Thursday, January 19, 2012

အတွေးပွားဖွယ်ရာ ယုံကြည်မှုပြဿနာ

by Wai Maw on Friday, January 20, 2012 at 10:32am
(၁)

မြန်မာလူ့အဖွဲ့အစည်းသည် ယုံကြည်မှုဆိုသည့် ဝေါဟာရကို တော်တော်ခံတွင်းတွေ့ပုံရသည်။ တစ်ဦး နှင့်တစ်ဦး ထိတွေ့ဆက်ဆံရာ၌ ယုံကြည်မှုသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်သည်။ ထိုသို့ဆက်ဆံရေး သည် ရှေးယခင်က အမှန်တကယ်လည်း အလုပ်ဖြစ်ခဲ့ပုံရသည်။ အကွေ့အ၀ိုက်များဖြင့် လှည့်ပတ်နေကြသည့် ယနေ့ခေတ်တိုင် ယုံကြည်မှုသည် အရှိန်အ၀ါအထိုက်အလျောက် ကျသွားသည်မှလွဲ၍ တွင်ကျယ်နေဆဲဖြစ် သည်။
          သာမန်လက်ဖက်ရည်ဆိုင်တစ်ဆိုင်စပ်တူဖွင့်သည်မှစ၍ သိန်းပေါင်းထောင်ချီသောအလုပ်များအထိ ယုံကြည်ကြသူချင်းအလုပ်တွဲလုပ်သည့်အခါ စာချုပ်စာတမ်းမရှိ၊ ယုံကြည်ကြသူချင်း ယုံကြည်မှုဖြင့် အလုပ်လုပ် ခြင်းသည် ယုံကြည်မှုကို ပိုမိုတိုးပွားစေပြီး ယုံကြည်ကြသူချင်း စာချုပ်ဖြင့်ဆက်ဆံခြင်းသည် အပြန်အလှန်ယုံ ကြည်မှုကို အဟန့်အတားဖြစ်စေသည်ဟု ယနေ့တိုင် ယုံကြည်ကြဆဲဖြစ်သည်။
          ယုံကြည်ကြသူချင်း  စာချုပ်ချုပ်ဆိုခြင်းကို အားနာစရာကောင်းသော ကိစ္စဟု ထင်ကြသည်။ စာချုပ်ချုပ် မည်ဆိုလျှင် ချက်ချင်းဆိုသလို ခေါင်းထဲရောက်လာသည်မှာ မယုံကြည်လို့လား ဆိုသည်မေးခွန်းဖြစ်သည်။ ထိုကြောင့်ယနေ့တိုင် ယုံကြည်မှုကြောင့် ပြဿနာသောင်းခြောက်ထောင် တက်နေဆဲဖြစ်သည်။
          ကြည့် ၂၀၁၁ နှစ်ကုန်ပိုင်းတင် ယုံကြည်မှုဖြင့် အလုပ်လုပ်၍ တက်သောပြဿနာ ဟုန်းဟုန်းထခဲ့ပြန် သည်။ ပထမကြားရသောသတင်းမှာ နိုဝင်ဘာနောက်ဆုံးပတ်အတွင် ဖြစ်ပွားခဲ့သော ပဲလောကအရှုပ်တော်ပုံ ဖြစ်သည်။  ယုံကြည်မှုဖြင့်အပ်နှံထားသောပဲနှင့် ငွေစုစုပေါင်းကျပ်သိန်း၅ထောင်ကျော် အဘုန်းခံရမှု ဖြစ်သည်။ ဘုန်းသွားသူမှာ လွန်ခဲ့သော ၃ နှစ်ခန့်ကတည်းက ဘုရင့်နောက်ပွဲရုံတွင် ကမ္ပဏီထောင်၊ နယ်မှမတ်ပဲများ မှာယူပြီး သန့်စင်ကြိတ်ခွဲ၍ ပြန်လည်ရောင်းချနေသည့် ကုန်သည်တစ်ဦး။ ငွေကြေးအရှုပ်အရှင်းလည်း တစ်စုံတရာမရှိခဲ့ဖူးသူမို့ အများ၏ ယုံကြည်မှုကို ရရှိထားသူလည်းဖြစ်သည်။
          ထို့ကြောင့် သူ့ကိုယုံသောပဲကုန်သည် ၁၀၀ကျော်က ပဲအပ်၍ရောင်းခိုင်း။ အဆုံးသတ်မှာတော့ ရောင်းရ ငွေကောလက်ကျန်ပဲ စုစုပေါင်း ကျပ်သိန်းငါးသောင်းကျော် ဘုန်းပြီးထွက်ပြေးသွား။ ကုမ္ပဏီရုံးခန်းကို သွားကြည့်တော့ပိတ်ထား။ ပဲထားရာဂိုဒေါင်မှာလည်း သော့အထပ်ထပ် ခတ်ထားလျက်။ ပဲဈေးကွက်လည်း ပျက်လု အခြေအနေအထိ ရောက်ရှိသွားသည်။ ထိုသတင်းထွက်ပြီး သိပ်မကြာ။ ဒီဇင်ဘာ ဒုတိယအပတ် အတွင်း တောင်ငူမြို့တွင် နောက်တစ်မှုထပ်ဖြစ်ပြန်သည်။ ထိုအမှု၏ အဓိကလက်သည်မှာလည်း ယုံကြည်မှု၊ ယုံကြည်မှုဖြင့်ချေးထားသောကျပ်သိန်းသုံးသောင်းကျော် ပြန်မပေးတော့ခြင်းဖြစ်သည်။
          တောင်ငူမှာ ရွှေကုန်သည်ကြီးက အတိုး၂ရာတိုးနှုန်းမှ ၃ ရာခိုင်နှုန်းအထိပေးသဖြင့် ငွေချေးထားကြခြင်း ဖြစ်သည်။ ရွှေကုန်သည်ပေးသော အတိုးကဘဏ်တိုးထက်သာသဖြင့် အလုအယက်ချေးထားကြသည်။ သူဌေးကလည်း သူဌေးအတိုးကပုံမှန် ပေးနေသဖြင့် တောင်ငူမှာ လုပ်ငန်းရှင်၃၀ကျော် အနီးမြို့များမှလုပ်ငန်း ရှင်များနှင့် အဖွဲ့အစည်းအချို့ကပါ ထည့်ဝင်ကြသည်။ တစ်ယောက်ဆို လက်ထဲမှာရှိသမျှ ငွေနှင့် ရွှေစုစုပေါင်း ကျပ်သိန်း ၇၅၀ အထိချေးထားပြီး အတိုးဖြင့်နှပ်နေသည်။ တစ်ယောက်ကဘဏ်မှာ အိမ်ပေါင်ရသည့်ငွေကို သူဌေးထံချေးပေးထား။ ဘဏ်တိုးနှင့် သူဌေးပေးသောအတိုးကွာသဖြင့် ဘာအလုပ်မှလုပ်စရာမလိုဘဲ စားနိုင် သောက်နိုင်ပေါ့။
          အတိုးကမှန်နေသဖြင့် ကိုယ့်သဘောနဲ့ကိုယ်အပ်နှံသူများလည်း ရှိသလို သူဌေးကချေးယူခြင်းကလည်း ရှိသည်။ ထိုသို့ငွေချေးခြင်းမှာ ယုံကြည်မှုဖြင့်သာ။ စာအုပ်တစ်အုပ်ထဲတွင် ပေးထားသော ငွေပမာဏနှင့် ရွှေအလေးချိန်ကို  စာရင်းမှတ်၊ လက်မှတ်ထိုးကြရုံဖြင့် ကိစ္စပြတ်သည်။ ဟော.....အခုတော့ ရွှေသဌေးက ပြန်မပေးတော့သဖြင့် အမှုဖွင့်သူက ဖွင့်ကြပြီ။
(၂)

ရန်ကုန်သို့ အလည်လာသော အငြိမ်းစားအဖေကို ညဘက် နှိပ်နယ်ပေးရင်း ယုံကြည်မှုကြောင့် ဒုက္ခ ရောက်ရသော ထိုသတင်း နှစ်ပုဒ်အကြောင်း ပြောပြတော့ “ဒီလောက်လိမ်တာ သေးသေးလေး။ ငါတို့ အလိမ်ခံ ရတုန်းက ဗြောင်ကိုအလိမ်ခံရတာ။ တစ်နိုင်ငံလုံးပဲ” ဟုဆိုသည်။
          ဟုတ်တော့ ဟုတ်သည်။ ၂၀၀၃ ခုနှစ်တုန်းက မြန်မာနိုင်ငံမှ လူလတ်တန်းစားများကို ဒုက္ခပေးသွား သော ကြီးကျယ်သည့်လိမ်လည်မှု ဖြစ်သည်။ မှတ်မိသမျှ ဧရာမြေ၊ လင်းသစ္စာ၊ အဲရိုး..စသည့် ကုမ္ပဏီများ။ ယခု ပုံစံပင် ငွေလာအပ်၊ အတိုးနှုန်း ၅ ကျပ်၊ ဘဏ်တိုးထက်လည်းသာ၊ တရားဝင် ဖွင့်လှစ်ကြေညာကာ လုပ်ကိုင်နေ သည့် ကုမ္ပဏီများလည်း ဖြစ်ပြန်၊ တစ်နှစ်ဝန်းကျင်အထိ အတိုးလည်း ပုံမှန်ပေးနေပြန်သဖြင့် တစစ ကျယ်ပြန့် လာကာ အလုအယက် အပ်နှံကြတော့သည်။ ထိုကုမ္ပဏီများ၏ ရက်စက်ယုတ်မာချက်က ကုမ္ပဏီပျက်မည့် မနက်တွင် လာအပ်သော ငွေများကိုပင် ခပ်တည်တည် ယူထားလိုက်သေးသည်ဟု သိရသည်။ ထိုပြဿနာ ဖြစ်ပွားသည့် အချိန်တွင် သတင်းဂျာနယ်များလည်း မရှိ၊ သတင်းလွတ်လပ်ခွင့်လည်း သိပ်မရှိသဖြင့် ငွေမည်မျှ အပ်နှံထားကြသည်။ အပ်နှံဦးရေ မည်မျှရှိသည်။ လိမ်လည်သော ကုမ္ပဏီပိုင်ရှင်များအား မည်သို့ အရေးယူခဲ့ သည်။ အပ်နှံသူမည်မျှ ငွေပြန်ရသည်။ ဘာဆိုဘာမျှ မသိရ။
          တချို့ဆို ပင်စင်စားများ တစ်သက်တာ ခြစ်ခြုတ်စုဆောင်းထားသမျှ အလိမ်ခံရသည်။ အဓိက အလိမ်ခံ ရသူများထဲတွင် ဝန်ထမ်းများလည်း ပါသည်။ ခြုံပြောရလျှင် စီးပွားရေးလုပ်လို့ ရသည်အထိ ငွေမရှိသူ စကော စကများနှင့် စီးပွားရေးမလုပ်တတ်ကြသည့် လူလတ်တန်းစားများ အလိမ်ခံကြရခြင်း ဖြစ်သည်။ စာရင်းဇယား မရှိသဖြင့် မြန်မာနိုင်ငံမှ လူလတ်တန်းစား ရာခိုင်နှုန်းမည်မျှ အလိမ်ခံရသည်ကို အတိအကျမပြောနိုင်သော် လည်း ကျွန်တော်တို့ တစ်လမ်းလုံး အိမ်ပေါက်စေ့၊ ကျွန်တော်တို့ တစ်ဆွေလုံး တစ်မျိုးလုံး ခံလိုက်ရသည်ကို ကြည့်ခြင်းအားဖြင့် အလိမ်ခံရသူအင်အား မည်မျှများမည်ကို ခန့်မှန်း၍ရသည်။
          “ငါတို့မိသားစုဆို ၁၅ သိန်း၊ အဲဒီအချိန်ဝန်းကျင်က ဒီတိုက်ခန်းကိုဝယ်တာ ၁၉ သိန်းပေးရတယ်ဆိုတော့ တိုက်ခန်းတစ်ခန်းစာရဲ့ လေးပုံသုံးပုံစာ အလိမ်ခံရတာပေါ့။ ဒီနေ့ ဒီတိုက်ခန်းပေါက်ဈေးက သိန်း ၈၀ ကျော်ပြီ” ဟု အဖေက ပြောပြသည်။
          တာဝန်ရှိသူများကတော့ ရှင်းသည်။ ထိုကုမ္ပဏီများ စထောင်ခဲ့စဉ်ကလည်း ဘာမှမပြော။ အပ်ငွေများ လက်ခံစဉ်ကလည်း တရားဝင်သည်။ မ၀င်သည် ဘာမှမပြော။ ပြဿနာပေါ်တော့လည်း ဘာတာဝန်မှမယူ။ လိမ်သော ကုမ္ပဏီများကို မည်သို့ အရေးယူသည်၊ မယူသည်ကိုပင် အလိမ်ခံရသော လူထုကြီးခမျာ ဟိုကြောက်ရ ဒီကြောက်ရ ဆိုတော့ တုတ်တုတ်မျှ မလှုပ်ရဲကြ။ ပြဿနာဖြစ်ပြီး မကြာမီ တိတ်ဆိတ်စွာ ကန့်လန့်ကာချသွားသည်။ ထိုလိမ်လည်မှုကြောင့် ဘ၀ပျက်သွားပြီး ယနေ့တိုင် နာလန်မထနိုင်သော မိသားစုများမှာ ဒုနဲ့ဒေး ရှိသည်။ ကျွန်တော်အဖေမှာ အလိမ်ခံလိုက်ရသော ငွေတစ်နေ့နေ့ ပြန်ရနိုးအိပ်မက်ဖြင့် စာချုပ်ကိုယနေ့တိုင် သိမ်းထားဆဲဖြစ်သည်။
          ပြောရလျှင်... ဟိုလိမ် ဒီကွေ့ပြဿနာများမှ တိုင်းပြည်စီးပွား ကျပ်တည်းခြင်းနှင့်အတူ ပို၍စိပ်လာသည်။ ရပ်ကွက်အတွင်း၊ ဈေးများအတွင်း ယုံကြည်ရသူချင်း ဆုမဲ စနစ်ဖြင့် ငွေစုကြခြင်းများကိုလည်း မကြာခဏ ကြားလာရသည်။
          ဘယ်နေရာကြည့်ကြည့် ငွေသည်ရှေ့တန်းတွင်သာ တည်ရှိနေသည်။ ငွေရှိမှဖြစ်မည်ဆိုသည့် အယူအဆမှာ အမြင့်ဆုံးတွင် အလံတလူလူ လွင့်နေသည်။ ငွေကလူ့အဆင့်အတန်းကို သတ်မှတ်သည်။ ငွေက ဥပဒေကို လိုသလို အကျဉ်းအကျယ် ပြုလုပ်နိုင်သည်။ မသေချာခြင်းများစွာဖြင့် မနက်ဖြန်ကို ဆုပ်ကိုင်ရန် ခက်ခဲနေသည့် ကာလတစ်ခုတွင် ကိုယ့်ကျင့်တရားစံသည် အနာဂတ်ဆီသို့ မသယ်ဆောင်နိုင်ဟု ယုံကြည်လာကြသည်။ နေ့ချင်းညချင်း သူကြွယ်စာရင်းထဲသို့ ရောက်ရှိသွားနိုင်သလို နေ့ချင်းညချင်းလည်း ခွေးဖြစ်သွားနိုင်သည်။ ထို့ကြောင့် သမာအာဇီဝ၏ ဖွားဘက်တော်ကို ဆင်းရဲနွမ်းပါးမှုဟု ညီမျှခြင်း ချလာကြသည်။
          ထိုသို့သော အခြေအနေအောက်တွင် ယုံကြည်မှုအပေါ်မည်သို့သော ပေတံဖြင့် တိုင်းတာမည်းနည်း။ အတိတ်နှင့် ပစ္စုပ္ပန် ဖြတ်လျှောက်ခဲ့သော ခြေရာများထဲတွင် ရိုးသားဖြောင့်မတ်မှု မည်မျှ ပါဝင်နေသနည်း ဆိုသည့် ပေတံမှာ ယနေ့တွင် မမှန်ကန်တော့။ လိမ်လည်သွားသော ပဲကုန်သည်နှင့် ရွှေသူဌေးကိုကြည့်။ သူတို့၏ အတိတ်သည် အစွန်းအထင်း ရှိပုံမရ။ လူအများ ယုံအောင်နေပြီးမှ အချီကြီးလိမ်မည်ဟု ကြိုတင်ကြံစည်ခဲ့တာလည်း ဖြစ်နိုင်သည်။ စီးပွားရေး အခြေအနေမလှတော့သဖြင့် လိမ်သွားတာလည်း ဖြစ်နိုင်သည်။ သေချာသည်က လိမ်ဖို့ရာလက်မနှေးတော့ခြင်း ဖြစ်သည်။


မျိုးညွန့်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၇

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...