Sunday, November 6, 2011

၂၀၁၀ ရွေးကောက်ပွဲနှင့် NLD ၏အခန်းကဏ္ဍ

by Wai Maw on Sunday, November 6, 2011 at 4:41pm

          ၅-၁၁-၂၀၁၁ (စနေနေ့)ည VOA တိုက်ရိုက်လေလှိုင်း အစီအစဉ်တွင် NLD မှတ်ပုံတင်သင့်မတင်သင့် ဆွေးနွေးကြရာ၌ ဒီငြိမ်းပါတီခေါင်းဆောင် ဦးမျိုးညွန့် တင်ပြဆွေးနွေးသော အချက်တစ်ခုကို များစွာစိတ်ဝင်စားမိ ပါသည်။ တယ်လီဖုန်းလိုင်းနှင့် လေလှိုင်းမကြည်လင်မှုများကြားမှ နားထောင်ရခြင်းဖြစ်သဖြင့် ဆိုလိုရင်း အဓိပ္ပါယ် အတိအကျကို သဲသဲကွဲကွဲမသိလိုက်၍ နောက်တစ်နေ့နံနက်ပိုင်း အစီအစဉ်မှာ ထပ်မံနားထောင်မိပါ သည်။
          ဦးမျိုးညွန့်၏တင်ပြဆွေးနွေးချက် အတိုချုပ်မှာ ဒီငြိမ်းပါတီအနေဖြင့် NLD မှတ်ပုံတင်ဖို့ ထောက်ခံကြိုဆို ပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရက်တစ်စံနှုန်းများ မပြည့်မီပါသော်လည်း ဒီမိုကရက် တစ်အင်အားစုအချို့က ၂၀၁၀ ရွေးကောက်ပွဲကို လိုအပ်ချက်ရွေးလမ်းအဖြစ် သဘောထားကာ ပါဝင်ယှဉ်ပြိုင် ခဲ့ပါကြောင်း၊ NLD က ရွေးကောက်ပွဲဝင်ဖို့ငြင်းဆန်ခဲ့ခြင်းမှာ မှားယွင်းကြောင်း၊ သို့အတွက် အဲဒီအမှားကို ပြည်သူလူထုထံ ၀န်ချတောင်းပန်၍ ပါတီမှတ်ပုံတင်ဖို့ အကြံပြုလိုကြောင်းဟု သဘောပေါက်နားလည် မိပါသည်။
          သည်နေရာ၌ ကျနော်စဉ်းစားမိသည်မှာ ဦးမျိုးညွန့်ထောက်ပြပြောဆိုချက်များသည် ယေဘူယျသဘော ဆန်နေပြီး လိုရင်းအချက်ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်မှုမရှိစေခဲ့ဟု ထင်ပါသည်။ ဦးမျိုးညွန့်ပြောသည့် စကားအတိုင်းဆိုပါက ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ငြင်းဆန်သည်ဆိုရုံမျှသက်သက်ဖြင့် အမှားကျူး လွန်သည်ဟု မဆိုသာပါ။ သည်လောက်နှင့် NLD က ပြည်သူလူထုကို မှားကြောင်းဝန်ချတောင်းပန်ဖို့ အကြောင်းမခိုင်လုံပါ။

          ရွေးကောက်ပွဲ ၀င်ခြင်းမ၀င်ခြင်းသည် ပါတီတစ်ရပ်၏ ဆုံးဖြတ်ပိုင်ခွင့်ဖြစ်ပါသည်။ သူ့အကြောင်းပြချက် နှင့်သူ ရှိနေနိုင်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများမှတ်ပုံတင်ဥပဒေပါ အားနည်းချက်များကို ထောက်ပြပြီး NLD ပါတီက မှတ်ပုံတင်ရန် ငြင်းဆန်ခဲ့ခြင်းဖြစ်ပါသည်။ သို့အတွက် NLD ရရှိသော ရလဒ်က အဆိုးနှင့်အကောင်း ဒွန်တွဲနေပါသည်။ ပါတီတစ်ရပ်၏ အကျိုးစီးပွား၊ လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး ဆုံးရှုံးနစ်နာမှု ရှိခဲ့ပါသည်။ NLD ကိုထောက်ခံအားပေးမည့် မဲဆန္ဒရှင်များ၏ မဲပေးထောက်ခံမှုကို လက်လွတ်ခဲ့ရပါသည်။ လွှတ်တော်တွင်း တရားဝင်ပြောရေးဆိုခွင့်များ ဆုံးရှုံးခဲ့ပါသည်။ လွှတ်တော်နိုင်ငံရေးကို အခြေပြု၍ ရှေ့တိုးလုပ်ဆောင်ရမည့် နိုင်ငံရေးခြေလှမ်းများ နောက်ကျခဲ့ရပါသည်။ ပါတီ၏ နိုင်ငံရေးဂုဏ်သိက္ခာ ပိုင်းနှင့်ပတ်သက်၍မူ ဆိုးဆိုးဝါးဝါးထိခိုက်မှု မရှိသည့်အပြင် ထိုက်သင့်သောအောင်မြင်မှုများပင် ရရှိထား ပါသည်။ အစိုးရအနေဖြင့် လက်ရှိကမ္ဘာ့အခင်းအကျင်းတွင် လိုက်လျောညီထွေဝင်ဆံ့နိုင်ဖို့၊မြန်မာ့နိုင်ငံရေး ရှေ့တိုးခရီးဆက်နိုင်ဖို့အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မဖြစ်မနေ လက်တွဲညှိနှိုင်း အဖြေရှာဆောင်ရွက်ရန် လိုအပ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးကို အရင်ကလို ဟန်ပြသက်သက်မဟုတ်ဘဲ တစ်စုံတရာလက်တွေ့ကျကျ လုပ်ဆောင်လာရသည်။ ထိုမှတဆင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ရပ်တည်နိုင်ရေးကို စဉ်းစားပေး လာရသည်။ ပါတီမှတ်ပုံတင်ရေးအတွက် အဟန့်အတားဖြစ်နေသော ဥပဒေစာသားတချို့ကို ပြင်ဆင်ပေးလာရ သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တစ်နည်းတစ်ဖုံ အသိအမှတ်ပြုပေးသည်။
          ယင်းဖြစ်ရပ်များကြောင့် NLD ၏ နိုင်ငံရေးဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်ရာရောက်သည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲမ၀င်ဖြစ်အောင် တောင့်ခံနိုင်ခဲ့ခြင်းအတွက် အစိုးရဖက်မှ ထိုက်သင့်သော တုန့်ပြန်လိုက်လျောမှု များကို ရရှိခဲ့ခြင်းဖြစ်ပါသည်။ ဤအခြေအနေပေါ်မူတည်၍ NLD ပါတီအနေဖြင့် ပြည်သူလူထုကို ၀န်ချ တောင်းပန်စရာ အကြောင်းမရှိဟု ကျနော်ဆိုရခြင်းဖြစ်ပါသည်။
          သို့သော် ရွေးကောက်ပွဲမ၀င်ခြင်းထက် ပိုမိုသက်ရောက်မှုရှိသော လုပ်ရပ်တစ်ခုကို NLD ခေါင်းဆောင် များနှင့် ပါတီဝင်ထုက လုပ်ဆောင်မှုရှိခဲ့ပါသည်။ ထိုလုပ်ရပ်ကြောင့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို ကြီးမားစွာ ရိုက်ခတ်မှုရှိခဲ့ပြီး မြန်မာ့နိုင်ငံရေးသမိုင်းမှာ မှတ်တိုင်တစ်ခုအဖြစ် ကမ္ဓည်းထိုးကျန်ရစ်ပေလိမ့်မည်။ ဤအကြောင်းကို နိုင်ငံရေးခေါင်းဆောင်တိုင်းသိပါသည်။ နိုင်ငံရေးစိတ်ဝင်စားသူတိုင်း သတိထားမိပါသည်။ VOA တိုက်ရိုက်လေလှိုင်းတွင် ပါဝင်ဆွေးနွေးသော ဦးမျိုးညွန့်သိသည်။ ဦးဥာဏ်ဝင်းသိသည်။ ဦးဖိုးသာအောင် လည်းသိပါသည်။ ပွဲစီစဉ်သူ ဦးကျော်ဇံသာလည်း ဦးမျိုးညွန့် ဘာဆိုလိုသည်ကို ရိပ်စားမိမည်ထင်ပါသည်။
          သို့ရာတွင် တယ်လီဖုန်းလိုင်းအခက်အခဲနှင့် ဆွေးနွေးချိန်အကန်အသတ်ကြောင့် ရုတ်တရက်ဆိုသလို ဦးမျိုးညွန့်က ဆိုလိုရင်းကို ထိမိအောင် မဆွေးနွေးနိုင်ခြင်းဖြစ်ပုံရပါသည်။ ဆွေးနွေးပွဲကိုသည့်ထက် အချိန် ပိုပေးနိုင်လျင် အဖြေပေါ်နိုင်ပါသည်။ (ဦးမျိုးညွန့်၏ မင်းသားကြီးဟန် အပိုစကားလုံးများကြောင့်လည်း အချိန် ဖြုန်းခဲ့ရသည်များ ရှိခဲ့ပါသည်။ ထိုနေ့ည ဆွေးနွေးခန်းမှာတော့ အချိန်မလုံလောက်မှုသာ အဓိက အကြောင်းအရင်း ဖြစ်မည်ထင်ပါသည်။) ထိုအတွက် ဦးဥာဏ်ဝင်း အသက်ရှူပေါက်ရသွားသည်ဟု ထင်ပါ သည်။
          ဦးမျိုးညွန့်က NLD ၏ ၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်ရေး(ဆန္ဒမဲမပေးရေး)လှုပ်ရှားမှုကို ရည်ညွှန်း ပြောဆိုလိုဟန်ရှိပါသည်။ NLD အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမ၀င်ရုံ၊ဘေးမှထိုင်ကြည့်နေရုံသက်သက် ရပ်တည်ခဲ့လျှင် ပါဝင်ယှဉ်ပြိုင်သော ဒီမိုကရက်တစ်အင်အားစုများအတွက် ယခုလောက် ဆိုးဝါးသည့်ရလဒ်မျိုး ကိုရင်ဆိုင်ရလိမ့်မည် မထင်ပါ။ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဌ ဦးဖြိုးမင်းသိန်းက “ရွေးကောက်ပွဲသပိတ်မှောက်ရေးလှုပ်ရှားဆောင်ရွက်မှုကြောင့် ထိခိုက်နစ်နာရမှာက ကျနော်တို့ ဒီမိုကရက်တစ်အင်အားစုတွေပဲဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလှုပ်ရှားမှုအတိုင်း လိုက်နာပြီး မဲမပေးဘဲနေမယ့်သူတွေဟာ ဒီမိုကရေစီထောက်ခံတဲ့အင်အားစုတွေဖြစ်တယ်။ ကြံ့ဖွံ့ပါတ်ီကိုမဲပေးမယ့်သူတွေ အတွက်တော့ ဒီလှုပ်ရှားမှုက သက်ရောက်မှုရှိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျနော်တို့ ဒီမိုကရက်တစ်တွေ ရမယ့်မဲအရေအတွက် လျော့နည်းသွားဖို့ပဲရှိပါတယ်။” ဟုပြောဆိုတာ မကြာခဏကြားခဲ့ရပါသည်။ အခြားသော ခေါင်းဆောင်များလည်း ပြောပါသည်။
          သို့သော် ရွေးကောက်ပွဲကျင်းပခါနီးမှာ ရွေးကောက်ပွဲကျင်းပပုံအခြေအနေများ တရားမျှတမှုမရှိဟု ဆိုကာ ကိုဖြိုးမင်းသိန်း ပါတီဥက္ကဌတာဝန်မှရော ပါတီဝင်အဖြစ်မှပါ နှုတ်ထွက်သွားခဲ့သည်။
          ထို့အပြင် မြန်မာပြည်သူလူထုအများစုကြီး၏ ယုံကြည်ကိုးစားရာဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားတစ်ခွန်းက မဲဆန္ဒရှင်ပြည်သူလူထုအကြား သြဇာသက်ရောက်မှု အလွန်ကြီးမားသွားခဲ့လေသည်။ ၂၀၁၀ ရွေးကောက်ပွဲသပိတ်မှောက်ရေးလှုပ်ရှားမှု အပြီးသတ်အောင်မြင်မှု မရခဲ့သည့်တိုင် သက်ရောက်မှုအတိုင်းအတာကြီးမားခဲ့ပါသည်။ ဆန့်ကျင်ဖက်အင်အားစုကိုပင် အကျိုးပြုရာ ရောက်သွားသလိုဖြစ်ခဲ့ရပါသည်။
          ကိုဖြိုးမင်းသိန်း ကြိုတင်နိမိတ်ဖတ်ခဲ့သလို မှန်ကန်ခဲ့ပါသည်။ အနိုင်ရပြီးသား ဒီမိုကရက်တစ်ကိုယ်စား လှယ်များစွာ အရှုံးနှင့်ရင်ဆိုင်သွားကြရသည်။ မဲပေးသူဦးရေနည်းပါးမှုကို အကြောင်းပြု၍ ကြိုတင်မဲများနေရာရ သွားသည်။ တိုင်းရင်းသားဒေသများမှာထက် ဒီမိုကရက်တစ်ခွင်ဖြစ်သော ပြည်မဒေသများမှာ ပိုပြီးအထိနာခဲ့ပါ သည်။ ရန်ကုန်နှင့်မန္တလေး တိုင်းဒေသကြီးများအတွင်း ကြံ့ဖွံ့ဝန်ကြီးအမတ်များကို အနိုင်ရထားသော NDF၊ ဒီမိုကရက်တစ်မြန်မာနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ ကြိုတင်မဲကြောင့်ပြန်ရှုံးကြရသည်။ ဦးသိန်းညွန့် အနိုင်ရခြင်းမှာ ကြိုတင်မဲကြားဝင်၍မရအောင် တစ်ခဲနက်ထောက်ခံအားပေးသော သင်္ဃန်းကျွန်းမြို့နယ် ပြည်သူလူထု၏ နိုးကြားတက်ကြွမှုကြောင့်ဖြစ်ပါသည်။ အရေးပါသော နိုင်ငံရေးခေါင်းဆောင်များ အနိုင်သေချာ အောင်ထောက်ခံမဲရပြီးမှ ပြန်ရှုံးသွားရခြင်းမှာ ပြည်သူလူထုအတွက် အလွန်နစ်နာရပါသည်။
          မကြာသေးမီလပိုင်းအတွင်းက ရေဒီယိုအင်တာဗျူးတစ်ခုတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်အတွင်းမှ ပြင်ဆင်ဖို့ကြိုးစားသွားမည်ဟူသော ကတိက၀တ်နှင့်ပတ်သက်ပြီး ပြည်သူတစ်ဦး၏ အမေးကို လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပိုင်ပိုင်နိုင်နိုင်ချေပပြောဆိုသွားသည်ကို ကြားလိုက် ရပါသည်။ “ဟုတ်ပါတယ်။ ကျနော်တို့ ကတိက၀တ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ မဲမပေးရေး လှုပ်ရှားမှုကြီးကြောင့် ကျနော်တို့ဒီမိုကရက်တစ် အင်အားစုတွေ လွှတ်တော်တွင်းကို အမတ်ဦးရေ ၂၀ ရာခိုင်နှုန်း ပြည့်အောင်မရောက်ခဲ့တော့ ဒီကိစ္စကြိုးစားဖို့ လက်လှမ်းမမီတော့ပါဘူး” တဲ့။
          သည်ကိစ္စအတွက် NLD ပါတီခေါင်းဆောင်များက ပြည်သူလူထုကို မှားယွင်းကြောင်း ၀န်ချတောင်းပန် ဖို့သင့်မသင့် သက်ဆိုင်ရာပါတီက စဉ်းစားဆုံးဖြတ်ချက်ရမှာဖြစ်သဖြင့် ကျနော်ထင်မြင်ချက်မပေးလိုပါ။ လူသားမှန်သမျှ အမှားရှိတာ သဘာဝကျပါသည်။ အမှားကိုမြင်ပြီး အမှန်ပြင်ဆင်ဖို့ကြိုးစားနိုင်ခြင်းကသာလျှင် ပို၍ပဓာနကျသည်ဟု ထင်မြင်ပါသည်။ တိုင်းပြည်အတွက် လုပ်ရင်းကိုင်ရင်း ကျူးလွန်မိသောအမှားဖြစ်လျှင် ခွင့်မလွှတ်နိုင်စရာ အကြောင်းလည်းမရှိပါ။
          အကယ်၍ ထိုကိစ္စနှင့်ပတ်သက်ပြီး ပြည်သူလူထုထံမှ တစ်နည်းတစ်ဖုံ တောင်းဆိုမေးမြန်းချက်ပြုလာ မည်ဆိုလျှင်တော့ ဒီမိုကရေစီကိုလေးစားသော ခေါင်းဆောင်များပီပီ လူထုလိုလားချက်ကို မျက်ကွယ်ပြု လစ်လျူရှု၍ မရနိုင်ကောင်းပေ။ သင့်တင့်လျောက်ပတ်သော ဖြေရှင်းချက်ထုတ်ပြန်ပေးရမည်သာဖြစ်ပေသည်။
          သည်နေရာမှာ မြန်မာနိုင်ငံသားတို့၏ သဘောထားကြီးမှု၊သည်းခံနိုင်မှုနှင့် ခွင့်လွှတ်ကျေအေးနိုင်မှု စိတ်အခံကိုလည်း ထည့်တွက်စဉ်းစားရမည်ထင်ပါသည်။ နှစ်ပေါင်း ၅၀ မျှ မိမိတို့ဂုတ်ပေါ်ခွစီးပြီး အနိုင်ကျင့် ဗိုလ်ကျ အုပ်ချုပ်ခဲ့သော အာဏာရှင်စစ်ခေါင်းဆောင်ကြီးများကိုပင် လူထုအတွက် အထိုက်အလျောက်အကျိုးခံ စားခွင့်ရရှိမည့် ပြုပြင်ပြောင်းလဲမှုမျိုး ဖော်ဆောင်ပေးလျှင် ကျေအေးခွင့်လွှတ်မည့် အနေအထားရှိပါသည်။ နှိုင်းယှဉ်ကြည့်လျှင် NLD ပါတီ၏ လုပ်ရပ်အမှားက စေတနာကြောင့်လည်း ဖြစ်နိုင်ပေရာ မြန်မာပြည်သူလူထု အဖို့တော့ “ပျင်းတောင်ပျင်းသေးတယ်” ဟု ဆိုစရာစကားလည်း ဖြစ်သွားနိုင်ပေသည်။
          မည်သို့ပင်ဖြစ်စေ ယခုအချိန်မှာ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ် နောက်ပြန်ဆုတ်မသွားအောင် ၀ိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ကြဖို့ အရေးတကြီးလိုအပ်နေပါပြီ။ ယင်းဖြစ်စဉ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါဝင်လာခြင်းအတွက် ၀မ်းမြောက်ဝမ်းသာ လှိုက်လှိုက်လှဲလှဲ ကြိုဆို သင့်ပါသည်။ ဆက်လက်ပြီးလည်း ထောက်ခံဝန်းရံ အားပေးကြဖို့ မေတ္တာရပ်ခံချင်ပါသည်။

လေးစားစွာဖြင့်

ဝေမော်
၆-၁၁-၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...