Sunday, November 6, 2011

ဖြူစင်မှုမှသာ ဖြူစင်မှုဆီသို့

by Zay Ya on Monday, November 7, 2011 at 3:59am
 


 ၁။ နာမ်ခန္ဓာ (လေးပါး) တို့သည် စိတ်လျှင် ရှေ့သွား ရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ ပြစ်မှား လိုသော စိတ်ဖြင့် အကယ် ၍ ပြောဆို သော်လည်းကောင်း၊ ပြုလုပ်သော် လည်းကောင်း၊ ကြံစည်သော် လည်းကောင်း ထို ပြောဆို ပြုလုပ် ကြံစည်မှု ကြောင့် လှည်းဘီး သည် ၀န်ဆောင်နွား၏ ခြေရာသို့ အစဉ် လိုက်ဘိ သကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ် လိုက်လေ၏။

၂။ နာမ်ခန္ခာ (လေးပါး) တို့သည် စိတ်လျှင် ရှေ့သွား ရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်းကြည်လင်သော စိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော် လည်းကောင်း၊ ကြံစည်သော် လည်းကောင်း ထို (ပြောဆို ပြုလုပ် ကြံစည်) သောကြောင့် အရိပ်သည် (လူကို) မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာ သည် အစဉ်လိုက်လေ၏။


၃။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏၊ ထိုသူတို့အား ဖြစ်ပေါ်လာသည့် ရန်သည် မငြိမ်းအေးနိုင်။
၎။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုး မဖွဲ့ကုန်၊ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် ပြေငြိမ်း နိုင်၏။

၅။ ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်း နိုင်ကုန်၊ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်း နိုင်ကုန်၏၊ ဤသဘော ကား အစဉ်အလာ ဓမ္မတာ သဘောပင်တည်း။

၆။ ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်၊ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်း နိုင်ကုန်၊ ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။

၇။ တင့်တယ်၏ဟူ၍ အဖန်ဖန် ရှု၍နေသော ဣနြေ္ဒ တို့၌ မစောင့်စည်းဘဲ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိမူ၍ ၀ီ ရိယ ယုတ်လျော့ ပျင်းရိသူကို လေမုန်တိုင်းသည် အားနည်းသော သစ်ပင်ကို နှိပ်စက် ညှဉ်းဆဲဘိ သကဲ့သို့ (ကိလေသာ)မာရ်သည် စင်စစ် နှိပ်စက်နိုင်၏။


၈။ မတင့်တယ် ဟု အဖန်ဖန် ရှု၍နေသော ဣနြေ္ဒတို့၌ ကောင်းစွာ စောင့်စည်း လျက် ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၍ သဒ္ဓါတရား ရှိသဖြင့် ထက်သန်သော လုံ့လရှိသူ ကို လေမုန်တိုင်းသည် ကျောက်တောင်ကြီးကို မနှိပ်စက် မညှဉ်းဆဲ နိုင်ဘိ သကဲ့သို့ (ကိလေသာ) မာရ်သည် စင်စစ် မနှိပ်စက်နိုင်။

၉။ (ဣနြေ္ဒကို) ဆုံးမခြင်းကင်း၍ မှန်ကန်စွာ ပြောဆိုခြင်း မရှိသော ကိလေသာဖန်ရေ မကင်းဘဲလျက် ဖန်ရည်စွန်း သော အ၀တ် (သင်္ကန်း) ကို ၀တ်သောသူသည်၊ ဖန်ရည် စွန်းသော အ၀တ် (သင်္ကန်း) နှင့် မထိုက်တန်။


၁၀။ ဣနြေ္ဒ တို့ကို ဆုံးမလျက် မှန်ကန်စွာ ပြောဆိုခြင်း ရှိသော ကိလေသာဖန်ရေ ကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသူ သည်သာလျှင် ဖန်ရည်စွန်းသော အ၀တ်နှင့် ထိုက်တန်၏။


ချစ်လှစွာသော “ဗောဓိသတ္တဝ” အပေါင်းတို့။

မှန်၏။ ဤသို့ “ဗောဓိသတ္တဝ” ဟူ၍သာ ကျွန်ုပ်သည် သင်တို့ကို မြင်သည်။ ဤအမည်ပညတ် သည် သင်တို့ကိုယ်သင်တို့ စတင်ရှုမြင်ရန် အမည်လည်း ဖြစ်၏။ ဗောဓိသတ္တဝ ဟူသော အမည်သည် စင်စစ် အနှစ်သာရ အားဖြင့် ဗုဒ္ဓဖြစ်ခြင်း ကို ဆိုလိုသည်။ မျိုးသဏ္ဍာန် အားဖြင့် ဗုဒ္ဓဖြစ်ခြင်းကို ဆိုလိုသည်။ ဗုဒ္ဓ၏ အဖြစ်ဖြင့်သာလျှင် နိုးကြားစွာ အိပ်စက်ခြင်း ရှိသည်။ ဤအဓိပ္ပာယ် အားဖြင့် လူသားအားလုံးသည် ဗောဓိသတ္တဝ ဖြစ်သလော ဟု ထင်ဖွယ်ဟန် ရှိသည်။ ဟုတ်ပါသလော။

စင်စစ် အားဖြင့် လူသားတိုင်းကို ဗောဓိသတ္တဝဟု မခေါ်ဆိုနိုင်ပေ။ လူသားတို့ အတွင်း၌ ရှိသည့် ဥာဏ်ပညာ အလင်းကို ရှာဖွေသော လူအချို့ကိုသာ ဆိုလိုသည်။ အာရုဏ်တက်ချိန်ကို မျှော်လင့် ငတ်မွတ်ကြသည့် လူအပေါင်း တို့ကိုသာ ဆိုလိုသည်။ အကြင် လူတို့၏ သန္တာန်တွင် မျိုးစေ့ကောင်းတို့ ရှိ၍ အသီးအပွင့်တို့ ဖူးပွင့် ကြီးထွားရန် အစပျိုးလျက် ရှိ၏။ ထိုလူတို့ကိုသာ ဗောဓိသတ္တဝ ဟု ခေါ်ဆို ပါသည်။

အသင်တို့သည် အသိဥာဏ် အားဖြင့် နိုးကြား ရှင်သန်မှုကို လိုလားကြသည့်အခါ ဗောဓိသတ္တဝဟု ခေါ်ဆိုထိုက်မည် ဖြစ်သည်။ သစ္စာတရား ကို လိုလားကြသည့် အတွက်ကြောင့်သာ ဗောဓိသတ္တဝ ဟု ခေါ်ဆိုထိုက်ခြင်း ဖြစ်သည်။ သစ္စာတရား သည် အဝေးတစ်နေရာ၌ တည်ရှိနေခြင်း မဟုတ်။ အခြားတစ်ပါး၌ မရှိ။ သို့သော် ယင်းသစ္စာတရားကို သိမြင်သွားကြသူများ သည် ဤလောကတွင် အနည်းငယ်မျှသာ ရှိပေ၏။ ထူးဆန်းပေစွ။

အကြောင်းမှာ သစ္စာတရားသည် ဝေးကွာ မနေသော်လည်း ရယူရန် ခက်ခဲလှသောကြောင့် ဖြစ်၏။ ထိုသို့ ရယူရန် ခက်ခဲရခြင်း အကြောင်းမှာ လည်း သစ္စာတရား၏ သဘာဝကြောင့် မဟုတ်၊ မာယာ အမိုက်မှောင်အတွင်း ကျွန်ုပ်တို့၏ မှီတင်းတွယ်ကပ်မှု များနေသောကြောင့် သာ ဖြစ်သည်။

လှည့်ပတ်တတ်သော မာယာ အမိုက်မှောင် အတွင်း ကျွန်ုပ်တို့သည် ဘဝပေါင်း များစွာ ၊ အသက်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံလျက် ရှိနေကြသည်။ မာယာ၌ မည်မျှ ရင်းနှီးမြှုပ်နှံ ထားပြီးကြသနည်း ဆိုလျှင် သစ္စာတရား ဆိုသည် ကိုပင် တွေးမြင် နားလည်ရန် ကြောက်ရွံ့ မိကြသည် အထိ ဖြစ်သည်။ မိမိကိုယ်ကိုယ် မညှာတမ်း ဝေဖန်သင့်သည်။ ကျွန်ုပ်တို့သည် သစ္စတရားကို ရှောင်လွှဲလိုကြသည်။ သစ္စာတရားမှ ဝေးရာသို့သာ ထွက်သွား လိုကြသည်။ ထိုဝေးရာ မှာ မာယာ၊ မုသား ဟူသော လှပသည့် ကွင်းပြင်ကျယ်ကြီးသာ ဖြစ်၏။ မာယာသည် ကျွန်ုပ်တို့ အတွက် သာယာ၍ သက်တောင့်သက်သာရှိသော အိမ်မက်များ ဖန်ဆင်း ပေးထားသည်။ သို့ရာတွင် အိပ်မက်သည် အိပ်မက်သာ ဖြစ်သည်။ တစ်ခဏမျှသာ ဖျော်ဖြေ ပေးလိမ့်မည်။ တစ်ခဏမျှသာ သင်တို့ ကျွန်ုပ်တို့ အတွက် အမှုတော် ထမ်းရွက် ပေးလိမ့်မည်။ စင်စစ် ထိုတစ်ခဏ အတွက်မျှသာ ဖြစ်ပါသည်။ ယင်းအိပ်မက် များ၏ နောက်ကွယ်၌ ကြောက်ရွံ့ တုန်လှုပ်ဖွယ် ကောင်းသော ကြေကွဲမှုများ တွဲဆက် ပါလာလျက် ရှိသည်။ ဆန္ဒ၊ မျှော်လင့်ချက်တို့၏ နောက်ကွယ်၌ နက်နက်နဲနဲ ဆုံးရှုံးမှုများ တွယ်ကပ် လျက် ရှိ၏။


ထိုသို့  ကြုံတွေ့ နေရသောအခါ ကျွန်ုပ်တို့သည် အသစ် အသစ်သော မာယာ၊ မုသား များထံသို့သာ ပြောင်းလဲ ခိုဝင် လိုက်ကြသည်။ ဟောင်းနွမ်း သွားပြီ ဖြစ်သော မာယာတို့ကို သိမြင် မိကြသော အခါ အသစ် အသစ်သော မာယာများကို ရုတ်ခြည်း ဖန်တီးပစ် လိုက်ကြသည်။ သတိရှိကြပါ။ မာယာတို့သည် ကျွန်ုပ်တို့ ဖန်တီးသော အရာများသာ ဖြစ်ကြသည်။ ဤသည်ကို အမှတ်ရကြပါ။ သစ္စာတရား မှာမူ ကျွန်ုပ်တို့ ဖန်တီးခြင်း မဟုတ်။ မူရင်း အားဖြင့်ပင် သစ္စာတရားသည် တည်ရှိပြီးသား ဖြစ်၏။ သစ္စာတရားသည် ရှာဖွေ ဖော်ထုတ်ခြင်း ဖြင့်သာ ရရှိ၏။ သစ္စာတရား သည် တီထွင် ဖန်တီး အပ်သော အရာ မဟုတ်။


စိတ်မနော သည် ဖန်တီးရသည့် အမှု၌ ပျော်မွေ့သောကြောင့်သာ ကျွန်ုပ်တို့သည် မာယာကို အကောင်း ထင်ကြခြင်း ဖြစ်သည်။ စိတ်မနောသည် ပြုလုပ်သူနေရာ၌ ရှိနေသောကြောင့်သာ ကျွန်ုပ်တို့သည် မာယာကို မွန်မြတ်သည် မြင်ကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် စိတ်မနောသည် အတ္တကို ဖန်ဆင်းပစ်လိုက်သည်။ သစ္စာတရားသည်ကား ကျွန်ုပ်တို့ ပြုဖွယ်ရှိအပ်သော တရား မဟုတ်ပေ။ မည်သည့်အမှုမျှ ပြုရန် မလိုအပ်ပေ။ သို့အတွက် စိတ်မနော၏ ကြီးစိုးသော အခန်းကဏ္ဍ ယုတ်လျော့သွား၏။ သို့နှင့် တစ်ပြိုင်နက် အတ္တ သည်လည်း အငွေ့ပျံ ပျောက်ကွယ်သွားရ သည်။ ဤအချက်သည် ကျွန်ုပ်တို့ အတွက် မဟာ အတားအဆီးကြီး တစ်ရပ် ဖြစ်ပါ၏။

ကျွန်ုပ်တို့သည် ထို အတားအဆီးနှင့် ဦးတည် ရင်ဆိုင် ရတော့သည်။ ထိုအခါ အခက်အခဲတို့ နှင့် အဆင့်ဆင့် ကျော်ဖြတ် ကြရတော့သည်။ ထိုအခါ သစ္စာတရား ကို လိုလား ကုန်သော သင်တို့ ကျွန်ုပ်တို့သည် ထိုအတားအဆီး ဆီသို့ ဦးတည် တိုက်ခိုက်ကြရတော့သည်။ အဆင့်ဆင့် တို့ကို ကျော်လွှား ဖြတ်ကျော် ရတော့သည်။ တွေဝေခြင်း၊ မောပန်းခြင်း၊ တွန့်ဆုတ်ခြင်းတို့သည် သံသယ ပေါင်း များစွာတို့နှင့် တလှည့်စီ ရင်ဆိုင် ရတော့သည်။ ထိုသို့ ရင်ဆိုင်ဖြတ်သန်းနေပြီ ဖြစ်သော သင်တို့ကို ဗောဓိသတ္တဝဟု ကျွန်ုပ် ခေါ်ဆိုပါသည်။

ဗုဒ္ဓဟောကြားရာ ဓမ္မပဒ သည် ယင်းသို့သော ဗောဓိသတ္တဝ တို့သာလျှင် သင်ယူ၍ ရနိုင်သည်။ သာမာန်ထဲက သာမာန်များ၊ ယုတ်နိမ့်သော လူသားတို့ကား သင်ယူ၍ မရနိုင်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့ အတွက် နားမလည် နိုင်သောကြောင့် ဖြစ်သည်။

ဗုဒ္ဓ၏ ဆိုစကား တို့သည် အနှိုင်းမဲ့ ငြိမ်းအေး တိတ်ဆိတ်မှု မှသာ ထွက်ပေါ်လာခြင်း ဖြစ်၏။ အသင်တို့အနေနှင့် တိတ်ဆိတ်မှု၏ အဖြစ်သို့ ရောက်ရှိနေမှသာ ၎င်းတို့ကို နားလည် လက်ခံယူနိုင်လိမ့်မည်။ ဗုဒ္ဓ မြွက်ကြားသော ထိုစကားတို့သည် အနှိုင်းမဲ့သန့်စင်မှုမှသာ ထွက်ပေါ်လာခြင်း ဖြစ်၏ ။ အသင်တို့၏ သန္တာန်၌ မကြည်လင်လျှင် ၊ နှိမ့်ချမှု မရှိလျှင်၊ အတ္တကို ( အနုမာန အားဖြင့်ပင် ) မပယ်ရှားနိုင်လျှင်၊ နိုးကြားမှု မရှိလျှင် - နာယူ လက်ခံနိုင်လိမ့်မည် မဟုတ်။ ဗုဒ္ဓ၏ ဩဝါဒ ၊ ဓမ္မပဒတို့သည် ရိုးစင်းသော စကားလုံးများ ဖြင့်သာ ဖွဲ့စည်းထားသောကြောင့် သင်တို့သည် စဉ်းစားတွေးခေါ်မှု ၊ ဆင်ခြေတို့ အရမူ နားလည် ကောင်း နားလည်နိုင်ပေမည်။ အရိုးစင်း တကာ့ အရိုးစင်းဆုံး စကားလုံးများ ဖြစ်ကြသောကြောင့် ဖြစ်သည်။ သို့သော် ထိုရိုးစင်းမှုသည် သင်တို့ ကျွန်ုပ်တို့ အတွက် ပြဿနာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ ကျွန်ုပ်တို့သည် မရိုးစင်းကြသောကြောင့် ဖြစ်သည်။ ရိုးစင်းမှုကို နားလည်နိုင်ရန်မှာ သင်တို့ကိုယ်တိုင်၌ ရိုးစင်းသော နှလုံး ရှိရန် လိုအပ်သည်။ အကြောင်းမှာ   ရိုးစင်သော နှလုံးသည်သာ ရိုးစင်းသော သစ္စာတရားကို နားလည်နိုင်စွမ်း ရှိသောကြောင့် ဖြစ်၏။ ဖြူစင်မှုမှ ထွက်ပေါ်လာ သော ထိုဩဝါဒများကို ဖြူစင်သောသူ ဖြစ်မှသာ အပြည့်အဝ သဘောပေါက် နားလည်လာမည် ဖြစ်ပေသည်။

……………………..
Ref:
  • Osho : DHAMMAPADA VOL. 1 ( pg 1-3 )
  • DHAMMAPADA  - http://lknt4.blogspot.com/

……………………..
Notes –
  • My beloved bodhisattvas.... Yes, that's how I look at you. That's how you have to start looking at yourselves. Bodhisattva means a buddha in essence, a buddha in seed, a buddha asleep, but with all the potential to be awake. In that sense everybody is a bodhisattva, but not everybody can be called a bodhisattva -- only those who have started groping for the light, who have started longing for the dawn, in whose hearts the seed is no longer a seed but has become a sprout, has started growing.
  • THE DHAMMAPADA, the teaching of Gautama the Buddha, can only be taught to the bodhisattvas. It cannot be taught to the ordinary, mediocre humanity, because it cannot be understood by them.These words of Buddha come from eternal silence. They can reach you only if you receive them in silence. These words of Buddha come from immense purity. Unless you become a vehicle, a receptacle, humble, egoless, alert, aware, you will not be able to understand them. Intellectually you will understand them -- they are very simple words, the simplest possible. But their very simplicity is a problem, because you are not simple.


………………………
http://zayyablogger.blogspot.com/
http://zayya.wordpress.com/
http://zayya.blog.com/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...