ငါနှင့်ငါသာ နှိုင်းစရာဟု အာဏာယို အရွယ်ပျိုက…..
မောင်းဆက်
နာမည်ကျော်အာဏာရှင်
ကဒါဖီသေဆုံးခဲ့ပြီး အများသူငါသွားလမ်းမကြီးတစ်ခုပေါ်မှာ ဘယ်သူလက်ချက်မှန်း မသိ သေနတ်ဒဏ်ရာများနှင့်
ဦးခေါင်း၊ မျက်နှာတို့မှာ သွေးအလိမ်းလိမ်းနဲ့ တိမ်ပါးသွားခဲ့တာဖြစ်သည်။ သေဆုံး သွားရပုံမှာ
အတော်ပဲ ရုပ်ဆိုးပါသည်။ အရပ်စကားနဲ့ပြောရလျှင်
လူလိုသူလိုသေရခြင်းမဟုတ်။ အာဖရိကတိုက် ရဲ့ ဘုရင့်တကားဘုရင်လို့ အမည်ပေးခြင်းခံရတဲ့
ကဒါဖီဟာ အခုနှစ်အောက်တိုဘာ ၂၀ နေ့က ဘဝနိဂုံးချုပ်ခဲ့ရ ပါပြီ။
လူတစ်ယောက်သေဆုံးသွားတာ လူ့လောကကို အခုလို
ရုပ်ပျက်ဆင်းပျက်စွန့်ခွာသွားရတာဟာ ဝမ်းသာစရာ မဟုတ်တာတော့ အမှန်ပါပဲ။ ဒါပေမယ့် သူအဲလိုသေဆုံးသွားရတာအတွက်
သူ့ပြည်သူလူထု အများစုကဝမ်းနည်းပြီး မကျန်ရစ်ခဲ့ကြပါ။ ကမ္ဘာပြည်သူများအကြားမှာလည်း ကဒါဖီတစ်ယောက်လူလိုသူလို
ကွယ်လွန်ခဲ့တာမဟုတ်သည့်အတွက် ပြောကြဆိုကြရှိနေကြသော်လည်း လူတစ်ယောက်ဆုံးရှုံးမှုအတွက်
ဝမ်းနည်းတမ်းတနေကြတာမျိုးမဟုတ်ပါ။ တချို့ကတော့ ဒီလောက်လူအများအပေါ်မှာ ရက်ရက်စက်စက်လုပ်ခဲ့
တာ၊ သူအလှည့်ရောက်တော့လည်း ကိုယ်ပြုတဲ့ဒဏ်ကိုယ်သာ
ခံရတာပဲဟု မှတ်ချက်ပြုကြသည်။ လစ်ဗျားနိုင်ငံ ကိုနှစ်ပေါင်းများစွာအုပ်ချုပ်သွားခဲ့သော
ခေါင်းဆောင်တစ်ယောက်၏ ဈာပနအနေနှင့် ဘယ်သူတစ်ယောက်ကမှ အလေးမထားခဲ့ကြပါ။ ဘယ်လောက်ပဲ တန်ဖိုးအာဏာတွေ၊
အင်အားတွေကြီးကျယ်ခဲ့ပါစေ၊ အခုအခါမှာတော့ သူတို့ တိတ်တဆိတ် မြုပ်နှံသဂြိင်္ုဟ်ခဲ့ရပြီဖြစ်သည်။
အခုနှစ်ပိုင်းများမှာသည်လို အဖြစ်အပျက်များ
ကမ္ဘာသတင်းစာမျက်နှာများတွင်မြင်တွေ့ရပါသည်။ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကလည်း မြန်ဆန်လှသည်။
ဆက်ဒမ်ဟူစိန်၊ အိုစမာဘင်လာဒင်၊ ကဒါဖီ
သူ့နည်းသူဟန်နှင့် ထင်ရှားခဲ့ကြသူများဖြစ်ကြသည်။
သူတို့အားလုံး၏ တူညီမှုကတော့ ရက်စက်မှုပဲ ဖြစ်မည်။ ပြီးတော့ စစ်ဝါဒီများ၊ အကြမ်းဖက်စိုးမိုးရေးသမားများ။
သူတို့၏ယုံကြည်မှု၊ သူတို့၏အာဏာ၊ သူတို့၏ စည်းစိမ်ဥစ္စာတို့အတွက် စစ်အင်အား၊ အကြမ်းဖက်ရက်စက်မှုများနှင့်
တည်ဆောက်ခဲ့ကြသူများဖြစ်သည်။ သူတို့ ဖြစ်ချင်သည်များကို အင်အားဖြင့် အဓမ္မ ထူထောင်သူများဖြစ်ကြသည်။
သည်လိုနဲ့အင်အားတွေ ပိုမိုကြီးထွားလာ ခဲ့ကြသည်။ ဒါပေမယ့် သည်အင်အားတွေကိုပဲ လူအများက
ဆန့်ကျင်လာခဲ့ကြပြီး နောက်ဆုံးမှာ ပြိုလဲကြရသည်။
အင်အားရှိသူပဲဖြစ်ဖြစ်၊ အင်အားမဲ့သူပဲဖြစ်ဖြစ်၊ သေမင်းထံမှာ လက်လျှော့ကြရသည်သာ ချည်းဆိုတာ မှန်ပါသည်။
သို့ရာတွင် ဘယ်လို လက်လျှော့ပြီး ဘယ်လိုစွန့်ခွာသွားရသည်လည်းဆိုတာက လူလောကကို တရားပြနေသလိုဖြစ်သည်။
အဓမ္မသမားတို့ လဲပြိုကျဆုံးပုံ၊ ကျဆုံးပြီးနောက် သားစဉ်မြေးဆက်သမိုင်းတွင် ကျန်ရစ်ပုံများက
လူသားများကို သတိပေးနေသလိုဖြစ်သည်။
အတိတ်ကိုပြန်ကြည့်ရင်လည်း သည်လိုအလားတူအဖြစ်အပျက်များကိုတွေ့ရမည်ဖြစ်ပါသည်။
အများပြည်သူချစ်ခင်မှုခံရသည့်ခေါင်းဆောင်များ၊
အများပြည်သူ၏ လေးစားမှုကို မခံရသည့်ခေါင်းဆောင်များ၊ အများပြည်သူစိတ်ပျက်မကျေနပ် ရွံရှာကြသည့်ခေါင်းဆောင်များ၊
ထိုထိုခေါင်းဆောင်များ၏ ဈာပနများ၊ တိတ်တဆိတ်မြုပ်နှံသဂြိင်္ုဟ်ခဲ့ရခြင်းများ ပြိုလဲခဲ့သော
ကျောက်ရုပ်ထုများ ရိုက်ခွဲဖျက်စီးခံကြရသော ခေါင်းရင်း နံရံများပေါ်က ဓာတ်ပုံ ကားချပ်များ။
ပြည်သူလူထုချစ်ခင်ကြည်ညိုသော ခေါင်းဆောင်များ၏
ဈာပနများကိုလည်း ကျွန်တော်တို့ ကြုံခဲ့ဖူး မြင်ခဲ့ဖူး၊ ကြားဖူးခဲ့ကြဖူးပါသည်။ ပြည်သူချစ်သောနိုင်ငံရေးခေါင်းဆောင်များ၊
လူမှုရေးခေါင်းဆောင်များ၊ စစ်ရေး ခေါင်းဆောင်များ၊ ယဉ်ကျေးမှုရေးရာခေါင်းဆောင်များ၊ ထိုထိုခေါင်းဆောင်များ၏
ဈာပနများ၊ ကြီးမားသိုက်မြိုက် လှသော အသုဘ အခမ်းအနားများ ထိုထိုခေါင်းဆောင်တို့အတွက်
ငိုကြွေးတမ်းတ ယူကြုံမရကြသော ပြည်သူ လူထုများ၊ သားစဉ်မြေးဆက် ဂုဏ်ယူဖွယ်အာဇာနည်များ၊
မမေ့နိုင်ကြသော ခေါင်းဆောင်များ၏ ကျေးဇူးတရားများ၊
ချစ်ခင်မှုဆိုတာက အတင်းအဓမ္မ စေခိုင်းလို့မရ၊
ဓားမိုး၍လေးစားခိုင်းလို့မရ၊ နားထင်ကို သေနတ်ဖြင့် တေ့၍ ကြည်ညိုခိုင်း၍မရ၊ ပြည်သူထု၏
မေတ္တာကိုလိမ်ညာလှည့်ဖြာ ယူလို့မရ။ုလာဒ်ပေးလို့လည်းမရ၊ အပေါ်ယံရွှေမှုန်ကြဲဖြင့်မရ၊ သကာလူး
အချိုဖုံးစကားလုံးများသက်သက်နှင့်မရ။
‘ခင်ဗျားတို့အကျင့်တွေကိုပြင်မှ ကုန်းလုပ်နိုင်မှ
ဖာသည်နိုင်ငံ’ အစရှိသော သကာဖုံးမထားသော ခါးသက်သော စကားကြမ်းကြမ်းများကို ပြောဆိုသွားသော
ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာပြည်သူလူထုက ချစ်လို့မဝ ယုံကြည်ကိုးစားလိုက်သမှ ဗိုလ်ချုပ်မှဗိုလ်ချုပ်ဖြစ်ပါသည်။
ဗိုလ်ချုပ်ဆဲတာကိုပဲ ကျေကျေနပ်နပ်ခံယူ လိုကြတာဖြစ်သည်။
ပြည်သူယုံကြည်မှု၊ ပြည်သူ့အားကိုးမှု၊ ပြည်သူ့ချစ်ခင်ကြည်ညိုမှုဆိုတာက
စိတ်စေတနာအမှန်ဖြစ်သာ ရနိုင်သည်။ ထိုစိတ်စေတနာကောင်းကို အကောင်အထည်ဖော်နိုင်သော ပညာဥဏ်
အမျှော်အမြင်၊ လုံးလဝိရိယ ဇွဲသတ္တိတို့ဖြစ်သာ ရနိုင်သည်။ သမိုင်းအဆက်ဆက်မှ ယနေ့အထိတိုင်ပြည်သူတို့
ချစ်ခင်ကြည်ညိုကြသော နိုင်ငံရေးခေါင်းဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ ကျောင်းသားလူငယ်များ၊
ကျွန်တော်တို့ နိုင်ငံမှာ အမြှောက်အမြားရှိခဲ့တာ၊ ရှိနေတာ ဂုဏ်ယူစရာပါပဲ။
သမိုင်းအဖြစ်အပျက်များက သင်ခန်းစာများကို
တစ်ပုံတစ်ပင်ကြီးပေးပါတယ်။ လူတစ်ယောက်၏ဘဝ မှာသေသွားသည်နှင့် ပြီးသွားတာမဟုတ်ပါ။ အမြှော်အမြင်ကြီးမားသူများသည်
အရှည်ကိုကြည့်ပါသည်။ မိမိဘဝ တစ်ခုလုံးကိုမြင်ကြည့်သည် မိမိသေဆုံးပြီး မိမိ၏သားသမီးမြေးမြစ်များ
လက်ထက်အထိမြင်ကြည့်သည်။ သံသရာကိုပါ မြင်အောင်ကြည့်သည်။ ခေါင်းဆောင်လုပ်မည့်သူများ ပညာဥဏ်
အမြှော်အမြင်ကြီးဖို့ လိုမည် ထင်ပါသည်။
ရှင်မဟာရဌသာရက ‘ငါနှင့်ငါသာ၊ နှိုင်းစရာဟု
ပညာမုန်ယို၊ အရွယ်ပျိုကာ မဆိုစလောက်၊ မာန်စောင် မြောက်၍ နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း၊
နှောင်းပြီတစ်ခါ ရိုသေစွာလျှင်၊ ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်၊ စိတ်ကြမ်းမာန်လျော့၊ ငါကန်တော့၏’
ဟုဆိုခဲ့သည်။ ပညာရှိသူဆိုတော့ အရွယ်ပျိုစဉ် ပညာမုန်ယို အမှားပိုခဲ့ သည်များကို မာန်လျော့
ကန်တော့သည်တဲ့။ အာဏာရှိတုန်း အာဏာမုန်ယို၊ လောဘပိုသူများခေါင်းဆောင်နေ ရာ ရောက်မလာဖို့အတွက်
ပညာဥဏ် အမြှော်အမြင်ကြီးသော ခေါင်းဆောင်အများအပြား ကမ္ဘာတစ်လွှာမှာ ရှိနေဖို့ လိုသည်ဟု ထင်သည်။
၂၈၊
အောက်တိုဘာ၊ ၂၀၁၁
ပြည်သူခေတ်၊
အတွဲ (၂)၊ အမှတ် (၆၇)မှ
0 comments:
Post a Comment