ရာသီချိန်သွား ရွှေ့ပြောင်းသွားလာမှုနှင့် ကလေးအလုပ်သမားများ ။
by Yeyint Kyaw on Wednesday, November 9, 2011 at 2:49pm
Written by ၀င်းနိုင်ထွန်း
ကမ္ဘာ့လူဦးရေ၏ ၃ ဒသမ ၁ ရာခိုင်နှုန်း(သို့) ၂၁၄ သန်းသောသူများသည် နိုင်ငံတကာတွင် ရွှေ့ပြောင်း သွားလာနေထိုင်ကြသူများ ဖြစ်ကြသည်။ UNDP ၏ ခန့်မှန်းချက်သည် ပြည်တွင်းရွှေ့ပြောင်းသွားလာ နေထိုင်သူ ဦးရေမှာ ကမ္ဘာနှင့်အ၀ှမ်း သန်းပေါင်း ၇၄၀ ရှိနေသည်ဟု ဆိုသည်။
လူငယ်များက ကမ္ဘာ့ရွှေ့ပြောင်းသွားလာသူများ၏ အချိုးအစားမညီမျမှုကို အစားထိုးပါဝင် ဖြည့်ဆည်း ထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူငယ်များသွားလာနေမှုသည် ရွှေ့ပြောင်းသွားလာနေသူများ၏ သုံးပုံတစ်ပုံခန့် ရှိနေသည်။ ထိုလူငယ်များ၏ အသက်အပိုင်းအခြားများမှာ အသက် ၁၂ နှစ်မှ ၂၄ နှစ်အရွယ်ရှိသူများ ဖြစ်ကြသည်။ ထို့အပြင် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်၏ ကွန်ဗင်းရှင်းအမှတ် ၁၃၈ နှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံသဘောတူစာချုပ်တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ ကလေး အလုပ်သမား ခိုင်းစေခံနေရသူများသည်လည်း ကမ္ဘာပေါ်မှ ယောကျာင်္းကလေးနှင့် မိန်းကလေး စုစုပေါင်း ၂၁၅ သန်းရှိနေသည်ကို ခန့်မှန်းထားကြသည်။
ရွှေ့ပြောင်းသွားလာနေထိုင် အလုပ်လုပ်ကိုင်မှုများသည် ကလေးများ အလုပ်ခိုင်းစေခံရမှုအတွက် အဓိကကျသော အဆုံးအဖြတ်ပေးရာ အချက်တစ်ချက် ဖြစ်နေသည်။ မကြာသေးမီက ချမှတ်ခဲ့သည့် ကလေးများ ဆိုးဆိုးဝါးဝါးပုံစံဖြင့် အလုပ်ခိုင်းစေခံရ မှုပပျောက်ရေး အောင်မြင်မှုအတွက် လမ်းပြမြေပုံတွင် ရွှေ့ပြောင်းသွားလာမှုနှင့် ဆက်နွယ်နေသော ဘ၀ရပ်တည်ရန် ခက်ခဲနေသည့် ကလေးများအရေးကိုလည်း ဖြေရှင်းပေးရန် လိုသည်ကို အသိအမှတ်ပြု ထည့်သွင်းဖော်ပြထားသည်။ ထိုလမ်းပြမြေပုံကို ၂၀၁၀ ပြည့်နှစ် မေလ နယ်သာလန်နိုင်ငံတွင်ပြုလုပ်သော Global Child Labour Conference 2010 ၂၀၁၀ က သဘောတူ လက်ခံခဲ့ကြခြင်း ဖြစ်သည်။ အစိုးရများသည် ဘ၀ရပ်တည် ရန်ခက်ခဲသည့် ကလေးများဖြစ်လာနိုင်မည့် အလားအလာရှိမှုမျာကို ဖြေရှင်းပေးရန် နည်းလမ်းများ ရှာဖွေစဉ်းစားသင့်သည်။
အထူးသဖြင့် အဆိုးဆုံးသော ပုံစံဖြင့်ကလေးများအလုပ် ခိုင်းစေခံရမှု ဖြေရှင်းရန်ဖြစ်သည်။ ကမ္ဘာနှင့်အ၀န်းတွင် ကလေးအများစုသည် မိသားစုနှင့်အတူ ရွှေ့ပြောင်းသွားလာနေကြသည်။ ရွှေ့ပြောင်းသွားလာနေထိုင် အလုပ်လုပ်ကိုင်မှုများသည် မိသားစုအတွက် အသက်ရှင်ရပ်တည်ရေး(သို့)စီးပွားရေး ပြေလည်ရေးတို့ အကျိုးဖြစ်ထွန်းစေသည်။ မိသားစု၏ ကလေးများအတွက် အခွင့်အလမ်းအသစ်များကို ပေးစွမ်းနိုင်သည်။ ၎င်းတို့ဘ၀ ရပ်တည်ရန်ခက်ခဲသည့် အခြေအနေမျိုးသို့လည်း ကျရောက်စေနိုင်သည်။ သို့သော်လည်း ကလေးများသည် ကလေးအလုပ်သမားအဖြစ် ခိုင်းစေခံရမှုမျိုးဖြင့် သေချာပေါက်ဘ၀ကို အဆုံးသတ်စေလိမ့်မည်ဟု မဆိုနိုင်ပေ။
ရာသီချိန်အလိုက်ရွှေ့ပြောင်း သွားလာလုပ်ကိုင်နေသော အလုပ် သမားများသည် ၎င်းတို့၏ ကလေးများကိုပါ တစ်ပါတည်းခေါ်ဆောင်သွားလေ့ရှိကြသည်။ အထူးသဖြင့် ထိုကလေးများပါ ကလေးအလုပ်သမားအဖြစ် ခိုင်းစေခံရမှုအခြေအနေမျိုး ကြုံတွေ့ရန် အခွင့်အလမ်းဖြစ်လာသည်။ ထိုသို့ မိဘများသွားရောက် အလုပ်လုပ်ကိုင်သည့် ခရီးဆုံးနိုင်ငံများ၏ ရာသီချိန်စိုက်ပျိုးရေးလုပ်ငန်းများသာမက ရာသီအမှီလုပ်ရသည့် အုတ်ဖုတ် လုပ်ငန်းများတွင်ပါ ပါဝင်လုပ်ကြရသည့်အတွက် ကလေးများ ကျောင်းစာနှင့် ဝေးခဲ့ကြရသည်။ ထိုသို့ရာသီချိန်မျိုးဆိုလျှင် ကလေးများ ကျောင်းနေရန် လျှောက်ထားရန် အခက်အခဲတစ်ခုဖြစ်နေခဲ့သည်။ ထို့ကြောင့် ကလေးများသည် မိဘများနှင့်အတူ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်နေရတော့သည်။
အထူးသဖြင့် အိန္ဒိယနှင့် ကမ္ဘောဒီးယားနိုင်ငံတို့လို ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ကျေးလက်ဒေသတွင် အလုပ်အကိုင်ရှားပါးခြင်းများကြောင့် နှစ်စဉ်နှစ်တိုင်း လပေါင်းများစွာ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်နေကြရသည်။ အခြားသုတေသန စာတမ်းများအရ အိန္ဒိယနိုင်ငံ တစ်နိုင်ငံတည်းပင်လျှင် မိဘနှင့်အတူ ရာသီချိန်အလိုက် ရွှေ့ပြောင်းသွားလာအလုပ် လုပ်ကိုင်နေရသူ ကလေးပေါင်း ၄ သန်းမှ ၆ သန်းထိရှိနေသည်ဟု ဆိုသည်။
အမေရိကန်နိုင်ငံသည်လည်း ကလေးများ အလုပ်ခိုင်းစေခံရမှုသည် ရာသီချိန်အလိုက် ရွှေ့ပြောင်းသွား လာအလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများ၏ ကလေးများအကြား ဖြစ်ပွားနေသည်ကို သတိပြုမိလာကြသည်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှ ဘလူးဘယ်ရီအသီး ဆွတ်ခူးချိန်မျိုးတွင် ကလေးအလုပ်သမား ခိုင်းစေခံရမှုကို အစီရင်ခံစာများက ဖော်ပြထားသည်။
ကလေးများ၏လုပ်အားခသည် မိသားစုဝင်ငွေအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပြုသလို မိဘများ၏လုပ်ငန်းဝေစုကိုလည်း အချိန်မီပြည့်မှီအောင် ၀င်ရောက်ကူညီပေးနေကြရသည်။ ဥပမာအားဖြင့် မော်လ၀ီနိုင်ငံမှ ဆေးရွက်ကြီးခူးဆွတ်သည့် စိုက်ပျိုးရေးလုပ်ငန်းတွင် ကလေးများသည် အချိန်ပြည့် (သို့) အချိန်ပိုင်း ၀င်ရောက်လုပ်ကိုင်နေကြသည်။ ထိုကလေးများသည် အသက် ၁၅ နှစ် အောက်ကလေးများဖြစ်ပြီး ငါးဦးလျှင် တစ်ဦး သည် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေကြရသည်ကို တွေ့ရှိရသည်။ ထိုဒေသတွင် ကလေးများကို တိုက်ရိုက်အလုပ်ခိုင်းစေခြင်းမဟုတ်သည့်တိုင် မိဘများနှင့် ရွှေ့ပြောင်းသွားလာရင်း အလုပ်လုပ်ကြခြင်းဖြစ်သည်။ ထိုမိဘများနယ်စပ်များကို ကျော်ဖြတ်ပြီး ရာသီချိန်မီ စိုက်ပျိုးရေးလုပ်ငန်းများ သွားလုပ်ကြသည့်အခါ တရားဝင်ခရီးသွား အထောက်အထားများ မပါရှိကြသည့်အတွက် တရားမ၀င် ၀င်ရောက်အလုပ်လုပ်ကိုင်နေရသည့် အခြေအနေမျိုး ဖြစ်နေကြသည်။ထိုအခြေအနေမျိုးဖြင့် ခရီးဆုံးနိုင်ငံတွင် မိဘများနှင့်အတူ လိုက်ပါလာကြသည့် ကလေးများသည် ပညာသင်ခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်ခွင့်စသည့် လူမှုဖူလုံရေး အခွင့်အလမ်းများ မရကြ။ ထို့ကြောင့် ကလေးများ လုပ်ခိုင်းစေခံရမှုအန္တရာယ်သာ မြင့်တက်လာနေတော့သည်။
ထိုင်းနိုင်ငံသို့ နယ်စပ်ရှိရွှေ့ပြောင်း မြန်မာအလုပ်သမားများလည်း ရာသီချိန်နေ့စဉ် ၀င်ထွက်ကာ ထိုင်းဖက်သို့ အလုပ်လုပ်လျှက်ရှိနေသည်။ ထို့ကြောင့် ထိုင်းမြန်မာနှစ်နိုင်ငံ နိုင်ငံသားစိစစ်ရေးနှင့် မြန်မာအလုပ်သမား အသစ် များ စေလွှတ်ရေးကိစ္စရပ်များ ဆိုင်ရာအစည်းအဝေးကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ နှင့် ၁၂ ရက်နေ့ထိ ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် ထိုင်းဖက်မှ ထိုင်းမြန်မာနယ်စပ်များမှ နေ့စဉ် ၀င်ထွက် သွားလာနေသည့် အလုပ်သမားများနှင့် ရာသီအလိုက် ထိုင်းနိုင်ငံသို့ ၀င်ရောက်လုပ်ကိုင်နေသော အလုပ်သမားများအတွက် ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်နိုင်ရန်အလို့ငှာ မြန်မာနိုင်ငံဘက်မှ တရားဝင်သွားလာမှု အထောက်အထားများ ထုတ်ပေးပါရန် ထိုင်းဘက်မှ မေတ္တာရပ်ခံထားသည်။ ထိုင်းနိုင်ငံအတွင်းသို့ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရာသီချိန်သွားအလုပ်သမားများ အတွက်ကိုမူ နှစ်နိုင်ငံသဘောတူညီချက်အရ Working Pass များ ထုတ်ပေးလျှက်ရှိနေသည်။ ထိုရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများအတွက် ပညာသင်ခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်ခွင့်ရရှိရေး အခြေအနေမျိုးတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်နှင့်အတူ လူဝင်မှုကြီးကြပ်ရေးမူဝါဒက အဓိကကျသည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်တွင် ထိုအခြေအနေမျိုးနှင့် ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်ဖြစ်သည့်အပေါ်မှာ ၎င်းတို့၏ ကလေးများ၏ အခွင့်အရေးရမှု၊ မရမှုအခြေအနေပေါ် မူမတည်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားပေသည်။
0 comments:
Post a Comment