Thursday, January 12, 2012

နောက်တစ်ကြိမ်ဆီ ထပ်မျှော်ရည်

by General Knowledge on Thursday, January 12, 2012 at 9:27pm

By Flower News Journal Originally posted 12/01/2012 12:02PM





အသက် ၆၀ ကျော် အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးသည် ဆောင်းဦးရာသီ၏ ပူပြင်းသော အပူဒဏ်ကို ကြံ့ကြံ့ခံကာ လူတစ်ကိုယ်စာမလုံတလုံ ကျရောက်နေသော သစ်ပင်အရိပ်ကို အမှီပြုပြီး  ထောင်ဘူးဝသို့ ငေးမျှော်ကြည့်နေသည်။


သူမသည် ဤနေရာသို့ ယခုတစ်ကြိမ်ဆိုလျှင် သုံးကြိမ်မြောက် လာရောက်ခြင်း ဖြစ်သည်။ တတိယအကြိမ်မြောက် ဖြစ်သည့် ယခု တစ်ကြိမ်တွင်လည်း ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်သော နိုင်ငံတော်သမ္မတ ရုံးအမိန့်အမှတ် ၁/၂၀၁၂ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းတွင် သားဖြစ်သူ ပါလာနိုင်မည်ဟု ယုံကြည်ချက်ဖြင့် မြောက်ဒဂုံမြို့နယ်မှ လာရောက် စောင့်မျှော်နေခြင်း ဖြစ်သည်။

အမေတစ်ခု သားတစ်ခု ဘဝဖြင့် ရိုးသားစွာ လုပ်ကိုင် စားသောက်နေကြသော်ငြားလည်း ပရဟိတစိတ်ဓာတ် ရှိသော သူမ၏သားကို ကံကြမ္မာက မျက်နှာသာမပေးခဲ့။

“အဘွား အမျိုးသားက သားရဲ့ စိတ်နဲ့ဘဲ မနှစ်က ဆုံးသွားတယ်။ အခုဆိုရင် သားအမိနှစ်ယောက်ပဲ ကျန်တော့တယ်။ သားက လူတစ်မျိုး၊ မဟုတ်မခံ၊ နောက်ပြီး သူတစ်ပါးကို အရမ်းကူညီတက်တာ။ အခု ထောင်ကျတာသွားတာကလဲ သူ့သူငယ်ချင်းကို ကူညီရင်းနဲ့ အလိုတူအလိုပါနဲ့ ထောင်ခုနှစ်နှစ် ကျသွားတယ်” ဟု အားတင်းကာ ပြောဆို နေသော်ငြားလည်း သူမ၏ မျက်နှာတွင် စီးဆင်းလာသော မျက်ရည်ကိုကား အားတင်းနိုင်စွမ်း မရှိတော့ချေ။

နိုင်ငံတော် သမ္မတရုံးက (၆၄)နှစ် မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ယခုလ ၂ ရက်နေ့တွင် ၁/၂၀၁၂ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း အမိန့်ကို ထုတ်ပြန်ခဲ့သည်။ ထိုအမိန့် ကြော်ငြာချက်တွင် အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသားများကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ နိုင်ငံတော်သမ္မတသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂ ရက် မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှု တစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းကဲ့သို့ ကျခံနေရသော ပြစ်ဒဏ် အသီးသီးကို အောက်ပါအတိုင်း လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်သည်။

(က) သေဒဏ်ချမှတ်စေခြင်း ခံရသူများအတွက် ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသတ် မရှိ) သို့ ပြောင်းလဲကျခံစေရန် လည်းကောင်း။
(ခ) ထောင်ဒဏ်နှစ် (၃၀)အထက် (နှစ်အကန့်အသတ် မရှိနှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသည့် အကျဉ်းသားမပါ) အား ထောင်ဒဏ် (၃၀) နှစ်သို့ လျော့ပေါ့ကျခံစေရန်လည်းကောင်း။
(ဂ) ထောင်ဒဏ် နှစ်(၂၀) အထက်မှ ထောင်ဒဏ် (၃၀) အထိ ကျခံနေရသည့် အကျဉ်းသားများအား ထောင်ဒဏ် (၂၀)နှစ်သို့ လျော့ပေါ့ကျခံစေရန် လည်းကောင်း။
(ဃ) ထောင်ဒဏ် နှစ်(၂၀) အောက် ကျခံနေရသည့် အကျဉ်းသားများအား ယင်းတို့ ကျခံနေသော ထောင်ဒဏ်၏ လေးပုံတစ်ပုံအား လျော့ပေါ့ကျခံစေရန် လည်းကောင်း” ဟု ပါရှိသော အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့သည်။

အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄(ခ) အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်းသားများအနက် အကျဉ်းသား ၆၀၈၇ ဦး၊ အကျဉ်းသူ ၅၆၉ ဦး၊ စုစုပေါင်း ၆၆၅၆ ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးခဲ့သည်။

ထို့အပြင် ပြစ်ဒဏ် ပြောင်းလဲခံစားခွင့် အဖြစ် သေဒဏ်မှ ထောင်တစ်သက်သို့ ပြောင်းလဲကျခံရသူ အကျဉ်းသား ၃၁ ဦး၊ အကျဉ်းသူ ၂ ဦး၊ ထောင်ဒဏ် ၃၀ နှစ်အထက်မှ ထောင်ဒဏ် ၃၀ နှစ်သို့ ပြောင်းလဲ သတ်မှတ်ခံရသူ၊ အကျဉ်းသား ၉၈၈ ဦး၊ အကျဉ်းသူ ၁၃၀ ဦး၊ ၂၀ နှစ်အထက်မှ ၃၀ နှစ်အထိ ပြစ်ဒဏ်မှ ထောင်ဒဏ် ၂၀ နှစ်တို့ ပြောင်းလဲ သတ်မှတ်ခံရသူ အကျဉ်းသား ၂၃၀ ဦး၊ အကျဉ်းသူ ၄၀၂ ဦးနှင့် ထောင်ဒဏ် ၂၀ နှစ်အောက် ပြစ်ဒဏ်မှ ထောင်ဒဏ်၏ ၄ ပုံ ၁ ပုံအား လျှော့ရက်အဖြစ် ခံစားခွင့်ရရှိသူ အကျဉ်းသား ၂၉၈၅ ဦး၊ အကျဉ်းသူ ၅၂၅၆ ဦး စုစုပေါင်း ၃၅၁၁၁ ဦး ရှိခဲ့သည်။


ဤထုတ်ပြန်ချက်သည် ယခုတစ်ကြိမ်ဆိုလျှင် အစိုးရသစ်တက်ပြီးသည့် နောက်ပိုင်း တတိယအကြိမ်မြောက် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစတင်သည့် ရက်ပေါင်း ၄၇ ရက်ကြာ မေလ ၁၆ ရက်နေ့က အမိန့်ကြော်ငြာစာအမှတ် ၂၈/၂၀၁ အရ မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းသူ၊ အကျဉ်းသား ၁၄၆၀ ကျော်ကို ပထမအကြိမ် လွှတ်ပေးခဲ့ပြီး ဒုတိယအကြိမ်မြောက် လွှတ်ငြိမ်း ချမ်းသာခွင့်ကိုလည်း ရက်ပေါင်း ၁၄၈ ရက် အကြာတွင် အမိန့်အမှတ် ၄၉/၂၀၁ ကို အောက်တိုဘာ ၁ ရက်ဖြင့် ထုတ်ပြန်ကာ အကျဉ်းသူ၊ အကျဉ်းသား ၆၃၅၉ ဦးကို ထပ်မံလွတ်ပေးခဲ့သည်။

သို့သော် တတိယအကြိမ် မြောက်လွှတ်ပေးသည့် ယခုတစ်ကြိမ်မှာကား အင်းစိန်အကျဉ်းဦးစီးဌာန၏ ဂိတ်ပေါက်ဝတွင် ယခင် လွတ်ငြိမ်းခွင့် ပေးခဲ့သည့် အကြိမ်နှင့် မတူ ထူးခြားလျက် ရှိနေသည်။

ယခင်က ဤနေ့ရက်မျိုးဆိုလျှင် လမ်းများကိုပင် ပိတ်ထားသည့်အထိကို ကြုံခဲ့ရသော်လည်း ယခုတစ်ကြိမ်မှာကား ယင်းမြင်ကွင်းမျိုးကို မြင်တွေ့ခဲ့ရခြင်း မရှိသကဲ့သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော လူအုပ်ကြီးကိုလည်း ထင်ထားသည်အတိုင်း မြင်ခဲ့ရခြင်း မရှိခဲ့။

“သေချာလို့လား အစ်မရယ်။ ကျွန်မတော့ မထင်ရဲတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ဒီနေရာကိုလာတာ ဒါဆိုရင် သုံးကြိမ်မြောက် ရှိပြီ၊ အခုတစ်ကြိမ်က နည်းနည်းထူးခြားနေသလို၊ အရင်တုန်းကဆိုရင် ထိုင်စရာတောင် နေရာမရှိတဲ့အထိ လူတွေ အများကြီးဘဲ” ဟု ပြောဆိုနေသည့် အသံများကိုလည်း ကြားခဲ့ရသည်။

ယခု လွတ်ငြိမ်းခွင့်ရခဲ့သည့် မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်များအနက် အင်းစိန်အကျဉ်းဦးစီးဌာနတွင် အကျဉ်းသူ၊ အကျဉ်းသား (၅၀၀)ကျော် လွတ်မြောက်ခွင့် ရခဲ့ကြသော်လည်း အများစုမှာ လွတ်ရက်နီးသူများသာ ပါဝင်လာခဲ့ကြောင်း သိရသည်။

ယင်းအကျဉ်းသူ၊ အကျဉ်းသားများ အနက် မြန်မာနိုင်ငံအနှံ့တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသူ၊ အကျဉ်းသား (၃၄)ဦး ခန့်သာ ပါဝင်ခဲ့ကြောင်း သိရသည်။

“ကျွန်မ ၃၈၁ ပုဒ်မနဲ့ လေးနှစ်ကျခဲ့ပါတယ်။ ကျွန်မ လွတ်ရက်ပြည့်ဖို့ ဆယ်ရက်ကျော်လောက်ပဲ လိုတော့တာ။ လွတ်လာလို့ ပျော်ရွှင်ပေမဲ့ အထဲမှာ ကျန်ခဲ့တဲ့သူတွေအတွက် အရမ်းစိတ်မကောင်း ဖြစ်မိပါတယ်။ အထဲမှာရှိတဲ့ သူတော်တော်များများက ဒီလွတ်ငြိမ်းခွင့်မှာ ပါမယ်လို့ ထင်ထားကြတာ။ ဒါပေမဲ့ တကယ့်တကယ် မပါလာတဲ့ အခါကျတော့ အားလုံးက ငိုပြီးကျန်ခဲ့ကြတယ်။ သူတို့ကိုလဲ လွတ်စေချင်တယ်။ တချို့ဆိုရင် လွတ်ဖို့ လေးငါးခြောက်လလောက်သာ လိုသေးပေမယ့် တကယ်ဆို သူတို့တွေလောက်တော့ ပါလာမယ်လို့ မျှော်လင့်နေကြတာ” ဟု မိုးပပ က ထောင်ထဲတွင်း ကျန်ရစ်ခဲ့သည့် မြင်ကွင်းကို ပြောသည်။

“ဘာဖြစ်လို့လဲ မသိဘူး၊ ဒီထက်များများ လွတ်ပေးတုန်းကတောင် သတင်းထောက်တွေကို ဝင်ပြီး သတင်းယူတာတွေ၊ လွတ်လာတဲ့ သူတွေကို အင်တာဗျုးခွင့်တွေ ရခဲ့သေးတယ်။ အခုတစ်ကြိမ်မှာ လွတ်တာကလဲ နည်းနည်း၊ နောက်ပြီး လွတ်တဲ့သူ အများစုကလဲ လွတ်ရက်နီးတာတွေပဲ ဖြစ်နေတယ်။ သေချာတာ တစ်ခုကတော့ ဒီတစ်ကြိမ်မှာ အများမျှော့်လင့်သလို လွတ်ကြတာ မတွေ့ရသလို ကျွန်တော်တို့ မီဒီယာသမားတွေ ဝင်ခွင့်မရတာလဲ ထူးခြားမှုတစ်ခုဘဲ” ဟု လွတ်ငြိမ်းချမ်းသာခွင့် သတင်းကို ရယူရန် ထောင်ဗူးဝတွင် စောင့်ဆိုင်းနေသည့် ပြည်တွင်း သတင်းထောက်တစ်ဦးက ပြောသည်။

အင်းစိန် အကျဉ်းထောင်မှ လွတ်မြောက်လာသော အကျဉ်းသူ၊ အကျဉ်းသားများအနက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင် တစ်ဦးလည်း လွတ်မြောက်လာကြောင်း သိရသည်။

“ကျွန်တော်တို့ စိတ်ရှည်ဖို့ လိုပါလိမ့်မယ်။ အားလုံးတော့ အိမ်ပြန်ချင်ကြတဲ့သူတွေ ချည်းပါပဲ။ ဒါပေမဲ့ သမ္မတကြီးဘက်မှာလဲ အခက်အခဲတချို့ ရှိကောင်း ရှိပါလိမ့်မယ်။ ယခင်ထက် စာရင်တော့ ပြောင်းလဲမှုတချို့ကို တွေ့နေရသလို “ဟင့်စ်” လေးတွေတော့ ပေးလာတာ တွေ့နေရပါတယ်။ ကျွန်တော်က အသင်းအဖွဲ့နဲ့ ၉ နှစ် ကျပါတယ်။ လေးနှစ်က အယူခံနိုင်ပါတယ်။ လွတ်ငြိမ်းခွင့်နဲ့ တိုက်လို့ လွတ်လာပေမယ့် ကျွန်တော်က လွတ်ရက်စေ့လို့ လွတ်လာတာပါ။ ၈၈ မှာ မူဝါဒတစ်ခု ရှိပါတယ်။ ဆုံးဖြတ်ချက် တစ်ခုကို ချပြီးသွားပြီဆိုရင် အဲဒီ ဆုံးဖြတ်ချက်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အကောင်အထည် ဖော်ရပါတယ်။

ယခုဆိုရင် ကျွန်တော်တို့ ညီငယ် ခေါင်းဆောင်တွေ အထဲမှာ အများကြီး ကျန်ပါသေးတယ်။ သူတို့တွေနဲ့ ပူးပေါင်းပြီး လုပ်သွား မှာပါ။ လောလောဆယ် သူတို့တွေ အမြန်ဆုံး လွတ်မြောက်လာဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ လက်ရှိကတော့ မူဝါဒဟောင်းတွေနဲ့ သွားနေတာပါ။ အန်အယ်လ်ဒီ ဝိုင်းရံရေးပါ။ အန်အယ်လ်ဒီကို ဆက်ဝိုင်းရံမှာပါ” ဟု ၈၈ လူငယ် ခေါင်းဆောင် စည်းရုံးရေးနှင့် ထောက်ပံ့ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကြည်သန်းက ပြောသည်။

အကျဉ်းကျခံနေရသော မိမိ၏ မိသားစုဝင်များကို ဤလွှတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်လာစေရန်အတွက် ထောင်ဘူးဝကို ငေးမျှော်ကာ မျှော်လင့်ချက်များစွာဖြင့် စတင်လွှတ်ပေးမယ့်အချိန်ကို စောင့်မျှော်နေကြသည်။ နံနက် ၁ နာရီ ဝန်းကျင်တွင် စိတ်ငြိမ်နေသော ပတ်ဝန်းကျင်ကို ရုတ်တရက် လှုပ်နိုးလိုက်သလိုပင် အစုလိုက်၊ အဖွဲ့လိုက် စောင့်နေကြသူများသည် ထောင်ဘူးဝမှ ထွက်ပေါ်လာသော အသံလာရာဆီသို့ မျှော်ကြည့်လိုက်သောအခါ -

“လွတ်လာကြပြီဟေ့၊ ဟိုမှာ လာနေကြပြီ၊ အမေ လာလာလာ” ဟု စောင့်မျှော်နေကြသော လူများသည် ချက်ချင်း ဆိုသလို ထောင်ဘူးဝသို့ ပြေးလွှားသွားကြသည်။

ဆူညံသံမျိုးစုံဖြင့် ပြေးလွှားလာကြသည့် လူအုပ်စုကြားတွေ တွဲခေါ်သူမဲ့နေသော အသက် (၆၀)ကျော် အရွယ် အမျိုးသမီးကြီး တစ်ဦးကလည်း ယိုင်တိုင်တိုင် ဖြစ်နေသော သူမ၏ ခန္ဓာကိုယ်ကို အားယူကာ မတ်တပ်ရပ်ပြီး လူအုပ်ကြီးဆီ သို့ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။

ထောင်ဘူးဝရှေ့ ရောက်သည့်အခါ ပျော်သူကပျော်၊ ငိုသူကငို ဖြစ်နေကြသော လူအုပ်ကြားတွင် သူမ၏သား ပါလာရန် မျှော်ကြည့်နေပုံက သားပျောက်ရှာသည့် မိခင်တစ်ယောက်၏ ပုံသဏ္ဍာန်က သူမ၏ မျက်နှာက အထင်းသားပေါ်နေသည်။

သို့သော် လွတ်မြောက်လာသူများသာ ကုန်ဆုံးသွားသည်။ သူမ၏ သားဖြစ်သူမှာ ပါဝင်လာခြင်း မရှိသဖြင့်-

“ဒီတစ်ကြိမ် မပါလာရင်လဲ နောက်တစ်ကြိမ်ပေါ့ သားရယ်။ အဖွားကတော့ ဒီနေရာကို နောက်ထပ်လာအုံးမယ်” ဟု မျှော်လင့်ချက်ဖြင့် အားတင်းကာ ပြောနေသော်ငြားလည်း သူမ၏ မျက်နှာတွင် အဆက်မပြတ် စီးဆင်းနေသည့် မျက်ရည်များက . . .

စောမြင့်သန်း (ပေါက်တော) ရေးသားသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...