည်းက ရှိနေတာပဲ မဟုတ်ပါလား။

လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံသဘောထားပါ၊
လက်ရှိ ဒေါ်စုရဲ့ ရွေးချယ်လှုပ်ရှားနေတဲ့ လမ်းစဉ်ကို မယုံကြည်ပိုင်ခွင့်ရှိသလို ရိုးသားပွင့်လင်းစွာ ကန့်ကွက်ပိုင်ခွင့်လည်း ရှိပါတယ်၊
နောက်ဆုံး လက်ရှိအစိုးရကိုရော ဒေါ်စုနှင့် အင်အယ်ဒီကိုပါ မိမိတို့ကြိုက်သည့် လမ်းနှင့် ဆန့်ကျင်နိုင်ပါတယ်၊
တိုက်ခိုက်နိုင်ပါတယ်၊ လက်နက်ရှိ၊ လက်နက်မဲ့၊ မြေပေါ် မြေအောက် ကြိုက်သလို တိုက်နိုင်ပါတယ်၊ ဘယ်သူကမှ တားမြစ်လို့မရပါဘူး၊
တချိန်က ဗ.က.ပ ကလည်း ဒီလိုပဲ တိုက်ခဲ့ကြပါတယ်၊ ဒါမဆန်းပါဘူး၊ ဆန်းနေတာက လက်ရှိအခြေအနေနဲ့ သွားနေတဲ့ လမ်းစဉ်ကို မကြိုက် ရင် ဘယ်လိုရည်မှန်းချက်နဲ့ ဘယ်လို မဟာဗျူဟာ နည်းဗျူဟာတွေနဲ့ သွားမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ကြေငြာလိုက်ပါ။

ရှေ့မှာ ဆရာ ဗ.က.ပ တို့လည်း သူတို့ယုံကြည်ချက်၊ ရည်မှန်းချက်နဲ့ လမ်းစဉ်ဆိုတာတွေကို တိတိကျကျချမှတ်တဲ့ အပြင် ပြည်သူကိုလည်း တိတိကျကျချပြခဲ့ကြတာပါ။
ယနေ့ “ စု မူ ” ဆန့်ကျင်ရေးသမားများ၊ အဖွဲ့များအနေ နဲ့လည်း မိမိတို့ မူဝါဒ လမ်းစဉ်တွေကို ကြေငြာလိုက်ကြပါ၊
လူထုက ကြိုက်လျှင် လိုက်လာ ပါလိမ့်မယ်၊ ဒီလိုမဟုတ်ဘဲ ပုလင်းတူ ဗူးဆို့ မီဒီယာထဲက လူတွေနဲ့ ပေါင်းပြီး *အောက်လမ်းနည်း* နေတာကိုတော့ ဆန်းတယ်လို့ ဆိုရပါလိမ့်မယ်၊ ဆန်းတော့ ဆန်းနိုင်ပါတယ် ဒါပေမယ့် မရမ်းဖို့တော့ သတိပြုရပါလိမ့်မယ်။

အထူးသဖြင့် စု မူကို ဖီတီတီလုပ်နေကြတာက ပြည်တွင်းကထက် ပြည်ပက ပိုကြပါလိမ့်မယ်၊
ပြည်ပမှာက နိုင်ငံရေး အကြောင်းပြ ပရိပိုဇယ်စား သူခိုးက ဦးဆောင်ခေါင်းရွက်လုပ်နေတဲ့အတွက် ခိုးဂွင် ပျောက်မှာ စိုးကြောက်နေ သူများနဲ့ နီရို ကိုလိုနီလက်သစ်လို့ဆိုတဲ့ လိပ်ကန် ဆန့်ကျင်ရေးသများများ ပေါင်းမိကြပြီး ထာဝရ တော်လှန်ရေး ဆင်နွှဲနေချင်သူများပင် ဖြစ်ကြပါတယ်။

သို့သော်လည်း စု မူ ကို ဆန့်ကျင်လိုသူများ အတွက် ကံ ဇာတာ စန်းလာဘ်က မကောင်းလှပါ၊
၁၃.၁.၂၀၁၂ နေ့က လွတ်မြောက်လာကြတဲ့ နိုင်/ကျဉ်းများထဲမှ ထင်ရှားသူများကို အလုအယက် မေးကြ မြန်းကြ အင်တာဗျူးကြတဲ့ အခါမှာ အများစုရဲ့ သဘောထားက စု မူ ကိုမဆန့်ကျင်ကြရုံမျှ မက ထောက်ခံကြမည်၊ ဝိုင်းရံ ပံ့ပိုးကြမည့် သူတွေက အများစုကြီး ဖြစ်နေတာ တွေ့ရပါတော့တယ်၊
စု မူ ကိုဖျက်ဆီးချင်တဲ့ ပြည်ပရောက် ပရီပိုဇယ်စား သူခိုးနဲ့ နီရိုကိုလိုနီ ဆန့်ကျင်ရေးသမားတို့၏ ထာဝရတော်လှန်ရေးကို ဆက်လက် ဆင်နွှဲကြဖို့ အားယူနေကြချိန်မှာ အားရစရာကောင်းတာက ပြည်တွင်းက လွတ်မြောက် နိုင်/ကျဉ်း အများစုရဲ့ လက်ရှိနိုင်ငံရေး ရေစီးကြောင်း ကို မှန်ကန်စွာ သုံးသပ်နိုင်စွမ်းရှိမှု့နှင့် အတူ ရှေ့ဆက် ရပ်တည်သွားမည့် သဘောထားခံယူချက်များပင် ဖြစ်နေပါတော့သည်။

ဒေါ်စုနှင့်အတူ အင်အယ်ဒီ ၏ အရွေ့အတိုင်း စီအာပီပီကလည်း လိုက်ပါရွေ့လျားလာသည်မှာလည်း အားရစရာ ကြိုဆိုစရာပင် ဖြစ်နေပါသည်။
ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ ဇိုမီး၊ မွန် မှ အစ တိုင်းရင်းသား အဖွဲ့များကလည်း တရားဝင် ပါတီ မှတ်ပုံတင်ကြမည်ဆိုတော့ တိုင်းထက်အလွန် တံခွန်နှင့် ကုက္ကားဆိုသလို တိုင်းပြည်ကို ပြုပြင်ချင်သူများ၏ စည်းလုံးရေးသည် အထွဋ်အထိပ်သို့ပင် ရောက်နေသည့် အလား မြင်နေရပါ တော့သည်။


သို့သော် စု မူ ကို ဆန့်ကျင်သူများ၏ ဝေဘန်ထောက်ပြချက်တို့သည်လည်း မှန်ကန်တိကျလျှက်ရှိပါသေးသည်၊
၂၀၀၈ ဖွဲ့စည်းပုံ၏ မတရားမှုများ၊ လွှတ်တော်အတွင်း အမတ်များ၏ လုပ်ပိုင်ခွင့် ပါဝါ ချည်နဲ့ မှေးမှိန်နေမှုများအပြင် စစ်တပ်ဦးစီး ကြံ့ဖွံ့ အမတ်များ၏ ရာနှုန်းပြည့်ခမန်း အရေအတွက်အပြင် အလိုအလျှောက် စစ်ဗိုလ် တစ်မတ်သား ပါဝင်နေမှု့များမှာ မငြင်းနိုင်သည့် အမှန်တရား ပင် ဖြစ်နေပါသည်၊ ဒါပေမယ့် ယ္ခင်က တရားလက်လွတ် အဖိနှိပ်ခံနေရသည့် ဒေါ်စုနှင့် အင်အယ်ဒီကို ဒီနေ့ လွှတ်တော်တွင်းကို ပါဝင် ဆောင်ရွက်ခွင့် ရရှိလာခြင်းသည် စစ်အာဏာရှင်များက တိုင်းပြည်အပေါ် စေတနာရှိလာကြလို့ မဟုတ်ဘူးဆိုတာက သေချာသည်၊

တရုတ်အားထား ငမိုက်သားများအတွက် သူတို့ အားကိုးသည့် တရုတ်အစိုးရသည် ကမ္ဘာ့ရေစီးကြောင်းမှာ ရေစုန်မျောနေပြီး နစ်မြုတ်ရမည့် ကိန်းကိုဆိုက်လာသဖြင့် ငမိုက်သားများ၏ နိုင်ငံရေးအားထားချက်ပုံစံ ပြောင်းရသည့် အခြေအနေမျိုးဖြစ်လာပါသည်၊
အခုမှ မဟုတ်ပါ ဦးသိန်းစိန် အမေရိကားကို ရောက်ကတည်းက သဘောပေါက်နားလည်နေပြီ ဖြစ်ပါသည်၊
ကမ္ဘာ့ မဟာဗျူဟာ အပြောင်းအလဲအရ အာဏာရှင်တို့၏ လိမ္မာပါးနပ်မှု့က လွန်စွာ အရေးကြီးလှပါသည်၊ စု မူ ဆန့်ကျင်သူများ ထောက်ပြ ချက်များကို ဒေါ်စုနှင့် အင်အယ်ဒီသစ်က နောကျေအောင် သိနေပြီးလည်း ဖြစ်ပါသည်၊
သို့ပေမင့် ယနေ့ ဒေါ်စုက ရွေးချယ်သည့် ဦးသိန်းစိန်နှင့် ပူးပေါင်းမည့် လမ်းစဉ် (စု မူ)သည် လွန်စွာမှ သိမ်မွေ့ပြီး တိုင်းပြည်အတွက် အကောင်းဆုံး အပြောင်းအလဲ ဖြစ်စေမည့် ပုံစံပင် ဖြစ်နေကြောင်း တွေ့ရပါသည်၊ ဒါကြောင့်လည်း လွတ်မြောက် နိုင်/ကျဉ်း ရှစ်ဆယ့်ရှစ် မျိုးဆက်များက စု မူ ကိုထောက်ခံကြောင်းနှင့် ဒေါ်စုကို ဝိုင်းရံမည်ဖြစ်ကြောင်း ကြေငြာခဲ့ကြသည်၊

ပါတီ နိုင်ငံရေးဘောင်အတွင်းသို့ မဝင်ရောက်သေးကြသော်လည်း စု မူ ကို မကန့်ကွက်သည့် အပြင် ထောက်ခံဝိုင်းရံကြမည်ဆိုသည့် အတွက် ပြည်တွင်း ပြည်ပမှ အစွန်းရောက်ခေါင်းမာဂိုဏ်းသား အနည်းစုအတွက် မှန်းချက်နှင့် နှမ်းထွက် မကိုက်ညီဘဲ ဖြစ်သွားရပါတော့သည်၊

ဒါကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားပြီး မြောက်သစ်ကိုင်းလွတ် ဘဝရောက်ရမည့် အချိန်တွင် ပြည်တွင်းမှာလည်း ကမူးရှုးထိုးနှင့် ဗ.က.သ အသစ်ဖွဲ့စည်းဖို့ စည်းရုံးရေး ကော်မီတီကို ကမန်းကတန်းဖွဲ့ကြသည်ကိုလည်း ကြားလိုက်ပါသည်၊
ဘယ်သူက မြှောက်ပေးလိုက်သည် မသိပါ၊
နိုင်ငံရေး လက်ဦးမှု့ယူရန် ကြိုးပမ်းချက်တစ်ခုမှ အပ အခြား မဖြစ်နိုင်ပါ။


ပြည်ပမှာလည်း ကိုယ့်ဖါသာကိုယ် ကြိုက်သလို အဖွဲ့ ဖွဲ့ကြ၊ ကြိုက်သလို အမည်ပေးကြ ကင်ပွန်းတက်ကြ၊ ပုလင်းတူ ခွက်တူတွေ ပူးကြပေါင်း ကြ၊ ပရီပိုဇယ် ငွေရအောင် ကြံကြဖန်ကြ၊ မီဒီယာနဲ့ ပူးပေါင်းပြီး ထူကြထောင်ကြနဲ့ ပြည်သူ့ ဒုက္ခကို အကြောင်းပြပြီး တော်လှန်ရေး ရောင်ရောင် နိုင်ငံရေး ရောင်ရောင် နှင့် အရည်မရ အဖတ်မရ ပေါ်လစီတွေနဲ့ နိုင်ငံရေး ရေစုံမျှောနေတဲ့ အဖွဲ့အစည်း တစ်ခုထဲက Forum for Democracy in Burma (FDB) ဒီမိုကရက်တစ်အင်အားစု ဆိုတာကလည်း အမြီးအမောက်မတည့်တဲ့ အသံတွေထွက်လာပြန်တယ်၊

တွင်းမှူးချုပ်လုပ်တဲ့ နိုင်အောင် ပြောတာက လက်နက်ကိုင်အတိုက်အခံ အင်အားစုများ (တိုင်းရင်းသားများ အပါအဝင်) သက်ဆိုင်သူများ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်ရန်လိုအပ်ကြောင်း တွင်တွင်ပြောနေချိန်မှာပဲ (FDB)ထဲက အဖွဲ့တွေက အစိုးရသစ်ရဲ့ တစ်ဖွဲ့ချင်းဖဲ့ပြီး ဆွေးနွေးမှု့ ကမ်းလှမ်းချက်ကို လက်ခံကြ၊ သွားကြနဲ့ ဆိုတော့ ပြောချင်ရာပြောပြီး လုပ်ချင်ရာလုပ်နေကြတာပါပဲ၊
အဲဒီ နိုင်အောင်ကိုယ်တိုင်ကလည်း သူတစ်ကိုယ်တော်သွားပြီး အစိုးရသစ်ကိုယ်စားလှယ်တစ်ဦးနဲ့ ကြိတ်ပုန်းတွေ့တယ်လို့လည်း အင်တာနက်မှာ တွေ့ရပြန်ပါတယ်၊ FDB က စွဲကိုင်ထားတဲ့ မူတွေကို နိုင်အောင်ပြောတာကတော့ (အစိုးရသစ်သည် သူတို့အမှားတွေကို အများကြီးပြင်ရအုံးမယ်၊
အတိုက်အခံများဘက်မှ သက်ဆိုင်သူများအားလုံး ပါဝင်တဲ့ ဆွေးနွေးရေး လုပ်ငန်းလုပ်ရန်၊ တိုင်းရင်းသား တန်းတူရေးကလည်း မဖြစ်သေး၊
၂၀၀၈ ဖွဲ့စည်းပုံပြင်ပေးရန်မှာ လွှတ်တော်တွင်းမှာပင် ပြင်လို့မရ၊
လွတ်တော်ပမှာ အဖွဲ့စုံ ပါဝင်တဲ့ ဆွေးနွေးရေးနဲ့မှ လုပ်နိုင်မှာဖြစ်၊
အင်အယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်တွင်းမှာ အခြေခံ ဥပဒေပြင်ဖို့ ဆိုတာ ခက်ခဲနေမှာဖြစ်၊
စစ်တပ်က ကြီးစိုးနေပြီး နိုင်ငံရေး ယုံကြည်မှု့ရအောင် ပြုလုပ်နေတာသာဖြစ်၊
ကြားဖြတ်ရွေးကောက်ပွဲသည် လိုချင်သည့် နိုင်ငံ ရေး အခြေအနေကို မဖေါ်ဆောင်နိုင်၊ တွေ့ဆုံဆွေးနွေးရေးသည်သာ အဓိက ဖြစ်နေ၊
ဒါတွေကြောင့် အားလုံး ပါဝင်နိုင်စေမယ့် တွေ့ဆုံ ဆွေးနွေးရေး ဖြစ်အောင် ပြည်ပကနေ ဆောင်ရွက်မယ်၊
အားပေးတိုက်တွန်း လုပ်ဆောင်သွားမယ်၊ ပြည်သူတွေကို ကူညီတိုက်တွန်းမယ်၊ ဝန်ထမ်းတွေကို ဒီမိုကရေစီရေးထဲမှာ ပါဝင်နိုင်အောင် အရည် အသွေးမြှင့်တင်ဖို့ နိုင်ငံတကာကို အကြံပြုမယ်၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်လာရင် မောင်နိုင်အောင်တို့ပါ ပြည်တွင်းကို ပြန်ဝင်ကြပြီး နိုင်ငံရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပါမယ် … တဲ့)။

ကဲ … အဲ့ဒါကတော့ FDB ရဲ့ သဘောထားလား တွင်း/ချုပ် နိုင်အောင်ရဲ့ သဘောထားလား၊ ဘာပဲ ဖြစ်ဖြစ် အဲဒီ သဘောထား အားလုံးက တော့ ရယ်စရာ ဟာသပျက်လုံး တစ်ခုထက်မပိုပါဘူး၊ သူတို့ကပဲ ပြည်တွင်းမှာ မလုပ်နိုင်တာတွေ ပြည်ပကနေပြီးလုပ်ကြမယ်တဲ့၊
ဘုရားတလောက်ပါရဲ့ အခုလိုပွင့်လင်းမြင်သာတဲ့ တိုင်းသိပြည်သိ ကမ္ဘာသိ ပြုပြင်ပြောင်းလဲမှုတွေရဲ့ အစပိုင်းကိုတွေ့နေရချိန်မှာ ပြည်ပက စားပေါက် ချောင်ထာဝရတော်လှန်ရေးသမားနဲ့ ဒီမိုကရေစီ အဒွန့်ရှည်ရေးသမားတွေက နေဝင်ချိန်မှာ တိမ်တောက်နေကြပါတယ်။

ပြည်ပထွက် ဒီမိုကရေစီတော်လှန်ရေးကို ဆင်နွဲသူတွေကို မေးချင်တာကတော့ ဘာကြောင့် ဘာလုပ်ဖို့ပြည်ပကို ထွက်ကြတာလဲ၊
ဘယ်လိုဒီမိုကရေစီမျိုးကို လိုချင်တာလဲ၊ ရည်မှန်းချက်၊ မဟာဗျူနဲ့ နည်းဗျူဟာကော တိတိကျကျရှိကြရဲ့လား၊
နှစ်ပေါင်းနှစ်ဆယ်ကျော်မှာ ပြည်ပတော်လှန်ရေးရဲ့ အရွေ့ကဘာလဲ၊ ပြည်ပရောက်တွေရဲ့ ဆောင်ရွက်မှုကြောင့် ပြည်တွင်းမှာ တစ်စုံတစ်ရာ တိုးတက် ပြောင်းလဲမှုရှိတယ်ဆိုရင် ဘယ်အရာပါလိမ့်၊ ဒါတွေက သမိုင်းတွေပါ၊
ပြည်ပထွက်တွေရဲ့ ပြည်တွင်းနိုင်ငံရေးအပေါ်မှာ အကျိုးသက်ရောက်မှုဆိုတာ ရှိတော့ရှိပါတယ်၊
ဒါပေမယ့် ပြောရမှာက ရှက်စရာဆိုတာမျိုးပါပဲ၊ ပတ္တမြားပေါတဲ့ ဝေပုလ္လတောင်မှာ မီးခက်ကျောက် ကောက်ခဲ့ပါ သဗျဆိုတဲ့ အဖြစ်မျိုးရယ်ပါ။

အခုလည်း အဲဒီပြည်ပထွက်ထဲက FDB ရဲ့ တော်လှန်ရေးအသံတော့ ကြားတော်မူကြတဲ့အတိုင်းပါပဲ၊
15.01.2012 တနင်္ဂနွေနေ့က ဗွီအိုအေက ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ တွင်း/ချုပ် နိုင်အောင်က တိုင်းပြည်ကိုပွင့်ပွင့်လင်းလင်းနဲ့ သူတို့သဘော ထားကို ပြတ်ပြတ်သားသားပြောဆိုလိုက်တဲ့အတွက် ကျေးဇူးလည်းတင်ရပါတယ်၊
သို့သော်လည်း ဒီသဘောထားတွေဟာ တကယ်တော့ အဆန်းမဟုတ်ပါ၊
မြန်မာ့လူတန်းစားတိုက်ပွဲသမိုင်းဦး ကတည်းက တည်ရှိလာတဲ့သဘောထားတွေပါပဲ၊ ၁၉၄၈ ခု လွတ်လပ်ရေးအပေါ် သဘောထား၊ ဖက်ဒရယ်မူ အပေါ်ခံယူချက်၊ ပြည်တွင်းစစ်ရဲ့ဇစ်မြစ်နဲ့ ယနေ့ ဒီမိုကရေစီအပေါ်ခံယူချက်စတဲ့ အပေါ်မှာ မိမိတို့ယုံကြည်ခံယူချက်အတိုင်း ပြောဆိုကြတာပါပဲ၊
သို့သော်လည်း မိမိတို့ ကိုယ့်ကိုယ်ကို မလိမ်မိဖို့ မညာမိဖို့ လိုပါတယ်၊
စစ်အာဏာရှင် အစိုးရနှင့် ရန် ငါ စည်းပြတ်ခဲ့သူတွေဖြစ်တယ်၊


ယခုလည်း စစ်အာဏာရှင်တစ်ပိုင်းပဲဆိုဆို စစ်တပ်လွှမ်းမိုး အစိုးရပဲပြောပြော အဲဒီအစိုးရသစ်ကိုရော ဟိုတုံးကလို ရန် ငါ စည်းခြားနေတုန်းပဲလား၊
ဒီလိုဆိုရင် အခု FDB ကပြောတဲ့ လွတ်တော်ပ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို တောင်းဆိုနေတာသည် သဘာဝကျပါတယ်၊
ကြားဖြတ်ရွေးကောက်ပွဲဖြင့် ယနေ့ ရင်ဆိုင်နေရသည့် နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်ပါလို့ပြောနေတဲ့ FDB တို့အဖို့ စုမူကို ရဲရဲတင်းတင်း ဝေဖန်ကန့်ကွက် နိုင်သလို မိမိတို့ယုံကြည်ချက်အတိုင်း ဆက်သွားနိုင်ကြပါတယ်၊
ဘယ်သူမှမကန့်ကွက်ကြပါဘူး၊ စိန်နဲ့ စု ပေါင်းစည်းပြီး အစိုးရသစ်ထဲမှာ ဒီမိုကရေစီရေးဖော်ဆောင် ကြမည်ဆိုတဲ့ကိစ္စကိုလည်း ပြည်ပထွက်တွေရော FDB ကပါ ထောက်ခံရင် ထောက်ခံတယ်၊ ကန့်ကွက်ရင်ကန့်ကွက်တယ်ဆိုတာ ရဲရဲဝံ့ဝံ့ကြေငြာချက် ထုတ်ချိန်တန်ပါပြီ၊

အင်အယ်ဒီက သူ့ပါတီတွင်း မူမိုလို့ ဘာမှဝင်ရောက်ဝေဖန်စရာ မရှိပါဘူးတို့ ဘာတို့ ညာတို့ ပြောပြီး နောက်ကွယ်က ကလိသလို ရိသလိုနဲ့ ဝေဖန်တာ တွေလည်း လုပ်မနေကြပါနဲ့တော့။

အခုလွတ်မြောက်လာကြတဲ့ ရှစ်ဆယ်ရှစ်ခေါင်းဆောင်တွေနဲ့ နိုင်/ကျဉ်း တွေက ရိုးသားတယ်၊ ပြတ်သားတယ်၊ သူတို့ကိုယ်တိုင် အခြေအနေ အရ ပါတီမဖွဲ့နိုင်သေးပါ၊
ရွေးကောက်ပွဲဝင်ပြီး လွတ်တော်ထဲကို မဝင်နိုင်ကြသေးပါ၊ သို့သော် စု မူကို အပြည့်အဝ ထောက်ခံပြီး အင်အယ်ဒီနဲ့ ဒေါ်စုကို ဝိုင်းရံမယ်လို့ အတိအလင်း ပြောကြတယ်၊
ကြားဖြတ်ရွေးကောက်ပွဲမှာ အင်အယ်ဒီအနိုင်ရရေးအတွက် ပံ့ပိုးကူညီကြမယ်၊
တပြိုင်နက်တည်းမှာလည်း လွတ်တော်ပမှ နေပြီး လုပ်လို့ရတဲ့ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ကြမယ်တဲ့၊
လေးစားစရာ ကောင်းကြပါတယ်။

ပြည်တွင်းမှာလည်း စုမူကို မကြိုက်တဲ့သူတွေ ရှိကြပါတယ်၊ ပြည်ပရောက်တွေထဲမှာလည်း ရှိကြပါတယ်၊
ဒါပေမယ့် သူတို့ စုမူကို မကန့်ကွက်ရဲကြပါဘူး၊ သူရဲဘောကြောင် နေကြပါတယ်၊ မီဒီယာမှာ ဟိုပြော ဒီပြော၊ ဟိုရေး ဒီရေး အဆင့်လောက်နဲ့ပဲ စခန်းသတ်ကြမှာပါ၊
လွတ်တော်တွင်း နိုင်ငံရေးကို ရွေးချယ်လိုက်တဲ့ ဒေါ်စုကလည်း အောင်ပြီ နိုင်ပြီ ပိုင်ပြီ ရပြီ လို့ မပြောပါဘူး၊
အစိုးရသစ်ထဲမှာ အပြောင်းအလဲကို မလိုချင်သူတွေ၊ ဆန့်ကျင်မယ့်သူတွေ အများကြီး ရှိနေပါသေးတယ်၊
အင်နဲ့ အားနဲ့ ထုတည်လည်း ကြီးကြီးမားမား ရှိနေမည် အမှန်ပါ၊ ဒါကြောင့် စွန့်စားကြရပါအုံးမယ်လို့ ပြောခဲ့ပြီးသားပါ၊

တိုက်ပွဲကာလ ပြီးဆုံးပြီး အောင်ပွဲကာလထဲ ရောက်နေပြီလို့ မပြောပါဘူး၊ ဒါပေမယ့် ယခု ဒေါ်စုရွေးချယ်လိုက်တဲ့ လမ်းစဉ် (စု မူ) ကတော့ အစိုးရနှင့် ပူးပေါင်းရေး၊ ပါလီမန် အတွင်း ဝင်ရောက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ပါပဲ၊

ဒေါ်စုရော သူ့ကို ယုံကြည်သူတွေပါ သူ့လမ်းစဉ်ကို ယုံကြည်စိတ်ချစွာဖြင့် ချီတက်အကောင်အထည်ဖော်ကြမှာပဲ ဖြစ်ပါတယ်၊
အဲဒီ စုမူသည် ယနေ့အချိန်အခါ အခြေအနေနှင့် ကိုက်ညီနေသည့် ဒီမိုကရေစီတော်လှန်ရေး လမ်းစဉ်ပဲ ဖြစ်နေပါတယ်။

တချိန်က အင်အယ်ဒီနှင့် သူတို့သွားနေသည့် လမ်းစဉ်ကို စာရေးသူက မထောက်ခံခဲ့ပါ၊ ဒေါ်စုကိုလည်း ပြတ်သားစွာပင် ဝေဖန်ခဲ့ပါသည်၊
၂၀၁၁ ခုနှစ်ထဲမှာမှ ဒေါ်စု၏ ပုဂံဘုရားဖူးနှင့် ပဲခူးမြို့ စာကြည့်တိုက်ဖွင့်ပွဲမှ အပြန်၊ နောက်ပိုင်းတွင်မှ ဒေါ်စုကို ထောက်ခံခဲ့ပါသည်၊
အမေရိကန်မှ အထူးဆက်ဆံရေးကိုယ်စားလှယ် မစ္စတာ ဒဲဒစ်မစ်ချဲလ် မြန်မာပြည်ကို ရောက်လာပြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်ရေး လမ်းစဉ် (စိန် စု ကန်) ညီညွတ်ရေးလမ်းစဉ်ကို ထူထောင်ပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ထောက်ခံခဲ့ပါသည်၊
မြန်မာ့အရေးသည် အမေရိကန်မပါလျှင် မပြီးနိုင်ဟု ယုံကြည်ယူဆသည့်အတွက် ယခု စု မူကို လည်း ထောက်ခံအားပေး ပါတော့သည်။


FDB တို့ ထောက်ပြသည့် အခက်အခဲ ပြဿနာများကိုလည်း စု မူဖြင့် ပြေလည်အောင် ဖြေရှင်းနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါသည်၊
ဒါသည်ပင် လက်တွေ့ကျသည့် “ တော်လှန်ရေး ” ဟု ဆိုချင်ပြီး စု မူ ဆန့်ကျင်သူများ၏ တော်လှန်ရေးကိုတော့ “ တော် လိမ်ရေး ” ဟုပင် ကင်ပွန်း တပ်လိုက်ပါကြောင်း။

----------------------------------------- -------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...