သဘာဝ သက်သက်မျှသာ -
by Zay Ya on Wednesday, January 4, 2012 at 4:39pm
ဘာဝနာဟာ ဘာလဲ။ ကျနော်တို့ လေ့ကျင့်ယူရမယ့် နည်းစနစ် တစ်ခုလား။ ကျနော်တို့ အားစိုက်ထုတ်ပြီး လုပ်ကိုင်နေရမယ့် အရာ တစ်ခုလား။ ဒါမှမဟုတ် ကျနော်တို့ စိတ် အတွေး ကို လေ့ကျင့်ပေးရမယ့် ၊ အောင်မြင် ပေါက်မြောက်သွားရမယ့် ဖြစ်စဉ် တစ်ခုလား
--လို့ မေးရင် ----
အဲ့ဒါတွေ တစ်ခုမှ မဟုတ်ဘူး လို့ ကျနော် ဖြေရပါလိမ့်မယ်။
တကယ်တမ်း စိတ်ကူး အကြံအတွေးတွေရဲ့ လုပ်ဆောင်နိုင်သမျှ အရာအားလုံး - ဘယ်အရာမှ ဘာဝနာ ဖြစ်မလာ ဘူး။ ဘာဝနာဟာ အတွေးအကြံ စိတ်ကူး တို့ ရဲ့ အလွန်မှာ ဖြစ်ပါတယ်။ စိတ်ကူး အတွေးက ဒီနေရာမှာ ဘာအကူအညီမှ မပေးဘူး။ ဒါ့ကြောင့် စိတ်စူးစိုက်ရုံမျှနဲ့ ဘာဝနာ ဖြစ်မလာဘူးလို့ ကျနော် အရင်က ပြောခဲ့တာ ဖြစ်ပါတယ် ။ ဘာဝနာဟာ စိတ်ကူး အတွေးအားလုံး ရပ်ဆိုင်းသွားချိန်မှာ စတင်တယ်။
မိမိ သန္တာန်ကို မိမိ ပြန်ဆင်ခြင် ကြည့်ရင် - ကျနော်တို့ ဘဝမှာ လုပ်ကိုင်သမျှ အရာအားလုံးနီးပါး ကျနော် တို့ စိတ်ကူး အာရုံတွေရဲ့ စေ့ဆော်မှုတွေ ကြောင့် ချည်းပဲ- ကိစ္စရပ်တစ်ခု အောင်မြင်သည် ဖြစ်စေ၊ ရှုံးနိမ့်သည် ဖြစ်စေ စိတ်ကူး အတွေး တွေက နေ ဖြတ်သန်း သွားရတာချည်းပဲ ဆိုတာ ခင်ဗျား မြင်နိုင်ပါလိမ့်မယ်။
ဒီအကြောင်းတွေကြောင့် အခု ခင်ဗျားတို့ ကျနော်တို့ ဘာဝနာ ပြုတော့မယ် လို့ စိတ်ကူးတဲ့ အခါ - စ စဉ်းစားတာက “ဘယ်လို၊ ဘယ်နည်းလမ်းနဲ့ စရမှာလဲ” ဆိုတဲ့ technique, method တွေပဲ ဖြစ်နေပါတယ် ။ ဘာသာတရား တွေ ကိုယ်စီ က အဲ့ဒီကို ရောက်ရှိမယ့် လမ်းကြောင်း၊ နည်းလမ်းတွေ ခင်းကျင်း ပေးကြတယ်။ ခင်ဗျားတို့ ကျနော်တို့ကလည်း မိမိ အတွေးအကြံ၊ ယုံကြည်ချက်နဲ့ ကိုက်ညီရာ ဘာသာတစ်ခုခု အတွင်းမှာ တစ်နည်းနည်းကို ကောက်ယူပြီး ရှာဖွေပါတယ်။
ဒါပေမယ့် မမေ့ဖို့က - အဲ့ဒီ လမ်းကြောင်း၊ နည်းလမ်း ၊ Method တွေဟာ “ခင်ဗျား သန္တာန်ကို ခင်ဗျားဘာသာ သိမြင်နိုင်ဖို့” တစ်ခုတည်းသာ ဦးတည်နေရလိမ့်မယ် ။ ပြင်ပ အရာတစ်ခုကို ယုံကြည်သွားဖို့၊ တွေးကြံသွား ဖို့ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် သိသွားဖို့ ။ ဆိုလိုတာက ခင်ဗျား သန္တာန်ကို အရှင်းသား မြင်သိ သွားစေဖို့ သာ ဖြစ်ပါတယ်။
-- ဒါကို မပေးနိုင်တဲ့ ဘာသာရေး ဟာ အတွေးစဉ်တွေထဲမှာပဲ ချာလည်လည်နေတဲ့ ဘာသာရေး ဖြစ်နေမှာပဲ ။ ခင်ဗျား ကလည်း မိမိ အတွေး အပေါ် ၊ မိမိ ယုံကြည်ချက် အပေါ် တဝဲလည်လည် လက်ခံထားနေမှာပဲ ။ ဘာလို့ ဆို - အတွေး စိတ်ကူးရဲ့ သဘာဝဟာ - ဆက်လက် တွေးခေါ်မှု ဆီကိုသာ ဦးတည် သွားနေလို့ ဖြစ်ပါတယ်။ စိတ်ကူး အတွေးအကြံ တစ်ခုဟာ အခြား စိတ်ကူး အတွေးအကြံ တစ်ခု ရပ်ဆိုင်းသွားမှာကို စိုးရိမ် နေတတ်တယ်။ အယူအစွဲ တစ်ခု စွန့်လွှတ်ရ ခက်ခဲနေတတ် ရခြင်း၊ အယူသည်းခြင်း၊ မျက်ကန်းယုံကြည်ချက် ပြင်းထန်နေရခြင်း- အဲ့ဒီ ဖြစ်စဉ် တွေ မှန်သမျှဟာ ဒီ စိတ်သဘာဝ အပေါ်မှာ အခြေခံပါတယ်။
ဘာဝနာ ဟာ အဲ့ဒီ စိတ်ကူး အတွေးအကြံတွေကို သတ်ပစ်တယ်။ အဲ့ဒီ စိတ်အတွေးတွေကို ချန်ထားရစ်ပြီး သူတို့ကို ကျော်လွန်သွားတယ်။ သိမှု သက်သက်ဆီကိုသာ ဦးတည်သွားတယ်။
ပုံမှန် လှုပ်ရှားနေတဲ့ ဘဝမှာ - ခင်ဗျားရဲ့ စိတ်ဟာ အခြားအရာတွေ အားလုံး ထည့်သွင်း စဉ်းစားနိုင်ရင် တောင် ဘာဝနာကို လက်မခံနိုင်ဘူး ၊ ဘေးဖယ်ထားရစ်တယ်။ အကြောင်းက ဘာဝနာဟာ ခင်ဗျားရဲ့ ပင်ကိုယ် သဘာဝ ဖြစ်နေလို့၊ အတွေးအကြံ မဟုတ်တဲ့ သိမှု သက်သက် ဖြစ်နေလို့ ပါ။
ဒါ့ကြောင့် - ဘာဝနာဟာ စိတ်ကူး အတွေးအကြံရဲ့ အဆင့်ဆင့် တက်လှမ်းသွားတဲ့ လှေကား ထစ် ၊ အဆင့် - မဟုတ်ဘူး။ ခင်ဗျား လှေကားထစ် တစ်ခုခုကို နင်းချလိုက်ရင် - ခင်ဗျား နင်းချလိုက်တဲ့ အဲ့အဖြစ်ကို သိမြင်ရုံလေး။- ဘယ်လှေကားထစ်ကို မဆို ရှင်းရှင်းလင်းလင်း သိမြင် ထားခြင်းမျှ သက်သက် ဖြစ်ပါတယ်။
အဲ့ဒီ မြင်သိမှုနဲ့ ခင်ဗျားရဲ့ ခဏတိုင်း ခဏတိုင်းကို ရှင်သန်နေတဲ့ ဖြစ်စဉ်သာ ဘာဝနာ ပါ။ ဒါ့ကြောင့် ဘာဝနာဟာ ခင်ဗျားရဲ့ မူရင်း အဖြူထည်သား သဘာဝ သာ ဖြစ်တယ် - သီးခြား လုပ်ယူနေရတဲ့ အရာ တစ်ခု မဟုတ်ဘူး - ခင်ဗျား ရှာကြံရယူနေရမယ့် ဂုဏ်ရည်တစ်ခု မဟုတ်ဘူး-
It is you. It is your being.
ဘာဝနာ ဟာ ခင်ဗျား စင်စစ် ကိုယ်တိုင်၊
ခင်ဗျား ရဲ့ ဖြစ်တည်ချက်သက်သက်မျှသာ ဖြစ်တယ် လို့ အထပ်ထပ် ညွှန်းဆို လိုပါတယ်။
......................
4.1.2012
4:00 PM
......................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
0 comments:
Post a Comment