နင်ဂျာ၊ ဘလိပ်ဓား၊ တုတ်ချွန်နှင့် ဆေးရုံ
ဂျပန်နိုင်ငံမှထုတ်လုပ်သော
ရုပ်ရှင်ကားများအနက် နင်ဂျာများပါဝင်သော ရုပ်ရှင်ကားများကို ကမ္ဘာတဝှမ်းမှ
ကလေးလူကြီးမရွေး လွန်စွာ ကြိုက်နှစ်သက်ကြပါသည်။ကျွန်တော်ကိုယ်တိုင်လည်း
မက်မက်စက်စက်ကြည့် လေ့ရှိပါသည်။နင်ဂျာများ၏ ဓားအစွမ်းကို ကြည့်ရသည်မှာ
အသက်ရှုမှားမတတ်ပင် ဖြစ်ရပါသည်။တခါတရံ နင်ဂျာများသည် လူဆိုးများဖြစ်လျက်
၊တခါတရံတွင် ဒုစရိုက်မှုကို တားဆီးသူများ ဖြစ်နေသည်။နင်ဂျာများ၏
လက်အဝှေ့တွင် လည်ပင်းဆို လည်ပင်း၊လက်တစ်ချောင်းဆို လက်တစ်ချောင်း
ပြတ်၏။
ဆိုလိုသည်မှာ ဓားကိုင် လက်များ၏ ကျွမ်းကျင်မှုမှာ လွန်စွာ အံ့သြဖွယ်ကောင်းကြောင်းပင် ဖြစ်သည်။ခြေလှမ်းစိပ်စပ်နှင့် ပြေးကြသည် မှာလဲ ကြည့်၍ပင် ကေင်းလှပါဘိ။ဝတ်ထားသည့် အဝတ်အစားများကတော့ ဘယ်တော့မှ ပြောင်းလဲခြင်း မရှိ၊ အပေါ်အမည်း၊အောက်အမည်း၊ခေါင်းစွပ် အမည်း၊နင်ဂျာဝတ်စုံချွတ်လိုက်တော့မှ လူချောလူလှများဖြစ်နေသည်။ မင်းသမီးလေးများကလဲ ချောမှချော၊မင်းသားများကလဲ ခန့်မှခန့်၊လူဆိုးဆိုပါကလဲ ဘယ်လိုမှ ထင်စရာတောင် မရှိ၊ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း နင်ဂျာဓားသမားများသည် နိုင်ငံအနှံ့အပြား၌ ရှိနေပါသည်။ ဆိုလိုသည်မှာ မြို့တိုင်း၊ နယ်တိုင်းတွင် ရောက်ရှိနေပြီဟု ပြောလိုခြင်းဖြစ်ပါသည်။ှ
“ဟေ့ သူငယ်ချင်း မတွေ့ကြတာကြာပြီနော်” ဟုဆိုသော အသံကြောင့် လှည့်ကြည့်မိရာ နှစ်ပေါင်းသုံး ဆယ်ကျော် ကွဲကွာနေခဲ့သော သူငယ်ချင်းဟောင်းတစ်ဦးကို တွေ့လေသည်။ထိုသူငယ်ချင်းမှာ ယခုအခါ မီးယပ်နှင့် သားဖွားဆရာဝန်ကြီးတစ်ယောက် ဖြစ်နေပါပြီ။”ငါ့ဆေးရုံကို လာခဲ့အုန်းကွာ” ဟုဆိုပြီး ၎င်းတာဝန်ကျ ရာဆေးရုံကို ပြောပြ၏။ကျွန်တော်လည်း အားလပ်သည့်တစ်နေ့တွင် သူငယ်ချင်းရှိရာ ဆေးရုံသို့ ရောက်သွားပါ သည်။သားဖွားဌာနရှေ့သို့ရောက်သောအခါ များလှစွာသော ဗိုက်ကြီးသည်ထုကြီးကို တွေ့ရလေတော့သည်။ ဗိုက်ကြီးများ ‘မ’ ကာ ‘မ’ ကာ ဖြင့် အတွေ့အကြုံပေါင်းစုံဖလှယ်နေကြပါသည်။
ကျွန်တော်ငယ်ငယ်က Topaz အမှတ်တံဆိပ် ဘလိပ်ဓား သုံးစွဲခဲ့ပါသည်။ထိုအချိန်က မြန်မာပြည်အတွင်းသို့ တရုတ်ပစ္စည်းများ ပေါပေါလောလော တင်သွင်းခြင်း မရှိသေးပါ။ပေါက်ဖော်ကြီးများနှင့် ဗိုလ်နေဝင်းတို့ သိပ် အဆင်မပြေကြသေး။ကျွန်တော်သုံးစွဲသည့် Topaz သည် ဂျာမဏီနိုင်ငံမှ ထုတ်လုပ်ပြီး မည်သို့မည်ပုံ ရောက်ရှိ လာသည် မသိပါ။သို့ရာတွင် သုံးစွဲရသည်မှာ တစ်နှစ်ကျော်သည့်တိုင်အောင် လုံးဝ သံချေးတက်ခြင်းမရှိ။ အသွားကလဲ ထက်မှထက်၊နောက်ပိုင်းတွင် ဂျာမဏီလုပ် ပစ္စည်းများ မြန်မာပြည်တွင် မရှိသလောက်ပင်။ယခု အချိန်တိုင်အောင် ထိုပစ္စည်းမျိုးကို လွမ်းနေရပါသည်။
တစ်နေ့တွင် တပည့်မဟောင်းတစ်ယောက်ကို ကိုယ်ဝန်ကြီးနှင့် တွေ့သည့်အတွက် “သမီး ဘယ်သွားမလို့လ”ဲ ဟု မေးလိုက်သည့်အခါ တပည့်မကလေးက “OG သွားပြမလို့ပါ” ဟုပြန်ဖြေပါသည်။ကျွန်တော်က “ကောင်းတာပေါ့၊ကိုယ့်ရင်သွေးကိစ္စပဲ” ဟု ပြောလိုက်သောအခါ သူမက “ ကောင်းတယ်ဆရာရေ ပိုက်ဆံ၊ ပိုက်ဆံ” ဟုပြန်ဖြေပါသည်။ “ဟဲ့ ပိုက်ဆံ ဆိုတာ ကုန်သင့် ကုန်ထိုက်ရင် ကုန်ရမှာပေါ့ဟ” ဟုပြောလိုက် သည့်အခါ သူမက “ဆရာက လဲ ဘာမှမသိပဲ ပြောနေပြန်ပါပြီ၊အခုချိန်းတာကဆရာရေ ခွဲဖို့ကိစ္စ ခွဲဖို့ကိစ္စ၊ သမီးကို ဆရာမက ဗိုက်ခွဲမွေးရမယ်တဲ့၊သမီးမှာ ဘာ ရောဂါ အခံမှမရှိပဲနဲ့၊ဗိုက်ခွဲခက သိန်းချီပြီး ကုန်ရ အုံးမယ်၊စိတ်ညစ်လိုက်တာ ဆရာရယ်” ဟူ၍ ဆိုလေသူတစ်ဦး အား တွေ့ခဲ့ဖူးပါသည်။
သူငယ်ချင်းဆရာဝန်ကြီးနှင့် တွေ့သောအခါ သူက လဖက်ရည်ဆိုင်သွားရအောင်ဟုခေါ်သည့်အတွက် ကျွန်တော်တို့နှစ်ဦးသား လဖက်ရည်ဆိုင်သို့ရောက်သွားကြပါသည်။ သူ့ကို မြင်ရသည်မှာ နွမ်းဖတ်နေသည့် အတွက် ကျွန်တော်က “မင်းမြင်ရတာလဲ ပင်ပန်းလိုက်တာကွာ” ဟုဆိုသောအခါ သူက “သူငယ်ချင်းရေ တို့နိုင်ငံကတော့ကွာ စိတ်ညစ်စရာတွေပဲဟေ့၊အခု ငါ ခွဲစိတ်ခန်းထဲက ထွက်လာတာ၊ ကိုယ်ဝန်ဖျက်ချတာတဲ့၊ တုတ်နဲ့ထိုးထားတာ သားအိမ်တစ်ခုလုံး စုတ်ပြတ်သတ် နေတာပဲ၊မနည်း အသက်ရှင်အောင် လုပ်ခဲ့ရတယ်” ဟု ပြောသောအခါ ကျွန်တော့်မှာ ပြောစရာ စကား တစ်ခွန်းမှပင် မရှိတော့ချေ။
တစ်နေ့သောအခါ ကျွန်တော်၏ချိုင်းကြားတွင် ကိန္နရာ အနာပေါက်သည့်အတွက် လက်နှစ်ဖက်ကို မြှောက်ကာ မြှောက်ကာ သွားနေရပါသည်။သူငယ်ချင်းဆရာဝန်တစ်ယောက်၏ဆေးခန်းရှေ့သို့ရောက်သောအခါ သူက ဆေးခန်းအဝမှနေ၍ “ကိုယ်တော်ကြီး ဘာဖြစ်တာလဲ၊လာခဲ့အုန်း” ဟု လှမ်းခေါ်သည့်အတွက် ဆေးခန်းအတွင်း သို့ ဝင်လိုက်ပါသည်။ကျွန်တော့်အနာကို မြင်သောအခါ သူက “ကဲ ခွဲမယ်” ဟုပြောသည့်အတွက် ကျွန်တော့်မှာ “ကျေးဇူးတင်ပါတယ်ခင်ဗျား၊ နွယ်မြက်သစ်ပင်ဆေးဖက်ဝင်တယ်တဲ့၊ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဖြေရှင်းပါ့မယ် ဆရာရယ်” ဟု ပြောရင်း အလျင်အမြန် သုတ်ခြေတင်ရပါသည်။
သွားလေသူ ဗိုလ်နေဝင်းခေတ်ကို ကျွန်တော်နှစ်ပိုင်းခွဲပါသည်။ ပထမအပိုင်းကို ၁၉၆၂-၁၉၇၄ ကာလ နှင့် ဒုတိယအပိုင်းကို ၁၉၇၄-၁၉၈၈ ကာလ ဟူ၍ ခွဲခြားမိပါသည်။ကျွန်တော်တို့၏လူငယ်ဘဝသည် ဗိုလ်နေဝင်း၏ ဒုတိယကာလ ဖြစ်သည်။ထိုအချိန်က ခါးပိုက်နှိုက် လွန်စွာ ပေါများပါသည်။ခါးပိုက်နှိုက်တို့၏လက်ထဲတွင် ဘလိပ်ဓားထက်ပိုင်းကျိုး သို့မဟုတ် ပိုက်ဆံအကြွေတစ်စေ့ကို ထက်အောင်သွေး၍ ကိုင်ထားကြပါသည်။အခွင့် အရေးရသည်နှင့်၊ မြန်လိုက်သည့်လက်များ၊ပိုက်ဆံအိတ်၊လက်ဆွဲအိတ်၊အင်္ကျီအိတ်၊ဘယ်လိုအိတ်မျိုးလာမလဲ၊ ခွဲပြီးသား။ပြောချင်တာက ခါးပိုက်နှိုက်များလည်း ဘလိပ်ဓားအကိုင် ကျွမ်းကျင်လှပါကြောင်း ဖြစ်ပါသည်။
ကျွန်တော်တို့လူငယ်ဘဝတွင် သူငယ်ချင်းအချင်းချင်း တင်စားပြောဆိုလေ့ရှိသော စကားတစ်ခွန်း ရှိပါသည်။ယင်းမှာ ‘ပါးပါးမလှီးန’ဲ့ ဟူ၍ ဖြစ်ပါသည်။တစ်ဦးနှင့် တစ်ဦး ကပ်ဖိုးကပ်ဖဲ့လုပ်သောအခါ ပြောလေ့ရှိပါ သည်။အမေရိကန်နိုင်ငံရောက်နေသော သူငယ်ချင်းတစ်ယောက်သည် သူ့တစ်ယောက်စာသာလဖက်ရည်ဖိုး ထည့်လာလေ့ရှိပြီး တစ်ဝိုင်းစာ ဘယ်တော့မှ ရှင်းပေးလေ့ မရှိချေ။ထို့ကြောင့် သူ့အား ကွယ်ရာတွင် ‘ဘလိပ်ဓား’ဟု အမည်ပြောင်ပေးထားပါသည်။
ယနေ့မြန်မာနိုင်ငံတော်ကြီးသည် လူဟောင်းများဖြင့်ပင် မူသစ်များချကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် အစွမ်းကုန် ကြိုးစားနေသည်ဟု ယုံကြည်ပါသည်။ ယနေ့ (၁၃.၁.၂၀၁၂)တွင် စစ်ဖက်မှ ဗိုလ်ချုပ် ခင်ညွန့်၊ဗိုလ်မှူးကြီးစန်းပွင့် အပါအဝင် ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး၊၈၈ မျိုးဆက်မှ မင်းကိုနိုင်၊ကိုကိုကြီးနှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်သည်ဟု ကြားရသည့်အတွက် အစိုးရအသစ်အပေါ် ပိုမိုယုံကြည်မိပါသည်။
ကျွန်တော်တို့၏မြန်မာနိုင်ငံတွင် အပေါ်ယံရွှေမှုန်ကျဲပြီး အတွင်း၌ နောက်ချေးခံထားသော ကိစ္စရပ်များ များစွာရှိနေပါသည်။ ပညာရေးဆိုလျှင် မူလတန်းအထိဆင်း၍ စဉ်းစားပြီး ပြုပြင်ရမည်ဖြစ်သလို ကျန်းမာရေးဆိုလျှင် ကိုယ်ဝန်ဆောင် အထိ ဆင်းပြီး စဉ်းစား၍ပြုပြင်ရမည် ဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးလွန်းသောကြောင့် သားသမီး မမွေးဖွားလိုသော ပြည်သူများ များစွာရှိပါသည်။နိုင်ငံတော်မှ ကျန်းမာရေး စောင့်ရှောက်မှု လွန်စွာ အားနည်းမှုကြောင့် မသေသင့်ပဲသေကြရသူ များစွာ ရှိနေသည့်အပြင် တရားမဝင် ကိုယ်ဝန်ဖျက်ချမှုကြောင့် သေရွာမှ လွတ်မြောက်သွားသော်လည်း မိသားစု၏ စီးပွားရေး အခြေအနေ လွန်မင်းစွာ ဆိုးရွား သွားသူများ၊ကိုယ်ဝန်ဖျက်ဆေးများ သောက်သော်လည်း ကိုယ်ဝန် ပျက်ကျမသွားပဲ မစွမ်းမသန် မွေးဖွားလာသူများမှာလည်း မရေမတွက်နိုင်လောက်အောင် များပြား လှပါသည်။ ထိုသို့ဖြစ်နေခြင်းသည် တနည်းအားဖြင့် လူသားအရင်းအမြစ် ဆုံးရှုံးခြင်း မည်ပေသည်။
တချို့သော ဆရာဝန်၊ဆရာမ အမည်ခံ နင်ဂျာဓားသမားများ၏ဘေး၊ ကျန်းမာရေးဝန်ထမ်း အမည်ခံ ဘလိပ်ဓားသမားများ၏ဘေး၊ငွေကြေးမပြည့်စုံ၍ တုတ်သမားများ၏မွှေနှောက်ဖျက်ချမှုဘေး စသည့်ဘေးဆိုး များမှ ကင်းဝေးအောင် အစွမ်းကုန် ဆောင်ရွက်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
သန့်စင်အောင်(ရန်ကင်း)
၁၃.၁.၂၀၁၂

0 comments:
Post a Comment