Tuesday, November 8, 2011

မောလ်ဒိုက်-မြန်မာ သန်း ၈၀၀ ရေနံမှောင်ခိုမှု

ကိုပေါက် | တနင်္လာနေ့၊ နိုဝင်ဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၂၄ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(သတင်း သုံးသပ်ချက်ဆောင်းပါး)

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယ သမုဒ္ဒရာကြီးထဲက မောလ်ဒိုက် ကျွန်းနိုင်ငံငယ်လေးရဲ့ အမျိုးသား လုံခြုံရေးကော်တီ အစည်းအဝေးခန်းမှာ မေးခွန်းထုတ်၊ စွဲချက်တင်သံတွေ ကျယ်ကျယ်လောင်လောင်နဲ့ အလွန် ပွဲစည်လှပါ တယ်။ လွှတ်တော်အမတ် တဦးကို စစ်ဆေးမှု လုပ်နေတာပါ။

‘ဒေါ်လာ သန်း ၈၀၀ ဖိုး တရားမဝင် ရေနံမှောင်ခိုမှု’ လို့ ပြောကြတဲ့ နက်ရှိုင်းရှုတ်ထွေးလှတဲ့ ခြစားမှုကြီးပါပဲ။ ဒီအမှုကြီးက ကြာလှဆို အရင် အာဏာရှင် ဂေယွန်း အစိုးရ လက်ထက်က ဖြစ်ပျက်သွားခဲ့တာပါ။

မေးခွန်းအထုတ်ခံနေရတဲ့ ပါလီမန်အမတ် အဗ္ဒူလာ ယာမင်းဟာ မောလ်ဒိုက်ကို နှစ် ၃၀ အုပ်ချုပ်သွားတဲ့ အာဏာ ရှင် ဂေယွန်းရဲ့ ညီဝမ်းကွဲဖြစ်ပြီး နိုင်ငံတော် ကုန်သွယ်ရေးအဖွဲ့ STO မှာ ဥက္ကဋ္ဌလုပ်စဉ်က မြန်မာ စစ်ခေါင်းဆောင်တွေကို ရေနံတရားမဝင် ရောင်းခဲ့တယ်လို့ အစွပ်စွဲခံနေရပါတယ်။ အခုတော့ သူဟာ ဂေယွန်းဖွဲ့ထားတဲ့ PPP ပါတီရဲ့ ပါလီမန်ခေါင်းဆောင်တဦး ဖြစ်နေပါတယ်။


ဒီနှစ် ဖေဖော်ဝါရီလက အိန္ဒိယနိုင်ငံထုတ် The Week မဂ္ဂဇင်းပါ မျက်နှာဖုံး ဆောင်းပါးတပုဒ်ကနေ စတင် ဖော်ထုတ် လိုက်လို့ ဒီအမှု ပေါ်လာရတာပါ။ လနဲ့ချီ စုံစမ်းလေ့လာပြီးမှ ဒီအမှုမှာ ယာမင်းဟာ အခရာပဲလို့ ဖော်ထုတ်တင်ပြ လိုက်တဲ့ ဆောင်းပါးရှင် Sumon K. Chakrabarti က ‘အာရှရဲ့ သက်ဆိုးရှည် အာဏာရှင်ကြီး အစစ်ခံရပြီ’ ဆိုတဲ့
ခေါင်းစဉ်နဲ့ ရေးခဲ့တာပါ။
Yameen လာဘ်စားမှုနဲ့ စွပ်စွဲခံနေရပြီး နေအိမ်အချုပ်ကျခံနေရတဲ့ အတိုက်အခံ ခေါင်းဆောင် အဗ္ဗဒူလာ ယာမင်းအဗ္ဗဒူဂေယွန်းက သူရဲ့အိမ်အပြင်ဘက်မှာ မီဒီယာတွေကို ပြောကြားနေစဉ်။
မောလ်ဒိုက်နဲ့မြန်မာ နှစ်နိုင်ငံဆိုင်ရာ ဒီလျို့ဝှက်ချက်ကြီးဟာ ဟိုးအဝေး စင်္ကာပူနိုင်ငံမှာ နှစ်ကာလရှည်စွာ တိတ်ဆိတ် ကိန်းဝပ်နေခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကျမှ နိုင်ငံတော်စာရင်းစစ်ချုပ်ကြီးက အာဏာရှင်ဟောင်းကြီး
ဂေယွန်းမိသားစုနဲ့ အပေါင်းအပါတွေရဲ့ သိုဝှက်ထားတဲ့ ပိုင်ဆိုင်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ နိုင်ငံတကာ စာရင်းစစ် အဖွဲ့တခု ဖြစ်တဲ့ Grant Thornton LLP ကို တရားဝင် အကူအညီ တောင်းခဲ့ပါတယ်။

လပေါင်းများစွာ စုံစမ်းလေ့လာပြီး ရရှိချက်တွေထဲမှာ အာဏာရှင်ဟောင်း ဂေယွန်းတို့ ဆွေမျိုးအုပ်စုကို စွဲချက်
ပြင်းပြင်း တင်လိုက်ရုံတင် မကဘဲ  မြန်မာအာဏာရှင်တွေနဲ့ ဘယ်လောက် ကိုင်းနဲ့ ကျွန်းသဖွယ် မှီတွယ်နေကြတယ်
ဆိုတာကိုပါ ဖော်ပြထားပါတယ်။



ဂေယွန်းနဲ့ သူ့ညီ ယာမင်းတို့ဟာ ၁၉၉၇ ဒီဇင်္ဘာ ၂၀ ကတည်းက မြန်မာ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီနဲ့ ချိတ်မိ ထားပါတယ်။ ဒါ့အပြင် စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း (အခု အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်၊ ကြံ့ဖွံ့ အမတ်) တို့၊ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ လူယုံ ကမ္ဘောဇဘဏ်ပိုင် ဆရာကျောင်း ခေါ် ဦးအောင်ကိုဝင်းတို့နဲ့လည်း ရင်းနှီးပါတယ်။ ဒါတင်ကသေးလားဆို မြန်မာပြည်ရဲ့ အချမ်းသာဆုံး စာရင်းဝင် (ဘိန်းဘုရင် လော်စစ်ဟန်ရဲ့သား) စတီဖင်လောတို့ မောင်နှံနဲ့ပါ အလွမ်းသင့်ပါကြောင်းလည်းပါရဲ့။

“စင်္ကာပူကနေ မောလ်ဒိုက်အတွက်ရယ်ဆိုပြီး ရေနံသင်္ဘောတွေ ထွက်ထွက်လာလိုက်တာ ဒီကို တခါမှ ရောက်မလာ ပါဘူး။ ကျုပ်တို့နိုင်ငံက သေးသေးလေးရယ်။ ရေနံ သုံးတာကလည်း နည်းနည်းပါ။ လက်စသတ်တော့ STO ဟာ OPEC ကနေ ရေနံတွေ အများကြီး ဝယ်ဝယ်ပြီး မြန်မာကို မှောင်ခို ရောင်းတာကိုး” လို့ လျို့ဝှက်စုံစမ်းရေး အစီရင်ခံစာကို ဖတ်ခွင့်ရတဲ့ ဝန်ကြီးတယောက်က တအံ့တသြ ပြောပါတယ်။

Maung Aye ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး
စင်္ကာပူရဲရဲ့ ရာဇဝတ်စုံစမ်းမှုအရ အသေအချာသိထားတာကတော့ “စင်းလုံးငှါး သင်္ဘောကြီးတွေနဲ့ မောလ်ဒိုက် အတွက်ရယ်လို့ ရေနံတွေ သယ်ဆောင်ပြီး လမ်းလွှဲကာ မှောင်ခိုဈေးကွက်မှာ ဧရာမ အမြတ်
အစွန်းနဲ့ ရောင်းချနေကြတာ နှစ်ပေါင်း ကြာလှပါပြီ” လို့ ပြောပါတယ်။

မောလ်ဒိုက် STO ရဲ့ လက်အောက်ခံ စင်္ကာပူ STO ဟာ ဒီဇယ်နဲ့
ဆက်စပ် ကုန်တွေကို မော်လ်ဒိုက်ကိုယ်စား ဝယ်ယူခွင့် ပြုထားခဲ့ရာ
ကနေ ၂၀၀၂ လောက်မှာ မြို့တော်မာလီမှာရှိတဲ့ STO နဲ့ မြန်မာနိုင်ငံ ကိုပါ ရောင်းချခွင့် ရလာခဲ့ပါတယ်။

နိုင်ငံတကာက အပိတ်ဆို့ခံထားရတဲ့ မြန်မာအစိုးရဟာ ကိုယ့်ရေနံ
အပြင် မောလ်ဒိုက်လို နိုင်ငံက ရေနံကိုပါ မှောင်ခို ဝယ်ယူပြီး တခြား အာရှနိုင်ငံတွေကို ပြန်လည် ရောင်းချရတယ်လို့ ဆောင်းပါးရှင်က
ရေးထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပေးရတဲ့ Mocom
Trading Pte Ltd ဆိုတာ မလေးရှား ကော်ပိုရေးရှင်းကြီးတခုဖြစ်တဲ့ Mocom Corporation Sdn Bhd နဲ့ STO စင်္ကာပူတို့က မြန်မာနိုင်ငံကို ရေနံရောင်းဖို့ အတွက် ၂၀၀၄ မှာ ဖက်စပ် တည်ထောင်ထားတာပါ။

အဲဒီ Mocom Trading ရဲ့ ဒေါ်လာတသန်းကို မူလမတည်ထားတဲ့ ရှယ်ယာဝင် လေးဦးထဲမှာ မြန်မာနိုင်ငံသား ဦးမြင့်လွင် (ခ) Kamal Bin Rashid ဆိုသူလည်း ပါပါတယ်။ Mocom ဟာ Daewoo တို့၊ Petrocom တို့၊ Hyundai တို့လိုပဲ မြန်မာနိုင်ငံကို တန်ဒါစနစ်နဲ့ ရေနံတင်ပို့ခွင့် ရှိတဲ့အတွက် STO စင်္ကာပူနဲ့ ဖက်စပ်လုပ်ကိုင်ဖို့ စာချုပ် ချုပ်ဆို ခဲ့ပါတယ်။ စာချုပ်အရ မြန်မာနိုင်ငံကို ရေနံတင်ပို့တဲ့ အမြတ်ငွေထဲက ၄ဝ% လောက်ကို STO စင်္ကာပူက ပွဲခ ရပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက ဒီပွဲခကို ဦးမြင့်လွင်ရဲ့ ကိုယ်ပိုင် စင်္ကာပူဘဏ် စာအုပ်ထဲကို လွှဲပေးရတာဖြစ်ပြီး ကုမ္ပဏီ လယ်ဂျာထဲမှာတော့ Mocom စင်္ကာပူကို ပေးတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဖက်စပ်လုပ်ကြတဲ့ STO စင်္ကာပူ နဲ့ Mocom တို့ရဲ့ Myanmar Petrochemical Enterprises ကို ပို့တဲ့ ကုန်ပို့လွှာမှာ ပါတဲ့အချက်တွေက အားလုံးဆင်တူနေပေမယ့် ဆီတစည် ဈေးနှုန်းဖော်ပြရာမှာကျ ကွာခြားနေပါ တယ်။ အမှန်တကယ် ရောင်းရငွေနဲ့ ဖော်ပြငွေ ဒေါ်လာ ငါးသန်းခွဲကျော် ကွာခြားနေတာပါ။

Mocom ဒါရိုက်တာ တဦးဖြစ်တဲ့ Muneez ရှင်းပြတာက ဒီငွေကို မြန်မာက ချက်လက်မှတ်နဲ့ အလုံးလိုက် ပေးချေတာ
ဖြစ်ပြီး ဒီလိုပေးခြေနိုင်ဖို့အတွက် လုပ်ရတဲ့ဖြစ်စဉ်မှာ မြန်မာအစိုးရနဲ့ အဆက်အသွယ် လုပ်ရပါတယ်လို့ ပြောပါတယ်။

“မြန်မာကို ပို့ရတာတွေ အများစုဟာ တတိယ လုပ်ဖော်ကိုင်ဖက် third party ဆီကို ပို့ပေးရလေ့ရှိပါတယ်” လို့လည်း အမည်မဖော်လိုတဲ့ စင်္ကာပူရဲအရာရှိတဦးက ဆိုပါတယ်။

ဒီလိုပေးချေတယ်ဆိုတာလည်း မှတ်တမ်းမှတ်ရာ မပြနိုင်သလို ကွာခြားနေတဲ့ ငွေပမာဏဟာ လယ်ဂျာ နှစ်ချုပ် စာရင်းမှာတော့ ဘယ်လိုများ ကိုက်ညီသွားလဲဆိုတာ မရှင်းဘူးလို့ စုံစမ်းရေးအစီရင်ခံစာက ဆိုပါတယ်။

Aung-Thaung ဦးအောင်သောင်း
Mocom ဒါရိုက်တာတွေ ဖြစ်ကြတဲ့ Muneez, Ashan နဲ့ Sana တို့ကို
တော့ အမျိုးသား လုံခြုံရေးကော်မတီက စစ်ဆေးမေးမြန်းနေတာ
နှစ်ပါတ်လောက် ကြာပါပြီ။

အခု အစစ်ခံနေရတဲ့ ယာမင်းဟာ သူ့အကို ဂေယွန်းလက်ထက်က ကုန်သွယ်ရေး ဝန်ကြီးအဖြစ် နှစ်အတော်ကြာ ထမ်းဆောင်ခဲ့ဖူးသူလည်း
ဖြစ်ပြီး STO ဥက္ကဋ္ဌလုပ်စဉ်က လက်အောက်ခံ ကုမ္ပဏီတွေရဲ့ လုပ်ငန်း အကောင်အထည်ဖော်တဲ့ အသေးစိတ် စီမံခန့်ခွဲမှုတွေမှာ သူမပါ
ကြောင်း ငြင်းဆိုထားပါတယ်။

“ကျနော်တို့ နိုင်ငံတော်ဘဏ္ဍာကို အရင်အာဏာရှင်စနစ်က ဘယ်
လောက် ပြောင်သလင်းခါအောင် လုပ်ပစ်ခဲ့တယ် ဆိုတာ ကျနော်
တို့မှာ အသေးစိတ် ရှိပါတယ်။ မယုံမရှိနဲ့ အခုအမှုက ရေခဲတောင်ကြီးရဲ့
ရေပေါ်ပေါ်နေတဲ့ အစွန်းလေး ရှိသေးတာရယ်” လို့ လက်ရှိသမ္မတရဲ့ တရားဝင် ပြောရေး ဆိုခွင့်ရှိသူ မဒ်ဖူဟဲရ်က အခိုင်အမာ ဆိုပါတယ်။

၁၉၇၈ ကစလို့ အမ္ဗဒူဂေယွန်းက တဦးတည်း အာဏာရှင်အဖြစ်နဲ့ အုပ်ချုပ်လာခဲ့ရာကနေ ၂ဝဝ၈ မှာ အခြေခံ ဥပဒေ သစ်နဲ့ သမ္မတရွေးကောက်ပွဲမှာ မိုဟာမဒ်နာရှစ် အရွေးခံရပါတယ်။ ညင်သာစွာ အသွင်ကူးပြောင်းလာတယ်လို့ ဆိုရင်လည်း ရပါတယ်။

ဒီအခြေခံဥပဒေ ပုဒ်မ ၉၉ အရ “မည်သူမဆို အဆင့်ခေါ်ခံရပါက ကျမ်းကျိမ်သက်သေထွက်ဆိုရန် သို့မဟုတ် အထောက်အထား စာရွက်စာတမ်း ပြဆိုရန် (ပါလီမန်ရဲ့ အမျိုးသားလုံခြုံရေးကော်မတီ)ရှေ
့မှောက် လာရောက် အစစ်ခံရမယ်” လို့ ပါရှိတာကြောင့် အာဏာရှင်ဟောင်းကြီးများ အခုလို အစစ်ခံနေရတာပါ။

မောလ်ဒိုက်လို ဟန်းနီးမွန်း ခရီးသွားလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းလောက်သာ လုပ်ကွက်ရှိတဲ့
နိုင်ငံမှာ ဒီအမှုဟာ ရေခဲပြင်ပေါ်က  အစွန်းထွက်နေတာလေးပဲဆိုရင် ဒီအမှုမှာ ပါဝင် ပတ်သက်နေတဲ့ မြန်မာ အာဏာရှင်ကြီးများရဲ့ တရားမဝင် ငွေရှာမှုတွေကရော ရေအောက်မှာ ဘယ်လောက် ကြီးကြီးမားမား မြုပ်နေဆဲ
ဖြစ်မလဲ။

မြန်မာနိုင်ငံမှာ ခြစားမှု၊ လာဘ်စားမှု အကြောင်းပြချက်နဲ့ အရင် နဝတ စစ်ကောင်စီ လက်ထက် ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘတို့မှအစ နအဖ လက်ထက် ဗိုလ်ခင်ညွန့်တို့ စစ်ထောက်လှမ်းရေးအုပ်စုအလယ် အခု ဦးသိန်းစိန် လက်ထက် ဗိုလ်မှူးချုပ်ထွန်းသန်း၊ ဗိုလ်ချုပ်တင်ငွေတို့အဆုံး ဖြုတ်ခဲ့၊ ထုတ်ခဲ့၊ အရေးယူခဲ့တာတွေ ရှိပါတယ်။
သို့သော် ဒီလိုလုပ်တိုင်း ပြည်သူ့ရှေ့မှောက် တရားဥပဒေကြောင်းအရ စစ်ဆေးစီရင် အပစ်ပေးတာတွေ မဟုတ်ခဲ့ ပါဘူး။

နောက်ပြီး ဒီလိုအရေးယူခံလိုက်ရသူတွေဟာ သူ့ခေတ်သူ့အခါက တာဝန်ထမ်းဆောင်ဆဲ စစ်ခေါင်းဆောင်တွေ
ဖြစ်တာကြောင့် တကယ်တမ်း ဘာအကြောင်းကြောင့် အရေးယူခံရတယ်ဆိုတဲ့ နောက်ကွယ်က အကြောင်း အချက်တွေလည်း ပြည်သူတွေ သိခွင့်မရခဲ့ပါဘူး။

မောလ်ဒိုက်မှာ ဒီမိုကရက်တစ် ပါလီမန်က အာဏာရှင်ဟောင်းတွေရဲ့ တရားမဝင် ငွေရှာမှုကို ဗီဒီယိုမှတ်တမ်း ထဲမှာ တွေ့မြင်လိုက်ရသလို လက်ညှိုးငေါက်ငေါက်ထိုး စွဲချက်တင်နေကြတဲ့ မြင်ကွင်းဟာဖြင့် မြန်မာပြည်
နေပြည်တော် လွှတ်တော် အစည်းအဝေးကြီးနဲ့တော့ ကွာချင်တိုင်း ကွာလှပါတယ်။

မောလ်ဒိုက် ဒီမိုကရက်ပါတီရဲ့ အဆိုပြုချက်အရ အမျိုးသားလုံခြုံရေးကော်မတီက သြဂုတ်လဆန်းကတည်းက စတင်စစ်ဆေးနေတဲ့ ဒီအမှုကြီးဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် ထည့်သွင်းစဉ်းစားစရာ နမူနာကောင်းတခုတော့ ဖြစ်လာမှာပါပဲ။

http://www.mizzimaburmese.com/business/business-songpa/8596-2011-11-07-06-15-39.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...