Saturday, November 26, 2011

အိုရှိုး - ခရှိဝဟာရ အမေး အဖြေ ( ၁ )

by Zay Ya on Sunday, November 27, 2011 at 6:02am

လုပ်ကြံမှု တစ်ခုကြောင့် ကျန်းမာရေး ထိခိုက် လာခဲ့ပြီး မကြာခင်မှာ အိုရှိုး ဟာ တရား ဟောပြောမှု မလုပ်ဘဲ နေဖြစ်သွားခဲ့တယ်။ သူ ဘာမှ မပြောဘဲ နေ သွားခဲ့ တာဟာ နှစ် အတန်ကြာ ပါတယ်။ ယင်းနောက်မှ တရား ဟောပြော မှု ပြန်လည် စတင်လာခဲ့ တယ်။ အဲ့ဒီလို ပြန်လည် ပြောဆို လာတဲ့ နောက် - အမေရိကန် ABC Network , Good Morning America က တာဝန်ရှိသူ တစ်ယောက် - မေးခွန်း အချို့နဲ့ အတူ  ရောက် လာပါတယ်။

အောက်ဖော်ပြပါ စာဟာ ၁၉၈၅ ဇူလိုင်လ ၁၇ ရက် မှာ အဲ့ဒီ Good Morning America ရဲ့ တာဝန်ရှိသူ Ken Kashiwahara နဲ့ အိုရှိုး တို့ ရဲ့ အမေးအဖြေ စကား ဖြစ်ပါတယ်။ ကျနော့ အမြင်လေး နည်းနည်း ပြောချင်ပါတယ်။ ဒီ မေးမြန်းခန်းမှာ ဂျာနယ်လစ် ခါရှီဝါဟရာ ဟာ ပါးနပ်လိမ္မာတဲ့ သတင်းစာ ဆရာတစ်ယောက်၊ အင်တာဗျူး သမား တစ်ယောက်ပါ။
အိုရှိုးကို မေးတဲ့ အချို့မေးခွန်း တွေဟာ ကြောက်ခမန်း လိလိ - ချောင်ပိတ် မေးခွန်း၊ လမ်းကြောင်းပေး မေးခွန်းတွေ ဖြစ်ပါတယ်။ ဒီ မေးခွန်းတွေ အပေါ်မှာ အိုရှိုး ဖြေကြားသွားပုံ ကလည်း ရှင်းလင်း နေတယ် လို့ မြင်မိတယ်။ သူတို့ နှစ်ယောက်ရဲ့ အမေးအဖြေ အချို့ Youtube မှာလည်း ရှိပါတယ်။ ကျနော် အောက်ဆုံးမှာ ရသလောက် လင့်ခ် ပေးထားပါမယ်။ အိုရှိုးရဲ့ ဟန်အမူအရာ၊ မျက်လုံး ကစဥ့်ကလျား ဖြစ်မှု မဖြစ်မှု၊ စကား လစ်ကွက်၊ ဟာကွက် ရှိမရှိ စသဖြင့် ကျနော် စေ့စေ့ စပ်စပ် လိုက်ကြည့် ခဲ့ဖူးတယ်။ ကျနော် ရှာမတွေ့ခဲ့ပါဘူး။ အိုရှိုးရဲ့ အေးဆေး တည်ငြိမ်တဲ့ အသွင်၊ ဟန်ပန်၊ လေသံ၊ စကားတွေပဲ ကျနော် မြင်ခဲ့ရတယ်။


ဆရာနှစ်ပါးရဲ့ အမေးအဖြေခန်း တွေက များပြားတယ်။ ကျနော် အတတ်နိုင်ဆုံး ခွဲပြီး ရေးသွားပါမယ်။  အချို့ မလွှဲသာ တဲ့ အချက်အလက် တွေ ဖယ်ချန် ထားရတာမို့ ကျနော် အပြည့်အဝ ပြန်ဆို ထားတာ မဟုတ်ကြောင်း နားလည်ပေး စေချင်တယ်။
………………………………………..

17 July 1985 om in Jesus Grove
Questioner – Ken Kashiwahara , Good Morning America, ABC Network, USA
Answerer – Osho_Bhagwan

Q: ဆရာအိုရှိုး။  ပြီးခဲ့တဲ့ နှစ် အနည်းငယ် လောက်က ခင်ဗျား ဘာမှ မပြော ၊ ဘာမှ မဟောကြားတော့ဘဲ နေသွားခဲ့တယ်။ အခု မကြာသေးမီ ကမှ တရား ဟောပြောမှု ပြန်စလာတာ တွေ့ရပါတယ်။ ခင်ဗျားရဲ့ တပည့်တပန်းတွေနဲ့ ကျနော်တို့ အပါအဝင် အားလုံးကို ဒီကနေ့ ခင်ဗျား စကား ပြန်လည် ပြောဆိုနေပြီ ဖြစ်ပါတယ်။ စကားပြန်ပြောဖို့ ၊ တရားပြန်ဟောဖို့  ဘယ်အကြောင်းကြောင့် ဆုံးဖြတ် ဖြစ်သွားတာလဲ။

A: အလိုအလျောက် အတိုင်း အလိုက်သင့် အလျားသင့်သာ ကျနော် ရှင်သန် နေထိုင်ပါတယ်။ ကိစ္စရပ် တစ်ခု ဖြစ်မှ မလာသေးခင် ကြိုတင်ပြီး ဘာမှ မဆုံးဖြတ်ဘူး။ မနက်ဖြန် ဆိုတာကို ဟင်းလင်းဖွင့်လျက်ပဲ ထားထားပါတယ်။ ကျနော် အခု ပြောဖို့ စိတ် ပေါ်ရင် - ကျနော် ပြောတယ်။  ကျနော် တိတ်တိတ် နေဖို့ စိတ်ပေါ်ရင် ကျနော် ဆိတ်ဆိတ် နေပါတယ်။ ဒီထက်ပိုပြီး အခြား နည်းလမ်း၊ အကြောင်း အရာ ဆိုတာ မရှိဘူး။ ကျနော့ ကို ကျနော် “ဘာကြောင့်” ဆိုတဲ့ မေးခွန်း မမေးဘူး။ ဘာလို့လဲ ဆိုတော့  “ဘာကြောင့်” မေးခွန်း ဘယ်မေးခွန်း ကိုမှ ဖြေဆိုလို့ မရနိုင်တာ ကြောင့်ပဲ။  မြစ်တစ်စင်း စီးဆင်း သွားနေသလို ဘဝဟာ သွားနေပါတယ်။ ဒီမြစ်ဟာ ဘယ်ကို စီးဆင်း နေတာလဲ။ ဘာ့ကြောင့် စီးဆင်းနေတာလဲ- ဘယ်အထိ စီးဆင်းမှာလဲ - ဒါတွေကို ကျနော် ကိုယ့်ကိုယ်ကိုယ် မမေးပါဘူး။ ဒါဟာ ကျနော် ဘဝကို ချဉ်းကပ်တဲ့ အခြေခံ အကျဆုံး ချဉ်းကပ်မှု ပါ။ အပြည့်အဝ ဖြေလျော့ထားခြင်းမျိုးပါ။

Q: ဒါဆိုရင် - ပထမတုန်းက ခင်ဗျား စကားမပြောဘဲ နေဖြစ်သွားတယ်။ ဟုတ်တယ်ဟုတ်။ အဲ့တုန်းက စကားမပြောဘဲ နေဖြစ်တဲ့ အကြောင်းပြချက်ရော ရှိပါသလား။ ( ဒါမှမဟုတ် ) ဒီကိစ္စ ကလည်းပဲ ဘာ အကြောင်းပြချက်မှ မရှိပြန်ဘူးလား။

A: အကြောင်းပြချက် ( Reason ) ဆိုတာ မရှိပါဘူး။ ကျနော် ဘဝကို အကြောင်းပြချက် တွေနဲ့ မနေဘူး။  ဖြစ်တည် လာတဲ့ အရာ မှန်သမျှ သူ့အတိုင်း ကျနော် ခွင့်ပြု ထားခြင်း သက်သက် ဖြစ်ပါတယ်။ ရိုးရိုး ရှင်းရှင်းလေး ပါ။ ကျနော် စကား မပြောဖြစ် လိုက်တဲ့ အကြောင်းပြချက် ကို ကျနော် မသိဘူး။ ကျနော် အခု စကားပြော နေပြန်တယ်။ ဘာအကြောင်းပြချက်နဲ့လဲ - ကျနော် မသိဘူး။ အခု ကျနော် ဆိတ်ဆိတ်နေဖို့ စိတ် ပေါ်လာတယ် ဆိုပါစို့။ ကျနော် ပြန်ပြီး ဆိတ်ဆိတ် နေသွား ပါလိမ့်မယ်။ ကျနော် မနက်ဖြန် အကြောင်းကို မသိဘူး။ အဲ့အချိန်မှာ ကျနော် တိတ် ချင်လည်း တိတ်နေမယ်။ စကားပြော ရင်လည်း ပြောနေမယ်။ နောက်ဆုံး - ကျနော် ဒီနေရာမှာ မရှိတော့တာလဲ ဖြစ်သွား နိုင်ပါတယ်။

Q:  ထားပါတော့- ခင်ဗျားအကြောင်း ( သို့ ) ခင်ဗျား ဘာသာရေး အကြောင်း မကြားမသိထားဘူးသူ တစ်ယောက် ရှိမယ် ဆိုပါစို့။ အဲ့လူနဲ့ တွေ့ပြီ ဆိုရင် ခင်ဗျားရဲ့ ဘာသာရေးဟာ ဘာလဲ- ခင်ဗျား ယုံကြည်တာက ဘာလဲ- ခင်ဗျား အခုလုပ်နေတာက ဘာတွေလဲ ဆိုတာနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လို ရှင်းပြမလဲ။

A: ကျနော့မှာ ဘယ်ယုံကြည်မှု ပုံစံမှ မရှိပါဘူး။ ဆိုလိုတာက ခရစ်ယာန် စသဖြင့် တို့လို အမေးပုစ္ဆာ၊ ဝိသဇ္ဇနာ ပြုစရာ မရှိဘူး။ နိယာမ၊ ဘုရားသခင် ဝါဒ၊ Dogma တွေ မရှိဘူး။ အဲ့တစ်စုံတစ်ယောက်က ကျနော့ကို နားလည် ချင်တယ်ဆိုရင် ဘာဝနာ ပွားများလှည့်ပါ။ တိတ်ဆိတ် ငြိမ်သက်မှုကိုသာ သင်ယူ ကြည့်ပါ။ ကျနော်နဲ့ အတူ ထိုင်ပြီး၊ ကျနော်နဲ့ အတူ တိတ်ဆိတ်စွာ နေကြည့်ပါ။ ဒီ့အပြင် အခြားနည်း မရှိပါဘူး။ ယုံကြည်မှု စနစ်တွေ အားလုံးဟာ ခင်ဗျားကို သတ်မှတ်ဆုံးဖြတ်နေတဲ့ ဖြစ်စဉ်တွေပဲ ဆိုတာကလွဲရင် အခြား ဘာမှ မဟုတ်ဘူး။

“ယုံကြည်တယ်” ဆိုတာက - “ကျနော်ရေရေရာရာ မသိပါဘူး” လို့ ပြောတာနဲ့ အတူတူပါပဲ။ တစ်ခုခု အပေါ် ခင်ဗျား မသိလဲ - ယုံကြည် နိုင်တယ်။ ကျနော် ဒီမှာ ပြောလိုတာက - ခင်ဗျား သေသေချာချာ မသိဘဲ ဘယ်တော့မှ မယုံနဲ့ - ဆိုတာပဲ။ ခင်ဗျား သိလိုက်ပြီ ဆိုရင်လည်း ယုံကြည်တယ်/မယုံကြည်ဘူး မေးခွန်းက ပေါ်လာစရာ မရှိဘူးရယ်။ ဘာလို့ဆို ခင်ဗျား သိသွားလို့။ ဒါ့ကြောင့် ယုံကြည်မှု စနစ်အားလုံးကို ကျနော် ဖယ်ဖျက် ပါတယ်။ ကျနော့ အလုပ်က - အဲ့ဒီ ယုံကြည်မှု အစား - အခြား ယုံကြည်မှု တစ်ခု ထပ်ထည့်ပေးတာ မဟုတ်ပါဘူး။ ယုံကြည်နေမှု အားလုံးကို ခြေဖျက်တာပါ။ ဒါကြောင့် ကျနော့ကို ခင်ဗျား နားလည်ဖို့ မလွယ်ကူနေတာ ဖြစ်ပါတယ်။

Q: ခင်ဗျားမှာ ဘဝ ဒဿန  မရှိဘူးလား။

A: “ဘဝ ဒဿန” ဆိုတာ မရှိဘူး။ ကျနော့မှာ “ဘဝ” ပဲ ရှိပါတယ်။ အချို့လူတော်တော် များများမှာ - “ဘဝ ဒဿန” ရှိကြပါတယ်။ သူတို့မှာ “ဘဝ” ဆိုတာတော့ ရှိချင်မှ ရှိမယ်။

Q: ခင်ဗျား ပြောလေ့ ရှိခဲ့တယ်။ L သုံးလုံးနဲ့ ဖော်ပြတာ များတယ်။ အဲ့ဒါတွေက Love ( မေတ္တာ )၊ Life ( ဘဝ၊ ဖြစ်တည်မှု )၊ Laughter ( ဟဒယ ) အဲ့သုံးခုကို ခင်ဗျား ပြောလေ့ ရှိခဲ့တယ်။ အဲ့ဒါကရော ဘဝဒဿန မဟုတ်ဘူးလား။

A: မဟုတ်ပါဘူး။

Q: ရှင်းပြပေးနိုင်မလား။

A: အဲ့ဒီ သုံးခု စလုံးဟာ တိတ်ဆိတ်စွာ နေထိုင်ခြင်း ( ဘာဝနာ ) ဖြစ်စဉ် ရဲ့ အကျိုးဆက် တွေပါ။ ဖြစ်တည်ချက်နဲ့ အတူ တွဲဖက် ဖြစ်ပေါ်လာတဲ့ အရာတွေပါ။ ခင်ဗျား အတွင်းသန္တာန်က မေတ္တာ ဖြစ်လာမယ်။ ဘဝ ဖြစ်တည်ချက် တစ်ရပ်လုံး ဖြစ်သွားမယ်။ ဘယ်အကြောင်းပြချက်မှ မလိုဘဲ ကြည်ရွှင် နေနိုင်တယ်။ ဒါတွေ အကုန်လုံးဟာ ခင်ဗျား ဖြစ်တည်ချက် တစ်ရပ်လုံး ငြိမ်ဝပ် သွားတာကြောင့်မို့ ဖြစ်ပေါ်လာတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒါဟာ ဒဿန မဟုတ်ပါဘူး။ တိတ်ဆိတ်စွာ နေထိုင်ခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေပါ။

Q: ဒါဆို - ခင်ဗျား ဥစ္စာက - မနက်ဖြန် အတွက် ဘာမှ မတွေးပူနေတော့ဘဲ ဘဝကို ပျော်ပျော် နေပစ်လိုက်တာပဲ မဟုတ်လား။

A: “မနက်ဖြန်” ဆိုတဲ့ စကားလုံးကို သတိထားစေချင်တယ်။ “မနက်ဖြန်” ဆိုတာ စင်စစ် - တကယ် မရှိပါဘူး။ “မနက်ဖြန်” ဆိုတာ ရှိခဲ့ရင် ခင်ဗျား ပူပန်လို့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ တကယ်လည်း - မနက်ဖြန် ဆိုတာဟာ ဘယ်တုန်းကမှ ရောက်မလာခဲ့ဘူး။ အဲ့ဒီ “မနက်ဖြန်” ဆိုတာဟာ ခင်ဗျားရဲ့ စိုးရိမ် ပူပန်နေမှု ဖြစ်စဉ် သက်သက် ပါ။ အဲ့လိုပဲ “မနေ့က” ဆိုတာလဲ မရှိပါဘူး။ ရှေ့ကိုလည်း တစ်ခုပို ပြီး ရှိမနေသလို၊ နောက်ကိုလည်း တစ်ခု ပိုပြီး မဆုတ် နေပါဘူး။ အရာအားလုံးဟာ အခု လက်ရှိ “ပစ္စုပ္ပန်” တည့်တည့် ခဏမှာ ခင်ဗျားလက်ထဲ အကုန် ရှိနေပါတယ်။ အခုနေရာ နဲ့ အခု အချိန်ပဲ။ - ဒါဟာ အံ့ဩစရာ ကောင်းတဲ့ တွေ့သိမှု ပဲ ဖြစ်ပါတယ်။ “မနေ့က” ဆိုတာ မရှိရင်- “မနက်ဖြန်” ဆိုတာ မရှိရင်- “ဒီခဏ” လေးမှာပဲ ခင်ဗျား ဆိတ်ငြိမ်နေရင် - စိုးရိမ်ပူပန်မှု အားလုံး ပျောက်ကွယ်သွားတာ တွေ့လိမ့်မယ်။ ခင်ဗျား တွေးတော ပုံဖော်နေသမျှ၊ ခင်ဗျား အိပ်မက် မက်နေသမျှ၊ အနာဂတ်စီမံကိန်းတွေ ချမှတ်နေသမျှ စိတ်တွေ ပျောက်ကွယ် သွားပါတယ်။

ဒါဟာ ခင်ဗျားကို “ဒီခဏမှာ ပျော်သလို နေနေရမှာ” လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဒီ ခဏအပေါ် ထားတဲ့ အဖြစ်ကနေသာ ကြည်ရွှင်မှု၊ လန်းဆန်းမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ခင်ဗျားဟာ “အခုအချိန်၊ အခုနေရာ” မှာ ဘယ်တော့မှ ရှိမနေခဲ့ဘူးရယ်- ခင်ဗျား အမြဲတမ်း အခြားကို ရောက်နေတယ်။ ခင်ဗျားက “အခုအချိန်” မှာ ရှိမနေဘူး - “နောင်တစ်ချိန်” နဲ့ “ပြီးခဲ့တဲ့ကာလ” မှာပဲ ရောက်ရောက် နေတယ်။ အဲ့ဒါတွေ အားလုံး ပြောင်းပြန် လှန်ပစ်လိုက်ပါ။ အဲ့ဒီ အခါ - အရာအားလုံး အဆင်သင့် ဖြစ်နေပြီး၊ ခင်ဗျား တစ်ယောက်သာ လစ်လပ်နေကြောင်း တွေ့လာရမယ်။ ကျနော် ကျနော့်မိတ်ဆွေတွေ အပေါ် နားလည်စေချင်တာက ရိုးစင်းတဲ့ အချက်လေး သက်သက်ပါ။ အဲ့ဒါ ဒဿန မဟုတ်ဘူး။ အခြား ရပ်တည်ချက် တစ်ခုခုလည်း မဟုတ်ဘူး၊ ဒဿန ဆန်ဆန် မျိုးတောင် မဟုတ်ပါဘူး။ ဒီခဏလေးမှာ နေပါ- ပြီးရင် ဘာဖြစ်ပေါ်နေလဲ စောင့် ကြည့်ပါ။ -- အဲ့ဒီတစ်ခုကိုပဲ ကျနော် တိုက်တွန်းနေတာ ဖြစ်ပါတယ်။

 .........................

To be continued.

Youtube Links
http://www.youtube.com/watch?v=UshTlso9QYI
http://www.youtube.com/watch?v=Tf8PUAG2aYU&feature=related

………………………………………
27.11.2011
5:30 AM
……………………………………….
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
……………………………………….

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...