Friday, January 20, 2012

ဘာဝနာ ဖို/ မ ?

by Zay Ya on Friday, January 20, 2012 at 8:54pm
 
ဘာဝနာ မှာ အမျိုးသမီးတွေ အတွက် သီးသန့် ခွဲခြား ရှိပါသလား။

မရှိပါဘူး။ ဘာဝနာဟာ သိမှု သက်သက် နဲ့ပဲ ဆိုင်ပါတယ်။ သိမှု သဘော သက်သက်မှာ “ယောင်္ကျား သိမှု” “မိန်းမ သိမှု” ဆိုပြီး မရှိဘူး။

ဘာသာရေး တံဆိပ်နာမည် ကပ်ကြတဲ့ ဝါဒ အများစုမှာ မိန်းမတွေကို စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးနိုင်စွမ်း မရှိဘူး လို့ ငြင်းပယ် ထားလေ့ ( အများအားဖြင့် ) ရှိတယ်။ သူတို့ရဲ့ အခြေခံ က မိန်းမတို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ ကွဲပြားရတဲ့ အပေါ်မှာ တည် နေသလား ၊ ( ဒါမှ မဟုတ် ) အစဉ်အလာ ထုံးစံတွေ အပေါ်မှာ မှီတွယ်နေမလား မသိပါ။ မိန်းမတွေရဲ့ ဇီဝကမ္မ ဖြစ်စဉ် ဟာ ယောင်္ကျားတွေ နဲ့ မတူညီဘူး။
ကွဲပြားတယ် ဆိုတာတော့ မှန်ပါတယ် ။ ဒါပေတဲ့ ဒီအချက်ကြောင့် သူတို့ကို သိမှု ရဲ့ အမြင့်ဆုံး အခြေအနေ ကို မရနိုင် ၊ မရောက်နိုင်ဘူး လို့ ပြောရင် အကြောင်းမတန်လှဘူး လို့ မြင်တယ် ။

ထပ်ဆိုပါမယ်။ ဘာဝနာရဲ့ ရည်ရွယ်ရင်း ဟာ သိမှု ( Consciousness ) သက်သက် ကိုသာ ဖြစ်ပါတယ်။


သိမှုပိုင်း ဖွံ့ဖြိုးမှုမှာ -
၁။ ခန္ဓာကိုယ် အားဖြင့်၊
၂။ စိတ်အတွေးအကြံ သဘာဝ အားဖြင့်၊
၃။ သိမှု သဘော သက်သက် အားဖြင့်
ယောင်္ကျားနဲ့ မိန်းမ ဘယ်လိုများ ကွဲပြားသလဲ လို့ မေးခွန်း ထုတ်ခဲ့ကြဖူးသလား။

ခန္ဓာကိုယ် အားဖြင့် ဖွဲ့စည်းပုံမှာ ကျားနဲ့ မ - လုံးဝ ကွဲပြားနေတာ ဟုတ်တယ်။ တကယ်လို့ ဘာဝနာဟာ ခန္ဓာကိုယ်နဲ့ အများကြီး သက်ဆိုင်တယ် ဆိုရင် မိန်းမတွေ အတွက် ဘာဝနာ သီးခြား ထားရှိဖို့ လိုအပ်မှာ အမှန်ပဲ။ ဒါပေတဲ့ ဘာဝနာဟာ ခန္ဓာကိုယ်နဲ့ မဆိုင်ဘူး ရယ်။ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်း သိမှု အာရုံမျှလေးကို ဆိုလိုတယ်။ ဒါ့ကြောင့် ခန္ဓာ ဖွဲ့စည်းပုံ ကွဲပြားတာနဲ့ပဲ - ယောင်္ကျားအတွက်ဘာဝနာ ၊ မိန်းမ အတွက် ဘာဝနာ  သီးခြား ခွဲခြားနေစရာ မလိုဘူးလို့ ဆိုချင်ပါတယ်။

ဥပမာ ပြောနိုင်တာ ရှိတယ်။ ယောဂ အကျင့်တွေမှာ ဆိုရင် ခန္ဓာကိုယ် ဖွဲ့စည်းပုံ က နေရာ တော်တော်များများ အရေးပါပါတယ်။ ယောဂ ထိုင်နည်း အားလုံး ဟာ ခန္ဓာ ဖွဲ့စည်းပုံ အပေါ်မှာ အခြေတည်နေတယ်။ အချို့ထိုင်နည်းတွေ ဆိုရင် မိန်းမ တို့ ခန္ဓာကိုယ် အချိုးအစားနဲ့ ဘယ်လိုမှ မသင့်တော်တဲ့ ပုံစံတွေ ရှိပါတယ်။ အချို့တွေမှာ ယောင်္ကျားတွေ ထက်တောင် ပိုပြီး သင့်တော်နေတဲ့ ထိုင်နည်းမျိုးတွေ ရှိနေပြန်တယ်။ ဒါကို ကြည့်ပြီး ယောဂ အတွက်ဆိုရင် အမျိုးသမီး အတွက် ယောဂ၊ အမျိုးသား အတွက် ယောဂ စသဖြင့် ခွဲခြားကောင်း ခွဲခြား ထားနိုင်မယ်။


နောက်တစ်ချက်။ အတွေးအကြံ သဘာဝ အားဖြင့်။ ဒီနေရာမှာလည်း ယောင်္ကျားနဲ့ မိန်းမ ကွဲပြားနေပြန်သေးတယ်လို့ ကျနော် မြင်ထားပါတယ်။ အတိအကျ မဟုတ်ရင်တောင် ယေဘုယျ သဘော အနေနဲ့တော့ ကွဲပြားနေတယ်။ ကျနော်တို့ ယောင်္ကျား အများစုဟာ ယုတ္တိ ၊ ဆင်ခြေ၊ အဆို အမြင်တွေ အပေါ် ဝေဖန် ခွဲခြားလေ့ရှိတယ်။ မိန်းမတွေ အတွက်က သူတို့ရဲ့ သန္တာန်မှာ ခံစားချက်၊ အာရုံခံ အကြောင်းတွေက ပိုကဲ လွှမ်းမိုးနေတတ်တယ်။ မိန်းကလေးတွေမှာ Intuition တုံ့ပြန်အား ပိုကောင်းမွန်တယ်။ ယောင်္ကျားတွေ အပြန်အလှန် တွေးခေါ်စဉ်းစားနေချိန်မှာ မိန်းမတွေက ခံစားချက်အတိုင်း ချက်ချင်း တုံ့ပြန် ပြုမူ တတ်တယ်။ ( ဒါဟာ အကြမ်းမျဉ်း ဖြစ်ပါတယ်။ အချက်အလက် စုံလင်အောင် ထည့်သွင်းပြောရင် လိုရင်း ရောကဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒီနေရာမှာ ပြောလိုတာက - အကြမ်းမျဉ်း အားဖြင့်သာ လက်ခံထားတယ် - တစ်ယောက်ချင်းစီ အတွက် အတိအကျ မမှန်နိုင်ဘူး လို့ ဆိုလိုပါတယ်။  )

မိန်းကလေးတွေရဲ့ အာရုံ ခံစားမှု စိတ်ညွှတ်တဲ့ သဘာဝ အပေါ် အထင်သာ ဆုံး မြင်နိုင်တာက စည်းဝေးပွဲ၊ တရားဆွေးနွေးပွဲ၊ စကားရည်လုပွဲ၊ ငြင်းခုန်ပွဲတွေမှာ ဖြစ်ပါတယ်။ ယုတ္တိ အာဂမ ထင်ဟပ် ဆွေးနွေး ငြင်းခုန်ရတဲ့ နိုင်ငံရေး၊ လူမှုရေး ဇာတ်ခုံ တော်တော်များများ မှာ မိန်းကလေး ဦးရေ လျော့နည်းနေတာ တွေ့မယ်။ တစ်ဦးစ တစ်ယောက်စ ပါဝင်လာခဲ့ရင်လည်း ယောင်္ကျားချည်း ရှိမယ့် အစည်းအဝေး တစ်ခုနဲ့ မတူဘဲ၊ သူ့ရဲ့ တုံ့ပြန်အား လျင်မြန် သွက်လက်နေကြောင်း တွေ့နိုင်ပါတယ်။ ( ဒါပေတဲ့ ဒီအချက်ဟာ ယောင်္ကျားတွေက သာလွန်နေတယ်၊ မိန်းမတွေက နိမ့်ကျနေတယ်/ သူက ပိုသာတယ် ၊ ငါက ပိုသာတယ် စသဖြင့် ပြညွှန်းဖို့ ၊ ဆိုလိုဖို့ မဟုတ်ဘူး။ သဘာဝ မတူညီကြောင်း၊ ကွဲပြားကြောင်း ပြောရခြင်းသာ ဖြစ်ပါတယ်။ မကျေလည်ရင်- " ယောင်္ကျား မိန်းမ ပြဿနာ" ကို - http://zayya.blog.com/archives/282/- မှာ ကြည့်ပါ။ )

တကယ်လို့ ဘာဝနာဟာ အဲ့ဒီ သဘာဝနဲ့သာ သက်ဆိုင်မယ် ဆိုရင် - ယောင်္ကျား အတွက် ဘာဝနာ၊ မိန်းမ အတွက် ဘာဝနာ အဖြစ် သီးခြား ခွဲခြားဖို့ လိုအပ်တာ ထင်ရှားပါတယ်။ နို့ပေမယ့် ဘာဝနာ ဟာ ဒီသဘာဝ အပေါ်မှာလည်း အခြေမတည်ဘူးရယ်။

စင်စစ် ကျနော် နားလည်ထားတဲ့ ဘာဝနာ ဟာ ခင်ဗျားရဲ့ အတွင်း အနှစ် ၊ သိမှု သက်သက် အပေါ်သာ အခြေတည် တယ်။ ဒီ သိမှု သက်သက်ကို အဖို၊ အမ ( ဝါ ) အထီး၊ အမ ( ဝါ ) ယောင်္ကျား၊ မိန်းမ ခွဲခြားလို့ မရပါဘူး။

ရိုးရိုးပဲ ဆိုကြပါစို့ - “သိတာ” ဟာ “သိတာ” သက်သက် ဖြစ်ပါတယ် ။ မှန် ( Mirror ) နဲ့ အလား သဏ္ဍာန် တူတယ်။ ကြေးမုံမှန် တစ်ချပ် အတွက် ကြေးမုံဖို ၊ ကြေးမုံမ ခွဲခြား စရာ မလိုဘူး။ ကြေးမုံမှန် ဟုတ်တယ် ဆိုရင်- သူ့ရဲ့ သဘာဝဟာ ရောင်ပြန် ဟပ်ဖို့ အရိပ်ထင်ဖို့သာ ဖြစ်တယ်။ သူ့ရှေ့မှာ ကျရောက် တည်ရှိ လာမယ့် သဏ္ဍာန် ကို အရှိ-အရှိ အတိုင်း ရိုးရိုးရှင်းရှင်း ထင်ဟပ်ပေးမယ်။

သိမှု သက်သက်ဟာ အဲ့ဒီ ကြေးမုံနဲ့ တိတိပပ တူညီပါတယ်။ ဘာဝနာ ဟာ အဲ့ဒီ မှန်ကို ကြည်လင် နေဖို့၊ ရောင်ပြန် ဟပ်နိုင်စေဖို့ စွမ်းဆောင်ပေးတယ်။ ခင်ဗျား စိတ်ရဲ့ သွားရာ လမ်းကြောင်း၊ ခင်ဗျား ကိုယ်ရဲ့ ပြုမူသမျှ ၊ သိမှတ် သမျှ အဝဝဟာ အဲ့ဒီ သိမှု သဘော သက်သက် အပေါ်မှာ ရောင်ပြန်ဟပ် နေရုံပဲ ။ ယုတ္တိကျကျ တွေးခေါ်နေ တာပဲ ဖြစ်ဖြစ်၊ ခံစားချက် အပြည့် စိတ် လှုပ်ရှားမိတာမျိုး ဖြစ်ဖြစ် - အဲ့ဒါတွေဟာ ကျားမ မခွဲခြား- သတ္တဝါမှန်ရင် ထင်ရှား ရှိနေနိုင်မယ့် သန္တာန် ဖြစ်စဉ်တွေသာ ဖြစ်ပါတယ်။ အဲ့ဒီ ဖြစ်စဉ် အပေါ် အသိ၊ သတိ ရှိနေရုံလေးမျှကို ဘာဝနာ လို့ ကျနော် ခေါ်ဆိုပါတယ် ။ တစ်နည်း ပြောရင် - ဘာဝနာဟာ ခင်ဗျား သန္တာန် ဖြစ်သမျှ နိုးကြားနေခြင်း၊ မြင်သိထားခြင်း သက်သက် ဖြစ်ပါတယ်။ အဲ့ဒီ နိုးကြားနေရုံ၊ သိနေရုံမျှလေးမှာ ယောင်္ကျား မိန်းမ သဘာဝတွေ ဘယ်နေရာမှာမှ ဝင်ပါမနေဘူးရယ်။

ဒါ့ကြောင့် အဖြေအနေနဲ့ - ယောင်္ကျားနဲ့ မိန်းမ သဘာဝ နှစ်ရပ်ကြားမှာ ဘာဝနာဟာ မကွဲမပြား တည်ရှိနေတယ်လို့ ဆိုရပါလိမ့်မယ်။


..............................
Ref: Osho: Beyond the mind is your reality
..............................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...