Sunday, January 1, 2012

မေတ္တာ

by Moenge Aung on Sunday, January 1, 2012 at 4:21pm
 
အလွန်သားချစ်ခင်သောအမိသည် အချိန်လွန်ခါနီးမှ ရရှိလာသော တစ်ယောက်တည်းသော သားငယ်ကို အလွန်သနားစောင့်ရှောက် ချစ်ခင်ဘိသကဲ့သို့ အဟုတ်ကို ချစ်ခင်မှ အဟုတ်ကို ချမ်းသာစေလိုတဲ့ စိတ်ဆန္ဒ ဖြစ်မှသာ မေတ္တာတည်း။
စိတ်ကမပါဘဲနှင့် ပါးစပ်က ချမ်းသာပါစေဟုဆိုရုံနှင့် မေတ္တာမဟုတ်။ စိတ်ထဲက ချမ်းသာစေလိုတဲ့ ဆန္ဒ မရှိဘဲလျက်နှင့် “အဝေရာ ဟောန္တု”စသည်ကို အနက်ပါဠိရွတ်ဆို၍ နေငြားလဲ မေတ္တာပို့ခြင်း မေတ္တာပွားခြင်း မဟုတ်။ စာအံ၍ နေမှုမျှသာတည်း။

ထို့်ကြောင့် ချမ်းသာစေလိုသော စိတ်ဆန္ဒမပါဘဲလျက် ချမ်းသာပါစေဟူ၍သော်လည်းကောင်း “အဝေရာ ဟောန္တု”စသည်ကိုလည်းကောင်း ပါးစပ်ကရွတ်ဆိုမှုသာတည်း။ မေတ္တာပို့ဆိုသည်မှာ ပါးစပ်ကရွတ်ချင်ရွတ် မရွတ်ချင်နေ စိတ်ကသာလိုရင်းတည်း။စိတ်ထဲကသာ အဟုတ်ကို ချမ်းသာစေလိုတဲ့ စိတ်ဆန္ဒဖြစ်ရမည်။
မုန်းသူကို ချစ်အောင်လက်တွေ့လုပ်နည်း
မိမိအား လူတစ်ယောက်က မလိုမုန်းထားခြင်း ခံနေရလျှင် ထိုသူမှာ မုန်းစိတ်ကင်းပျောက်ပြီး မိမိကို သနား ချစ်ခင်စိတ်ဝင်ရောက်လာစေလိုသော် ထိုသူကို ရည်ညွှန်းပြီး မီးခြစ်ဆံဖြစ်စေ တုတ်ချောင်းကလေးဖြစ်စေ မာသောသစ်စေ့ဖြစ်စေ ကျောက်ခဲကလေးဖြစ်စေ သန့်ရှင်းသောရေခွက်ထဲထည့်ပါ။ ပြီးလျှင် ထိုသူအား မေတ္တာပို့လွှတ်ရမည်။(ဖြူစင်ရိုးသားသော စေတာဖြင့် ချမ်းသာစေချင်စိတ် လွှတ်နေရမည်။) မခံချင်သော ဒေါသစိတ်၊ ပျက်စီးလိုစိတ်၊ ဆင်းရဲဒုက္ခရောက်သွားလိုစိတ် လုံးဝ ဝင်မလာစေရ။ ဝင်လာလျှင် ဖယ်ထုတ်ပြီး ကြည်လင်ဖြူစင်သော စိတ်စေတနာဖြစ်အောင် ကြိုးစားယူပါ။
ဤနည်းသည် မခက်ခဲပါ။ လူတိုင်းလုပ်ယူနိုင်သည်။ ဒေါသ မာနကင်းဖို့သာ အရေးကြီးသည်။ ရန်သူဟု သဘောမထားရ။ သနားစရာလူဟု သဘောပိုက်ထားရမည်။ ပျက်စီးလိုစိတ် ဒုက္ခ ရောက်သွားလိုစိတ် ကင်းရှင်းအောင်ကြိုးစားနိုင်လျှင် မည်သူမဆို အောင်မြင်လွယ်သည်။
အစီအရင်တွင် ရန်မူသူ၏ အရေအတွက်လိုက်၍ ဘယ်သူဘယ်သူဟု ရည်မှတ်ပြီး အနည်းအများထည့် ရေစိမ်ရမည်။တစ်ယောက်ဖြစ်လျှင် မီးခြစ်ဆံတစ်ချောင်း၊ နှစ်ယောက်ဖြစ်လျှင် မီးခြစ်ဆံနှစ်ချောင်း ဆယ်ယောက်ဖြစ်လျှင် ဆယ်ချောင်းစသည်ကိုနားလည်ကြရာ၏။ ဤနည်းသည် ဒေါသ မာနဖြင့် တိုက်ခိုက်လာသူကို မေတ္တာရေစင်ဖြင့် ခုခံ၍ လက်စားချေနည်းဖြစ်သည်။
 ခရီးသွားမေတ္တာ
အိမ်ကထွက်သည်နှင့် ဘုရားဦးချ၍ မေတ္တာပို့ပြီးသွားပါ။ တစ်နေရာရာသို့ ခရီးတိုရှည် သွားမည့်အခါ ခရီးထွက်စတွင်
“ငါ၏ ရှေ့တူရူအရပ်( သွားမည့်နေရာ၌) ရှိကြသော နတ် လူ သတ္တဝါအားလုံးတို့သည် ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ”ဟု စိတ်ထဲက အာရုံညွတ်စေပြီး မနောကံမြောက်အောင်(စိတ်ပါလက်ပါ) မေတ္တာပို့ပါ။
ထို့နောက်
“ငါ၏ လက်ဝဲအရပ်၌ ……လက်ယာအရပ်၌ ရှိကြကုန်သော နတ်လူသတ္တဝါအားလုံးတို့သည်..ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ”ဟူ၍ ရှေးနည်းတူ သတ္တဝါတို့အပေါ် စိတ်ထဲက အာရုံညွတ်၍ မနောကံမြောက်အောင် မေတ္တာပို့ပေးပါ။
အကျိုးကျေးဇူးကား ထိုခရီးတစ်လျှောက်လုံး မိမိအား ဘာအနှောက်အယှက်မှ မရှိ။ဘေးအန္တရာယ်ကင်းမည် ကောင်းမွန်ချောမောစွာ ခရီးပြီးဆုံးမည်။ရောက်ရာဒေသတိုင်း၌ တွေ့ကြုံရသူများက ချစ်ခင်လိုလားစွာနှင့် ကြိုဆိုနေကြသကဲ့သို့ တွေ့မြင်ရမည်။ ဤနည်းအတိုင်း စမ်းသပ်ကြည့်လျှင် ဟုတ်မှန်ကြောင်း လက်တွေ့ သိကြရပါလိမ့်မည်။
အထူးမှာ..မိမိသွားမည့် ခရီးစဉ်တွင် တွေ့ကြုံရမည့်သူကို အထူးစိတ်ညွတ်၍ မေတ္တာပို့လွှတ်ပေးရမည်။ လူအများနှင့် တွေ့ကြုံရမည်ဖြစ်လျှင် အများကိုရည်မှတ်၍ မေတ္တာပို့လွှတ်ပေးပါ။ ထိုနည်းတူ သွားလိုရာ ဒေသတိုင်း၌ တွေ့ဆုံသွားရမည့်သူများကို စိတ်ညွတ်ပိုင်းခြား၍ အသီးသီး ပို့လွှတ်ပေးသွားပါ။ မိမိလိုရာ ဆန္ဒ ချောမောစွာပြည့်စုံ၍ အံ့သြလောက်အောင် ဝမ်းမြောက်ပြီးစီးခဲ့ပုံကို လက်တွေ့သိကြရပါလိမ့်မည်။
 မေတ္တာအကျိုး
ရဟန်းတို့ အကြင်သူသည် နံနက်တစ်ကြိမ် နေ့လယ်တစ်ကြိမ် ညနေတစ်ကြိမ် မွန်မြတ်သော ဘောဇဉ် တို့ဖြင့် ပြည့်သော ဆွမ်းအိုးကြီးတစ်ရာကျ အလှူဒါနကိုပြုရာ၏။ အကြင်သူသည်ကား နံနက်၌ဖြစ်စေ၊ နေ့လယ်၌ဖြစ်စေ၊ ညနေ၌့ဖြစ်စေ ယုတ်စွအဆုံး နွားနို့တစ်ညစ်ခန့်ကာလမျှ မေတ္တာစိတ်ကို ပွားများရာ၏။
နွားနို့တစ်ညစ်ခန့်ကာလမျှ ပွားများအပ်သော မေတ္တာသည် ထိုတစ်နေ့သုံးကြိမ် ဆွမ်းအိုးကြီးအလှူထက် များမြတ်သော အကျိုးရှိ၏။(နိဒါနသံယုတ်၊ သြက္ခာသုတ်)
(ဆောင်) တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင်၊့ ချက်ကာထမင်း၊ ကျွေးမွေးခြင်းထက်၊ မယွင်းစင်စစ်၊ နို့တညှစ်စာ ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ၊ မိန့်ခွန်းတည်း။(မဟာစည်ဆရာတော်)
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...