ရွှေစင်ကို ပြောပေးပါ
(၁)
ကျနော့်ဘ၀က ဆယ်တန်းမအောင်ခင်အထိ
မိဘလောင်းရိပ်အောက်မှာ ခေါက်ရိုးကျပုံစံနဲ့ အသက်ရှင်ခဲ့ရတာပါ။ ကျောင်းစာသင်ချိန်တလျှောက်လုံး
စာနဲ့မျက်နှာ မခွာခဲ့ရသလို။ ညနေပိုင်း အိမ်က ကားဝပ်ရှော့လုပ်ငန်းမှာ ၀င်ကူလုပ်ပေးရတာကလွဲရင်
စာအုပ်နဲ့ မပြတ်ခဲ့ရပါဘူး။ စိတ်ထွက်ပေါက်ဆိုလို့ အထက်တန်းကျောင်းသားဘ၀ ကစပြီး အဖေစီစဉ်ပေးတဲ့
ကျန်းမာရေးအရ ကရာတေးပညာကို သင်ခွင့်ရတာရယ်၊ အဖေ့စာကြည့်ခန်းက စာအုပ် ထူထူကြီးတွေ ဖတ်ခွင့်ရခဲ့တာတွေပါပဲ။
ပေါင်းသင်းဆက်ဆံစရာ ကျနော့်မှာ ရင်းနှီးတဲ့သူငယ်ချင်းဆိုလို့လည်း ကောင်းကောင်းတောင်
မရှိခဲ့ရပါဘူး။ ရည်းစားထားဖို့ဆိုတာကတော့ ဝေလာဝေးပဲပေါ့။ အိမ်နဲ့ကျောင်းမှာသာ ကျနော့်ဘ၀ကို
အချိန်များများပေးဖြတ်ခဲ့ရတာပါ။
(၂)
ဆယ်တန်းအောင်လို့ မန္တလေး ရတနာဘုမ္မိ ဒေသကောလိပ်ကိုလည်းရောက်ရော ကျနော်အဖြစ်က
လှောင်ချိုင့် ထဲက လွတ်လာရတဲ့ ငှက်လေးဘ၀လို။ အရာရာဟာကျနော့်အတွက် အထူးအဆန်းနဲ့ စိတ်ဝင်စားစရာတွေချည်း
ပါ။ ရုပ်ရှင်ကြည့်၊ အရက်သောက်၊ ဆေးလိပ်သောက်၊ လက်ဖက်ရည်ဆိုင်ထိုင်ဆိုတာ ကျနော့်အတွက်စိတ်ဝင်
စားစရာ အတွေ့အကြုံသစ်တွေဖြစ်လာတာပေါ့။ အဆောင်မှာနေပြီး ကျောင်းတက်ရတဲ့ဘ၀ကလည်းဖြစ်၊
အရင် လို ကျောင်းပျက်ရင် အဖေ့ကိုလှမ်းအကြောင်းကြားတတ်တဲ့ ကျနော်တို့မြင်းခြံမြို့က
ကျောင်းဆရာအသိုင်းအ၀ိုင်း လည်းမဟုတ်တော့။ မြို့ထဲလျှောက်လည်လို့လည်း ကျနော်ကိုသိသူ
မရှိလေတော့ ကျနော့်လွတ်လပ်မှုတွေက ပျော်ရွှင်စရာ အတိ။ အထူးသဖြင့်ဆို ကျနော့်ကို ၆ လစာ
ကျောင်းအသုံးစရိတ်ကို ကိုယ့်ဖါ့သာကိုယ် ကိုင်ပြီးသုံး ရတဲ့အခွင့်အရေးက အရာရာကို ပြည့်စုံစေသလိုပါပဲ။
ကျောင်းဖွင့်စဖြစ်တာမို့ စာသင်ချိန်နဲနေတော့
ကိုယ်စိတ်ဝင်စားတဲ့အချိန်ဆို ကျောင်းမှာရှိနေပေမယ့် အချိန် အများစုကတော့ မြို့ထဲမှာလို့
ပြောရင်ရတယ်လေ။ သူငယ်ချင်းဆိုလို့ တယောက်မှကို မရှိသေးတော့ ကိုယ့် စိတ်နဲ့ကိုယ် ခြေဦးတည့်ရာ
လေလိုလွင့်နေမိတယ်။ ကျောင်းပြန်တက်ချင်စိတ်ရှိလာမှ ကျောင်းကို ပြေးလိုက် ရုံပဲ။ တရက်မှာ
မြို့ထဲအလည်သွားပြီး အရက်နဲနဲသောက်ဖြစ်တယ်။ ပြီးမှ ကျောင်းတက်ချင်စိတ်ပေါက်လာလို့ ကျောင်းကိုပြန်ခဲ့မိတယ်။
စာသင်ခန်းထဲမှာက စာသင်နေပြီ။ ဒါကြောင့်နီးစပ်ရာထိုင်ခုံလွတ်တခုမှာ ၀င်ထိုင်လိုက် တယ်။
ခနနေမှ ပတ်ဝန်းကျင်ကို သတိထားကြည့်မိတော့ ကျနော့်ဘေးမှာ ကောင်မလေး ချောချောတယောက်။
ပြီးခဲ့တဲ့အပတ်က သိပ္ပံလက်တွေ့ခန်းမှာ တဂရုထဲကျခဲ့တဲ့ ကောင်မလေးမှန်းသိလိုက်တယ်။ ဒီကောင်မလေး
မျက်နှာက ခလေးလေးလိုပဲလေ။ နှာတံစင်းစင်း၊ မျက်တောင်ကော့ကော့၊ အပစ်ကင်းစင်တဲ့ မျက်နှာမျိုးလေးနဲ့။
ကျနော်လည်းနဲနဲလေးထွေလာတော့ သူ့ကို စချင်စိတ်ပေါက်လာတယ်။ ကောင်မလေးက ဆရာမသင်နေတာကို
အာရုံစိုက်နေလေတော့ ကျနော့်ကို ရှိလို့ရှိမှန်းတောင် မသိရှာပါဘူး။ ကျနော်လည်း ဒီအခွင့်ကောင်းကိုယူ၊
သူ့ဖက်ကိုလှည့်၊ သူ့အနားကို အနီးစပ်ဆုံးကပ်လိုက်ပြီး အာငွေ့လေနဲ့ မှုတ်ထုတ်လိုက်တယ်။
ပြီးမှ ဖြတ်ခနဲ ရှေ့ကိုပြန်လှည့်လိုက်ပြီး စာကိုအာရုံစိုက်နေသယောင် ဆောင်နေလိုက်တယ်။
ကျနော်စားထားတဲ့ကွမ်း၊ ကျနော် သောက်ထားတဲ့ ဆေးလိပ်နဲ့ အရက်နံ့တွေကြောင့်ထင်တယ် ကောင်မလေးကျနော့်ဖက်ကို
ချက်ချင်းလှည့်လာ ပြီး ကြည့်တယ်။ ကျနော်က ဆရာမသင်နေတာကို စိတ်ဝင်စားချင်ယောင်ဆောင်နေတော့
သူလည်းအပြောရ ခက်နေရှာတာပေါ့။ ကောင်မလေး ကျနော့်ကို အသေအချာတချက်ကြည့်ပြီး ဘာမှမပြောတော့ပဲ
ပြန်လှည့်သွား တယ်ဗျ။ ကျနော်ခနလောက်စောင့်ပြီး သူမေ့လောက်ပြီထင်မှ ဒီလိုပဲတခါ ထပ်လုပ်လိုက်တယ်။
ဒီတခါမှာလည်း သူကျနော့်ဖက်ကို လှည့်ကြည့်ပါသေးတယ်။ ဒါပေမယ့် ကျနော်ကမှင်သေသေနေနေတော့
အရင်လိုပြန်လှည့် သွားရုံသာမကပဲ ကျနော်နဲ့ခပ်ဝေးဝေးရောက်အောင် သူ့ကိုယ်လေးကို ရွှေ့လိုက်ပါတော့တယ်။ အဲ့ဒီနေ့ကစလို့ ကောင်မလေးကို
ကျနော်သတိထားမိသွားသလို ကောင်မလေးလည်း ကျနော့်ကို သတိထားမိသွားမှာပါ။
(၂)
ဒုတိယတခေါက် ကောင်မလေးနဲ့ ပတ်သက်ရပုံကတော့
နဲနဲကြမ်းသွားပါတယ်ခင်ဗျာ။ အဲဒီနေ့က ကျနော် သောက်ခဲ့တဲ့အရက်က များသွားတယ်။ ကျောင်းရောက်တော့
လူမှန်းမသိတသိ။ ကျောင်းထဲရောက်ပြီး စာသင် ခန်းထဲ ၀င်ဖို့မသင့်တော့တာနဲ့ ကင်န်တင်းက မောနင်းစတား
(Morning Star) ဆိုင်မှာ ထိုင်နေလိုက်တယ်။ ခနအကြာမှာ ကလေးမျက်နှာနဲ့ကောင်မလေး
အဖေါ်တယောက်နဲ့အတူ ဆိုင်ထဲဝင်လာတာတွေ့ရတယ်။
ကောင်မလေးကိုတွေ့တာနဲ့ကျနော် စချင်စိတ်က
ပေါက်လာပြန်ရော။ ညက မစိုးရိမ်ရုံမှာကြည့်ထားတဲ့ ကုလား
ကားထဲက မင်းသား၊ မင်းသမီးရှေ့မှာ ဒူးထောက်ထိုင်၊ လက်နှစ်ဖက်ကို ကားကားပြပြီး သီချင်းဆိုတာကို
အမှတ်ရလိုက်လို့ ကောင်းမလေးရှေ့ကိုသွားပြီး ကျနော်ဒူးထောက်ထိုင်ချလိုက်တယ်။ နောက်ပိုင်း
ဘာတွေပြော ဘာတွေလုပ်မိမှန်းကို မသိတော့ပါဘူး။ နေကလည်းပူ နေတာကိုး။
အမူးပြေမှ သိရတာကတော့ ကျနော့်ကို
ဆိုက်ကားပေါ်ဝိုင်းတင်ပြီး အဆောင်ပြန်ပို့ပေးလိုက်ရတယ် ဆိုတာပါပဲ။ ကျနော်လည်း ၂ ရက်ကျောင်းပျက်လောက်အောင်
အရက်နာ ကျသွားပါတယ်။ တတိယမြောက်နေ့မှာတော့ ဌာနမှူးရုံးက လာတွေ့ဖို့ခေါ်တဲ့စာရောက်လာလို့
ကျောင်းကိုရောက်သွားပါတယ်။ ရုံးခန်းထဲလည်းရောက်ရော ကောင်မလေးလည်းရောက်နေတာကို တွေ့လိုက်ရတယ်။
သူလည်းဘာပြဿနာဖြစ်သလဲပေါ့။ မျက်နှာသိပ် မကောင်းတာနဲ့ တချက်လောက်ပြုံးပြလိုက်ပြီး ဌာနမှူးအလာကို
စောင့်နေလိုက်မိတယ်။ ဌာနမှူးလည်းရောက် ရော ကျနော်နဲ့အတူ ကောင်မလေးကိုလည်း လှမ်းခေါ်တယ်ဗျ။
နောက်မှ ဌာနမှူးက …
“မနေ့က မင်းအရက်မူးပြီး ရွှေစင်ကို
လူကြားထဲမှာ အရှက်ခွဲခဲ့တယ်ဆို” တဲ့။ ဘယ်ကရွှေစင်လဲ ကျနော်မသိ။
“ရွှေစင်ဆိုတာကို ကျနော်မသိပါဘူးဗျာ”
လို့ ပြောလိုက်တော့ ကောင်မလေးနဲ့ အတူပါလာတဲ့ အသက်ခပ်ကြီး ကြီး အမျိုးသမီးက
“ဒါ သူညာတာပါရှင်။ ခုနကတောင် ကျမညီမကို
သူပြုံးပြပြီးနှုတ်ဆက်တာကို ကျမတွေ့လိုက်သေးတယ်” တဲ့။ ဒါဆို ဒီကောင်မလေးက ရွှေစင်ပေါ့။
အခုပြောနေတာက သူ့အမပေါ့။ ကျနော် ဘာတွေဖြစ်ခဲ့လို့လဲမသိဘူး။ “ကျနော် ဒီညီမကိုတော့ သိတာအမှန်ပါ။
ကျနော်တို့ ပရယ်တီကယ်ခန်းထဲ လက်တွေ့လုပ်ကြရင်း သိနေတာပါ။ တကျောင်းလုံးမှာသိတာလည်း သူတယောက်ပါပဲ။
နာမည်ကိုတော့ အခုမှ ကြားဖူးတာပါဗျာ။ ဟိုနေ့က ကျနော် အရက်မူးသွားပါတယ်။ ကျနော်ဒီညီမကို
ဘာများလုပ်ခဲ့မိလဲဆိုတာ ကျနော့်ကိုပြောပြပါ။ ကျနော်ဘာမှ မမှတ်မိ တော့လို့ပါ။ ကျနော်မှားတာရှိခဲ့ရင်လည်း
အပြစ်ပေးပါ။ ဒီက ညီမကိုလည်း ကျနော်တောင်းပန်ပါတယ်ဗျာ။ ကျနော့်မှာ စချင်စိတ်တခုထဲရှိတာပါ။
ကျနော်တောင်းပန်ပါတယ်” လို့ ပြောလိုက်မိပါတယ်။
ကျနော်ရှင်းပြလိုက်တာတွေက သဘာဝကျသွားတာရယ်။
သူတို့က နောက်ဆက်တွဲပြဿနာ မဖြစ်ချင်တာတွေ ရယ်ကြောင့်ဖြစ်မယ် ကျနော့်ကိုအပြစ်မပေးပဲ
ကျေအေးလိုက်ကြတယ်။ နောက်ကို ဒီလိုမဖြစ်ဖို့ ၀န်ခံချက်ထိုး ခိုင်းပြီး ပြန်လွှတ်လိုက်တယ်။
တော်ပါသေးရဲ့ဗျာ။ ရွှေစင်ဆိုတဲ့ ကောင်မလေးကတော့ သူကျေနပ်အောင် ကတိ တခုပေးရမယ်တဲ့။ ကျနော်က
ပေးပါမယ်ပြောတော့ …
“နောက်ကို ဘယ်တော့မှအရက် မသောက်ပါဘူးလို့
ကတိပေး” တဲ့။
(၃)
ပြဿနာဖြေရှင်းပြီးည တညလုံး ကောင်မလေးမျက်နှာကို
ပြန်မြင်ယောင်နေမိတယ်။ အိပ်လို့လည်းမရဘူး။ သူမျက်နှာလေးက ကျနော့်ရင်ကို အေးမြစေသလိုပဲ။
ကျနော်သူ့ကို ချစ်နေမိတာများလား မသိဘူးဗျာ။ နောက်နေ့မနက်လည်းရောက်ရော ဒိုင်ယာရီ စာအုပ်အသစ်
တအုပ်ဝယ်လိုက်တယ်။ ပြီးတော့ ကောင်မလေးကို ဘယ်လိုစတွေ့ပြီး ဘယ်လိုစိတ်ဝင်စားခဲ့ကြောင်းတွေ
နေ့စဉ်ရေးခဲ့တဲ့ပုံစံမျိုးနဲ့ ကျောင်းစဖွင့်ထဲကနေ အခုချိန်ထိ ကို ပြန်ရေးလိုက်တယ်။
ရေးပြီးလို့ အသင့်ဖြစ်တော့ ကောင်မလေးနဲ့
ပရယ်တီကယ်လုပ်တဲ့အချိန်မှာ သူ့လွယ်အိတ်ထဲကို ထည့်ထား လိုက်ပြီး အဲ့ဒီနေ့ကနေ ကျနော်
ကျောင်းမတက်ရဲတော့ဘူး။ ဒါပေမယ့် သူတို့အိမ်နဲ့ မလှမ်းမကမ်းက အုတ်ခုံမှာ သွားသွားထိုင်တယ်။
သူ ကျနော့်ကို မြင်လိုက်ရပြီးမှ တခုခုသွားစားတယ်။ နောက်ပြန်ထိုင်တယ်။ ကျနော် သူ့ကို
တချိန်လုံး စောင့်ကြည့်နေတယ်ဆိုတာမျိုးကို သူသိစေချင်လို့လေ။ ကျောင်းပိတ်ရက်တွေဆိုလည်း
စောစောတ ခုခု စားပြီးသွားစောင့်တာပဲ။ သူမမြင်ရမချင်း ထိုင်စောင့်နေရတာပေါ့။ နေပူပူ
မိုးရွာရွာ၊ နေ့နေ့ညည။
ရလာဒ်ကတော့ ကောင်မလေး ကျနော့်ဆီက
စာတစောင်ပို့လိုက်တယ်။ ကျောင်းပြန်တက်တော့တဲ့ ၊ ပြောစရာ ရှိတယ်တဲ့။ ကျနော်တို့ ပြဿနာဖြစ်ခဲ့တဲ့
Morning Star ဆိုင်ကို မနက်
၈ နာရီ အရောက်လာပါတဲ့။ ကျနော် ၀ီရိယကောင်း သလားမမေးနဲ့ မနက် ၇ နာရီခွဲလောက်ထဲက ဒီဆိုင်ကိုရောက်နေတာ။
သိပ်စောင့်လိုက်ရပါဘူး ကောင်မလေး ရောက်လာတယ်။ ကျနော်တို့ အအေးမှာပြီးသောက်ကြတယ်။ ကောင်မလေးက
ဆိုင်ရှင်ကို သူယူလာတဲ့ တိတ်ခွေကို ဖွင့်ခိုင်တယ်။ မေဆွဲရဲ့ ပန်းသီးဖီလင်အခွေ။ တခွေလုံး
“ဆန်းဒေရောက်ရင် ချစ်မယ် …. ချစ်မယ် ချစ်မယ် … ချစ်မယ်” တွေချည်းပဲ။ ဘာတွေမှန်းလဲမသိဘူး။
ကျနော်ကတော့ ကောင်မလေး ဘာ ပြောမလဲကိုပဲ စောင့်နေတာ။ ဒီသီချင်းကို စိတ်မ၀င်စားနိုင်ပါဘူး။
၉ နာရီထိုးခါနီးအထိ ဘာမှမပြောဖြစ်ခဲ့ပါဘူး။ နောက်တော့ သူကျောင်းသွားတော့မယ်တဲ့ ဒီအခွေကို
အကိုယူသွားပြီးနားထောင်နော်တဲ့။ ကျနော်တော်တော် စိတ်ပျက်သွားတယ်။ တညလုံး အတွေးနဲ့မျှော်လင့်ခဲ့သမျှတွေ
သွားပြီ။ ကျောင်းတက်ချင်စိတ်လည်းမရှိတော့။ မြို့ထဲလည် ချင်စိတ်လည်းမရှိတော့လို့ အဆောင်ပြန်ပြီး
အိပ်နေလိုက်တယ်။ အိပ်လို့လည်းမရပါဘူးဗျာ။ ဒါနဲ့ ကက်ဆက်ဖွင့် နားထောင်လိုက်တယ်။ နားထောင်ပြီးသားသီချင်းတွေဖြစ်နေတော့
စိတ်အာသီသက မပြေပြန် ဘူး။ ရှိသမျှအခွေကလည်း ကုန်နေပြီ။ ဒီတော့မှ ကောင်မလေးပေးခဲ့တဲ့
အခွေကိုသတိရပြီး ဖွင့်ကြည့်လိုက်မိ တော့တယ်။ အခုနက ဆိုင်ထဲမှာ ဖွင့်ခဲ့သလိုပဲ မေဆွိက
ဆန်းဒေရောက်ရင် ချစ်ပြန်တာပါပဲ။ စိတ်ပျက်ပျက်နဲ့ နောက်ဆိုဒ်ကိုပြောင်းပြီး ဖွင့်ကြည့်လိုက်တော့
… ကောင်မလေးရဲ့ စကားသံထွက်လာတယ်။
“… … ရွှေစင်ကလည်း အကိုမူးမူးနဲ့
ရွှေစင့်ရှေ့မှာ ဒူးထောက်ပြီး ရည်စားစကားတွေ စပြောကတည်းက အကို့ကို စိတ်ဝင်စားခဲ့တာပါ
… ။ အကိုက ဒိုင်ယာရီစာအုပ်ကြီးပေးပြီး ရှောင်သွားတော့ ရွှေစင်ဘာဆက်လုပ်ရမှာလဲ … ။ တကယ်ချစ်ရင်
သတ္တိရှိရမှာပေါ့။ အကို ကျောင်းပြန်တက်ပါနော် …. ။ ရွှေစင်လေ အကို့ကို ချစ်ပါတယ် … ”
ဟာ … ကျောင်းပြန်သွားလို့လဲ မမှီတော့ဘူး။
ခုလောက်ဆို ကျောင်းလွှတ်နေပြီး။ ဘယ်သူကို ဒီအကြောင်းတွေ သွားပြောရတော့မလဲ။ ၀မ်းသာလိုက်တာရွှေစင်ရယ်။
ကျနော်တယောက်ယောက်ကို ဒီအကြောင်းတွေ ပြောပြ ချင်လိုက်တာ။ အဆောင်ထဲမှာကြည့်တော့လည်း
ကျောင်းမတက်ပဲ ဖဲရိုက်နေကြတဲ့ အဖွဲ့ပဲရှိတာ။ သူတို့နဲ့လည်း အရင်ထဲက အဆက်အဆံမရှိတော့
သွားပြောပြလို့မဖြစ်။ ဒါနဲ့အဆောင်အောက်ကိုပြေးဆင်းပြီး ခြံထောင့်က ပန်းခြံနားသွားပြီး
“ရွှေစင်က ကျနော့်ကိုချစ်တယ်တဲ့
…. ရွှေစင်က ကျနော့်ကိုချစ်တယ်တဲ့” လို့ အားရပါးရအော်ပစ်လိုက်မိပါတယ်။
(၄)
ကျနော်တို့ ရည်းစားဘ၀ကလည်း အခြားသူတွေထက်တော့ သိပ်မထူးဆန်းလှပါဘူးဗျာ။
မန္တလေးတောင်တို့၊ တောင်သမန်အင်းတို့၊
မဟာမြတ်မုနိဘုရားတို့ သွားလည်ကြ။ ရုပ်ရှင်လေး ချိန်းပြီးကြည့်ကြရုံလောက်ပါပဲ။
တရက်မှာ ကျနော်တို့နှစ်ယောက် ကျောင်းထဲမှာ အတူလျှောက်လာတုန်း
“ဟေ့ ရွှေစင်၊ ငါခွင့်ရလို့လာပြန်လည်တာ
… ။ နင့်လိပ်စာလေး ပေးလိုက်ပါလား … ။ ငါမေမြို့ပြန်ရောက်ရင် ဆက်သွယ်လို့ရအောင်” တဲ့။
ဆံပင်တိုနှံနှံနဲ့ ကျနော်တို့အရွယ် လူငယ်တယောက်။ နောက်မှသိရတာက ရွေစင် နဲ့ ကျောင်းအတူတက်ခဲ့ဖူးတဲ့
ရွှေစင်ရဲ့သူငယ်ချင်း ကိုဦးတဲ့။ အခု စစ်တက္ကသိုလ်တက်နေတာတဲ့။ ဒီလောက်ပါပဲ။
ကျနော်လည်းအမှုမဲ့အမှတ်မဲ့ပေါ့။ ကျနော့်
မျက်နှာပျက်သလိုဖြစ်နေလို့ ရွှေစင်က ပြုံးစိစိလုပ်နေသေးတယ်။
နောက်နေ့ ကျောင်းပြန်တက်တော့ ရွှေစင့်သူငယ်ချင်းမတယောက်
ကျနော့်ဆီလာပြီး စာလာပေးတယ်။ ရွှေစင် ပေးခိုင်းလိုက်တာတဲ့။ ကျနော်ဖောက်ဖတ်ကြည့်တော့
…
… …
ရှင် ကျမကိုမေ့လိုက်ပါတော့။ ကျမကိုလူကြားထဲ
အရှက်ခဲ့တဲ့ရှင့်ကို ခုလို ပြန်လက်စားချေခွင့်ရလိုက်လို့
ကျေနပ်သွားပါပြီ။ ရှင် မနေ့ကတွေ့တဲ့ ကျမသူငယ်ချင်း ကိုဦးဆိုတာ ကျမသိပ်ချစ်ရတဲ့ အချစ်ဦးပါ။
ကျမကို နောက် ဘယ်တော့မှ မဆက်သွယ်ပါနဲ့တော့။
ဒါပါပဲ။
ရွှေစင်
ကျနော့်ရင်ထဲမှာ မီးတွေ တောက်လောင်ကုန်ပါပြီ။
မျက်စိရှေ့မှာရှိနေသမျှတွေကိုလည်းဘာမှ မမြင်မိတော့။ ဒီလိုလက်စားချေမယ်လို့ မမျှော်လင့်မိခဲ့တာ
ကျနော့်ညံ့ဖျင်းမှုပဲလား။ ကျနော် ရွှေစင့်အချစ်အပေါ်မှာ သံသယ မထားမိလောက်အောင်ကို ချစ်ခဲ့မိတာကိုး။
ရက်စက်လှချည်းလားရွှေစင်ရယ် … ။
ကျနော်ကျောင်းထဲက အပြေးလေးထွက်ခဲ့မိပြီး
ထုံးစံအတိုင်းထိုင်နေကျ အရက်ဆိုင်လေးမှာ ကျနော့်ခံစားမှုတွေ ကို ရုပ်ရှင်တွေထဲက ဇာတ်လိုက်လိုပဲ
အရက်နဲ့ ဆေးကြောလိုက်မိပါတယ်။ အဲဒီညက အဆောင်ကို ဘယ်လိုပြန် ရောက်တယ်မသိတော့။ တညလုံး
“ရွှေစင်ကျနော့်ကို မချစ်တော့ဘူး” “ရွှေစင်ကျနော့်ကို မချစ်တော့ဘူး” အော် နေလို့ အဆောင်ထဲကလူတွေ မခံနိုင်တော့တာနဲ့ ကြားရတဲ့အသံသက်သာအောင်လို့ ကျနော်ကို အဆောင်က ရှိသမျှစောင်တွေနဲ့ ၀ိုင်းအုပ်ထားပေးကြတယ်
တဲ့ဗျာ။
နောက်နေ့မနက် ကျနော်ကျောင်းမတက်ဖြစ်။
ကျောင်းကို သွားချင်စိတ်လည်းမရှိ။ လူတွေနဲ့တွေ့ရမှာကို ရှက်နေ မိတယ်လေ။ နေ့ခင်းရောက်တော့
ရွှေစင်စာတစောင်ပေးခိုင်းလိုက်တယ်တဲ့။ ကျနော်ဖတ်ချင်စိတ်မရှိတော့။ နောက်ထပ်ကြားရမယ့်
ရွှေစင်ရဲ့အမုန်းစကားတွေကို ကျနော်မခံစားနိုင်တော့။ ဒီကျောင်း ဒီမြို့မှာလည်းနေချင်
စိတ်မရှိတော့။ ဒါကြောင့်ပဲ ညဖက်ရထားနဲ့ ကျနော့်ဦးလေးရှိရာ ရန်ကုန်ကို စိတ်ပြေလက်ပျောက်
ထွက်ခဲ့လိုက် တယ်။ ဝေးဝေးမှာနေနေရရင် သက်သာမယ်လို့ထင်တယ်လေ။ မြင်းခြံကိုတော့ ကျနော်မပြန်ရဲ့တာ
အမှန်။ အဖေ့ကိုကြောက်တယ်။ ဒါမျိုးနဲ့ ကျောင်းပျက်ရလောက်အောင်ဖြစ်တယ်ဆိုရင် အဖေ ဒေါကန်မှာအသေအချာ။
မချစ်ဖူးလို့ ရူးခဲ့ရတဲ့ကျနော် အချစ်ရဲ့ရသကို မြည်းကြည့်ရုံနဲ့တင် ဘဝပျက်ခဲ့ရပါပြီဗျာ။
(၅)
စာမေးပွဲဖြေခါနီးမှ ကျနော် မန္တလေးကို
ပြန်ရောက်ခဲ့ပါတယ်။ စာမေးပွဲကိုတော့ တာဝန်အရဖြေရဦးတော့မှာပေါ့။ ဒါပေမယ့် အဆောင်ထဲကမထွက်ရဲလောက်အောင်
ကျနော်စိတ်တွေ ခြောက်ခြားနေတယ်။ ကျောင်းကိုလည်း မသွားရဲဘူး။
စာမေးပွဲဖြေတဲ့ရက်မှ ကျောင်းကိုရောက်ဖြစ်တယ်။
စာမေးပွဲဖြေတယ်ဆိုပေမယ့် ကျနော်ခေါင်းထဲမှာ ဖြေစရာ စာတွေမရှိ။ အခန်းစောင့်ဆရာက ထွက်ခွင့်မပေးလို့
အချိန်ပြည့်အောင်စောင့်နေတုန်း ကျနော့်မျက်နှာရှေ့
တည့်တည့်မှာ မြင်လိုက်ရတာက ရွှေစင်။ ကျနော့်ကို တောင်းပန်နေတဲ့ မျက်နှာလေးနဲ့။ လက်ထဲမှာ
စာအုပ်တွေ ကို ပွေ့ထားလို့ ကျနော့်ကို ရပ်စောင့်နေတာ။ စာမေးပွဲခန်းထဲက ထွက်ခွင့်ရလို့
ကျနော်လည်းထွက်လာရော ရွှေစင် ကျနော့်ဆီကို ပြေးလာပြီး ကျနော့်လက်ကို အတင်းဖမ်းဆွဲထားတယ်။
မျက်နှာမှာလည်း မျက်ရည်တွေ ရွှဲလို့။
“အကိုက နဲနဲလေးတောင် ပြန် စလို့မရဘူးနော်။
အကို ရွှေစင့်ကို စ ခဲ့နောက်ခဲ့တုန်းက ရွှေစင် ခွင့်လွှတ်ပေးခဲ့ တယ်လေ။ စိတ်ပူလွန်းလို့
နောက်နေ့ပဲ ဖြေရှင်းဖို့ကျောင်းကို လာတော့လည်း အကိုက ကျောင်းမတက်ဘူး။ နောက် ရွှေစင်လေ
စာရေးပြီးရှင်းပြလိုက်ပါသေးတယ်။ ရွှေစင် အကို့ကို နောက်လိုက်တာပါလို့။ ကိုဦးဆိုတဲ့လူနဲ့
ရွှေစင် ဘာမှမပတ်သက်ပါဘူးလို့။ ဒါပေမယ့် အကိုကကျောင်းပြန်တက်တာ မတွေ့တော့ဘူးလေ။ အကို့
အဆောင်မှာလာ စုံစမ်းတော့လည်း အဆောင်ကလူတွေလည်း တယောက်မှ မသိကြဘူးတဲ့။ ရွှေစင်လေ အကို
ကျောင်းမတက်တော့တဲ့နောက်ပိုင်း အကိုကျောင်းပြန်တက်ရင် အဆင်သင့်ဖြစ်အောင် အကို့အတွက်ပါ
စာတွေကို စာအုပ်အပိုနဲ့ ကူးကူးထားပေးတာ အခုအထိပဲ။ အခုလည်း အကို့အတွက်ယူခဲ့ပါတယ်။ အကို
မယုံ ရင်ဒီမှာကြည့်လိုက်ပါဦး။ ရွှေစင်ရေးလိုက်တဲ့စာကို အကို မဖတ်ဖြစ်ခဲ့ဘူးလားဟင် …”
ရွှေစင်ရေးလိုက်တဲ့စာကို ကျနော်မဖတ်မိခဲ့တာ
ကျနော်အမှားကြီးမှားသွားခဲ့ပါပြီ။ ကျနော့်အဖြေလွှာမှာ ဘာမှ မဖြေထားခြင်းက စာမေးပွဲ မအောင်ဖို့အတွက်
ခိုင်လုံနေပြီပဲ။ ရွှေစင်က တာဝန်ကျေခဲ့ပေမယ့် ကျနော်က … ။
(၆)
“အဲ့ဒီအချိန်က ကျနော်ရုပ်က အခုလိုဥပဓိမျိုးမဟုတ်ဘူးနော်”
“ကျနော့်အဖေက စာမေးပွဲကျတဲ့ကျနော်ကို
အပြစ်ပေးတဲ့အနေနဲ့ ကျောင်းစားရိတ် မပေးတော့ဘူးလေ။ သူပေးလိုက်တဲ့ ၀ပ်ရှော့ပစ္စည်းလေးတွေနဲ့
ကိုယ့်စားရိတ်ကိုယ်ရှာပြီး ကျောင်းကို ဆက်တက်ခဲ့ရပေမယ့် ရှစ်လေးလုံးကာလနဲ့ကြုံလိုက်တာ
ကျနော် ဘွဲ့တောင်မရလိုက်ပါဘူးဗျာ”
“ကျနော်တောခိုဖို့ဖြစ်လာတော့ ရွှေစင်ကိုတောင်
နှုတ်ဆက်ခွင့်မရခဲ့ပါဘူး။ ကျနော့်ကို အရေးအခင်းကာလမှာပဲ သေသွားခဲ့ပြီလား၊ တောခိုလို့ပဲ
သေသွားခဲ့ပြီလားလို့ သူထင်ချင်ထင်နေမှာပေါ့။ ဒါက တခါပဲ လွမ်းရမယ်လေ။ ဒီလိုတွေးခဲ့မိလိုလည်း
ကျနော်ခုထိ ပြန်မဆက်သွယ်ခဲ့တာပေါ့” လို့ လွမ်းလွမ်းဆွေးဆွေးကြီးကို ပြောပြခဲ့တဲ့ ကျနော့်သူငယ်ချင်း
နီမင်းရဲ့ ၁၉၈၀ ကျော် ကာလလောက်က အဖြစ်အပျက်လေးပါ။ ကျနော်တို့တတွေ သံလွင် ကမ်းပါးက တပ်ရင်း
(၂၁၀) စောထစခန်းမှာ ဆက်သွယ်ရေးသင်တန်းတက်စဉ်ကပေါ့။ ခုဆို နီမင်းရဲ့ဇာတ်လမ်း လေးကိုကြားခဲ့ရတာ
အနှစ် ၂၀ ကျော်ခဲ့ပြီပေါ့။
အခုဆို နီမင်းလည်း မရှိတော့ပါဘူး။
၁၉၉၃ ခုနှစ် လောက်က မြန်မာပြည်အလယ်ပိုင်း အထူးဒေသ
(ပျဉ်းမနား မြို့အနီး) တော်လှန်ရေးနယ်မြေထဲမှာ နီမင်းကျဆုံးခဲ့ပါပြီ။ တိုက်ပွဲတခုမှာဒဏ်ရာရပြီး
လွတ်အောင်အပြေး
တောထဲတနေရာမှာ ကျဆုံးခဲ့ရတာလို့သိရပါတယ်။
သူကျဆုံးနေတာကိုတောင် အတော်လေးကြာမှ တောလည် သွားတဲ့ ရွာသားတွေတွေ့ခဲ့လို့ သိရတာတဲ့၊
သူ့အလောင်းနဲ့အတူ သူကိုင်ခဲ့တဲ့သေနတ်နဲ့ စက်ကိုလည်း သူ့နံဘေး မှာ တွေ့ခဲ့ရတယ်တဲ့။
နီမင်းရဲ့အဖေက ကွန်မြူနစ် နိုင်ငံရေးသမားဟောင်းကြီးတဦးပါ။
သူကိုယ်တိုင်နိုင်ငံရေးကို စွန့်ခွာခဲ့ပြီး စီးပွားရေး သက်သက်ကိုသာလုပ်နေပေမယ့် သူ့သားကိုတော့
သူဖြစ်စေချင်တဲ့ပုံသွင်းခဲ့ပုံပါပဲ။ နီမင်းက သူ့အဖေရဲ့ နိုင်ငံရေး စာအုပ်ပုံကြီးထဲမှာ
ကြီးပြင်းခဲ့ရတာကြောင့် ကွန်မြူနစ်ကျမ်း တော်တော်များများကို အလွတ်နီးပါးကိုရနေတာ။
တော်လှန်ရေးကြီးပြီးမှ ရိတ်မယ်ဆိုပြီး မုတ်ဆိတ်ကိုအရှည်ထားခဲ့လို့လည်း ရဲဘော်တွေကြားမှာ
သူ့နာမည်က မုတ်ဆိတ်လို့ အမည်တွင်ခဲ့ပါသေးတယ်။ ခုခံစစ်ပွဲကို ဝမ်းခ၊ တပ်ရင်း (၂၁၁) မှာ
အပြင်းအထန် ရင်ဆိုင်ခဲ့ရဖူးသူ တယောက်ပါ။ သူမကျဆုံးခင် ရှေ့တန်လှုပ်ရှားနယ်မြေကို သွားချင်လွန်းလို့တဲ့၊
ထမင်းမစားခင်နဲ့ ထမင်းစားပြီး တောင်ကုန်းပေါ် ပြေးတက်ပြေးဆင်းကို နေ့စဉ် လေ့ကျင့်သွားသေးတယ်တဲ့။
လတ်တလောသတင်းတွေမှာ နိုင်ငံရေးအကျဉ်းသားတွေ
ပြန်လွတ်လာကြပြီ။ KUN နဲ့ ငြိမ်းချမ်းရေးစကား ပြောနေပြီ။ ABSDF ကို ငြိမ်းချမ်းရေးကမ်းလှမ်းလိုက်ပြီဆိုတဲ့
မင်္ဂလာသတင်းတွေကိုကြားနေရလို့ ၀မ်းသာမိ ပါတယ်။ အခုဖြစ်ပေါ် တိုးတက်မှုတွေဟာ၂၃ နှစ်ကြာ
ကာလအတွင်း ပေးဆပ်မှုတွေရဲ့ ရလာဒ်ပဲလို့ ဒေါ်စုက လည်းပြောခဲ့ဖူးပါတယ်။ ဒီလိုသတင်းမျိုးလေးတွေကြားရလေ
၂၀ ကျော်ကာလအတွင်း နီမင်းလိုမထင်မရှား ကျဆုံးခဲ့ရတဲ့ ကျနော်သူငယ်ချင်းတွေကို သတိရမိလေပါပဲ။
သူတို့ခမျာ ကျနော့်လို ၀မ်းသာစရာ သတင်းမျိုး လေးတွေကိုတောင် ကြားခွင့်မှ မရသွားခဲ့ရရှာဘူးလေ။
အကယ်၍များ ကျနော်တို့ မျှော်မှန်းခဲ့တဲ့
နေ့တနေ့ကိုရောက်ခဲ့လို့ မြန်မာပြည်ကြီးအတွက်
စွန့်လွှတ်ပေးဆပ်ခဲ့ ကြသူများကို အသိအမှတ်ပြု၊ ဂုဏ်ပြုကြဖြစ်တဲ့အခါမှာ နီမင်းတို့လိုမျိုး
တိုင်းပြည်အပေါ် စေတနာသန့်သန့်နဲ့ လူမသိသူမသိ ကိုယ်ကျိုးစွန့် အသက်ပေးသွားခဲ့သူများကိုလည်း
အမှတ်တရ ရှိစေချင်လိုက်တာ။
ဥပမာဆိုရရင် နီမင်းရဲ့ချစ်သူရွှေစင်က
သူ့အပါးကရုတ္တရက်ပျောက်သွားခဲ့တဲ့ နီမင်းဆိုတာ ဘဝကိုအဓိပ္ပါယ်ရှိရှိ ပေးဆပ်သွားခဲ့တယ်ဆိုတာကို
သိခွင့်လေးတော့ ရစေချင်ပါတယ်ဗျာ … ။
လူဗိုလ်
0 comments:
Post a Comment