Saturday, November 5, 2011

လူငယ်တွေတိုးတတ်လာပြီ


ဒေါက်တာသက်လွင်

‘ဆရာ၊ ယနေ့လူငယ်တွေ သမိုင်းအပေါ် စိတ်ဝင်စားမှု ဘယ်လိုရှိပါသလဲဆရာ’ဂျာနယ်ကြီးတစ်ခုမှတာဝန်ခံ အယ်ဒီတာကြီးတစ်ဦးက စာရေးသူအားမေးမြန်းဆွေးနွေးသဖြင့် စတင်မေးခဲ့သော မေးခွန်းဖြစ်ပါ၏။
          ‘ယနေလူငယ်တွေဟာ သမိုင်းကိုလုံးဝစိတ်မဝင်စားဘူးထင်တယ်၊ လူငယ်နှင့် သမိုင်းဟာ အဆက်ပြတ် သွားပြီ၊၊ ဥပမာကွာ ဘွဲ့လူငယ် ၅၀ လောက်ကို ငါကတွေ့ဆုံပြီးမေးခဲ့ဖူးတယ်။

(က) ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ၊ တတိယမြန်မာနိုင်ငံ၊ စတုတ္ထမြန်မာနိုင်ငံဆိုတာ ဘာကိုဆိုတာလဲ။
(ခ) ထိုနိုင်ငံတွေကို ဘယ်သူတွေက တည်ဆောက်ခဲ့ကြသလဲ။
(ဂ) ထိုနိုင်ငံတွေကို ဘယ်ခုနစ်၊ ဘယ်ခေတ်တွေမှာ တည်ထောင်ခဲ့ကြသလဲ။
          ဆိုတဲ့မေးခွန်းသုံးခုကိုမေးခဲ့တာပါ။နံပါတ်(ခ)ကိုဖြေနိုင်တဲ့သူက သုံးဦးလောက်ရှိပါတယ်။ (က)နဲ့(ဂ)ကို ဖြေနိုင်တဲ့လူငယ်ဆိုတာ တစ်ဦးမျှမရှိပါဘူး။ ငါမေးတဲ့အထဲမှာ ဘွဲ့ရလူငယ်ချည်းပဲ။ အဲသမိုင်းဘာသာနဲ့မဟာဘွဲ့ရ ထားတဲ့သူ ၅ဦးပါသေးတယ်။ အဲဒီတော့မခက်ဘူးလားကွ။ အနာဂတ်မြန်မာနိုင်ငံတော်ကြီးဟာ လူငယ်တွေရဲ့ လက်ထဲကို ထိုးအပ်ခဲ့ကြရမှာ။ သမိုင်းကိုလည်းမသိတော့ ပစ္စုပ္ပန်လည်းမသိဘူး။ အနာဂတ်ကိုလည်း အမျှော်မှန်းတတ်တော့ဘူး။ ဒါကြောင့်ငါက သမိုင်းကို လူငယ်တွေ စိတ်ဝင်စားလာအောင် လှည့်ပတ်ပြီးဆွဲ ဆောင်ရေးနေရတာပေါ့။
          ‘ဒါဆိုရင် ဆရာရယ် လူငယ်တွေဟာ ဘာကို စိတ်ဝင်စားကြတာလဲ၊  တစ်ခုခုတော့ စိတ်ဝင်စားကြမှာ၊  ဆရာကသုတေသနလုပ်နေတဲ့ စာရေးဆရာဆိုတော့ ဆရာလေ့လာထားတာကို ပြောပြစမ်းပါဦး’  ဟုမေးလာ ပြန်သည်။ 

          ‘အေးကွ၊ လူဆိုတာတစ်ခုခုကိုတော့ စိတ်ဝင်စားနေရမှာပဲ၊ ငါလက်ခံတယ်၊ လွန်ခဲ့တဲ့ ၄နှစ်၊ ၅နှစ် လောက်တုန်းကတော့ကွာ လူငယ်တွေဟာခေတ်ပေါ်တေးဂီတတွေ ဗီဒီယို ဇာတ်လမ်းတွေကို စိတ်ဝင်စားကြ တယ်။ ဘောလုံးပွဲတွေ ဘောလုံးစာပေတွေပေါ်လာတော့ ဂီတကိုစိတ်ဝင်စားမှု လျော့နည်းသွားတယ်။  လက်ဖက်ရည်ဆိုင်တွေမှာ ဘောလုံးပွဲကိုပဲ ဖွင့်ပေးတတ်ကြတယ်။ ဒါကတော့ အလောင်းကစားမှုကိုကွ။ လောင်းကစားကြတာလဲ အမျိုးစုံပဲကွာ။ ဘယ်လိုလောင်းကစားကြတယ်ဆိုတာ ငါတော့နားမလည်ဘူးကွာ။ စာ ရွက်ကလေးတွေ ဝယ်ရတယ်၊ အကွက်တွေဖြည့်ရတယ်။ ဂဏန်းတွေရေးထည့်ရတယ်။ ကျပ်တစ်ရာ၊ နှစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း၊ သိန်းငါးဆယ်၊ တစ်ရာအထိ လောင်းလို့ရတယ်ပြောတာပဲ။ အထက်တန်း ကျောင်းသားတွေလည်းလောင်းကြတယ်။ ဆိုက်ကားသမား၊မြင်းလှည်းသမား၊ သုံးဘီး၊ ကားသမားတွေလည်း လောင်းကြတယ်။ နေ့စဉ်နေ့တိုင်း ဒီအလုပ်ပဲလုပ်နေတာကိုတွေ့နေရတာပဲ။ ဘောလုံးဝေဖန်တဲ့ လူတွေကလည်း အေ အသင်းကနိုင်မယ်။ တစ်ဦးကတော့ ဘီအသင်းကနိုင်မယ်။ တစ်ဦးကတော့ သရေကျမယ်လို့ သုံးဦးကပြော တော့ တစ်ဦးဦးတော့မှန်ရော ပေါ့ကွာ။ ဒါတွေဟာ လွန်ခဲ့တဲ့နှစ်အထိပဲ။ ဒါပေမယ့် ယခုနှစ် ၂၀၁၁ခုနစ်မှာတော့ အခြေအနေတွေဟာ ပြောင်းလာပြန်တယ်။ 

          ‘ဘာတွေ၊ ဘယ်လိုပြောင်းလာတာလဲဆရာ၊ ပြောစမ်းပါဦး’ဟုမေးလာပြန်သည်။
          ‘ဘယ်မင်းသမီးက ဘာတွေဝတ်တယ်၊ ဘယ်သူနဲ့ကြိုက်တယ်၊ ဘယ်ဘောလုံးသမားက ဘယ်အသင်း နဲ့မတည့်ဘူး၊ ထွက်တယ်ဆိုတာတွေ မပြောကြပြန်ဘူး။ ပါတီတွေရဲ့စာတွေကို လူငယ်တွေဖတ်လာကြတယ်။ နိုင်ငံရေးကိုနည်းနည်းစိတ်ဝင်စားလာကြတယ်။ ဘယ်နိုင်ငံကိုသွားရင် လခ ဘယ်လောက်ရမယ်၊ ဘာတွေလုပ်ရ မယ်ဆိုတဲ့ နိုင်ငံခြားသွားတဲ့ သတင်းတွေကို ပြောလာကြတယ်။ သွားလိုက်ကြတဲ့လူငယ်တွေက တောရွာတွေမှာ လူငယ်တွေမကျန်တော့ဘူးလို့ပင် ပြောလို့ရတယ်။ ဥပမာကွာ မြိုင်မြို့နယ် အစွန်းအဖျားချောင်ကတဲ့ အရပ် စိုင်ကောင်းဆိုတဲ့ရွာလေးဟာ အိမ်ခြေ  ၂၀၀ကျော်လောက်ရှိတယ်။ နိုင်ငံခြားသွားကြတာ လူ၂၀၀နီးပါးရှိပြီတဲ့၊ ငါတို့အဖွဲ့က စာပေဟောပြောပွဲဖိတ်လို့ ရောက်ခဲ့ရတာ ကိုယ်တွေ့ပဲ၊ တစ်ခုတော့ကောင်းတယ်ကွာ၊ နိုင်ငံခြားရောက်နေတဲ့ လူငယ်တွေက စာများများဖတ်ကြဖို့၊ ဂျာနယ်တွေကို များများဖတ်ကြဖို့ စာပေဟောပြောပွဲ တွေလုပ်ကြဖို့၊ ဂျာနယ်တွေကိုများများဖတ်ကြဖို့ စာပေဟောပြောပွဲတွေလုပ်ကြဖို့၊ စာကြည့်တိုက်တွေ ဖွင့်ကြဖို့ နေ့စဉ်ဖုန်းတွေပြောနေကြတယ်။ ဒါကြောင့် တောရွာက လူငယ်တွေနဲ့ ရဟန်းငယ်တွေဟာ စာဘက်ကို စိတ်ဝင် စားလာကြတယ်။ မြို့ပေါ်ကလူငယ်တွေပဲ ဘောလုံးပွဲတွေမှာ လူတွေစုတော့တယ်။ တောရွာတွေမှာ ကိုယ်ပိုင် ဗွီဒီယို ၊ တီဗီနဲ့ နိုင်ငံခြားသတင်းတွေကို ဖွင့်ကြည့်နေကြတယ်။

          တဖန် ၂၀၁၁ ခုနစ်၊ ဧပြီလနောက်ပိုင်းရောက်ပြန်တော့ အရှေ့အလယ်ပိုင်းအရေးအခင်းက ဖြစ်လာပြန် တယ်။ လက်ဖက်ရည်ဆိုင်တွေမှာ ဒီသတင်းတွေကိုပဲ တီဗီမှာဖွင့်ပြကြတယ်။ လူငယ်တွေဟာနိုင်ငံရေးကို စတင် စိတ်ဝင်စားလာတာ တွေ့ရတယ်။ ဆိုက်ကားသမား၊ သုံးဘီးသမားတွေကအစ ဘောလုံးသတင်းကို မပြောကြ ပြန်ဘူး။ အရှေကအလယ်ပိုင်းသတင်းတွေကို ပြောလာကြပြန်တယ်။ မူပါရစ်၊ ကဒါဖီတို့ဆိုတာ ဘောလုံးသမား တွေထက်စိတ်ဝင်စားလာကြတယ်။ အလောင်းကစားနှိမ်းနှင်းရေးစီမံချက်ကလည်း ထိရောက်တယ်။ ဘောလုံးပွဲ အလောင်းကစားစာရွက်တွေ သိပ်ပြီးမတွေ့ရတော့ဘူး။ ဒါကလည်းလူငယ်တွေ စိတ်ဝင်စားမှု အာရုံပြောင်းသွား တာလည်းပါတယ်။ ဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ဘက်ကို ပိုအာရုံပြောင်းသွားကြပြန် တယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ပထမဆုံးမိန့်ခွန်းဟာ လူငယ်တွေကို အိပ်ပျော်နေရာကနေ လန့်နိုးလိုက်သလို ဖြစ်သွားတယ်လို့ ထင်ရတာပဲ။
          ငါ့သားကဆိုရင်ကွာ နိုင်ငံတော်သမ္မတကြီးရဲ့မိန့်ခွန်းကို သဘောကျလွန်းလို့ မှတ်တမ်းယူလိုက်ပြီး၊ ပြန်ပြန်ပြောပြနေတယ်။ အခုနောက်ဆုံးတော့ မော်တော်ယာဉ်အဟောင်းတွေကိစ္စ၊ မြစ်ဆုံရေအားလျှပ်စစ်ကိစ္စ နှင့်ရေကာတာကိစ္စတွေဟာ လူငယ်တွေရဲ့ အာရုံစူးစိုက်စရာဖြစ်လာပြန်တယ်။ ဒါကလည်း ဂျာနယ်တွေ အတော်အသင့် လွတ်လပ်မှုရှိလာတာကြောင့် ပဲ။ ဒါကအဓိကလို့ထင်တယ်။ ဂျာနယ်တွေမှာ သတင်းအချက် အလက်တွေပေးနိုင်တဲ့ ဂျာနယ်တွေကို အဖတ်များလာတယ်။ ဂျာနယ်ဆိုင်တွေကို ရောက်တိုင်း ဘယ်ဂျာနယ် ဟာ ရောင်းအားအကောင်းဆုံးလဲလို့မေးကြည့်မိတယ်။ နိုင်ငံရေးသဘောတရားတွေ များများပါတဲ့ ဂျာနယ်တွေ က အရောင်းရဆုံးပဲ။ ဂျာနယ်ဆိုင်သေးသေးလေးကပင် တစ်ပတ်ကို အစောင်ရေ ၂၀၀ရောင်းရတယ်တဲ့ ပခုက္ကူ မြို့ဆိုင်တွေ အားလုံးပေါင်းရင် ထိုဂျာနယ်ဟာအစောင်ရေ ၈၀၀-၁၀၀၀လောက်ရောင်းရတယ်လို့ပြောကြတယ်။ အားကစားဂျာနယ်တွေနဲ့ ရုပ်ရှင်ဂီတ ဂျာနယ်တွေကတော့ ရောင်းအားကျတယ်လို့ပြောကြတယ်။ ဒါတွေဟာ ဘယ်သူလုပ်လို့မှ ဖြစ်လာတာမဟုတ်ဘူးနော်။ သမိုင်းကို ငါတို့လည်း ပညာပေးဖို့ရေးနေခဲ့တာ ၁၀နှစ် ၁၅ နှစ် ကြာပါပြီ။ လူငယ်တွေ နိုးကြားမလာကြဘူး။ အခုမှ အကြောင်းတွေတိုက်ဆိုင်လာတော့ လှုပ်နိုးလိုက်သလိုဖြစ်ပြီး လူငယ်တွေသမိုင်းကို စိတ်ဝင်စားလာကြပြီ။ 

          ဆရာကြီးဒေါက်တာသန်းထွန်းပြောသွားတဲ့ ‘သမိုင်းကို မအအောင်သင်ရတာကွ၊ သမိုင်းသင်လို့ သမိုင်း ဆရာမဖြစ်ဘူး၊ သမိုင်းရှာမှ သမိုင်းဆရာဖြစ်တာ’ ဆိုတာ ‘အခုတော့လူငယ်တွေ မအတော့ဘူးလည်လာကြပြီ အညာမခံကြတော့ဘူး၊ သတိထားကြပေတော့’ လို့ ဆရာကြီးရှိရင် ပြောမှာပဲဟု ဆွေးနွေးခံရပါတော့၏။
          ‘လူငယ်တွေ တိုးတတ်လာပြီ’ ဟုသာ ပြောချင်ပါတော့၏။

ပြည်သူ့ခေတ်၊ အတွဲ(၂)၊ အမှတ်(၆၆) မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...