ခံစားချက်ကိုရေးသားခြင်း
၁၃ရက်
သောကြာနေ့တုန်းက Facebook စာမျက်နှာ ဖွင့်လိုက်တော့ များစွာသော
သတင်းတွေတင်ထားတာဖတ်ရပါတယ်။ မြန်မာနိုင်ငံမှာ
နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတဲ့ သတင်းဓါတ်ပုံတွေတင်ထားတာ
အမြောက်အများတွေ့လိုက်ရပါတယ်။ ကျမလည်း စာတွေလိုက်ဖတ်နေတာ
နေ့လည်စာထမင်းစားဖို့တောင် မေ့နေခဲ့ပြီး
ကွန်ပြူတာရှေ့ကမခွာနိုင်အောင်ဖြစ်ခဲ့ပါတယ်။
ပုံတွေကိုမြင်ရတာဟာ ကျမစိတ်ထဲကို အတော်လှုပ်ခတ်စေခဲ့ပါတယ်။ လူတွေဟာ အုန်းအုန်းကျွတ်ကျွတ်နဲ့ မင်းကိုနိုင်တို့ကိုကြိုဆိုခဲ့ကြတာ၊ နိုင်ငံရေးအကျဉ်းကျခံရသူများနဲ့ သူတို့မိသားစုတွေပြန်ဆုံကြတာ အော်ကြ ငိုကြစတဲ့ပုံတွေကိုတွေ့ရတာ ၀မ်းသာ ၀မ်းနည်းစိတ်ဖြစ်ရပါတယ်။ နောက်တွေရတဲ့ပုံကတော့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့် မိသားစုရဲ့ပုံပါပဲ။ သူတို့မိသားစုပုံတွေ့ရတော့လည်း စိတ်ထဲမကောင်းသလိုဖြစ်မိခဲ့ပါတယ်။ အထူးသဖြင့် အန်တီဒေါ်ခင်ဝင်းရွှေရဲ့ပုံကိုမြင်ရတော့ တရားရမိပါတယ်။ မြင်ရတာတွေဟာ အချိန်အခါနဲ့ အကြောင်းတရားတွေဟာ ပြောင်းလဲနေတာ အတော်မြန်ဆန်သလိုပါပဲ။
၂၀၁၀ နိုဝင်ဘာလတုန်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွတ်လာတော့ အင်တာနက်ထဲမှာတွေ့ရတဲ့ပုံတွေကိုမြင်လို့ ကျမက ခေါင်းဆောင်မူရှာဖွေခြင်းဆိုပြီးစာတပုဒ်ရေးခဲ့ပါတယ်။ ခုလည်း စာရေးချင်စိတ်ဖြစ်မိပါတယ်။ ဒေါက်တာဒေါ်ခင်ဝင်းရွှေရဲ့ အိမ်ထဲကထွက်လာပုံကိုမြင်ရတော့ တချိန်က သူ့ကို ကိုယ်တိုင်မြင်ခဲ့တဲ့ကျမစိတ်ထဲမှာ တမျိုးခံစားလိုက်ရပါတယ်။
ကျမမြန်မာပြည်မှာတုန်းက နိုင်ငံခြားအစိုးရလက်အောက်ကအဖွဲ့အစည်းတခုမှာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီမှာ နှစ်စဉ် မြန်မာအစိုးရဌာနက အရာရှိတွေကို နိုင်ငံခြားကိုစေလွှတ်ပြီး ဆိုင်ရာသင်တန်းတွေစေလွှတ်ခဲ့ပါတယ်။ သင်တန်းသားဟောင်းတွေကို နှစ်စဉ်တွေ့ဆုံပွဲ ညစာစားပွဲကျင်းပပေးခဲ့ပါတယ်။ အဲဒီညစာစားပွဲတွေမှာ သင်တန်းသားဟောင်းထဲက ဌာနဆိုင်ရာအကြီးအကဲတဦးဦးကို သင်တန်းသားဟောင်းများကိုယ်စား အမှာစကားပြောကြားစေခဲ့ပါတယ်။ အဲဒီအချိန်မှာ လူရွေးခြယ်ဖို့ အတော်အလုပ်ရှုပ်ပါတယ်။ တနှစ်တော့ အဲသည်နိုင်ငံကို သွားရောက်ခဲ့ဖူးတဲ့ ဒေါက်တာဒေါ်ခင်ဝင်းရွှေကိုဖိတ်ဖို့ ကျမစိတ်ကူးမိပြီး ကျမအထက်အရာရှိကို တင်ပြပါတယ်။ သူကလည်းသဘောကျတာနဲ့ ကိုယ့်ဖာသာကြည့်စီစဉ်ဖို့ပြောပါတယ်။ ပြောရရင် အဲဒီအချိန်က ကျမအရွယ်နဲ့ ယူရတဲ့တာဝန်ကခေါင်းရှုပ်စေပါတယ်။ တချို့က သိပ်မလေးစားချင်ဘူးပေါ့။ အစိုးရရုံးတွေကိုသွားရင် ကျမမှာ တခါတလေ မျက်နှာဖုံးလေးနဲ့ ဆရာဆရာနဲ့လူတကာကိုခေါ်ရသေးတယ်။ အစိုးရခွင့်ပြုစာလေးကိုင်သွားတော့လည်း သိပ်မကျေနပ်တဲ့သူတွေကရှိပြန်တယ်။ ဘာလို့လဲဆိုတော့ ဒီတံဆိပ်တုံးပါစာလေးနဲ့ဆို မလုပ်မဖြစ်လုပ်ပေးရတယ်လေ။ ဘာလက်ဆောင် ဘာလက်ဖက်ရည်ဖိုးမှ မလိုဘူး။ တခါတလေ ဘာမဟုတ်တဲ့ ကိစ္စလေးကို အားရဲ့သားနဲ့ စောင့်ဆိုတာတွေ နောက်ရက်ပြန်လာဆိုတာတွေကြုံရတယ်။ ကျမကို တခါက "ဆရာမကလည်း လက်ဖက်ရည်ဖိုးလေးတောင် မပေးတော့ဘူးလား"လို့ မေးတော့ တော်တော်တုံးတဲ့ကျမကလည်း ထုတ်ပေးလိုက်တာနဲသွားတယ်ထင်ပါတယ်။ ကျမကို စိတ်ဆိုးသွားသေးတယ်။ ကိုယ့်ပိုက်ဆံလည်းပေးရသေး မပေးလည်း သူလုပ်ပေးရမယ့်ဟာကို ကျမကပဲ နေရခက်ခဲ့ဖူးပါတယ်။ သည်နိုင်ငံရောက်တော့ ကျမတို့ဆီက ၀န်ထမ်းတွေနဲ့ယှဉ်ကြည့်တော့ အများကြီးကွာခြားတာတွေတွေ့ရတယ်။ သည်က အစိုးရ၀န်ထမ်းတွေက မြန်မြန်ဆန်ဆန်တာဝန်အတိုင်းထမင်းစားချိန်မှာတောင် လူခွဲလုပ်ပေးပါတယ်။ ဘာကိစ္စမဆိုစိတ်ရှည်လက်ရှည်ရှင်းပြပေးပါတယ်။ ကျမတို့တွေအတုယူစရာပါပဲ။ တကယ်တော့ မြန်မာအစိုးရ၀န်ထမ်းတွေလစာနည်းတော့ ခုလိုဖြစ်ကုန်တာပါ။ တချို့ကတော့ ရှိပေမယ့်လိုချင်တဲ့ အကျင့်မပြင်ကြလို့ပါ။
ထားလိုက်ပါတော့ ရေးလက်စပြတ်သွားလို့ ပြန်ကောက်ပါမယ်။ ခုနက သင်တန်းသားဟောင်းများ တွေ့ဆုံပွဲကိစ္စအတွက် ကျမလည်းပြောသာပြောမိတယ် အတော်ခေါင်းရှုပ်သွားမိခဲ့ပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်ကြီးခင်ညွှန့်က ၀န်ကြီးချုပ်၊ သူတို့လင်မယားက နေရာတိုင်းပါဝင်နေပြီး အရမ်းကိုသြဇာကြီးမားနေချိန်ဖြစ်နေခဲ့ပါတယ်။ အစက ဘယ်ကိုအရင်ဆက်သွယ်ရမှန်းမသိပါဘူး။ ဒါနဲ့ အမျိုးသမီးရေးရာ၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်းစတဲ့ဆိုင်ရာက ကျမနဲ့ ရင်းနှီးတဲ့ အမျိုးသမီးအရာရှိများကို လိုက်လံတွေ့ဆုံဆက်သွယ်ရပါတယ်။ သူတို့ကကျမကို မေးပါတယ် ပွဲကဘယ်မှာလုပ်မှာလဲ ကြယ်၅လုံးအဆင့်ရှိတဲ့ ဟော်တယ်မဟုတ်ရင်မဖြစ်ဘူးလို့ဆိုပါတယ်။ သည်လိုနဲ့ဖိတ်ခွင့်ရခဲ့ပါတယ်ဆိုပါတော့။
ဟော်တယ်ကြီးပေါ်ကိုလာတော့လည်း ကျမမှာ အတော်စိတ်မောရပါတယ်။ သူတို့ဘက်ကလုံခြုံရေးတာဝန်ယူပေမယ့် အန်တီရွှေအတွက် သူများတက်တဲ့စက်လှေကားကမဟုတ်ပဲ သီးခြားစီစဉ်ခိုင်းပါတယ်။ ကျမရဲ့အထက်အရာရှိကိုယ်တိုင်က အောင်ဆင်းပြီးသွားကြိုပေးပါတယ်။ သူတောင်ပျာပျာသလဲနဲ့ပါပဲ။ အဲဒီအချိန်က အန်တီရွှေ ဘယ်လောက်ဘုန်းကြီးသလဲဆိုရင်ပေါ့။ အန်တီရွှေက ၀တ်စုံပန်းရောင်ဝတ်လာပါတယ်။ ပုဝါကနေ ခေါင်းမှာ ပန်ထားတဲ့ပန်းထိဆင်တူပန်းရောင်တွေပါပဲ။ အဲသည်နေ့က ၃ပွဲဆက်သွားရမယ်လို့ သိရပါတယ်။ ညကျ ရုပ်မြင်သံကြားမှာကြည့်တော့ နောက်တနေရာမှာ အပြာရောင်ဝမ်းဆက်နဲ့ တွေ့လိုက်ရပါတယ်။ အားလုံးဆင်တူပေါ့။ ကျမလည်း အံ့အားသင့်မိတယ်။ ဘယ်အချိန်ကများအမြန်လဲလိုက်ရသလဲလို့ပေါ့လေ။ ပွဲပြီးသွားတော့ ကျမသူ့ကို ဖိတ်ခဲ့နိုင်လို့ ကျမအထက်အရာရှိက တပြုံးပြုံးနဲ့ ချီးကျူးပါတယ်။ ပြောရရင် ကျမအထက်အရာရှိအမျိုးသမီးက မျက်နှာကလည်းထန် ကျမဘယ်လောက် ပင်ပန်းပန်းလုပ်လုပ် သိပ်မချီးမွမ်းပါဘူး။ အဲသည်တုန်းကတော့ ၀န်ကြီးချုပ်ကတော် နေရာတိုင်းပေါက်တဲ့ ဒေါက်တာဒေါ်ခင်ဝင်းရွှေကြောင့်ပါပဲ။ အဲသည်အချိန်က သူ(အန်တီရွှေပေါ့)မျက်နှာဟာ မိတ်ကပ်နဲ့ဖွေးညက်ခန့်ညားနေပြီး တောက်ပြောင်နေတာပါပဲ။ ခုမြင်လိုက်ရတဲ့ပုံနဲ့တော့ တခြားစီပါပဲ။ နောက်များမကြာမှီမှာ သူတို့လင်မယားကို နေအိမ်အကျဉ်ချုပ်ချလိုက်တယ်ဆိုတဲ့သတင်းကြားရတာပါပဲ။ ကျမအထက်အရာရှိမပြောင်းခင်ကြားရတော့ သူပါအတော်အံ့သြောတကြီးဖြစ်နေခဲ့ပါတယ်။ ကျမတို့ထင်မထားတာကြားရတာလေ... တပ်အသိုင်းအ၀ိုင်းကအရာရှိကြီးအချင်းချင်းဆိုတော့ ဘယ်ထင်မလဲလေ။ ဟိုးအထက် ထိပ်ဆုံးနေရာကနေ ဘုတ်ကနဲ ရုတ်တရက်အောက်ကိုကျလာရတော့ ဘယ်လောက် အထိနာလိုက်ပါ့မလဲ လို့တွေးမိပါတယ်။ ကျမတို့ သာမာန်လူတန်းစားတွေတောင် နဲနဲလေးထိရင်ခံစားကြရတာကိုး။ ဒါဟာနိုင်ငံရေးအရတော့ သိပ်မထူးဆန်းလှပါဘူး။ နိုင်ငံရေးအရ ဖမ်းဆီးလိုက်ပြီး ခုလည်းနိုင်ငံရေးအရလွှတ်ပေးလိုက်တာပါပဲ။ သူတို့ပြောတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတယ်ဆိုတာတော့ ဗိုလ်ချုပ်တွေမပါဘူးလို့ထင်မိပါတယ်။
ခုတော့ သူတို့ပုံတွေတွေ့ရတော့ ကျမအတော်အံ့သြောပြီး စိတ်မကောင်းတောင်ဖြစ်မိပါသေးတယ်။ တကယ်တော့ လူတွေဟာ အပေါ်ယံအဆင်အယင်တွေနဲ့ အသိုင်းအ၀န်းအရှိန်ကြောင့် မာန်တွေတက်နေကြတယ်လို့မြင်မိပါတယ်။ အဲလိုအချိန်မှာ ငါဆိုတဲ့စိတ်နဲ့ တဘက်လူကိုအပေါ်စီးကကြည့်ချင်ကြပါတယ်။ ငါ့ကြောင့်တဘက်လူတွေဒုက္ခခံစားရပါလားဆိုတာ ကိုယ်တိုင် ဒုက္ခရောက်မှ တွေးမိမှာပါပဲ။ ကိုယ့်အတွေးတွေမို့သာ နိုင်ငံရေးအရဆိုတော့ ဒါတွေဟာ ပြောရခက်ပါတယ်။ ဒါဟာ နိုင်ငံတကာမှာလည်း ဒီလိုအဖြစ်တွေရှိနေခဲ့ပါတယ်။ ခုချိန်မှာ ဖတ်မိတဲ့အကြောင်းတွေပေါ်မှာ အမျိုးမျိုးဝေဖန်ထားတာတွေတွေ့နေပါတယ်။ ကျမရဲ့ စာအပေါ်မှာလည်း ဝေဖန်ချင်ဝေဖန်နိုင်ပါတယ်။ ခံစားမိတဲ့အပေါ်မှာ ချရေးလိုက်ခြင်းသာဖြစ်ပါတယ်။ မည်သူတဦးတယောက်ကိုမျှထိခိုက်ဖို့မရည်ရွယ်ပါဘူးရှင်။
အင်ကြင်း
5:15 pm
15 Jan. 2012

0 comments:
Post a Comment