နာကျင်မှု ကိုယ်စား "ဟာသ" များ အကြောင်း
တစ်ချို့ဟာသတွေက
ရယ်ရတယ်။ ဟုတ်တယ်။ တကယ်လည်း အဲ့ဒီ ဟာသ တွေကြောင့်ပဲ ပျော်ရွှင်ကြ ရတာပါပဲ။
ဒါပေမယ့် အဲ့ ဟာသ တွေကြောင့်ပဲ နာကျင်ရ ပြန်သေးတယ်။ အပြန်အလှန် ပြောရင် -
ဟာသကြောင့် ရယ်ရသလို၊ ဟာသကြောင့် နာကျင်ရတယ် - အဲ့လို နာကျင် ရတာ ကြောင့်
ဟာသတွေက ဖြစ်ရပြန်သေးတယ်။ ဟိုးတစ်ချိန်က ဒုက္ခတွေဟာ အခုတော့ ဟာသတွေပါ ဆိုတာ
မျိုး။
ကျနော်တို့တွေက နာကျင်မှုတစ်ခုပြီးတိုင်း နောက် နာကျင်မှုတစ်ခုကို မျှော်လင့် နေသလို ဟာသ တစ်ခု ပြီးသွားတိုင်း နောက်ဟာသ တစ်ခုကို မျှော်လင့် နေရပြန်တယ်။
ထပ်ကျော့ နေတဲ့ အဲ့ဒီ ဖြစ်စဉ်ဟာ အမြဲလိုလို စောင့်ကြည့်ခံလာရတဲ့အခါ ( ကျနော့အမြင် ဆို ) စီစီဖာရဲ့ ဒဏ္ဍာရီ နဲ့ တူလာတယ်။။
ဟိုးရှေးယခင် နတ်ဘုရား တွေက လူသား တွေ ကို အုပ်ချုပ်သတဲ့။ လူသားတွေ ရမ်းကားလွန်းတော့ ပြစ်ဒဏ်ပေးဖို့ အစီအစဉ် ဆွဲတယ်။ အဲ့အခါ စီစီဖာ ဆိုတဲ့ နတ်တစ်ပါး က ဝင်တား တယ်။ လူတွေကိုယ်စား သူ ပြစ်ဒဏ် ခံပါ့မယ် တဲ့။ နတ်ဘုရား အားလုံး ဒီမိုကရေစီ ဆန်ဆန် အများသဘောတူ ဆုံးဖြတ်ပြီး လူတွေကို ချမှတ်မယ့် ပြစ်ဒဏ် အချို့ တစ်ဝက်ကို စီစီဖာ့ ဆီ လွဲပေးလိုက်ကြတယ်။ အဲ့အတွက် လူတွေရဲ့ ပြစ်ဒဏ်က တော့ လျော့သွားပါရဲ့။ ဒါပေတဲ့ စီစီဖာ ကတော့ တော်တော်ကြီး ခံရတယ်။ သူ ထမ်းဆောင်ရတဲ့ ပြစ်ဒဏ်က ရိုးရှင်းပါတယ်။ အိမ်တစ်လုံးစာ ကျောက်တုံးကြီးကို တောင်ပေါ် ရောက်အောင် တွန်းတင်ရတာ တစ်ခုထဲ။ ဒါပေမယ့် အဲ့ကျောက်တုံးက တောင်ပေါ် ရောက်ပြီးတိုင်း အောက်ကို ပြန်ပြန် လိမ့်ကျတယ် ။ အဲ့အခါ စီစီဖာက ပြန် တွန်းတင် ရပြန်တယ်။ ပြန်ကျလိုက် ၊ ပြန်တင်လိုက် ။ ပြီးကို မပြီး တော့ဘူး တဲ့။
အဲ့လိုပဲ လူတွေလည်း စီစီဖာနဲ့ မထူးခြားကြောင်း တွေ့ရပါလိမ့်မယ်။ ကိစ္စတစ်ရပ်အပေါ် အဖန်တလဲလဲ လုပ်နေရတာတွေ များတယ်။ အစားတစ်ခုစားပြီးလို့ သိပ်မှမကြာသေးဘူး ထပ်စားရပြန်တယ်။ နောက် - သန့်ရှင်းရေး ။ အဲ့ဒါကလည်း မကြာခဏ ပြန်လုပ် ရတယ်။ အဲ့ဒါထက် ပိုဆိုးတာက လူတွေကြား နေထိုင်ရာမှာ ကြုံရ ၊ ဆုံရ၊ မကြာခဏ တွေ့နေ ရတဲ့ ဒုက္ခ ( ဝါ ) စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေ ပဲ ဖြစ်ပါတယ်။ အခုမကြုံ ရလဲ တော်ကြာ ကြုံရပြန်တယ်။ ဒုက္ခ တစ်ခု ဟင်းးးးးး ချ လို့မှ မပြီးသေး - နောက်ဒုက္ခ တစ်ခုက အသင့် စောင့်ကြိုနေပြန်တယ် ။
ပြောချင်တာ ရောက်ပါပြီ။
အဲ့လို တစ်ခုပြီး တစ်ခု ဒုက္ခပေါင်းတွေ ကြုံလာရာမှာ လူတွေဟာ ဟာသဆိုတဲ့ ပျော်ရွှင်စရာ ထွက်ပေါက် ကို ရှာကြတော့တာပဲ။ စိတ်ညစ်စရာ တစ်ခုပြီး တစ်ခု တွေ့ရတိုင်း ဟာသတွေ တစ်ခုပြီး တစ်ခု ရှာရတယ်။ တစ်ခုပြီး တစ်ခု ရယ်မော ပစ်ရတယ်။ စိတ်ညစ်စရာ တွေ ရှိနေသရွှေ့ ဟာသတွေကို မနားတမ်း ရှာနေရပြန်တယ်။ ဒါဆို ဒီဟာသတွေက ဘာတွေဖြစ်နိုင်သလဲ။
ကိုယ် အမြဲတမ်း ရှာဖွေ ရယ်မော လိုက်ရပေမယ့် မောကြီးပန်းကြီး ပေးဆပ်နေရတဲ့ အရာကြီးတစ်ခု ဖြစ်နေပြန်တယ် မဟုတ်လား။ ကိုယ့်ကို အချိုသပ်ရင်း နောက်ကွယ်မှာ အမော ဖောက်အောင် ပြုနေတဲ့ အရာတစ်ခုသက်သက် ဖြစ်နေပြန်တယ် မဟုတ်လား။ ခဏတာလေး ဘိန်းစား လိုက်ရ သလို ရီဝေဝေ ဖြစ်သွားနိုင်ပါတယ်။ တခဏတာ ရယ်မော ပျော်ရွှင်လိုက်ရမယ် ။ အဲ့အချိန် လေး ပေါ့ပါးလန်းဆန်း သလို ရှိနေနိုင်တယ်။ ဒါပေတဲ့ ရှင်သန်နေတဲ့ ဘဝတစ်လျောက် နောက် ဒုက္ခတွေ တွေ့ နေရသရွေ့ နောက်ဟာသ တစ်ခု ကို ထပ်ရှာနေရပြန် တယ်။ ဒါ့ကြောင့် ဒီဟာသဆိုတာတွေဟာ မူးယစ်ဆေးနဲ့ တူလာ ပါတယ်။ ဟာသ အပေါ် နာကျင်တာတွေ ရှိတယ်။ မကျေမလည် ဖြစ်မိတာတွေ ရှိတယ်။
ကျနော်တို့ ဒီ ဟာသနဲ့ ဒုက္ခ ကူးယှက်နေတဲ့ လမ်း ဘယ်မှာ ဆုံးမလဲ။ ဒီလို ရှာဖွေနေရတဲ့ ကျနော်တို့ ဒုက္ခတွေကရော ဘယ်မှာ ပြီးမလဲ။ ဟာသတွေ တစ်ခုပြီး - နောက်တစ်ခု - ဘယ်လောက် အပင်ပန်းခံ ရယ်မော ပေး နေရ ဦးမလဲ။ “ရယ်စရာ တစ်ခုပြီးရင် နောက်ထပ် ရယ်စရာ တစ်ခု ရှာနေရဦးမှာပဲ” ဆိုတာ သိပြီးတဲ့ နောက်တော့ရော ကျနော်တို့ ဘယ်လို ရယ်နိုင်ဦးမှာလဲ ။
February 1st, 2011 at 3:30am
.........................
ဟိုးတုန်းက ပို့စ်တစ်ခုပါ။
အက်ဆေးတစ်ခု ဒါမှမဟုတ် စာစု တစ်ခု သက်သက်။
..........................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
........................

0 comments:
Post a Comment