လူသွေးအတု စကော့တလန် သုတေသီများ အောင်မြင်စွာ ထုတ်လုပ်
by Moenge Aung on Thursday, November 10, 2011 at 8:37am
The Voice Weekly
စကော့တလန် အီဒီဘာ့ဂ် တက္ကသိုလ်မှ သုတေသီများသည် အရွယ်ရောက်ပြီး လူသား၏ ရိုးတွင်းခြင်ဆီ မထုတ်ထားသော ပင်မဆဲလ် (Stem Cell) များမှ ပွားယူ ထုတ်လုပ်ထားသည့် သွေးအတု (Artificial Blood) ကို လူသားများတွင် မကြာမီ နှစ်နှစ်ခန့် အတွင်း စမ်းသပ်နိုင်တော့မည်ဟု အောက်တိုဘာလ ၂၉ ရက်နေ့က တရားဝင် ထုတ်ဖော် ပြောကြားခဲ့ကြောင်း Medical Xpress Website ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ သွေးအတုသည် အို (O) သွေးအမျိုးအစား ဖြစ်သည့်အပြင် Rh Negative လည်း ဖြစ်သောကြောင့် ကမ္ဘာလူသားများ၏ ၉၈ ရာခိုင်နှုန်း အထိ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ယင်းကြေညာချက်က ဆိုသည်။
မတော်တဆ ထိခိုက်ဒဏ်ရာ ရခြင်းများနှင့် ခွဲစိတ်မှုများအတွက် အရေးပေါ် သွေးလိုအပ်သော အခါတွင် သွေးကဲ့သို့ အောက်ဆီဂျင်နှင့် အာဟာရများကို သွေးကြောများ တစ်လျှောက် သယ်ဆောင်ဖြန့်ချိ ပေးနိုင်မည့် အရည်တစ်ခုခု ရရှိနိုင်ရန် ပညာရှင်များ ကြံဆရှာဖွေ နေကြသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေ တိုးတက်လာသည် နှင့်အမျှ ထိခိုက်ဒဏ်ရာ ရမှုများ၊ ခွဲစိတ်မှုများ အရေအတွက် အဆမတန် တိုးပွားလာပြီး သွေးအလှူရှင်များဆီမှ လက်ခံရရှိသော သွေးအိတ် ပမာဏထက် ပိုမိုလိုအပ်နေသော ပြဿနာသည် နိုင်ငံတိုင်းတွင် ရှိနေပြီး ထိုပြဿနာကို အီဒင်ဘာ့ဂ် တက္ကသိုလ်မှ ပညာရှင်များက ဖြေရှင်းနိုင်ခဲ့ပြီဟု ဆိုနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ပါမောက္ခမာ့ခ်တာနာ ဦးဆောင်သော သုတေသီများ အဖွဲ့သည် ရောဂါကင်းရှင်းသော အရွယ်ရောက်သူများ၏ ရိုးတွင်းခြင်ဆီမှ ပင်မဆဲလ်များကို ထုတ်ယူကာ ဓာတ်ခွဲခန်းအတွင်း လူသားခန္ဓာကိုယ်နှင့် ထပ်တူညီသော အခြေအနေအောက်တွင် မွေးမြူပွားများ စေခဲ့သည်။ ထို့နောက် လူ့သွေးဆဲလ်အတွင်း အောက်ဆီဂျင်ကို သယ်ဆောင်ပေးသော ဟေမိုဂလိုဘင်ရောင်ခြယ် ပစ္စည်းအတု (Artificial Hemoglobin) ကို အခြားအဖွဲ့တစ်ဖွဲ့က တီထွင်ခဲ့ပြီး ရလဒ်နှစ်ခု ပြန်လည်ပေါင်းစပ် ဖော်ဆောင်ကြည့်သောအခါ နှစ်နှစ်မှ သုံးနှစ် အတွင်းပင် ဆေးလက်တွေ့ စမ်းသပ်မှုများ ပြုလုပ်နိုင်လောက်သည့် အောင်မြင်မှု ရလဒ်များ ရရှိခဲ့သည်။
0 comments:
Post a Comment