ယင်မကလေး မဲကလျှာနှင့် ဘသုံးလုံးအင်တာဗျူး
ဧဒင်ျနွယ်နီအေး created a doc.
နေရာတိုင်းမှာ သူ့မျက်နှာ ဆိုတဲ့ အတိုင်း ဇွန်လ ဆန်းကတည်းက ယင်ကောင်တွေ ပိုပေါလာလိုက်တာဗျာ၊မေလ ယင်တစ်ကောင်၊ ဇွန်လ ယင်တစ်ထောင် ဆိုတဲ့ ကျန်းမာရေး စကားပုံ အတိုင်း မေလမှာ ဥတဲ့ ယင်ဥ တွေဟာ ဥ၊ ပိုးတုံးလုံး၊ ပိုးလောက်လမ်း ဆိုတဲ့ အဆင့်တွေကိုကျော်ပြီး ယင်လားမြောက် လာကြပြီ။ မိုးပုလဲ တွေနဲ့ အပြိုင် ပျံဝဲလို့ပေါ့။ ဈေးသွား လိုက်ပါတယ်။ သား၊ ငါးတန်းမှာ ယင်ကောင်တွေ အပြည့် ပဲ၊ ဈေးဝယ်၊ ဈေးသည်တွေ ထက်တောင်များသေး။
သုံးစားလို့ ရမယ်ဆိုရင် အလုအယက် ဝယ်နေ ကြမှာ မြင်ယောင် သေးတယ်။ အခုတော့ ကြက်သား ဗန်းထဲမှာ အနက်ရောင် ယင်အုပ်ကြီးက နေရာယူ ထား တယ်။ ငါးဖယ်ခြစ် သည်ရဲ့
ရှေ့မှာလည်း မဟူရာ ယင်ရောင် သမ်းနေတယ်။ တုတ်တံဖျားမှာ ပလတ်စ တစ် စကလေး
ဝတ်ကျေ ဝတ်ကုန် တပ်ထားတဲ့ ယင်ရိုက်တံကလေးကို မမှုရေးချ မမှု။ ဒစ္စကိုကပြီး ယင်း တေးသံ
ချိုချိုနဲ့ ဟိုယိမ်း၊ သည်နွဲ့ ယိမ်းမဟာ သဘင် ဆင်နွှဲ နေကြတယ်။ ဝက်သားသည် ကတော့ နနွင်း
တက်တွေ မီးရှို့ပြီး ယင်တွေကို တိုက်စစ်ဆင် နေတယ်။ လက်ဖက်ရည် ဆိုင်ထဲမှာလည်း
ကိုယင်ကောင်၊ မယင်ကောင် တွေချည်းပဲ။ တယ်- အချို ကြိုက်သကိုး။
အဲဒီက မြင်ကွင်း ကတော့ တစ်မျိုးဗျ။ စားသုံးသူ၊ ရောင်းချသူ၊ စားပွဲထိုး တွေဟာ ယင်ကောင် တွေနဲ့ တရင်း တနှီးပဲ။
ဘေးစားပွဲနားက လက်ဖက်ရည် ပန်းကန်ထဲ ယင်တစ်ကောင် ဒိုင်ဗင်ထိုး ဆင်းလိုက်လေရဲ့။
ကျန်းမာရေး မုန်တိုင်း ဆင်ပြီ၊ ရောဂါ မိုးကြိုး ပစ်ပြီဆိုပြီး ရင်ခုန်မိ သဗျ။ ဒါပေမယ့် ကာယကံရှင်
လက်ဖက်ရည်ခွက် ပိုင်ရှင်ကတော့ ဘာမှမဖြစ် သလို ပဲ။ ယင်ကောင်ကို လက်ကလေးနဲ့
အသာဖယ် ပစ်လိုက်တယ်။ ပြီးတော့ အဆီတွေ ဝေ့နေတဲ့ လက်ဖက် ရည်ခွက်ကို အေးအေး
ဆေးဆေးပဲ မော့ချတယ်လေ။ ဆိုင်ကလည်း အသစ်လဲ မပေးဘူး။ စားသုံး သူက လည်း
မတောင်းဆိုဘူး။
Health Digest ဆိုတဲ့ ကျန်းမာရေး ဂျာနယ်ရဲ့ အမျိုးအနွယ်ပီပီ ကျွန်တော် လည်း နည်းနည်းတော့ လျှာရှည် လိုက်မိတယ်။ ပိုက်ဆံလာ သိမ်းတဲ့ စားပွဲထိုး ကလေးကို
မင်းတို့ဆိုင်က လည်း ယင်ပေါ လိုက်တာကွာ ဆိုတော့ အရေး မထားတဲ့ ပုံစံနဲ့ မိုးတွင်းဆို ဒီလိုပဲ
အဘရဲ့တဲ့။ ငွေသိမ်း ကောင်တာ ပိုင်ရှင်ကတော့ ယင်ကောင် ပြဿနာ သူ့နဲ့မဆိုင် သလိုဘဲ။
ဗီဒီယို ကိုသာ ငေးကြည့် နေလေရဲ့။ စားသောက်ဆိုင် တချို့ကတော့ စားသောက်တဲ့ စားပွဲပေါ်မှာ
နေ့ခင်း ကြောင်တောင်တောင် ဖယောင်းတိုင်တွေ ထွန်းပြီး ယင်တွေကို တိုက်စစ်ဆင်နေတယ်။
ချက် ပြုတ်ပြင်ဆင်တဲ့ နေရာမှာတော့ ဘယ်လို ကာကွယ်မယ် မသိဘူး။ လမ်းဘေးက
စားသောက်ဆိုင် တွေမှာလည်း ဝယ်စားတဲ့သူ၊ ရောင်းတဲ့သူတွေကို ချီသွားလုနီးပါး ယင်ထုထည်
များပါတယ်။
တစ်ခါတုန်းက ရန်ကုန်တိုင်းမှာ ဖြစ်ဖူးတဲ့ D131 ရောဂါပိုးကဖြစ်တဲ့ ကာလ ဝမ်းရောဂါကို သွားပြီး သတိရမိတယ်။ အဲဒီရောဂါက အပြင်မှာ ဝယ်စား လေ့ရှိတဲ့ လူလတ်ပိုင်းတွေ
အဖြစ်များ ခဲ့ပါတယ်။ အချိန်လုပြီး အလုပ်လုပ်နေရတဲ့ အတွက် ကြုံရာစားရတဲ့ ဓလေ့က တစ်ဆင့်
ကူးစက်တာပါ။ သေနိုင်ရိုးလား လေဘာတီရယ် ဆိုတဲ့ စာသားလေးလိုပဲ၊ လွတ်နိုင်ရိုးလား
ကျန်းမာရေး ပညာ ကလောင်ရှင် ရယ်ပေါ့။
ယင်မကလေး မဲကလျာနဲ့ တန်းတိုး တော့တာပဲ။ စားသောက်ဆိုင် တစ်ခုမှာပါ။ ကြက်ဥ ပလာတာကို ဆိုင်က စေတနာ ဝေဖြာပြီး နို့စိမ်းတွေ ဗလပွ
ဆမ်းပေး လိုက်တယ်လေ။ အစားကောင်း ကြိုက်တတ်တဲ့ အဘိုးကြီးရဲ့ စရိုက်နဲ့တော့ အံကိုက်ပဲ။
ဒါပေမယ့် မစားလိုက်ရဘူး။ စားမယ့်ဟန် ပြင်နေတုန်း နို့စိမ်းဆမ်း ကြက်ဥပလာ တာ ပန်းကန်ထဲ
ယင်မကလေး ဆတ်ကော့ လတ်ကော့နဲ့ ရောက်လာတယ်။ ငါးရာတန် ပလာတာကြီး သွားပြီပေါ့။
ဒါနဲ့ အရှူံးထဲက အမြတ် ဆိုတာလိုပဲ Health Digest က လက်ထောက် အယ်ဒီတာ
ဒေါ်အိအိနောင် လမ်းစဉ် လိုက်ပြီး ယင်မကလေးကို အင်တာဗျူး မိပါတယ်။ မအိလို ကက်ဆက်
မပါပေမယ့် လိုတိုရှင်း ကလေးမို့ အားလုံးကို မှတ်မိလိုက်တယ်။ ဖောက်သည် ချပါရစေ။
`ဘ´သုံးလုံး အခြေပြု ထားတာပါ။
သမီး (ဘယ်) ကလာသလဲ ဆိုတော့ အဘကလည်း ဒါလေးမှ မသိဘူးလား။ မီးတို့အနွယ် တွေအားလုံး အညစ်ပတ်ဆုံး နေရာက လာတာပေါ့။ မီးရဲ့
ဇာတိကတော့ လမ်းဘေးမှာ စွန့်ထားတဲ့ မစင်ပုံပေါ့။ မီးအမေက အဲဒီမှာ ဥချခဲ့တယ်လေ။
လောက်ကောင် ဘဝကနေ မီးတို့ မောင်နှမတွေ အားလုံး ယင်ကောင်အဖြစ် ပြောင်းတာပေါ့။
တဝီဝီနဲ့ ယင်ကောင် မိသားစုတွေ ပျော်စရာကြီးပါ။ သွက်လက် ချက်ချာစွာ ဖြေတာ စိတ်ဝင်
စားစရာပဲ။
ဒါနဲ့ (ဘယ်)ကို သွားမှာလဲလို့ မေးတော့။ အဘရှေ့မှာ ရှိတဲ့ စားစရာ လိုပဲအခြား စားစရာတွေ ပေါ်သွားမယ်။ ယင်မလုံ အိမ်သာထဲ ဝင်မယ်။ အမှိုက်ပုံ ဝင်္ကပါထဲမှာ ပျော်မြူးမယ်။
ငါးပိနဲ့ လောက်၊ စိန်နဲ့ ကျောက်ဆိုတာ လိုပဲ။ မစင်နဲ့ ယင်နဲ့ အစား အစာတို့ဟာ မိတ်ကောင်း
တွေပဲ အဘရဲ့။ ကျွန်မတို့ တစ်တွေအတွက် သွားစရာ၊ စားစရာတွေ မရှားပါဘူး။ ဝမ်းစာ
ရှာထွက်ရတာ လွယ်ပါတယ်။
(ဘာ) တွေလုပ်မလဲ ဆိုတဲ့ မေးခွန်း ကိုတော့ မစင်စွန့်မယ်။ အန်မယ်။ အမွေးတွေမှာ ကပ်နေတဲ့ မစင်တွေ၊ ရောဂါပိုး တွေကို ခါချရမယ်ရယ်လို့ ပြောပါတယ်။
နို့စိမ်းတွေ ထဲလူးနေပေမယ့် မယ်ယင်ကောင် ကလေးက မဖြူဘူး။ မည်းမည်း ကလေးပဲ။ သူ့မစင်
တွေ၊ အန်ဖတ်တွေ၊ ကိုယ်ပေါ်မှာ ကပ်ပါလာတဲ့ အညစ် အကြေးတွေ၊ ရောဂါပိုးတွေ
ဘယ်လောက်များ ပျံ့နေတော့မယ် မသိဘူး။ မစင်ထဲက လောက်ဟာ မစင်ပုံထဲမှာ ပျော်နေသလို
ယင်မ ကလေး ကတော့ နို့နွံအိုင်ထဲမှာ မြူးလို့၊ ပျော်လို့ပေါ့။ ယင်နားစာ (ယင်နစ်စာ) ကို မစားဘဲ
ရှောင်ကာ ယင်မကလေး အဝစားပြီးနောက် အခြားနေရာကို ပျံသွားတဲ့အထိ ငေးကြည့် နေမိ
တယ်။
`တာ့တာ၊ သွားပြီ အဘရေ၊ See You လို့ ဆိုသယောင်ယောင်နဲ့ အဝေးကို ထွက်သွားပါပြီ။ ကျသင့်ငွေကို ရှင်းပြီး မစားဘဲ ပြန်ခဲ့ရတယ်။
နားထဲမှာတော့ ယင်ကောင်
ကင်းဝေး၊ ကျန်းမာရေး၊ ယင်တစ်ကောင်ဟာ မြွေတစ်ကောင်ထက် ကြောက်စရာ ကောင်းတယ်၊
အစာယင်နား တို့မစားဆိုတ ဆောင်ပုဒ်တွေကို ကြားယောင် မိတယ်။ ကိုယင်ကောင်၊
ကိုယင်ကောင်၊ သိပ်ရွံဖို့ကောင်း၊ မစင်လည်းကြိုက်၊ ဟင်းလည်းကြိုက်၊ ဟိုနဲ့သည် ကူးလိုက်
အစချီတဲ့ ကိုယင်ကောင် သီချင်းလေးကိုလည်း ဆိုမိပါရဲ့။
ယင်ကောင်က တစ်ဆင့် ပေးတဲ့ ဝမ်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ အသည်းရောင် အသားဝါ၊ သန်ကောင် ရောဂါ၊ တိုက်ဖွိုက်ခေါ် အူရောင်
ငန်းဖျားရောဂါ၊ ပိုလီယို အကြော သေရောဂါတွေ ကင်းဝေး ကြပါစေလို့လည်း ဆုတောင်း မိတယ်။
ယင် နှိမ်နင်းရေး လုပ်ငန်းတွေကို ဝိုင်းဝန်း လုပ်ဆောင်ကာ ကျန်းမာရေး ရန်သူ ယင်ကောင် အန္တရာယ်ဘေး ကင်းဝေးကြပါစေလို့လည်း ဆန္ဒပြု လိုက်မိပါတယ်။
ယင်အန္တရာယ်ကို စုပေါင်း ကာ ကွယ်ကြပါစို့။
Source - Health Digest Journal
0 comments:
Post a Comment