နောက်ကလိုက်သူက ရှေ့လူရဲ့ပုဆိုးပြဲကို မြင်နိုင်တယ်
လူထုစိန်ဝင်း
ဒီမိုကရေစီရဖို့ စီးပွားရေးဖွံ့ဖြိုးတိုးတတ်ဖို့
ဘယ်ဟာက ပိုအရေးကြီးသလဲဆိုတဲ့ မေးခွန်းမျိုးမကြာခဏမေးခံရဖူး တယ်။ အထူးသဖြင့်စီးပွားရေးလုပ်နေတဲ့လူလတ်ပိုင်း
အရွယ်များက အများဆုံးမေးကြတယ်။
ခွဲစဉ်းစားရမယ့်ကိစ္စမဟုတ်
လူငယ်များသိပ်မေးလေ့မရှိဘူး။
သူတို့ကတော့ ဒီမိုကရေစီရဖို့လောက်အရေးကြီးတာ ဘာမှမရှိဘူးလို့ စွဲစွဲမြဲမြဲ ယုံကြည်ကြတယ်။
ကိုယ်တိုင်စီးပွားရေးလုပ်တဲ့အရွယ်မရောက်သေးလို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကိုယ်တိုင်ကတော့
ဒီမိုကရေစီရေး နှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတတ်ရေး နှစ်ခုဟာ သီးခြားစီခွဲပြီး စဉ်းစားရမယ့် ကိစ္စမဟုတ်ဘူးလို့
ယူဆတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတတ်ပေမယ့် ငြိမ်းချမ်းသာယာမှု မရှိရင်တိုးတတ်သမျှ တွေဟာ
သမင်မွေးရင်း ကျားစားရင်းဆိုသလို အချည်းအနှီးဖြစ်နေမှာဘဲ။ ငြိမ်းချမ်းသာယာမှုကို ဒီမိုကရေစီ တို့
ရှိနေပေမယ့် စီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုမရှိဘဲ တိုင်းသူပြည်သားအများစုက ဆင်းရဲတွင်းထဲမှာပဲ
နစ်နေ ကြမြဲ ဖြစ်နေရင်လည်း ငြိမ်းချမ်းသာယာမှုနှင့် ဒီမိုကရေစီဟာ အချိန်မရွေးပြိုကျပျက်စီးသွားနိုင်တယ်။
သိသာတဲ့နိုင်ငံနှစ်ခုလူဦးရေအင်မတန်များတဲ့
နိုင်ငံကြီးနှစ်ခုကို ကြည့်လိုက်လျှင်သိပ်သိသာတယ်။ နိုင်ငံကြီးတစ်ခုက စီးပွားရေးမှာ
အံ့မခမ်းဖြစ်လောက်အောင်တိုးတတ်တယ်။ ယှဉ်ပြိုင်ဘက်အားလုံးကိုကျော်ဖြတ်ထားနိုင်ခဲ့ပြီးအရှေ့ဆုံးတန်းကို
အမြန်ဆုံးရောက်လာခဲ့တယ်။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံတော့မဟုတ်ဘူး။ အဲဒီတော့ ငြိမ်းချမ်းသာယာမှု
အပြည့် အဝရှိတယ်လို့ မဆိုနိုင်ဘူး။ သူတို့အစိုးရက တရားဝင်ထုတ်ပြန်တဲ့ သတင်းများအရ ၂၀၁၀ခုနစ်
တစ်နှစ်တည်း မှာတင် ကျေးလက်က တောင်သူလယ်သမားဆန္ဒပြမှုပေါင်း ၂သိန်းကျော်ဖြစ်ခဲ့တယ်လို့သိရတယ်။
မြို့ပေါ်မှာလဲ အလုပ်သမားဆန္ဒပြပွဲလေးတွေ အမြဲလိုလိုကြားနေရတယ်။ ဒါတင်မကသေးဘူး အစွန်အဖျားဒေသတွေမှာ
ဘာသာရေးနှင့် လူမျိုးရေးအခြေခံ မငြိမ်သက်မှုတွေလည်း ပေါ်ပေါက်လာလေ့ရှိတာတွေ့ရတယ်။ ဒီနိုင်ငံကိုကြည့်ရင်
စီးပွားရေးတစ်ခုတည်း တိုးတတ်နေရုံနဲ့မလုံလောက်သေးဘူးဆိုတာကို သိမြင်နိုင်သည်။
ဒီမိုကရေစီဦးစားပေးခဲ့
နောက်နိုင်ငံတစ်ခုက
သူ့လိုပဲ လူဦးရေအင်မတန်များတယ်။ တိုင်းပြည်လွတ်လပ်ရေးရချိန်ကစပြီး ဒီမိုကရေစီ စနစ်ကို
ကျင့်သုံးခဲ့တာ အခုဆိုရင် နှစ်ပေါင် ၆၀ကျော်ခဲ့ပြီ စီးပွားရေးလည်းအများကြီးတိုးတတ်တယ်။
ဒါပေမယ့် ပထမပြောတဲ့နိုင်ငံကြီးကိုတော့မမီနိုင်ဘူး။ နှစ်ပေါင်း ၆၀လုံးလုံးသူက စီးပွားရေးထက်
ဒီမိုကရေစီရေးကို ဦးစားပေးလုပ်ခဲ့တယ်။ ဒါကြောင့် ဟိုနိုင်ငံကြီးထက် စာရင် ဈေးကွက်စီးပွားရေးကျင့်သုံးခဲ့ပေမယ့်
အမီမလိုက်နိုင် ပဲပြတ်ကျန်ခဲ့တာဖြစ်တယ်။ အဲဒီတော့ ဒီနိုင်ငံလည်း ငြိမ်းချမ်းသာယာမှုအပြည့်မရှိခဲ့ဘူး။
လူမျိုးရေးပဋိပက္ခတွေ နဲ့ ဘာသာရေးအဓိကရုဏ်းတွေ အမြဲလိုလို ပေါ်ပေါက်နေပြီး ဆုံးရှုံးနစ်နာမှုတွေ
အများကြီးကြုံတွေ့နေရတယ်။
မကြားဝံ့မနာသာတွေ
စီးပွားရေးလည်းတိုးတတ်၊
ဒီမိုကရေစီစနစ်လည်းအခြေခိုင်နေပြီ ဖြစ်တဲ့ အနောက်နိုင်ငံတွေမှာ ခေတ်ပေါ် အကြမ်းဖက်မှုမျိုးစုံ
သဏ္ဍာန်အမျိုးမျိုးနဲ့ ပေါ်ထွက်နေကြတာရော ဘာကြောင့်လဲလို့ မေးစရာရှိသည်။ သမာရိုးကျစီးပွားရေးသီအိုရီတွေနဲ့
နိုင်ငံရေးသီအိုရီတွေအရ ကြည့်မယ်ဆိုရင် ဒီနိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ အငြိမ်းချမ်းဆုံး၊
အသာယာဆုံး၊ နေချင်စဖွယ်အကောင်းဆုံးနေရာတွေ ဖြစ်နေရမှာ မဟုတ်လား။အခုတော့ လုံးဝ ပြောင်းပြန်ပဲ၊
မကြားဝံ့မနာသာ ကြမ်းကြုတ်မှုတွေနဲ့ လူမဆန်တဲ့ရက်စက်မှုတွေ နေ့စဉ်နဲ့အမျှ နားမဆံ့အောင်
ကြားနေရ မြင်နေရတယ်။
သွေးအနီးဆုံးသူစိမ်းတွေ
ဒီလိုဖြစ်ရတာတွေဟာ
အဓိကအကြောင်းနှစ်ခုကြောင့်လို့ ယူဆမိတယ်။ ပထမအကြောင်းကတော့ ဓနခွဲဝေမှု မညီမျှပဲ တစ်စောင်းနင်းဖြစ်နေခြင်းလို့
ထင်တယ်။ နိုင်ငံတိုင်းအလိုလိုမှာပဲ အလွန်လွန်ချမ်းသာသူတွေများ သလောက် အိုးတစ်လုံးဖျာတစ်ချပ်တောင်
မရှိတဲ့ ဆင်းရဲသူတွေလည်း အလွန်များတယ်။ ဒီကွာဟချက်တွေ ကြာလေ ကြီးလေဖြစ်နေပြီး နိုင်ငံအချို့မှာဆိုရင်
တူတဲ့ဘာသာစကားတစ်ခုတည်းပြောနေကြပေမယ့် တစ်ဦးနဲ့တစ်ဦး ဘယ်လိုမှ နားမလည်နိုင်ကြတဲ့
နိုင်ငံခြားသားတွေလိုဖြစ်နေကြတယ်။ သွေးအနီးဆုံး သူစိမ်းတွေပေါ့။
ငွေက အရှင်သခင်
တတိယအကြောင်းကတော့
ယှဉ်ပြိုင်မှုအင်မတန်ကြီးမားတဲ့ စီးပွားရေးစနစ်ကြီးထဲမှာ ရှင်သန်ရပ်တည်နေနိုင်ဖို့ အတွက်
တစ်ယောက်ခေါင်းတစ်ယောက်နင်းပြီးတတ်ရင်းတတ်ရင်းနဲ့ လူစိတ်တွေပျောက်ပြီး စိတ်မိုက် စိတ်ရိုင်းတွေ
ပေါ်လာကြလို့ပဲဖြစ်လိမ့်မယ်။ ဒီခေတ်စီးပွားရေးက ‘သမာအာဇီဝ’တို့ ဘာတို့မရှိတော့ဘူး။
လည်သူစားတမ်းပဲ။ ဒီတော့သူထက်ငါ လက်ဦးမှုရအောင် လုပ်စရာရှိတာကို ခပ်သွက်သွက်လုပ်ကြရတယ်။
ရှေးကလို လူကငွေကို ခိုင်းစားတဲ့ခေတ်မဟုတ်တော့ဘူး။ ငွေကလူကို ခိုင်းစားတဲ့ခေတ်။ ငွေက
အရှင်သခင်ခေတ်ရောက်သွားပြီ။
ကောင်းတာလည်းရှိ
မြန်မာနိုင်ငံသည်
သူများတွေနောက် နှစ်ပေါင်း၅၀ ပြတ်ကျန်ခဲ့နေပြီး၊ အခုမှစီးပွားရေးရော ဒီမိုကရေစီပါပြန်လည်
ထူထောင်ရေးလုပ်ရမှာဖြစ်တယ်။ နှစ်၅၀ကွာဟချက်ဆိုတာ နည်းနည်းနှောနှောမဟုတ်ဘူး။ အားလုံးတတ်ညီ
လက်ညီ ကုန်းရုန်းလှော်ခတ်နိုင်မှ တန်ကာကျမှာ။ အကောင်းဘက်ကလှည့်တွေးရင်လည်း တွေးလို့
ရတာရှိတယ်။ သူများတွေ ထက်နောက်ကျနေတော့ သူများတွေ အရှေ့ကကြုံတွေ့ခဲ့သော ပြဿနာတွေကို
သင်ခန်းစာယူပြီးရှောင်လို့ရသမျှ ရှောင်နိုင်တာဖြစ်တယ်။ မရှောင်နိုင်တာကိုလည်းသက်သာနိုင်အောင်
နည်းလမ်းရှာကြံ လုပ်ဆောင်နိုင်တယ်။
လူမှုဖူလုံရေးနိုင်ငံများ
ဓနခွဲဝေမှုမညီမျှတဲ့
ပထမအကြောင်းအရင်းကို ဖြေရှင်းရာ၌လည်း နိုင်ငံတစ်ခုနဲ့တစ်ခု မတူနိုင်ဘူး။ တိုးတတ်မှု
အဆင့် နောက်ခံသမိုင်းကြောင်းစတဲ့အကြောင်းများစွာကိုကြည့်ပြီး ကိုယ့်နဲ့သင်တော်ရာကို
သုံးကြရတယ်။ လူမှုဖူလုံရေးနိုင်ငံများလို့ ခေါ်ကြတဲ့ ဥရောပ မြောက်ပိုင်းနိုင်ငံများမှာတော့
အခမဲ့ပညာရေး၊ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုစတဲ့လူမှု ဖူလုံရေး လုပ်ငန်းများကို အစိုးရက
တာဝန်ယူလုပ်ဆောင်တဲ့နည်းကို ကျင့်သုံး ဆောင်ရွက်တယ်။ အမေရိကန်လို နိုင်ငံကြီးကတော့
အစိုးရပါဝင်ပတ်သက်မှုကို နည်းနိုင်သမျှနည်းအောင် လျော့ချပြီး ပုဂ္ဂလိက အာမခံလုပ်ငန်းများနှင့်
ဘဏ်လုပ်ငန်းများက ကျန်းမာရေးအာမခံလုပ်ငန်း၊ ပညာရေးချေး ငွေလုပ်ငန်း စတာတွေကို ဝင်ရောက်လုပ်ကိုင်ကြတယ်။
ဝင်ငွေကွာဟချက် အလွန်အမင်း ကြီးမားမနေအောင် အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်ဥပဒေနဲ့ထိန်းချုပ်ထားတယ်။
တက္ကသိုလ်စက်ရုံတွေ
ငွေကြောင့်လူစိတ်ပျောက်ပြီး တိရစ္ဆာန်စိတ်ပေါက်တဲ့ ကိစ္စကိုတော့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနဲ့
ဟန့်တားနိုင်ပါတယ်။ ဒီနေ့ကမ္ဘာတစ်ခုလုံးကျင့်သုံးနေတဲ့ ပညာရေးစနစ်က လူကိုကုန်ပစ္စည်းတွေလို
သဘောထားပြီး ဈေးကွက်လိုအပ်ချက်အတိုင်းဖြည့်ဆည်းပေးနိုင်ဖို့ အဓိကထားတယ်။ ရေနံစိမ်းဈေးကောင်းတဲ့
အချိန်မှာ ရေနံတွင်းတူး အင်ဂျင်နီယာတွေကို တက္ကသိုလ်စက်ရုံတွေက လှိမ့်ထုတ်ပေးလိုက်တယ်။
ကွန်ပျူတာ ဈေးကောင်းတဲ့အချိန်မှာ ကွန်ပျူတာအင်ဂျင်နီယာ (ပရိုဂရမ်မာ) တွေ လှိမ့်ထုတ်ပေးလိုက်တယ်။
လက်ကိုင်ဖုန်း ခေတ်၊ အိုင်ဖုန်း၊ အိုင်ပက်ခေတ်တွေ ရောက်တော့လည်းလိုသလောက်ပုံတူမျိုးပွားပြီး
အဆက်မပြတ်ထုတ်ပေး လိုက်ကြတာပဲ။
ပညာရှင်စင်စစ်များရဲ့ညည်းညူသံ
ဒီခေတ်တက္ကသိုလ်တွေက
ထွက်လာတဲ့ ဘွဲရအားလုံးလိုလိုဟာ သူတို့ဆောင်ရွက်ဖို့ တက္ကသိုလ်စက်ရုံတွေက ထုတ်ပေးလိုက်တဲ့လုပ်ငန်းတွေမှာတော့
ကောင်းကောင်းလုပ်နိုင်ကြတယ်။ ဒါပေမယ့် တက္ကသိုလ်စက်ရုံတွေက တပ်ဆင်ပေးလိုက်တဲ့ထဲမှာ မပါတဲ့ဟာဆိုရင်တော့
မလုပ်တတ်တော့ဘူး။ ပညာရေးလုပ်ငန်းကိုစီးပွားရေး လုပ်ငန်းကြီးတွေလို သဘောထားပြီးလုပ်ကိုင်လာချိန်ကစပြီး
တက္ကသိုလ်တွေဟာ ပညာရှင်တွေ မွေးထုတ်ရာ ဌာနတွေ မဟုတ်တော့ပဲ ကုမ္ပဏီစက်ရုံတွေအတွက် ကျွမ်းကျင်လုပ်သားတွေ
မွေးထုတ်ပေးတဲ့ နေရာဖြစ်နေပြီ လို့ သူတို့အနောက်နိုင်ငံက ပညာရေးသမား စစ်စစ်တွေရဲ့ညည်းညူသံတွေ
အခုတလော ကျယ်ကျယ်လောင် လောင်ကြားနေရတယ်။
စရိုက်တွေကြာလေကြမ်းလေ
တက္ကသိုလ်တွေက
စဉ်းစားတွေးခေါ်တတ်တဲ့ပညာရှင်တွေ များများစားစားမွေးမထုတ်နိုင်တော့ ဒီခေတ်လူတွေ ရဲ့စိတ်ယဉ်ကျေးမှုအဆင့်
ကြောက်စရာကောင်းလောက်အောင်ကျဆင်းသွားတာကိုမြင်တွေ့နေရတယ်။ လူတွေ ရဲ့စရိုက်တွေဟာ ကြာလေ
ကြမ်းလေဖြစ်လာတယ်။ မူကြိုကျောင်းလေးထဲက ကလေးတွေကို အကြောင်းမဲ့ သက်သက်သေနတ်နဲ့ဝင်ပစ်တဲ့သတင်းမျိုး၊
နို့စို့ကလေးတိုက်တဲ့ နို့မှုန့်ထဲ ဓာတုပစ္စည်းရောထည့်တဲ့သတင်းမျိုး ခရီးသည်တွေ အပြည့်လိုက်ပါလာတဲ့
ဘစ်ကားကို မြို့လယ်လူစည်ရာနေရာမှာဗုံးခွဲတိုက်ခိုက်တဲ့သတင်းမျိုးစတဲ့ ရက်စက်ကြမ်းကြုတ်မှုသတင်းတွေ
နေ့စဉ်မြင်တွေ့ကြားသိနေရတယ်။
ရှေ့ကလူရဲ့ပုဆိုးပြဲ
အောက်ထိရောက်အောင်ကျဆင်းနေတဲ့
လူသားများရဲ့စိတ်ယဉ်ကျေးမှုတွေကို အမြင့်ဆုံးရောက်အောင် ပြန်လည်ဆွဲတင်ဖို့ လက်ရှိပညာရေးစနစ်တွေကို
ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ နောက်ကလိုက်ရတဲ့လူက အရှေ့ကသွားနေတဲ့လူတွေရဲ့ ပုဆိုးပြဲနေတာကိုမြင်တွေ့နိုင်တဲ့
အကျိုးရှိပါတယ်။ အရှေ့ကတိုးတတ်နေတဲ့ နိုင်ငံ ကြီးတွေမှာ ဖြစ်ပျက်နေတဲ့ အနိဠာရုံတွေကို
ကောင်းကောင်းမြင်တွေ့နိုင်လေတော့ ကျွန်တော်တို့မှာ ပြုပြင်ဖို့ အခွင့်အရေး ကောင်းကောင်းရှိပါတယ်။
ဒါကိုကျွန်တော်တို့ အသုံးချတတ်ဖို့ပဲ လိုပါတယ်။
၂၄-၁၀-၂၀၁၀
ပြည်သူ့ခေတ်၊
အတွဲ (၂)၊ အမှတ် (၆၇)မှ
0 comments:
Post a Comment