မှိုင်းဟာသ
by သစ္စာနီ on Tuesday, November 8, 2011 at 9:18pm
မှိုင်းဟာသ
“တစ်မျိုးဝဋ်ကြမ္မာဆန်းကျယ်တဲ့ ငနဲ့မှာဖြင့်
ပုဆိုးချွတ်တာ လမ်းလယ်၌ လှဲလိုက်ချင်တော့
မင့်ကိုယ်က ကဲတာကြောင့်
အခြေရိုင်းသဟယ် (အမယ်လေး)
တင့်အပျိုနဲ့ လွဲရပေါ့ ရွှေမှိုင်းရယ်”
ဤကဲ့သို့ ငိုချင်းချနေသူမှာ ကျွန်တော်မဟုတ်ပါ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဖြစ်ပါ၏။ ကျွန်တော်တို့ဆီမှာ ဆရာကြီးကို မဟာကဗျာ လေးချိုးကြီးတို့၏ အရှင်သခင် ကဗျာကဝိတစ်ဆူအနေနဲ့သာ သိသူများပါတယ်။ ကဗျာဥာဏ်ရွှင်သူအဖြစ် လူသိအင်မတန်နည်းပါတယ်။ ဆရာကြီးဟာ သူရိယသတင်းစာမှာ (၁၉၁၂ ခုနှစ်ဆီက ခင်ဗျ) မြူးရွှင်သွက်လက်တဲ့ ဟာသဆောင်းပါးကတော့ (မယ်တင့်က ပြန်မရေးသဖြင့် တွေးမိတိုင်း စိတ်နာခြင်းအကြောင်း) ခေါင်းစဉ်နဲ့ဆောင်းပါးရဲ့ အဖွင့်ငိုချင်းပါပဲ။ (ဆရာကြီး ညွှန်းဆိုတဲ့ မယ်တင့်ဟာ အခုတစ်လော အပြင်းစားရိုက်ချက် ရုပ်ရှင်ဇာတ်ကားမှာ ရေကူးဝတ်စုံကြော်ငြာကြောင့် တကျော့ပြန် နာမည်ကြီးနေတဲ့ ရွှေမင်းသမီးလေး (တင့်တင့်ထွန်း)နဲ့ မည်သိုမျှ မသက်ဆိုင်ကြောင်း ရှင်းလင်းအပ်ပါသည်။)
ဖြစ်ပုံကဒီလို။ အပျင်းထူနေတဲ့ “ဆလင်းသူ မသိန်းမြင့်” ဆိုတဲ့မိန်းမက ဦးပုညရဲ့မေတ္တာစာတစ်ပုဒ်ထဲမှာ ပါတဲ့ (ဝဿဝတီပိုင်နင်း၊ မာရ်နတ်မင်း) ဆိုတဲ့အပိုဒ်ကို မရှင်းလို့ ဆောင်းပါးတစ်ပုဒ်နဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို မေးခွန်းထုတ်တယ်။ မာရ်နတ်မင်းဟာ ဝဿဝတီကိုပိုင် မပိုင်ပေါ့။ အဲဒါကိုဖြေဖို့ ဆရာကြီးဟာ ကျမ်းဂန်စာပေတွေ မွှေနှောက်ရှာဖွေနေတုန်း၊ အဲဒီမယ်တင့် (သူ့ကလောင်နာမည် နောက်က ခြောက်တန်းရောက်လမ်းဆိုတာ ပါသေးတယ်။) ကကြားဝင်ဖြေတာပါပဲ။ အဲဒီခေတ်က ခုနှစ်တန်းဆို နန်းရေးဝန် ဖြစ်တာဆိုတော့ ခြောက်တန်းဆိုတဲ့ ပညာကလည်း ပေါ့သေးသေးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် မသိန်းမြင့်က ကြားဝင်ရှုပ်ရလားဆို မကျေနပ်ဘူး။ အပြန်အလှန်ဆောင်းပါးနဲ့ ရန်ဖြစ်ကြတယ်။ (ဒီကိစ္စမှလည်း ကျွန်တော်တို့ခေတ်ထက် စောနေပြန်ပါရောလား။) အဲဒီမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဝင်ရှင်းရင်း နှစ်ယောက်စလုံးနဲ့ ငြိရောဆိုပါတော့။ (စာချင်းငြိတာပါ။)
“တွေးဆကာ အရွယ်ချင့်ရမှာဖြင့်
မွှေးလှစွာ စပယ်နှစ်ပွင့်လိုပ
ငမယ်တင့်ရယ်တဲ့ ချစ်စရာ
(သြော်) စလင်းမြို့ဆီက
မင်းတို့ မာပါစေလို့”
အဲဒီလိုသာဆိုရတယ်။ မယ်တင့်နဲ့ မသိန်းမြင့်ဟာ နှုတ်ခမ်းမွှေးကားကားနဲ့ ယောက်ျားကြီးတွေလားလို့ တွေးရွံ့မိတဲ့အကြောင်း ဆရာကြီးက ရေးလိုက်တယ်။ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းကို တုပြီး နှစ်ယောက်လုံးကို ညုလိုက်တာတဲ့။ မယ်တင့်က ချက်ချင်းပဲ
“နှုတ်ခမ်းမွှေးတွေ ထင့်ရယ်လို့
ရမ်းတွေးဘယ်မချော်နှင့်
ဆယ်မကျော်သက်မှာ ဆစ်လိုက်ရင်
ကိုးနှစ်သာပိုင်း"
လို့ဖြေတယ်။ ပြီးတော့ စာအဆက်ဖြတ်လိုက်တယ်။ ကိုးနှစ်သမီးလေး ဆိုတော့လည်း ဆရာကြီးဟာ
“မခေါ်သာ တော်ရာက
ပြုံးပြုံးပျော့ပျော့နှင့် သွားတတ်သူရဲ့
(သြော်) ချော့လို့မှ မကစားရခင်က
ဘုန်းမော့ မသနားရမှာဖြင့်
(မယ်တင့်ရယ်) မုန်းရော့လကွာ"
ဆိုပြီး နောက်ဆုံးလက်လျော့လိုက်ပါတယ်တဲ့။
သစ္စာနီ (ပြုတ်စဗျင်းတောင်းရီဗြူး နှင့် စကားပြောသောအက်ဆေး)
credit: indy.remy(mmcybermedia)
0 comments:
Post a Comment