Tuesday, November 8, 2011

ဆရာကြီး ပီမိုးနင်း၏ တန်ဖိုးမဖြတ်နိုင်သော အဆိုအမိန့်အချို့ 

by So Min Oo on Wednesday, November 9, 2011 at 9:45am
ကီးပွားလမ်း ပိတ်သောအကျင့်
   အစားကို မက်မောခြင်း၊ အသောက်ကိုမက်မောခြင်း၊ အကောင်းကို တွေ့မရှောင်ကြိုက်ခြင်း၊ အပျော်အပါးလိုက်စားခြင်းတို့သည် စီးပွားလမ်း၊ ကြီးပွားလမ်းကို အမှန်ပိတ်သော အကျင့်များဖြစ်၏။
ကြီးပွားရေးလမ်းညွှန်စာအုပ်မှ


ဘ၀င်မမြင့်နှင့်
   ခေတ်ကာလပညာတတ်ခြင်းကြောင့် စိတ်နေစိတ်ထားပြောင်းလဲဖို့မသင့်။ စိတ်နေသဘောထားပုံ ပိုမိုကောင်းမွန်ဖို့၊ ပိုမိုမြင့်မြတ်ဖို့၊ ပိုမိုယဉ်ကျေးလိမ္မာဖို့သာ ရှိသင့်လေသည်။
လူပျိုလမ်းညွှန်စာအုပ်မှ


ချမ်းမြေ့သောဘ၀ကိုရဖို့
   ထွက်သက်ဝင်သက် လေ့ကျင့်ခြင်းကို ကောင်းစွာအစိုးရသောသူသည် ကျန်းမာချမ်းသာ အသက်ရှည်၍ ရွှင်လန်းသာယာ ချမ်းမြေ့စွာသောဘ၀ကို ရနိုင်လေသည်။
ထွက်သက်ဝင်သက်စာအုပ်မှ

အဖိုးထိုက်သောသူ
   အလုပ်ကို သေချာစေ့စပ်စွာလုပ်ခြင်းသည် အဖိုးထိုက်တန်သူ၏ အထင်ရှားဆုံးသော သက်သေဖြစ်လေသည်။ အဖိုးထိုက်တန်သော ကျောက်မျက်ရတနာတို့ကို အရည်အသွေးဖြင့် သိရသကဲ့သို့ အဖိုးထိုက်သောသူကို အလုပ်၏ သေချာခြင်းဖြင့် သိရလေသည်။
ကမ္ဘာ့အလင်းကျမ်းစာအုပ်မှ

ကံကြောင့်လား
   လူတစ်ယောက်သည် ပညာလည်းရှိ၏။ အကျင့်လည်းကောင်း၏။ ကျန်းမာခြင်းလည်းရှိ၏။ သို့ပါလျက် လောကမှာ ဆင်းရဲပင်ပန်း၍နေရအံ့။ အဘယ်သို့သောအကြောင်းကြောင့်
ဤကဲ့သို့ဖြစ်ပါသနည်းဟု မေးဖွယ်ရာရှိပေလိမ့်မည်။ အများအားဖြင့် ထိုမေးခွန်းကို ကံအကြောင်းတရားဟူသော စကားနှင့် ဖြေကြားပေလိမ့်မည်။
သုခချမ်းသာစိတ်ပညာစာအုပ်မှ

လုံလောက်သောအသိရရန်
   လူ၏အသက် သေသည့်တိုင်အောင် ဗဟုသုတအလိမ္မာကို တစ်ကိုယ်တည်း၏ အတွေ့ဖြင့် လုံလောက်စွာမရနိုင်ပေ။ သို့ဖြစ်လေရာ မိမိအလျင် အတွေ့အကြုံများသော လူပေါင်းများစွာတို့ရေးသားခဲ့သော စာများကိုဖတ်မှသာ အကျိုးရှိသော အသိကို လုံလောက်စွာ ရနိုင်လေသည်။
သုခချမ်းသာစိတ်ပညာစာအုပ်မှ

စူးစိုက်ခြင်း
   လောက၌ စိတ်နှင့်ကင်းသောအလုပ် မရှိ။ အလုပ်ဟူသမျှမှာ စိတ်ကိုသုံးနိုင်သလောက် ပေါက်ရောက်တွင်ကျယ်နိုင်လေသည်။ အလုပ်၌ စိတ်ကိုသွင်းခြင်းသည် စူးစိုက်ခြင်းပင်ဖြစ်လေရာစူးစိုက်ခြင်းသည် ပေါက်ရောက်အောင်မြင်ခြင်းပင် ဖြစ်လေသည်။
ကီးပွားရေးလမ်းညွှန်စာအုပ်မှ

ကြီးပွားလိုစိတ်
   ကြီးပွားလိုစိတ်သောစိတ်နှင့် ကြီးပွားမည်ဟူ၍ ယုံကြည်လျက် ကြီးပွားသောအခြေအနေကိုသာ ထင်မြင်ချေက ထိုအထင်အမြင်အတိုင်း ဖြစ်မြောက်စေရအောင် အတွင်းစိတ်ကဖန်တီး၍ပေးလေ၏။
ကိုယ့်ထူးကိုယ်ချွန်စာအုပ်မှ

ကီးပွားတိုးတက်ရန် အား
   ကြီးပွားတိုးတက်အောင်လုပ်ခြင်းသည် ဆင်းရဲအောင်လုပ်ခြင်းထက် ပိုမို၍ပင်ပန်းသည် မဟုတ်ပေ။ ကြီးပွားတိုးတက်ရန်အားသည် ၀ီရိယနှင့် ချွေတာခြင်းဖြစ်သည်။
ကြီးပွားရေးလမ်းညွှန်စာအုပ်မှ

လူပျိုဘဝ
   လူပျိုဘ၀သည် လူဖြစ်ခြင်း၏ အခြေဖြစ်သည်။ သို့ဖြစ်လေရာ လူပျိုဘ၀သည် အထူးသတိနှင့် နေထိုင်ကျင့်ကြံအပ်သော အသက်၏ အပိုင်းအခြားဖြစ်လေသည်။
လူပျိုလမ်းညွှန်စာအုပ်မှ

အားလပ်ချိန်ကို နှမြောပါ
   ကြီးပွားလိုသူ၊ ပညာတတ်လိုသူ၊ အရာရာ၌ တိုးတက်လိုသူသည် အားလပ်သောအချိန်ကလေးများကို နှမြောခုံမင်စွာ အသုံးပြုရလေသည်။
ကိုယ့်ထူးကိုယ်ချွန်စာအုပ်မှ

ကြီးပွားခြင်း၏အစ
   ကြီးပွားခြင်း၏အစသည် မိမိကိုယ်ကို သိခြင်းဖြစ်သည်။ မိမိကိုယ်ကို သိခြင်းဆိုသည်မှာ မိမိ၏အစွမ်းသတ္တိရှိကြောင်းကို သိခြင်းပင်ဖြစ်လေသည်။
ကိုယ့်ထူးကိုယ်ချွန်စာအုပ်မှ
  ပီမိုးနင်း 


Myanmar Internet Forum မှတဆင့်ပြန်လည်စုစည်းဝေမျှပါသည်။
စိုးမင်းဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...