ယုံတော်မူ တမ်းချင်း
by Nyein Wai on Sunday, January 15, 2012 at 5:43pm
ဒေ၀ီရေ
ရွှေပြည်တော်ကို မျှော်ရ
အနာဂတ်ကို မော်ရ
ဒိုရာသန်းအေး လှေကလေးကို
အတွေးထဲမှာလှော်ရ
တစ ... တစ။
`ဘ၀ဆိုတာ
လှပစွာ ဆင်းရဲခြင်း´တဲ့လား။
မင်းဟာ
လောကဓံကို ရန်သူလိုရင်ဆိုင်
ငါ့ရှေ့မှာကျတော့
ဒေ၀ီတပါးလို မင်းထိုင်ခဲ့။
`မျဉ်းဖြောင့်မှာ
အရောင်ရှိတယ်´ ဆိုတဲ့ စကား
မင်းနဲ့တွေ့မှ
ငါ ပိုပြီး ခံစားလို့ ရခဲ့။
`အင်ဒါဆင်း´ ရဲ့ ရေသူမ
ကျမပါမောင်။
ကျမ
`ကဏ္ဍက လိုပေါ့
မီးလို လေလိုကျင့် ငါ့မြင်း
မင်းသခင်ကိုသယ်
ဒါမှ ကမ္ဘာကိုကယ်တင်မယ့်
ဒီကြီးမြတ်တဲ့အမှုမှာ
မင်းဝေစုပါမယ်´
ကဏ္ဍက ဇာတ်မဟာ
အနော်မာ တဖက်ကမ်းမှာဆုံးတော့
မင်းပြုံးရင်း ငိုတတ်ခဲ့ပြီနော် ...။
`ဒေ၀ီရယ်
ဘယ်လိုအကျိုးရှိမယ် မသိရတဲ့
ကြေကွဲဖွယ် နိမ့်ကျကျလမ်း
လိုက်ချင်လိုက်မယ်´ ဆိုတဲ့
ငါ့ရဲ့ ကဗျာရွတ်သံ
မင်း ဘယ်လို ခံနိုင်ရည် ရှိခဲ့ပါလိမ့်။
`ကျမနဲ့မောင်
ခလေးတွေအတွက်
ဖိနပ်တရံလို့ ယူဆရအောင်´ ဆိုတဲ့
မင်းရဲ့ မျက်ရည်ပျက်လုံး
ငါ့တသက်လုံး
ခံစားလို့ မဆုံးဘူး။
ဒေ၀ီရေ
ရွှေပြည်တော်ကို မျှော်ရ
အနာဂတ်ကို မော်ရ
ဒိုရာသန်းအေး လှေကလေးကို
အတွေးထဲမှာ လှော်ရ
မင်းခြေဖ၀ါးက
သွေးစက်စက် ကျရသမျှ
မင်းမျက်ရည် ကျရသမျှ
.............................
..............................
ယုံတော်မူစမ်းတော့ မောင့်ဒေ၀ီ။ ။
ငြိမ်းဝေ
ဒီကဗျာ ရေးခဲ့တာ အခုဆိုရင် ၁၉ နှစ် ပြည့်ခဲ့ပါပြီ။ ကဗျာသရုပ်ဖေါ်ပုံက ကျနော် ဝယ်ယူသိမ်းထားခဲ့တဲ့ နော်ဝေးပန်းချီဆရာ အက်ဗတ် မွန့်ခ် ရဲ့ ပုံနှိပ် ပန်းချီကားလေး ဖြစ်ပါတယ်။ မဒေဝီ ကိုယ်စား နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့တဲ့ ပန်းချီကားလေးပါ။
0 comments:
Post a Comment