Author: lubo601 |
8:24 AM |
|
Written by နေ၀င်းမြင့်
|
Saturday, 05 November 2011 18:02 |
 ၁။
တောဇော်ကို သူ့မအေ မငြိမ်းတုတ် မွေးတဲ့ ညက ရွာမှာ ရုပ်သေးပွဲကြီး ဟီးထလို့။
မငြိမ်းတုတ်က ရုပ်သေးပွဲများ
ရွာရောက်လာရင် မိုးလင်း ကတည်းက ရုပ်သေးစင် သုံးခေါက်လောက် ရောက်တဲ့ မိန်းမ။
ကိုယ်ဝန် နေ့စေ့ လစေ့ကြီးနဲ့ ရုပ်သေး ပွဲနဲ့များ တိုက်နေလေမလား
ပူတဲ့ကြားကပဲ တောဇော်ကို မွေးတယ်။ ရုပ်သေးစင်တောင် မရောက်လိုက်ရပါဘူး။
ရုပ်သေးစင်က
ကြားရတဲ့ အဆိုအငိုတွေကို ၀မ်းနာတဲ့ ကြားက နားထောင်ရတာလောက် ရှိတာပါ။
ဖြစ်ချင်တော့ အဲသည့်ညက မငြိမ်းတုတ် အင်မတန် ကြိုက်တဲ့ ဆားတောင်သူ
မအောင်ဖြူဇာတ် ဖြစ်နေလေရဲ့။ ဆတောင်သူ မအောင်ဖြူပေါ့လေ။ ဥပကဇာတ်တို့၊
ပဋာစာရီဇာတ်တို့၊ ပဒုမ္မဒေ၀ီဇာတ်တွေကိုလည်း ကြိုက်ပါရဲ့။
ဆတောင်သူ
မအောင်ဖြူလောက် မကြိုက်ဘူး။ ရုပ်သေးပွဲ သဘာဝ နတ်မိန်းမ
စင်တိုင်ပြီးတဲ့နောက် ဟိမ၀န္တာခန်း ထွက်တယ်။ မြင်း၊ မျောက်၊ ဂဠုန်၊ နဂါး၊
ဆင်၊ ကျား၊ ငှက်တို့ ကမ္ဘာသစ်မှာ ပေါ်ကြပုံ၊ ပျော်ကြပုံ ပေါ့လေ။ သည်အခန်း
စတော့ မငြိမ်းတုတ် ၀မ်းနာပြီ။ ပြီးတော့ ၀ိဇ္ဇာ၊ ဇော်ဂျီ ထွက်တယ်။
ဇော်ဂျီဆိုတာ ပြဒါးရှင်လည်း ဖြစ်ပြန်၊ ဆေးကြိမ်လုံး တန်ခိုးနဲ့
မြေလျှိုးမိုးပျံနိုင်တဲ့ပုဂ္ဂိုလ်။ ၀မ်းနာတဲ့ကြားက သည်အချိန် မွေးလို့
ယောက်ျားလေးလည်းဖြစ်မယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်လေမလဲလို့တောင်
တွေးမိသေးကိုး။ ဇော်က နှစ်ဇော်ရှိတယ်။
တစ်ဇော်က နူးနူးညံ့ညံ့ကရင်း
ထွက်လာတဲ့ နန်းဇော်။ တစ်ဇော်က ကျောင်းမှောက်အောင် ခုန်ပေါက်ထွက်လာတဲ့
တောဇော်။ ပွဲခင်းဆီက ဇော်ထွက်နေမှန်း မငြိမ်းတုတ် ကြားနေရတယ်။
ဇော်သီချင်းသံတွေလည်း မြိုင်လို့။ “ဇော်လာပါတယ် ဖေတို့၊ မောင်တို့။ ဂျီလာပါတယ် ဖေတို့၊ မောင်တို့။ တောင်ဝှေးထောက်လို့ တောင်မြောက်မျှော် ဇော်ဂျီပါရင် တောဇော်ပါပဲ။ ဆေးတောင်ဝှေးတဲ့ နုဆေးလေ၊ မြစိမ်းတောင်ခြေ ထိုးတဲ့ အဂိ္ဂ။
ရွှေမရှားလို့ ပြဒါးသေ၊ မြစိမ်းတောင်ခြေ ထိုးတဲ့ အဂ္ဂိ” သည်မှာတင် မငြိမ်းတုတ်ဝမ်းက ယောက်ျားလေး ဖွားတယ်။ အထူးစဉ်းစားနေစရာ မရှိပါဘူး။ တောဇော်လို့ မှည့်ရုံပေါ့။ တွင်လည်း တွင်ခဲ့ပါရဲ့။ သည်လိုနဲ့ ကျစ်ချောင်းရွာမှာ “တောဇော်” လူဖြစ်တယ် ပြောပါတော့။
၂။
အဲသည့်ခေတ်တုန်းက ကျစ်ချောင်းသူကြီးက ဦးဖိုးတိုး။
မျက်နှာလေးထောင့်ကြီးနဲ့ မန်ကျည်းစေ့ရောင် ပေါက်နေတဲ့ အသားနဲ့ ရုပ်သေးထဲက
တောဘီလူးနဲ့တောင် တူသေးတယ်။ ဘီလူးမှာလည်း နှစ်မျိုးရှိတယ်။ တောဘီလူးနဲ့
နန်းဘီလူး ဆိုပါတော့။ရုပ်သေးမှာ ဘီလူး လက်နက်ခင်းစကား၊ ဘီလူးတောချီး စကား၊
ဘီလူးကြိမ်း စကား၊ ဘီလူးပတ်တိုက် စကားရယ် လို့ ရွတ်တဲ့ စကားတွေရှိတယ်။
သူကြီး ဦးဖိုးတိုးကလည်း လူကချည်း ဘီလူးနဲ့တူတာ မဟုတ်ဘူး။ စကားပြောရင် လည်း
ကြိမ်းကြိမ်းခြိမ်းခြိမ်း ရှိတဲ့လူ။ ဘယ်သူ့ကို မဆို
ဆူဆူငေါက်ငေါက်ရှိတဲ့လူ။ ရုပ်သေးစကားနဲ့ပြောရင်- “ဘီလူးထိပ်ပိတ်၊ ယင်
ကောင်ကို အံစောင်လို့ ကြိတ်နေကျ၊ အတိတ် ဖြာဖြာ ဟိတ်သမ္ဘာနှင့် မိစ္ဆာကောင် ငါ
ဖြစ် တော့သကိုး။ အခင်းမရှု တကယ်အမှန် ကျယ် တစ်ဉာဏ်နဲ့ ဘယ်ရန် က ခုကြမတုံး။
ဘယ်လိုကောင်မှ
အမှု မထား၊ ဗိုလ်ထုတပ် တစ်ကြော မဟီတွင်၊ ခေါဘဏီ များသော်လည်း၊
တစ်ပါးညွန့်ဘုန်း၊ စွယ် ရောင် မြထက်မှီအိမ် တွင် သက်ဇီဝိန်ပြုန်းကြ
မဟဲ့နော်” ဆိုတဲ့ လူမျိုး။
ရွာကလည်း သူကြီး ဦးဖိုးတိုးကို မေတ္တာ
မရှိကြဘူး။ ဦးပိုးထိုး ခေါ်ကြတယ်။ နချေးပုံတွေနား ရှိတတ်တဲ့ န
ချေးပိုးထိုးကောင်လို့ ခေါ်ကြ တာပါ။ လွှချောင်းလို အစွယ်ကို ရှေ့ထုတ်ပြီး
တရှီးရှီးနဲ့ အော်တတ်တဲ့ နွားချေးထိုးပိုး ဆိုတဲ့ သဘောပဲ။သူကြီးရှေ့ တော့
အဲသလို ဘယ်ခေါ်ဝံ့ ကြပါ့မလဲ။ သူကြီးမင်း ခေါ်ကြရတယ်။ တစ်ခါက ရွာ သားတစ်ယောက်က
သူကြီး ခေါ်လို့တဲ့ နရင်း ထအုပ်တယ်။ “ခွေးမသား၊ ဘာ သူကြီးလဲ၊
သူကြီးမင်း ခေါ်မှပေါ့ကွ၊ မင်းဆိုတာ ဘုရင်ကို ပြောတာလောက်တော့ သဘော
ပေါက်မှပေါ့၊ မင်းတို့ ရွာက ဘုရင်ဆိုမှတော့ ငါ့ အပေါ် ဘယ်ကောင်
ရှိသေးလို့တုံး”
“တစ်ကောင်မှ မရှိပါဘူး သူကြီးမင်း”
“ဘယ်လိုကွ၊ ငါ့ကို တိရစ္ဆာန်လို့ ပြောချင်တာလား”
“အဲသလိုတော့လည်း မဟုတ်ပါဘူး”
“အံမာ- ခွေးမသား၊ အဲ သလိုတော့ မဟုတ်ပါဘူးဆို တော့ ဘယ်လိုများရှိသေးလို့ တုံး”
သူကြီးမင်း ဦးဖိုးတိုးက စားကောင်းတယ်၊ မစား ကောင်းတယ် မရှိဘူး။ သေး
တဲ့အမှုကို ကြီးအောင် လုပ် တယ်။ ကြီးတဲ့အမှုကို ရှုပ် အောင်လုပ်တယ်။ ရှုပ်တဲ့
အမှု ကို ထွေးအောင်လုပ်တယ်ဆို တာမျိုးကိုး။ သည်လို စား လွန်းလို့
ရွာကသူကြီးပါးစပ် က လေးထောင့်ကြီးဆိုတော့ စားရောပေါ့တဲ့။ ပါးစပ်လေး
ထောင့်ကြီးဆိုတာ တင်စား ပြောတာ မဟုတ်ဘူး။ တကယ့်ကို လေးထောင့်စပ်
စပ်ကြီးရယ်။ မျက်လုံးက မျက်ခွံပိတ်ကြီးနဲ့။ ငှက်ကြီး တုံးစပ်ကို ရွှံ့ရေထဲက
ချောင်းတဲ့ မိကျောင်းသာ ကြည့်တော့။
သူကြီးကတော် မဗျိုက်ကလည်း
မထူးဘူး။ လင့်ပါ ၀ါနဲ့ ရက်ကန်းစင်တွေလိုက် ကြည့်တယ်။ အဆင်ကောင်း
များတွေ့ရင် တန်းက ဖြုတ်ယူ တယ်။ မုဆိုးမ မုန့်ပေါင်း သည်တောင် မလွတ်ဘူး။
မုန့်ပေါင်းလုပ်လို့ ပထမဆုံး တစ်ယှက် မီးဖိုနတ်တင်ပြီး ရင် ဒုတိယတစ်ယှက်က
သူကြီးကတော် မဗျိုက်ဖို့ရယ် လို့ ဖယ်ထားရတယ်ဆိုရင် ယုံတော့။ သူကြီးအိမ်က
ဆွမ်းကျွေးတော့ ကြွလာတဲ့ ဆရာတော်ကတောင် “ဒကာ ကြီး၊ ယောဂီသူတော်ကောင်း
များဟာ အစာအာဟာရအလို ကို မလိုက်ရဘဲ စက်ဆုပ်ရွံရှာ ဖွယ်ရယ်လို့ ဆင်ခြင်တဲ့
အမှတ် သညာရှိရတယ်။အာဟာရေ ပဋိကူလသညာ ခေါ်တယ်” လို့ ဆုံးမတော့ သူကြီးက
“ကိုယ်တော်သာ ဘိက္ခုသီလ လုံပါစေဦး”တဲ့။“၀ိသုဒ္ဓိဖြစ် ပါစေဦး” တဲ့။ သူကြီးက
ဘုန်းကြီးကျောင်းထွက်ဆို တော့ ဆရာတော် ဘာသဘော နဲ့ မိန့်တယ်ဆိုတာ သိတယ်။
ရဟန်းကတောင် ဆုံးမလို့ မရတဲ့ သူကြီးဆိုတော့ ရွာက ဘုရားရှင်နဲ့ တွေ့မှ
ကျွတ်မယ့် သတ္တ၀ါပါကွာတဲ့။ တချို့က လည်း သစ္စက ပရဗိုဇ်တဲ့။ ပြောရင် အများကြီး
ပြောရ လိမ့်မယ်။ ထားတော့။ အဲသည် သူကြီးရဲ့ လက်သုံး တပည့်က တောဇော်ပဲ။
၃။
တောဇော်က လူကသာ အသက်သုံးဆယ် မကျော် တယ်။ အချုပ်နဲ့ ထောင်ကျ တာက
အကြိမ်သုံးဆယ် ကျော်ပြီ။ မွေးကတည်းက နက္ခတ်မကောင်းတဲ့ တောဇော် ကို မအေကလည်း
မနိုင်ဘူး။ ရပ်ရွာကလည်း မနိုင်ဘူး။ တောဇော်က ငယ်ငယ်က တည်းက စရိုက်ဆိုးတယ်။
တောစိတ်ဝင်နေတဲ့ သတ္တ၀ါ တစ်ကောင်လိုပဲ မှုန်တေတေ မဲ့ခွက်ခွက်နဲ့ အမြဲရန်လိုနေ
တတ်တယ်။ ဆယ်နှစ်သား လောက်တုန်းက ချိုးထောင် တယ်။ ချိုးလို ကောင်း
ကောင်းကူတတ်တယ်။ ချိုးကူတယ် ဆိုတာက အမှတ် တမဲ့ဆိုရင် အတူတူပဲလို့
ထင်ရပေမယ့် မတူဘူး။ ချိုး တွေက ရာဇ၀င် လူဆိုးများ ကိုယ့်နယ်နဲ့
ကိုယ့်အပိုင်စား ရှိကြသလိုပဲ သူ့နေရာ၊ ကိုယ့် နေရာရှိတယ်။ များသောအား ဖြင့်
ချိုးကူတယ်ဆိုတာ ချိုး မကို လာရစ်တဲ့ နယ်ခံချိုးနဲ့ ဧည့်ချိုးတို့ရဲ့
စိန်ခေါ်သံ မဟုတ်လား။
ဒါတွေ အားလုံးကို တောဇော်သိတယ်။ ချိုးတွေတောင်
ချိုးဥက္ကဋ္ဌတင် ချင်လောက်အောင် ချိုးအထာ သိနေလေတော့ တောဇော် ချိုးထောင်လို့
ချိုးမရတဲ့နေ့ မရှိဘူး။ ထားတော့၊ ဆယ့် နှစ်နှစ်သားမှာ ထန်းလျက် အရက်
ကောင်းကောင်း ချက်တတ်နေပြီ။ ဆယ့်ငါးနှစ်သား မှာပဲ ဖဲကောင်းကောင်းရိုက်
တတ်ပြီ။ ဆယ့်ခုနစ် နှစ်သားမှာ ဂျင်ကောင်းကောင်းလှည့် တတ်ပြီ။
ဆယ့်ကိုးနှစ်သားမှာ လူဆယ့်ကိုးယောက် ရိုက်ခဲ့ပြီး ပြီ။ အသက်နှစ်ဆယ်ကျော်
တော့ နခိုးဂိုဏ်း ခေါင်းဆောင်လို့ မကောင်းသတင်း ထွက်တယ်။ အသက်အစိတ်ကျော်
ကျော်မှာ ဓားပြမှုနဲ့ အဖမ်းခံရ တာတွေ ဖြစ်လာပြီ။ မအေ အိုတောင် ပြောသတဲ့။
“တောဇော်ရယ်၊ နင့်မွေးတဲ့ ညက ရုပ်သေးစင်က ဇော်ထွက်နေလို့ ထင်ပါရဲ့။
နင့်မလည်း အကုသိုလ် ရှိန်းပြီး နေပါကောလား။ အမေ့ကို သနားရင်
ကိုရင်ကြီးဝတ်ပါ ငါ့သားရယ်”
ဆိုတော့ တောဇော်က ချက်ချင်း
သင်္ကန်းဆီးတယ်။ မအေ ကျေနပ်အောင် သုံးရက် ၀တ်ပြီး လူဝတ်ပြန်လဲလေရဲ့။
အကြောင်းပြချက်က သင်္ကန်း ယားလို့တဲ့။ ကနဦးတုန်းက တော့ သူကြီး
ဦးဖိုးတိုးနဲ့ တောဇော်က တည့်လှတာ မဟုတ်ဘူးရယ်။ သူကြီးက လည်း
သူကြီးအာဏာနဲ့၊ တောဇော်ကလည်း လူမိုက်ပါ ၀ါနဲ့ဆိုတော့ ထိပ်တိုက်တိုးကြ တာ
များခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်တော့ သူကြီးက နောက်ဆုတ်လိုက်တယ်။ နည်းဗျူဟာက
တောဇော်နဲ့ အဆင်ပြေဖို့၊ မဟာဗျူဟာက တောဇော်ရဲ့ မိုက်လုံးကြီးမှုကို
အသုံးချဖို့။ တောဇော်ကတော့ မသိဘူးပေါ့။ ဆင်ကန်း ၀ တော(၀ါးတော) နင်းသလို
ရွာမှာ လူလည်လုပ်နေတာပါ ပဲ။ တစ်ရက် တောဇော်ကို ထတဲက
မြူအိုးတွေရိုက်ခွဲမှုနဲ့ သူကြီးက တစ်ညလုံး ထိတ် တုံးခတ်တယ်။ တောဇော်
ခြေထောက်နှစ်ချောင်း ထိတ် တုံးပေါက်တွေမှာ စွပ်ပြီး သော့ခလောက်ကြီးနဲ့
ထိပ်က ခတ်လိုက်တယ်။ ဒါပါပဲ၊ တစ်ညလုံး နှင်းတောထဲနေ ပေရော့ပေါ့။ အညာပြာသိုလ
ချမ်းချမ်းစီးစီးထဲ ကွင်းပြင် ထဲ ထိတ်တုံးခတ်ပြီး ပစ်ထား ပြီ ဆိုကတည်းက
သူကြီး တော့ သူ့ကိုသတ်နေပြီဆိုတာ တောဇော်ကလည်း သိတယ်။ မနက်မိုးလင်းတော့
သူကြီး တောင် လန့်သွားလေရဲ့။ ဖြစ် ပုံက တောဇော်က မီးတောင် လှုံနေသေးတယ်။
ခတ်ထား တဲ့ကြေးသော့ ပြုတ်နေတဲ့ အပြင် ထိတ်တုံးလုပ်ထားတဲ့ ခြောက်နှစ်
(၆”×၂”) သစ်ပျဉ် တုံးနှစ်တုံး ထိပ်ဆိုင်ပြီး မီး ဆိုက်ထားလိုက်လို့။ တော
ဇော်က မီးလှုံရင်း ထပင်မြစ် (ထန်းပင်မြစ်) တောင် ဖုတ် စားနေလိုက်သေး။
“တောဇော်၊ မင်းတော့ မနက်လင်းရင် အလောင်း ကောက်ရပြီထင်သာ၊ မင်းက
ထိတ်တုံးတောင် မီးဆိုက် နေပါကောလားကွ။ ပေးစမ်း ကွာ၊ ထပင်မြစ်တစ်ချောင်း။
နေပါဦးကွ၊ မင်းကို ဘယ်သူ ဖြုတ်ပေးတာတုံး”
“တောဇော်ဗျ၊
ရှိန်းပြီးပြီးသား၊ နောက်တစ်ခါ ခင်ဗျားအိမ်ကို ဇောက်ထိုး
မှောက်ပစ်လိုက်မယ်။ ဗျတ်ဝိ၊ ဗျတ္တ ညီအစ်ကို ဇော်ဂျီဖို ၀င်သားစားပြီး
ကျောင်း မှောက်တာ ခင်ဗျား ကြားဖူးတယ် မှုတ်လား”
သူကြီး ဦးဖိုးတိုးက
သည်ကတည်းက တောဇော်ကို တော်တော် လန့်သွားတယ်။ တောဇော်က လူမိုက်၊
မိုက်ရုံတင် မကဘူး၊ ညစ်တယ်။ ညစ်ရုံတင် မကဘူး၊ ယုတ်တယ်။ ယုတ်ရုံတင် မကဘူး၊
ပက်စက်တယ် ဆိုတာ သူကြီး ဦးဖိုးတိုးသိတော့ သူ့အနား ထားဖို့ ဆုံးဖြတ်
လိုက်တယ်။ ဟုတ်သားပဲ။ ဖိုးတိုးနဲ့ တောဇော်ပေါင်းရင် ကိစ္စပြီးပြီပေါ့။
ကျောင်းတောင် မကဘူး၊ ရွာပါမှောက် နိုင်ပြီပေါ့။ သည်ကတည်းက တောဇော်
သူကြီးအိမ်ရောက် လာတာပဲ။ တောဇော်က သူကြီးအိမ် ရောက်ကတည်းက
မောင်းကြီးထုဖို့လောက် ချောင်းနေတာ ဆိုတော့ သူကြီးကတောင် မောင်းဘု
ဝှက်ထားရတယ်။ ရွာကတော့ ကြက်နာ ကျလို့ ဗေဒင်မေးပါတယ်။ ကြက်သတ်ပြီး နတ်တင်ရ
မယ့်ကိန်းတော့ ဆိုက်ပြီလို့ တွက်ကြတယ်။
၎။ “တောဇော်၊ ငါတော့ ဓမ္မသတ်ပြင်ချင်သကွ”
“ပြင်ရုံပေါ့ သူကြီးရ၊ မောင်းထု လိုက်ရမလား”
တောဇော်က ဓမ္မသတ် ပြင်မယ်ဆိုတော့ လူအားများ များသုံးရမယ် ထင်တာကိုး။
သူကြီးက သူ့လုပ်ပိုင်ခွင့်ထဲ က သူကြီး ကြေးရတာနည်း လို့ ဓမ္မသတ် ပြင်ချင်တယ်
ပြောတာကို တောဇော်က နား မလည်ဘူး။ သူကြီးက ဆက် မေးတယ်။ “မင်း ကာလံ ဒေသံ
အဂ္ဂံဓနံ ဆိုတာ ကြား ဖူးသလား” တဲ့။ တောဇော် က “ဘုရားရှိခိုးလား” တဲ့။
“မင်းကလည်း ဘုရား ရှိခိုး ရမှာလားကွ၊ ကာလံဆိုတာ အမှုအခင်း ဖြစ်တဲ့
အချိန်ကို ပြောတာ၊ ဒေသံဆိုတာ အမှုဖြစ်တဲ့ နေရာကို ပြောတာ၊ အဂံ္ဂဆိုတာ
အမှုရဲ့တန်ဖိုးကို ပြောတာ၊ ဓနံ ဆိုတာက လုပ် တတ်ကိုင်တတ်ရင် အမှုနဲ့တင်
စီးပွားဖြစ်တယ်လို့ ပြောတာ မောင်ရ”
“ရှင်းရှင်းပြောစမ်းပါ သူကြီးရာ၊ ခင်ဗျားဟာက လည်း အိုးပဲ့ချင်း တိုက်နေ ပြန်ပြီ”
“နရင်းထအုပ်လိုက်ရ၊ ရှေးက အမှုအခင်းများရှိလာ ရင် ဓမ္မသတ်နဲ့ ညှိပြီး ဆုံး ဖြတ်ရတာရှိတယ်”
“ဓမ္မသတ်ဆိုတာ ဘာ ကောင်တုံး၊ ညှိစရာမလိုပေါင် သူကြီးရာ၊ ရိုက်ရုံပေါ့”
“ခက်ပါ့ကွာ၊ ဓမ္မသတ် ဆိုတာ လူမဟုတ်ဘူးကွ၊ တရား စီရင်တာကို ပြောတာ”
“ဓမ္မသတ် ဘာလိုလို့တုံး သူကြီးရ၊ ခင်ဗျား ပါးစပ်က ဓမ္မသတ် ဖြစ်နေမှပဲ”
“ပါးစပ်ပိတ်ထားကွာ၊ ရှေးက ကမ္ဘာလေးရပ်တရား စီရင်တာရှိတယ်၊ စာထဲဖတ်
ဖူးတာပေါ့ကွာ။ ရေလား၊ ဆန်ဝါး၊ ခဲထောက်၊ မီးပြိုင် တဲ့။ ငါ့ရွာ
ကျစ်ချောင်းမှာ အမှုအခင်းရှိရင် သည်လေး မျိုးနဲ့ စစ်မလားလို့”
“တခြားရွာက သူကြီးတွေ ပြောသံကြားလို့လား”
“ငါ့ရွာ ငါ့သဘောကွ။ နေဦး၊ ရေလားတို့၊ ဆန်ဝါး တို့၊ ခဲထောက်တို့၊ မီးပြိုင်တို့ မင်း နားလည်မှာ မဟုတ် ဘူး၊ သည်လို...”
သူကြီး ဦးဖိုးတိုးက သူ့ တပည့် တောဇော်ကို မန် ကျည်းပင်ကြီးအောက်က
လက်တန်းပြုတ် ထန်းကုလား ထိုင်ပေါ်ထိုင်ရင်း ရှင်းပြ တယ်။ ကမ္ဘာလေးရပ်ဆိုတာ
ကမ္ဘာစောင့် နတ်လေးပါးက စီရင်တာဖြစ်လို့၊ တရား ဖြစ်လာရင် ကံဆိုး၊ ကံကောင်း
ရွေးရတဲ့ ဓမ္မသတ်ဖြစ်လို့ မှားရင်လည်း ကိုယ့်ကိစ္စ မဟုတ်တဲ့ အကြောင်း သူကြီးက
စရှင်းပြတာပါ။ တောဇော်က သူကြီးကို မျက်လုံးပြူးကြည့်တယ်။
“နေပါဦး
သူကြီးရဲ့၊ ကမ္ဘာစောင့်နတ်လေးပါးက ဘယ်ကနေဘယ်လို ကျုပ်တို့
ရွာကျစ်ချောင်းကို ရောက်လာ မှာတုံး၊ နတ်စရိတ်က ပိုကြီး နေမှာပေါ့၊
ခင်ဗျားဟာက မဟုတ်သေးပါဘူး”
“ခက်တဲ့ကောင်ကွာ၊ ကမ္ဘာစောင့်နတ်တွေကတော့ ဘယ်လာမှာတုံးကွ၊ အမှု ဖြစ်လာရင် သူ့ကုသိုလ်နဲ့ သူ့ကံ ပါဆိုမှ”
“အေးလေ၊ သည်ကြား ထဲ သူကြီးက ဘာသွားစား မှာတုံး”
“နှစ်ဖက်စားလို့ရတဲ့ နည်းတွေရှိပါသကွာ၊ ကိုင်းပါ သည်လိုကွ”
“မီးပြိုင်ဆိုတာက တန် ခိုးကြီးဘုရားတစ်ဆူရှေ့မှာ အမှုဖြစ်တဲ့ လူနှစ်ယောက်
ဘုရားရှိခိုးရမယ်။ ဖယောင်း မီးတိုင် ရွယ်တူနှစ်တိုင် နှစ် ယောက်စလုံးက
တစ်ပြိုင် နက် မီးထွန်းရမယ်။ မီးအရင် ငြိမ်းတဲ့လူက အရှုံး။ မီးသေ သေးတဲ့ဘက်က
အနိုင်” တောဇော်က ရေးတေး တေးတော့ သဘောပေါက်ပုံ ရတယ်။
သူကြီးက-
“ရေလား ဆိုတာကျတော့ ရေထဲမှာ လူ့ ပခုံးလောက်နက်တဲ့ ရေကန် ထဲမှာ ၀ါးတစ်တာခြား
တိုင် နှစ်တိုင်စိုက်ရမယ်။ တိုင်နှစ် တိုင်ပိုင်းတန်းပစ်၊ တိုင်ဖျား
ပရိတ်ပန်းချည်ပြီးရင် တရား ပြိုင်နှစ်ယောက်ကို ခေါ်။ သူတို့ ခေါင်းမှာလည်း
ပရိတ် ပန်း၊ ပရိတ်ချည် ပန်ခိုင်းထား ရမယ်။ ပြီးပြီဆိုရင် တရား
ပြိုင်နှစ်ယောက်ကို ရေထဲဆင်း ခိုင်း၊ တိုင်တစ်တိုင်စီမှာ ခါးကြိုးချည်ပြီး
ရပ်ခိုင်း၊ နှစ်ယောက်စလုံးရဲ့ ပခုံးပေါ် ၀ါးတစ်လုံးပစ်ပြီး ငုပ်ကြတော့
ဆိုတာနဲ့ ၀ါးကို ဖိချရုံပဲ။
“နာရီိစောင့်တဲ့ လူတော့
ရှိရမကွ...အဲသည့်လူကပါ ဘေးက ရေငုပ်ပြီး သူကိုယ် တိုင် မအောင့်နိုင်လို့
ပေါ်လာ တော့မှ တရားပြိုင် နှစ်ယောက်ကို ဖော်ရမှာ၊ အရင် ပေါ်တဲ့ တရားပြိုင်က
အရှုံး၊ နောက်မှပေါ်တဲ့ တရားပြိုင်က အနိုင်”
“ဘယ်သူမှ မပေါ်ဘဲ သေကုန်ရင်ကော၊ သူကြီးရာ ခင်ဗျားဟာက မဟုတ်သေးဘူး”
“နှစ်ယောက်စလုံးသေ ရင် နှစ်ယောက်စလုံး ရှုံးလို့ ပေါ့ကွ”
“နှစ်ယောက်စလုံး ရှုံးတဲ့ အမှုရယ်လို့ ရှိလို့လား သူကြီးရာ”
“ဆန်စားဆိုတာက တန်ခိုးကြီး ဘုရား တစ်ဆူရှေ့မှာ သင်ပုတ်ပွဲ၊ နတ်ပွဲ တင်ရ
မယ်။ ပြီးရင် ဖွပ်ပြီးသား ဆန်တစ်ပဲသားစီ အမျှချိန်ပြီး ဖက်ကတော့ထဲထည့်၊
ပြီးမှ တရားပြိုင်နှစ်ယောက်ရဲ့ လည်ချောင်းထဲ ဆတ်ခနဲ လောင်းချပြီး
ချက်ချင်းဝါး ချက်ချင်းမျိုချရမယ်။ မစား နိုင်တဲ့ သူက အရှုံး။ ခဲ
ထောက်တယ်ဆိုတာကတော့ ဘုရားတစ်ဆူရှေ့မှာပဲ နတ်ပွဲ၊ သင်ပုတ်ပွဲနဲ့တကွ အမှုရင်
ဆိုင်ရမယ့် နှစ်ယောက်ကို ခေါ်ပြီး ခဲပူရည်ထဲ လက်ညှိုး တစ်ဆစ်စာ တစ်ပြိုင်နက်
နှစ် လိုက်ရမယ်။ ပူလွန်းလို့ လက် အရင် နုတ်တဲ့လူက အရှုံး”
“ခင်ဗျားဟာ အမှုက လည်း ရှုံးရသေး။ လက်ညှိုး တစ်ဆစ် ပါပစ်ရမယ့် ကိန်းပါလား သူကြီးရာ”
“အဲဒါ မင်းအလုပ် မဟုတ်ဘူးကွ၊ တို့က အမှု ကြေး တစ်ဆယ်၊ တိုင်ဖိုး ၀ါးဖိုး၊
သစ်ဖိုး၊ ကြိုးဖိုး၊ ကန် တော့ပွဲဖိုးက တစ်ဆယ်၊ အမှု မပြိုင်ခင်
မန္တန်တိုင်ပေးခက တစ်ဆယ်၊ တစ်မှု သုံးဆယ်ရ ဖို့ လိုသာပါ။ ငါတွက်ပြီး သားပါ”
“ဘယ်မှာတုံး မန္တန်က”
“ကျမ်းစာအုပ်ထဲမှာ ရှိသကွ၊ အဲဒါကို မင်းက ကျက်ရမှာ။ မီးလား၊ ရေ လား၊
ခဲထောက်၊ မီးပြိုင်၊ လေးမျိုးရှိတော့ မန္တန်လေး ပုဒ်
ဂျောင်းဂျောင်းပြေးအောင် ကျက်ရမယ်”
“ကျုပ်က စာမတတ် ဘူးဗျ”
“နှုတ်တိုက်ရအောင် ကျက်ပေါ့ကွ၊ မင်းနှယ်”
“ခင်ဗျားဟာက ဘယ်တော့ စမှာတုံး”
“မင်းအပေါ် မူတည် တာပဲ၊ မင်းမန္တန်တွေ ရပြီဆို တာနဲ့စမှာပဲ၊ တစ်ရက်မောင်း
ထုပြီး ရွာထဲကလူတွေ ခေါ် မကွ၊ ရှင်းပြမကွ။ နေဦးကွ၊ မေ့နေလို့။ မင်းဖို့
ပိတ်ဖြူတစ် ဆင်စာ ချုပ်ပေးရဦးမယ်...”
“မိုးကြိုး ပစ်နေပါဦးမယ် သူကြီးရာ”
သည်လိုနဲ့ မြန်မာ သက္ကရာဇ် ၁၁၅၀ လောက်မှာ ကျင့်သုံးခဲ့တဲ့ ရေစကြိုခုံတော်
ဦးမှိုင်းရဲ့ အမှုအခင်း ကောက် ချက်ဖြတ်စာ စီရင်ထုံးတွေ ဟာ ၁၃၁၄ ခုနှစ်လောက်
ရောက်မှ ကျစ်ချောင်းရွာ သူကြီး ဦးဖိုးတိုးလက်ချက်နဲ့ တစ်ကျော့ပြန်
ပေါ်လာခဲ့ တယ်။ တစ်သက်လုံးက အချုပ်ထဲထောင်ထဲ စွတ် ကယ်စွတ်ကယ်ဝင်ခဲ့ဖူးတဲ့
တောဇော်ကလည်း သူကြီး ကောင်းမှုနဲ့ ခုံတော်ဦးတော ဇော် ဖြစ်ရပြီပေါ့လေ။
သူကြီးအိမ် မန်ကျည်းပင်ရိပ် မှာ သူကြီး ချပေးတဲ့ မန္တန် လေးပုဒ်ကို
နှုတ်တိုက်ကျက် ရတာ မလွယ်ပေမယ့် အချိန် တန်တော့ရတာပါပဲ။ တောဇော်
ဉာဏ်မကောင်းတော့ သူကြီးက လျှာထွက်အောင် ရွတ်ပြရတာပါ။
“မဟုတ်
မမှန်သည်ကို ဆိုပမိချေသော် လောဘ၊ ဒေါ သ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိ ကိစ္ဆာ၊
ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ အဟိ ရီက၊ အနောတ္တပ္ပ၊ အဘိဇ္ချာ၊ ဗျာပါဒ တည်းဟူသော
အကုသိုလ်တရား ဆယ်ပါး တို့သည် တိုက်တွန်း နှိုးဆော် အပ်သည်ဖြစ်၍...”
“မဟာနဂရ သောဠသ နှင့် နိဂမဇနပဒ ထိုမှများစွာ အရွာရွာနှင့်၊ မဟာသမုဒ္ဒရာ
တစ်သီး၊ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ၊ သီတာခုနစ် တန်၊ သတ္တရဘန်၊ တောင်
စဉ်ခုနစ်ထပ်၊ လေးရပ်ဗဟို၊ မြင့်မိုရ်ထိပ်ချာ၊ ဟိမ၀န္တာ မယွင်း၊
အိုင်မင်းတောတောင် ကုန်အောင်အစဉ်၊ စောင့်ထ ကျင်သည်၊ ပည်းဖြင်ဒေ၀၊
ဘုမ္မာရုက္ခာ၊ အာကာသစိုး၊ တန်ခိုးကြီးမြတ်၊ သူရဿတီ၊ စန္ဒီပရမီသွာ၊ မဟာပိန္နဲ၊
နတ်ရဲ နတ်ကောင်း...”
၅။ အနီးအနား ဘယ်ရွာမှ မကြားဖူးတဲ့
ကမ္ဘာလေးရပ် ဓမ္မသတ် စီရင်ထုံးနဲ့ ဖြတ်စာချ နေပြီဆိုတဲ့ သတင်းဟာ ချက်ချင်း
ပြန့်သွားလေရဲ့။ ခရစ်နှစ် ၁၉၅၀ တစ်ဝိုက်လောက် တုန်းက ငွေတန်ဖိုးနဲ့ တစ်မှု
ငွေသုံးဆယ် ပေးပြီး အမှုဆိုင် ရတာထားတော့၊ ရွာသူရွာ သားတွေခမျာ ရေငုပ်လိုက်
ရ၊ မီးထွန်းလိုက်ရ၊ ဆန်ဝါး လိုက်ရ၊ ခဲရည်ပူထဲ လက်ညှိုး
နှစ်လိုက်ရနဲ့ဆိုတော့ အမှု မဖြစ်ရဲကြဘူး။ ဒါပေမဲ့ သူကြီးနဲ့ တောဇော်က အမှု
တွေ ဖော်ယူတယ်။ အမှုတွေ ဆင်ယူတယ်။ လူကောင်းတွေကို ချက်ချင်း တရားခံဖြစ်
အောင် လုပ်ရတာ လောကမှာ ခက်တဲ့ အလုပ်မှ မဟုတ်ဘဲကိုး။ အဆိုးဆုံးက သုံးကျပ်တန်
အမှုကလည်း ငွေသုံး ဆယ် လက်ရောက် အပ်ပြီးမှ ပြီးရတာဆိုတော့ အမှုရယ်လို့
ဖြစ်လာရင် အမှုက နောက်မှ ရှင်း၊ ငွေသုံးဆယ်ကို ငွေတိုးနဲ့ အရင် ရှာကြရတယ်။
အမှု စီရင်ရမယ့်နေ့ ဆိုရင် လူမိုက် တောဇော်က ခုံ တော်ဦးတောဇော် ဖြစ်ရော။
ပိတ်ဖြူခေါင်းပေါင်း၊ ပိတ်ဖြူ အင်္ကျီ၊ ပိတ်ဖြူပုဆိုးနဲ့ ဆွမ်း ဆန်လည်ခံတဲ့
ဖိုးသူတော် သာ ကြည့်ပါတော့။ မျက်နှာ ပိုးက မသေချင်ဘူး။ ဟန် လုပ်ထားရတာကိုး။
“ကျွန်ပ်ဆိုသော စကား၊ ထွက်သောစကားသည် မဟုတ်မမှန်ရှိခဲ့သော် ယခုငုပ် အံ့သော
ရေ၌ နေကြကုန် သော ဆယ်ကုဋေပေါင်း၊ မိ ကျောင်းလင်းပိုင်၊ ကြီးခိုင်ခွန် အား၊
နဂါးမြွေကြီး၊ ဆီး၍ ဟပ်မျို၊ ထိုထိုလိပ်ငါးမကန်း၊ ငမန်းဆင်၊ အလျင်တဆော၊
သောသောလည်းအုံ၊ စားကုန် လုယက်၊ သွေးသားပျက်၍၊ အသက်ခန္ဓာ၊ ခုမကြာလျှင်”
ကျစ်ချောင်းရွာက ရွာ သူရွာသားတွေခမျာ သူကြီးနဲ့ တောဇော်ကြောင့် ရွာမှောက်
ကြရပြီ။ တချို့ကလည်း ငါတို့ရွာ ကျစ်ချောင်းတော့ ပစ္စန္တရစ် ဖြစ်ပြီတဲ့။
ပစ္စန္တရစ် ဆိုတာက တိုင်းစွန်ပြည်ဖျား က ခြောက်ခြောက်ခန်းခန်း ရွာပေါ့လေ။
တချို့က ဝေး ဝေးကို ပြောင်းကြတယ်။တချို့ ရွာနီးချင်းရွာတွေဘက် ရွှေ့ကြတယ်။
ကိုယ့်ယာလေး ကိုင်းလေး ရှိသူတွေကတော့ ပြောင်းဖို့ရွှေ့ဖို့ ခက်တာကိုး၊
ကျစ်ချောင်းမှာပဲ မျက်စိမှိတ် နေကြရတယ် ပြောပါတော့။ ကျစ်ချောင်းနဲ့
မကင်းနိုင်သူ ကတော့ တောဇော်ရွတ်တဲ့ မန္တန်နဲ့ လွတ်ဖို့ ခဲယဉ်းသားပဲ။
“နတ်ရဲ၊ ဘီလူးရဲ အပေါင်းတို့သည် ဒေါသမူ စိတ်နှင့် မကောင်းသော ကြည့်ရှု
စောင်မခြင်းဖြင့် စောင့်ရှောက်ကြသည် ဖြစ်၍၊ အကုသိုလ် ဆယ်ပါးတို့ ဖိစီး
နှိပ်စက်၊ သွက်ချာပါဒ...”
၆။ ကမ္ဘာ့ မိုးကြိုးတွေ ဘယ်လို
ပစ်နေသလဲတော့ မပြော တတ်ဘူးပေါ့။ မြန်မာ့မိုးကြိုး ကတော့ ကိုးမျိုး ရှိတယ်။
အသံမပြုဘဲ ရုတ်ခြည်းကျ သော မိုးကြိုး၊ လောင်မီးမိုး ကြိုး၊
ကြက်တောင်ဖြန့်သကဲ့ သို့ကျသော မိုးကြိုး၊ ထွန်တုံး ကဲ့သို့ကျသော
မိုးကြိုးတွေ ပေါ့လေ။ တစ်ရက်မှာ သူကြီးနဲ့ တောဇော် ဆရာ တပည့် ရွာဦးက
စေတီဘေး ထိမ်ပင်အောက်မှာ အမှုအခင်း တစ်ခုအတွက် သင်ပုတ်ပွဲ၊ နတ်ယကာပွဲ
ပြင်နေကြတယ်။ တောဇော်က ပိတ်ဖြူစင် ကြယ်နဲ့၊ သူကြီးက ၀န်ဗောင်း နဲ့
စလွယ်နဲ့။ သည်မှာတင် နွေခေါင်ခေါင် ၀င်းခနဲ တစ် ချက်လက်လိုက်ပြီး မိုးကြိုး
ပစ်ချလိုက်ပါလေရော။ တချို့က ထွန်တုံးကဲ့သို့ကျသော မိုးကြိုးတဲ့၊
တချို့ကလည်း လောင်မီးမိုးကြိုးတဲ့၊ ဘာမိုး ကြိုးဖြစ်ဖြစ် သည်နှစ်ကောင်
တည့်တည့်မှန်ဖို့ အရေးကြီး တာပါကွာလို့ မေတ္တာပို့ကြသူ တွေလည်းရှိတယ်။
သူကြီးရော တောဇော်ပါ အကင်ဆိုင် က ဂျပန်ငါးနဲ့တောင် တူသေး တော့။
မည်းမည်းချိပ်လို့။
ရွာကတော့ အကုသိုလ်တွေ သိကြားမင်း ရှင်းမှ
လင်းတော့သတဲ့။ ကျစ်ချောင်းက အမယ်အိုတွေက အိမ်ရှေ့ ထွက်ပြီးတောင် ကကြသေး
တာပါ။ “မိုးကြိုးက တစ်ချောင်း ကျန်သေးတော်” ဆို တာလည်းပါရဲ့။ သူကြီး ကတော်
မဗျိုက်ကို ပြောချင်တာနဲ့ တူပါတယ်။ သူကြီး ကတော်က သူကြီးအလောင်း ကောက်ရင်း
ငိုတယ်။
“ဒါနဲ့ တောဇော်က ရှိန်း ပြီးဆို သူကြီးအိုရဲ့၊ ခုတော့ မိုးကြိုးတော့ မပြီးပါလား..”
သည်စကားကြား တော့ သားအလောင်းလာ ကောက်တဲ့ တောဇော်အမေ ကလည်း အော်ကြီးဟစ် ကျယ် ငိုပြန်ရော။
“တောဇော်ရေ...နင် တစ်သက်လုံး မိုက်ခဲ့တာ ဘယ့်နှယ်မှ မနေဘူး၊ သူကြီး နဲ့
ပေါင်းမှ မိုးကြိုးပစ်ခံရ ပါပကောဟဲ့၊ လူမိုက်ကြီးရဲ့။ လူတွေကို
ရေငုပ်ခိုင်းဦးလေ၊ မီးနှိုက်ခိုင်းဦးလေ၊ ဆန်ဝါး ခိုင်းဦးလေ၊ ခဲရည်ပူ လက်
ညှိုးနှစ်ခိုင်းဦးလေ။ မကြံ ကြီး မစည်ရာ၊ အခုတော့ နင်ကိုယ်တိုင်
ဇော်ဂျီဖိုဝင်သား ဖြစ်ပါပကောဟဲ့” တဲ့။ ကျစ်ချောင်းမှာတော့
သူကြီးနဲ့တောဇော် တစ်တော ရှင်းသကောရယ်လို့ ကောင်းကောင်းဝမ်းမသာ ၀ံ့ကြ သေးဘူး။ တောဇော် ပျောက်ပြီး နန်းဇော် ရောက်လာမှာလည်း ကြောက်ရသေးတာ မဟုတ်လား။
နောက်လာမယ့် သူကြီးက ကမ္ဘာလေးရပ် ဓမ္မ သတ်ကို လက်လွှတ်ဦးမှကိုး။
နေ၀င်းမြင့် (ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)
|
0 comments:
Post a Comment