Tuesday, November 8, 2011

လူငယ်များ၏ နေရာ ဘယ်မှာလဲ ....။

by Yeyint Kyaw on Wednesday, November 9, 2011 at 1:15pm

၁၁-၁၁-၁၁ နေ့ဆိုတာကို သူပြော ကိုယ်ပြောများ နေတဲ့ ရက်ဆိုပေမယ့် သူ့ရက် သူ့ ဂဏန်းက ကြုံတောင့် ကြုံခဲ ဆိုတာတော့ အမှန်ပင်။ ရှားတဲ့ နေ့တစ်နေ့မှာ ထူးထူးခြားခြား မျှော်လင့်တဲ့သူရှိကြသလို၊ မျှော်လင့် နေတာထက် ကိုယ့်အစီအစဉ်နဲ့ ထူးအောင် အထိမ်းအမှတ် တစ်ခု ဖန်တီးကြမည့်သူတွေ ရှိမှာလည်း မလွဲ ပင်။


မည်သို့ပင်ဖြစ်စေ ကောင်းကျိုးမည်မျှ ပြုသနည်း မေးခွန်းထုတ်ခြင်းထက် ဆိုးကျိုးမရှိသော ထိခိုက်မှု မရှိသော လုပ်ရပ်များ ပေါ်ထွက် မလာရေးသာ အရေးကြီးသည်။ အဖွဲ့အစည်းတွေက ပြုလုပ်ကြမည့် အစီ အစဉ် များသည် များသောအားဖြင့် စနစ်တကျ ကျင်းပကျသည်သာ များသည်။ လူငယ်များ၏ ပြင်ပ လွတ်လပ်မှု ဆန်သော ပျော်ပါး လည်ပတ်မှုများတွင် အပျော်လွန်၍ စည်းလွတ်ဝါးလွတ် ဖြစ်ကုန်ကြလျှင် တော့ မကြားချင်သော အရာများကြားရတော့သည်။ ဒါတော့ မကြားချင်ပေ။
သို့အတွက် အဖွဲ့အစည်းများက လူငယ်များကို ပူးပေါင်းပါဝင်စေရေး အတွက် မိမိတို့ ထိုနေ့တွင် ဘာတွေ ဆောင်ရွက်မည် ဆိုတာ အသိပေးဖြန့်ကျက်ပေးထားစေလိုသည်။ လူငယ်တွေမှာ ပူးပေါင်း ဆောင်ရွက်လို စိတ်ရှိသည်။ ဘယ်လိုကစပြီး ပတ်သက်ရမလဲ၊ ထိုအဖွဲ့တွင် သိကျွမ်းမှုမရှိသော် သွားရောက် ပါဝင်ရမှာ နှောင့်နှေး နေမိကြသည်။ ထိုသည်နှင့် အချိန်ကြာသွားသည် .. ပူးပေါင်းမလုပ်မိပဲ၊ ကြားကာလတွင် အခြား စွဲဆောင်ရာ နှောက်သို့ ပါသွားရင်း စိတ်ဓါတ်အခံ ရှိသော လူငယ်တို့ကို ဆုံးရှုံးနေရသည်။


ပေးဆပ်လိုသူတွေ ရှိပါသည်။

ခေတ်ကြီးသည် ဒုက္ခများ ခါးစည်းခံ၍ မျိုးဆက်ညီညွတ်ရေး၊ အသိစိတ်ဓါတ်ပြန့်ပွားရေး တို့ကို ဖန်တီးပေး နေပါသည်။ ထို့အတူ သဘာဝဘေးဒုက္ခ ကြရောက်ကျသော နယ်အသီးသီးမှ ပြည်သူတို့၏ ဒုက္ခများကြောင့် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး၊ လူသားခြင်းစာနာရေး ဆိုသည့် လူမှုရေးဆိုင်ရာ အမူအကျင့် ကောင်းများ၊ စည်းလုံး လက်တွဲမှုများနှင့် မိမိထံရှိသော ငွေကြေး (သို့) မိမိပိုင်သော အချိန် (သို့) မိမိပိုင် လုပ်အားများ ကို ကုသိုလ်မှတစ်ပါး မည်သည့် အကျိုးအမြတ်မှ ပြန်မရနိုင်ဟု သိသိနှင့် ပေးဆပ်မှုသက်သက်ဖြင့် လူငယ်ဘဝ ကို အားကောင်းမောင်းသန် ပေးဆပ်လာကြသည်။ ထိုသို့ စေတနာ၊ မေတ္တာ များကို ဘေးဒုက္ခ ကျရောက် ခဲ့သော ပြည်သူများ၏ ရင်ထဲက လှိုက်လှိုက် လှဲလှဲ သိကြသည် ။ မြေးအရွယ် သာသာ ရှိတဲ့သူတွေကို အမေအို၊ အဖိုးအို တို့ လက်အုပ်ချီပြီး သာဓု ခေါ်တယ် ဆိုတာ.. တော်တန် ပီတိ မဟုတ်ပေ။ (လူကြီးလာ၍ ပုံသွင်း နုတ်ဆက်ခိုင်းတဲ့ အရသာ မဟုတ်တာသေချာသည်။)
ထိုသို့လူငယ်များ၏ နိုးကြားစိတ်ကို အဖွဲ့အစည်း အသီးသီး အနေဖြင့် ကြိုဆို နေရာပေးစေလိုသည်။ ဘာမျှော်ကိုးမှုမှ မရှိသေးသော လူငယ်တို့၏ ဖြူစင်မှုကို ကောင်းမှုခပ်သိမ်းတို့တွင် ပျော်ဝင်စေချင်သည်။ ဤခေတ် ဤကာလ၏ ယဉ်ကျေးမှုဆိုင်ရာ၊ စာရိတ္တဆိုင်ရာ၊ ခြိမ်းခြောက်မှုမှုများကို သာမန်အခြေအနေတွင် လူငယ်များကို ဆွဲခေါ်ထုတ်၍ မလွယ်ကူပါ။ စာနာခြင်း၊ ထောက်ထားခြင်း၊ ကူညီလိုခြင်း၊ ပေးကမ်းလိုခြင်း စသော ဂရုဏာတရားများ၊ ကိုယ်ချင်းတရားများ (မြန်မာဟူသော ဇာတိဂုဏ်ကိုပေါ်စေသော) ရုန်းကြွ   စေသော သဘာဝဘေးတွေ၊ လူကြောင့် ဖြစ်တဲ့ဘေးတွေ ကြုံလာတဲ့အခါ သူတို့ရဲ့ (လူငယ်တွေရဲ့) ဘဝတွေကို အံ့သြလောက်အောင် စွဲဆောင်နိုင်တာတွေ့ပါတယ်။ ငါတို့ကို တိုင်းပြည်က ဘာလုပ်ပေးမလဲ မေးနေတဲ့ ခေတ်ကြီးမှာ တိုင်းပြည်ကို ငါတို့ ဘာလုပ်ပေးရမလဲ ဆိုတဲ့ လူငယ်တွေကို စိတ်မပျက်စေလိုပါ။ တိုင်းပြည်ကို ငါတို့ ဘယ်နေရာ ဘယ်ဒေါင့်က ဘယ်လို လုပ်ပေးလို့ရတယ်ဆိုတာ လူငယ်တွေ သိကြ ပါသည်။ ခေတ်၏ တိုးတက်မှုဆိုင်ရာ လမ်းလွဲ အချို့ အပေါ် သာယာနေ၍ လူငယ်များကို အားကိုးစရာ မမြင်ပဲ ၊ အရည်အသွေးမဲ့ လူငယ်များဟု သိမ်းကျုံး အထင်ခံနေရသည်။ (ထိုသို့ ဖြစ်အောင် ဦးမထောင် နိုင်အောင် ဆိုတဲ့ ခေတ်က လွန်မြောက်လာပြီ မှန်သော်လည်း အရှိန်မသေ သေးပါ)။

နေရာ မလပ်သေးဘူးလား။

ကျွန်တော်တို့သည် နောင်ကာလ များစွာကို လက်ဆင့်ကမ်းရန် အသင့်ရှိပါသော်ငြား လက်ဆင့်ခံ လက်ခံမည့် လူငယ်များ၏ အတွေ့အကြုံ ၊ အရည်အသွေးများ တောက်ပနေအောင် ဖော်ဆောင်ပေးနေမှ သာ အနာဂါတ်သည် စိတ်ချမ်းသာပါလိမ့်မည်။ လူငယ်တို့ကို နေရာမပေး၊ မယုံကြည်၊ ဖြစ်ပါ့မလား ဆိုသော စိတ်ဖြင့် လျှောက်လှမ်းနေပါမူ…၊ (ချိနဲ့ တုန်ယင်သော အသံညောင်နာနာ ဖြင့်).. ရဲေ ဘာ် တို့ … ဟူသော ညွန်ကြားချက်ကြောင့် ရဲစိတ်ရဲမာန် တက်ရေးထက် ရယ်စရာ အသံဟု လူငယ်တို့က (ခေတ်ကြီးက) ပျက်ရယ်ပြု ပါလိမ့်မည်။ လိုအပ်လျှင် စဉ်မြင့်ထက်မှပင် ဆင်းပေးရမှာပင် ဝန်မလေးသင့်ပါ။ နှစ်ပေါင်း ရာစုဝက်မျှ (မိမိတို့ အသက် ၇၀/၈၀)ထိ လွမ်းမိုးနေရတဲ့အရသာထက် တိုင်းပြည်ကို အပေါင်းလက္ခဏာ ဆောင် တိုးတက်လာတဲ့ အရသာကို ခံစားစေချင်ပါတယ်။ အထက်ကပြောခဲ့သလို သတ်မှတ်ထားလို့ လက်အုပ်ချီရတာထက်၊ အပြန်အလှန်ပီတိကြောင့် အရွယ်မခွဲ မြေးအရွယ် ဖြစ်စေငြား လက်အုပ်ချီတဲ့ နုတ်ဆက်မှုကို မက်မောစေချင်ပါတယ်။

ဖျက်ဆီးနေကြဆဲပါလား ။

အစိုးရနှင့် အတိုက်အခံတွေ ကြားမှာ ၂-ဖက်စလုံးက လူငယ်တွေ လိုလိုလားလား အသုံးချတာ တွေရှိသလို၊ လူငယ်တွေကို ခါးခါးသီးသီး ကျဉ်ဖယ်နှိပ်ကွက်ခဲ့တာတွေ ရှိပါတယ်။ လူငယ်တွေကို တိုင်းပြည်အတွက် မှန်မှန်ကန်ကန် အသုံးမချပဲ မိမိအကျိုးစီးပွား အတွက် အသုံးချတဲ့ နေရာမှာတော့ တိုက်တွန်းဖို့ မလိုအောင် တော်ကြပါတယ်။ ဘယ်အတွက်ကြည့်နေတာလဲ မမေးချင်ပါဘူး.. တိုင်းပြည်အတွက်၊ ပြည်သူအတွက် ပဲ ကြည့်ပေးကြပါ။ လူငယ်တွေရဲ့အားကို လမ်းမှန်ပေါ်တင်ပေးကြပါ။ လူငယ်တွေကို လမ်းလွဲစေမယ့် အရာတွေ ကန့်သတ်ပေးပါ (သို့ ) လျှော့ချပေးပါ။
( ဥပမာ- ကျောင်းများအနီးမှ ဘီယာဆိုင်၊ ခေါင်ရည်ဆိုင် (အမည်ခံ)၊ ဘောလုံးပွဲပြသရေးနှင့် အရှုံး/အနိုင်စာရင်းများ၊ နှင့် အသက်ကန့်သတ်မှုမရှိ အားပေးနေသော တည်းခိုခန်းများ၊ နိုက်ကလပ်များ၊ စသည်ဖြင့်..) ။ ထိုထိုနေရာတို့သည် တရားဝင် မဟုတ်ပါပဲ မည်သည့်အတွက်ကြောင့် ရှင်သန်နေကြပါသလဲ..၊ ရှင်းပါသည်.. ရသင့်တာရနေ၍ မသိချင်ယောင် ဆောင်တတ်သော အကျင့်ပျက်အရာရှိများ နှင့် လာဘ်ပေး၍ စီးပွားရှာသူများကြောင့်ဆိုတာ ငြင်းမရပါ။ ၎င်းတို့၏ ကြီးပွားရေးသည် တိုင်းပြည်၏ အနာဂါတ်လူငယ်များကို စတေး ပေးနေရသည်ကို သတိချပ်စေ လိုသည်။ လူငယ်တို့၏ သွေးသားကို မြိန့်မြိန့်ကြီး ဝါးမျိုနေသည်။
သည်ကြားထဲ ဆင်ဆာပြင်းထန်၍ မြန်မာ့ယဉ်ကျေးမှုဟူသော အချက်ဖြင့် ဇာတ်ကားများစွာ ကိုက်ကျေးကိုက်နေသော ဆင်ဆာအဖွဲ့ကြီးမှ ပုဂ္ဂိုလ်တို့ ကိုမေးလိုပြန်ပါသည်။ MRTV,MRTV4,MWD တို့မှ လွင့်နေသော ကိုရီးယားကားများစွာကို ရာဇဝင်လည်း ဖောက်ပြန်ရေး၊ ခေတ်ကားဆိုတော့လည်း ဖောက်ပြန်ရေး၊ လင်ရှိ/မယားရှိ လိုက်ကြိုက်၊ လုပ်ငန်းရှင်တွေက မသမာ၊ အာဏာပိုင်တွေက ဖောက်ပြန်၊ သပွတ်အူ ဇာတ်လမ်းတွေကို ဦးညွတ်တာ၊ ရိုသေတာတွေ အတုမယူဘူးလား ဆိုတဲ့ ဆင်ခြေနဲ့ ဆက်လက်ခွင့်ပြု လွှင့်ထုတ်နေမယ်ဆိုရင် တိုင်းပြည် အနာဂါတ်(စာရိတ္တ)ကို  ဖျက်ဆီးတဲ့ စာရင်းမှာ ရုပ်သံဌာနတွေ ပါတယ် ဆိုတာ ငြင်းမရတာ သေချာပါတယ်။

နိဂုံးချုပ်သော နှစ်ဖက်သော ပုဂ္ဂိုလ်များ အနေနဲ့ ပေးလို့ရတာတွေ ပေးလိုက်ပါတော့ ဆုပ်ကိုင်မထားပါနှင့်။ လွတ်ပေးမှ လမ်းဖြောင့်ဖြောင့် လျှောက်တတ်မှာပါ.. လိုတာထက် ပိုပြီး ထိန်းမထားပါနှင့်..။ လူငယ်တွေ ပခုံးပေါ်မှာ တိုင်းပြည်ကို ရင်ကော့၍ ထမ်းပါစေ…။ သက်ကြားအိုတွေ ပခုံးမှာ တိုင်းပြည်ကို ခါးကိုင်းကိုင်းနဲ့ ထမ်းနေတာ ပင်ပန်း လှပါပြီ… ပြည်သူတွေ သက်တောင့် သက်သာ ရှင်သန်ပါစေတော့..ဟု….။

ကိုဝိုင်ဝိုင်ကေ
၉-၁၁-၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...