Saturday, August 13, 2011

"ကျောက်ခဲ"


Cloud Cuckoo Land created the doc:

၁။
ကလေး တစ်ယောက်၏ ရင်ထဲတွင် သည်မျှလောက် ပြင်းထန်လွန်းသည့် ဒဏ်ရာတွေ ရှိမနေသင့်ပါ။
ကလေးဘ၀ ဆိုသည်မှာ အပူပင်မဲ့၊ အကြောင့်ကြမဲ့ နှင့် မိဘ အေးရိပ်တွင် ဆော့ချိန်တန်ဆော့၊ စားချိန်တန်စား၊ အိပ်ချိန်တန်အိပ်၊ ပညာ သင်ချိန်သင် စသည်ဖြင့် မဟုတ်ပါလော။ ကလေး တစ်ယောက်၏ နှလုံးသားသည် ဖြူစင် နုနယ်၏။ ထိလွယ်၊ ရှလွယ်၊ ပွန်းပဲ့လွယ်သည်။
သို့ပေမယ့် မမျှော်လင့်သော ကံကြမ္မာ၊ မလိုလား အပ်သော ဒဏ်ရာတွေက ကျောက်ခဲနှလုံးသားမှာ အက်ကြောင်းတွေ ထပ်အောင် ကုတ်ခြစ် ပစ်ခဲ့ကြ၏။ ထိုနေ့ကို ကျောက်ခဲ ဘ၀မှာ ဘယ်တော့မှ မမေ့။ ထိုနေ့က မနက်ခပ်စောစော အဖေနှင့်
အစ်ကို ပင်လယ်ထဲ ထွက်ခါနီး ကျောက်ခဲကို အမှာတော် ထားသွားခဲ့ကြ၏။

“သားလေး စာကြိုးစားနော်။ အားလပ်ချိန်တွေမှာလည်း ဆော့မနေနဲ့ဦး။ သား အမေကိုလည်း ၀ိုင်းကူ လုပ်ပေး ကြားလား”

“သားနားလည်ပါတယ် အဖေ”

အစ်ကိုကလည်း ကျောက်ခဲ ပုခုံးကို ပုတ်ရင်း
“ညီလေး ပညာတတ်ကြီး ဖြစ်အောင် ကြိုးစားကွာ။ ငါ့ညီလေးသာ ကြိုးစားလို့ ရှိရင် အဖေနဲ့ အစ်ကို နဖူးကချွေး မြေကြီးပေါက် ပေါက်ကျခဲ့ပါစေ။ လုံးဝ မမှုဘူး”

“စိတ်ချပါ အစ်ကိုရာ။ ညီ ပညာတတ်ကြီး ဖြစ်တဲ့ အခါကျမှ အဖေ၊ အမေနဲ့ အစ်ကိုတို့ကို တစ်လှည့် ပြန်လုပ်ကျွေးဦးမှာပါ”

“ငါ့ညီစကား ကြားရတာနဲ့ အစ်ကို သေပျော် ပါပြီကွာ”

ထိုမနက်က ပြောခဲ့သည့် အဖေနှင့် အစ်ကို တို့စကားတွေက ကျောက်ခဲကို နောက်ဆုံးအကြိမ် နှုတ်ဆက်သွားခြင်းပင်လား။
ထိုနေ့က မနက်ခင်းတွင် ရာသီဥတုသာသာ ယာယာပင်။ သို့ပေမယ့် နေ့လယ် ရောက်သည်နှင့် ရာသီ အနေအထားကို အနိစ္စက သက်သေပြနေ တော့သည်။ ကောင်းကင်ပေါ်တွင် မိုးရိပ်မိုးငွေ့ တွေ တလိပ်လိပ် အားခဲလာ၏။ ရှုံ့မဲ့သွားသော ကောင်းကင်အောက်ဝယ် မုန်တိုင်းကို ပျိုးသော လေပြည်က “မရဏအရိပ်”ကို များ သယ်ဆောင် လာခဲ့လေသလား။

မိုးအကုန် ဆောင်းအကူး ကာလ နေ့ခင်း ကြောင်တောင် ဗြုန်းစားကြီး အလည်လာသော မုန်တိုင်း။ မိုးစက်တွေကလည်း ခဲနှင့် လှမ်းပေါက် သည့် အလားပင်။ သိပ်မကြာပါ။ ညနေစောင်း ရောက်လျှင် ရာသီက သူမဟုတ်သလို ပန်းရနံ့တွေ သင်းမြလို့ပင်။ မာယာများသည့် ရာသီ၏ ထိုးနှက်မှု အောက်တွင် သတ္တ လောကကြီးမှ အဘယ်လောက်များ ပေးဆပ်လိုက်ရပြီ မသိပါ။ ထိုအထဲတွင်...။

အဖေနှင့် အစ်ကို ပြန်လာနိုးနိုးနှင့် ကျောက်ခဲတို့ သားအမိ သဲသောင်ပြင်ကနေ ၃ ရက်လုံးစောင့် မျှော်ခဲ့ကြသေးသည်။ လှေတစ်စီး လာဆိုက်လျှင် အဖေနှင့် အစ်ကိုလားဟု ပြေးကြည့်ခဲ့ရတာတွေလည်း အမောတပန်းကြီးပါ။ အဖေနှင့် အစ်ကို ပြန်မလာတော့မှန်း သိလိုက်သည့်အချိန်။ သားအမိ နှစ်ဦး၏ မျက်ရည်မိုးတွေ သောင်ပြင်တွင် အိုင်ထွန်းသွားသည် အထိပင်။ ထိုအချိန်တွင် လောကကြီး၏ ရှိုက်သံသဲ့သဲ့ ကိုလည်း ကလိမ်ကကျစ် ရာသီက မသိကျိုး ကျွန်ပြုနေခဲ့၏။ ထိုအချိန်မှ စပြီး ကံကြမ္မာက ကျောက်ခဲဘ၀ကို အမြဲတမ်း လှောင်ပြောင်လာတော့သည်။

၂။
မြို့ထဲတွင် ခင်းထားသည့် ကတ္တရာတွေက နာမည်ခံရုံပင်။ ကျောက်ခဲ တွေက မြင်မကောင်း၊ ရှုမကောင်းနှင့် အလုံးလိုက် ငေါထွက်လိုထွက်၊ တစ်စွန်းတစ်စ မာန်ထောင်လိုထောင်။ ကျောက်ခဲ အဖို့ ကျောင်းသွား ကျောင်းပြန် အချိန်တိုင်း သည်လမ်းတွေကိုကွင်း၍မရ။ လမ်းလျှောက်လာ သည့်အခါတိုင်း ခြေထောက်တွင် ဖိနပ်ဗလာ။ ဈေးချိုသည့် ညှပ်ဖိနပ်က ကျောက်ခဲ ခြေထောက်နှင့် မလိုက်ဖက်။ မလိုက်ဖက် ဆိုခြင်းကလည်း ကျောက်ခဲတွင် မွေးကတည်းက ခြေချောင်းလေးတွေ လုံးဝမပါ။ ခြေတိတုံးနှင့် လိုက်ဖက်သည့် ဖိနပ်တွေ ကျပြန်လည်း ဈေးကြီးလွန်း၍ ၀ယ်မစီးနိုင်။

န၀မတန်း ကျောင်းသားလေး ကျောက်ခဲအဖို့ အရှက်ကို မျက်ကွယ်ပြု၍ ကြမ်းတမ်းလှသည့် ကျောက်လမ်းတွေကို အံတကြိတ်ကြိတ်နှင့် နင်း ဖြတ်ရသည့် အကြိမ်ပေါင်းလည်း မနည်းတော့ပါ။ အလယ်တန်းတုန်းက ကျောက်ခဲ စာသိပ်မတော်။ အဖေနှင့် အစ်ကို မရှိတော့သည့် အချိန်မှစပြီး လောကကြီး၏ တွန်းအားနှင့် အတူ အရင်ထက် ပိုပြီး မီးကုန်ယမ်းကုန် ကြိုးစားလာခဲ့၏။ သည်မျှလောက် မသိတတ်လျှင်လည်း အမေ့ကို ရက်စက်ရာ ရောက်တော့မည်။ အမေက တစ်နေကုန် တစ်နေခန်း ဈေးသွားရောင်းသည်။ ပိုလျှံသော အမြတ်အစွန်းလေးနှင့် ကျောင်းစရိတ်၊ စားစရိတ် လောက်ငအောင် သုံးစွဲ နေရသည်။

အဖေနှင့် အစ်ကို ရှိစဉ်တုန်းက ၀င်ငွေနည်း နည်းကောင်း၍ ကျူရှင် နေခဲ့ဖူးသေးသည်။ ခုတော့ ကျူရှင်ဆိုတာ ဝေလာဝေး။ စာအုပ်၊ ဘောလ်ပင်ဖိုးပင် အနိုင်နိုင်။ ကျောင်းဝတ်စုံ ကျလျှင် အရင်ကတည်းက ရှိနေသည့် အဟောင်းတစ်စုံနှင့် အစုတ်အပြဲ တစ်စုံကို ချုပ်ဖာပြီး ရှိတာလေး နှင့် သေသပ်အောင် ၀တ်နေရသည်။ ညကျလျှင်လည်း စာကျက်ဖို့ တစ်ရက်လျှင် ဖယောင်းတိုင် ၃ ချောင်းသာ တတ်နိုင်ခဲ့၏။ ထိုဖယောင်းတိုင် ၃ ချောင်း၏ အလင်းရောင်ဖြင့် အချိန်ကို အကျိုးရှိ အောင် အသုံးချရသည်။ တစ်ခါတလေ စာကျက် နေရင်း အဖေနှင့် အစ်ကို့ကို သတိရမိသည်။ အဲသည် အခါတိုင်း ၀မ်းနည်း ကြေကွဲလွန်း၍ အားရ ပါးရ ငိုရှိုက်ခဲ့ဖူး၏။

“ေက်ာက္ခဲ အက်ႌက အမိုက္စားပဲကြ။ တိမ်ဖြူရောင်ကိုတောင် ညိုအောင် ထွင်ထားသေး တယ်”

ကျောင်းမှာ ပျော်စေပြက်စေ နောက်ကြခြင်း ပါ။ သို့ပေမယ့် တကယ် နင့်နင့်သီးသီး ခံစားနေ ရသည့် ဘ၀ကို သူတို့တွေ နားမလည်ကြ။
“ကျောက်ခဲနင့် ရှူးဖိနပ်ကို တစ်ခါမှ မလျှော် ဘူးလား”

နှလုံးသားကို နုပ်နုပ် စဉ်းလိုက်သလို အတား အဆီးမရှိ ခံစားသွားရသည်။ ပြောသည့် မိန်းကလေးက သူဌေးသမီးဖြစ်၍ သူ့ဘက်က ကြည့်ရင် နောက်ပြောင်သည့် သဘော။ လောကမှာ ပြည့်စုံသည့် လူတွေက ဘာကြောင့်များ ချို့တဲ့လွန်းသော လူတွေကို ကိုယ်ချင်းမစာ တတ်ကြ တာလဲ။ မြေနိမ့်ရာကို လှံစိုက်ချင်သည့် ၀ါဒက ပြည့်စုံသူတွေ အတွက်လား။

“ထမင်းဝနေတဲ့ လူဟာ ဗိုက်ဆာ နေသူတွေရဲ့ ဒုက္ခကို နားမလည်ဘူး”

ကျောက်ခဲကြားဖူးသည့် တရုတ်စကားပုံ တစ်ခုပါ။ ထိုဝါဒကို ကျောက်ခဲ အလွန် ရွံမုန်းမိသည်။ ချိုင့်ဝင် လစ်ဟာလွန်းသည့် တွင်းနက်တွေမှာ မြင့်မားသော တောင်တန်းတွေက ဖဲ့ပြီး ညီအောင် မျှလိုက်မည် ဆိုလျှင် ကမ္ဘာမြေသည် ပိုပြီး စိုပြည် လာလိမ့်မည်ဟု ကျောက်ခဲတွေးမိသည်။ သည်လိုနှင့် ၉ တန်းကို ချောချောမောမော ဖြေ ဆိုနိုင်ခဲ့ပြီ။

၃။
နွေကျောင်းပိတ်ရက်...
“အမေ သား အလုပ်လုပ်ချင်တယ်။ ဆယ်တန်းကို တက်နိုင်ဖို့ ခုကတည်းက ကြိုပြီး ငွေစုထားချင်တယ်”

အမေ့မျက်နှာ မှုန်ရီသွားသည်။
“သားလေးက ကလေးပဲ ရှိပါသေးတယ်ကွယ်။ ဘာဖြစ်လို့ ပင်ပန်းဆင်းရဲ ခံချင်ရတာလဲ”

“သားအတွက် အမေပင်ပန်းနေတာကို သား လုံးဝ မကြည့်ရက်ဘူးအမေ”

“အမေ့ကို ချစ်ရင် ကျောင်းစာတွေကိုပဲ အာရုံ စိုက်ပါ သားရယ်။ နောက် ဘာမှ မတွေးနဲ့နော်”

အမေ့စကားကို ဥပေက္ခာ ပြုချင်၍ မဟုတ်။ အမေ့ ကွယ်ရာမှာ တစ်ဖက်တစ်လမ်းမှ နေပြီး ငွေရှာခဲ့၏။ သို့ပေမယ့် အဖြူထည် ပါ။
ဒေသခံ တံငါ လုပ်ငန်းတွင် အသုံးဝင်သည့် ပိုက်ဖာ၊ ပိုက်ချုပ်သည့် အလုပ်ပင်။ အိမ်ပေါ်တွင် ထိုင်ပြီး အေးအေးလူလူ လုပ်ရသော အလုပ်မျိုး။ သို့ပေမယ့် လွယ်လွယ်ကူကူတော့ မဟုတ်။ နည်းဗျူဟာ ရှိသည်။ တစ်ကွက်ချင်း စေ့စေ့စပ်စပ် ရှာဖွေပြီး အပေါက်၊ အပြဲတွေကို ပကတိ ပြန်ဖြစ်အောင် ဖာထေးရခြင်းပင်။ သည်ပိုက်ဖာ နည်းကိုတော့ ငယ်စဉ်ကတည်းက အစ်ကို သင်ပေးထား၍ အလိုလို ကျွမ်းကျင်နေပြီးသားပင်။ သည်အလုပ်ကို နေ့တိုင်း ပုံမှန်တော့ မလုပ်ရ။ ရက်အနည်း အများခြားပြီး လာအပ်သူ ရှိမှ လုပ်ရသည်။

လက်ထဲတွင် ၁၀ တန်းတက်နိုင်ဖို့ အတွက် ငွေအနည်း အကျဉ်းလေး စုမိခဲ့ပြီ။ သင်္ကြန်လွန်လျှင် ၁၀ တန်း ကျူရှင်တွေ စဖွင့် တော့၏။
“ကျောက်ခဲ မင်းကျူရှင် မတက်ဘူးလား။ ငါတို့ကတော့ ဘာသာစုံ တက်နေကြပြီ”

ကျောက်ခဲ၏ အခက်အခဲကို သူတို့ မသိကြ။
“ဟင့်အင်း ငါ မတက်တော့ဘူးကွာ”

“အင်းပေါ့ မင်းက စာတော်တာကိုး”

ဘ၀က ဖြစ်သင့်တာကိုပဲ ဦးစားပေးခိုင်း သည်။ တစ်နေ့ကလည်း အမေ အရမ်း ဗိုက်အောင့် နေ၍ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမိသည်။ ချက်ချင်း ဆေးခန် ပြရန်လည်း အမေ့ဆီတွင် ငွေတစ်ထောင် ပြည့်အောင် မရှိ။ အိမ်နီးနားချင်းဆီက ချေးရန်လည်း မဖြစ်နိုင်။ “ကိုယ့်မှာ မရှိရင် ပြည်မှာ မရှိ”
ဆိုသလို ဆင်းရဲလွန်းတော့ ဘယ်သူကမှ အယုံအကြည် မရှိကြ။

သို့ပေမယ့် ကျောက်ခဲ သိပ်ကံမဆိုးပါ။ ပိုက်ဖာပြီး စုထားသည့်ငွေ ထောင်ကြီးဂဏန်း လောက်ရှိနေ၍ အမေ့ရောဂါကို အချိန်မီ ကုသနိုင်ခဲ့၏။ သည်လိုမှ မဟုတ်လျှင် အမေ့ အခြေအနေ မရှုမလှ ဖြစ်နေမှာ အသေအချာပင်။ ၀သန်ချိန် ရောက်တော့ ကျောင်းတွေ စဖွင့်ပြီ။ ထို့ကြောင့် သူများတွေ တပျော်တပါး ကျောင်းသွင်း ကုန်ကြပြီ။ သို့ပေမယ့် ကျောက်ခဲအဖို့ ကျောင်း စရိတ် မရှိ၍ ချက်ချင်း မသွင်းနိုင်သေး။ နောက်ဆုံးတော့ ရှိစုမဲ့စု အမေ့နား ကပ်ကလေးကို ရောင်းချပြီး ကျောင်းအပ်ခဲ့ရ၏။ ထို့ကြောင့်အမေ့ကို သိပ် သနားမိသည်။ ထိုနားကပ်ကလေးက အမေတန်ဖိုး အထားဆုံး၊ အမြတ်နိုးဆုံး ပစ္စည်း။ အဖေနှင့် အမေတို့၏ မင်္ဂလာဦး လက်ဆောင်ဖြစ်၍ ကျောက်ခဲအလွန် နှမြောမိသည်။ သည့်အတွက် အမေ့ကို ပေးရမည့် စိတ်ချမ်းသာမှုက ၁၀ တန်းကို ထူးထူးချွန်ချွန် အောင်မြင်နိုင်ရန်။

မိုးရာသီဖြစ်၍ ကျောက်ခဲတို့ ဒေသမှာ မုန်တိုင်းတွေ ခဏခဏ ၀င်တိုက် တတ်သည်။ထို့ကြောင့် ဟောင်းနွမ်းနေပြီ ဖြစ်သည့် အိမ်အတွက် အတော့်ကို စိုးရိမ် ပူပန်မိသည်။ ခေါင်မိုးတွင်လည်း ၅ နှစ် ကြာနေပြီ ဖြစ်သည့် ဓနိပျစ်တွေက ဆွေးကုန်ကြပြီ။ တကယ်ဆိုရင် ဓနိ၏ သက်တမ်းက အလွန်ဆုံး ၄ နှစ်ပင်။
လေနှင့် မိုးရောပြီး မွှေသရမ်း လာလျှင်တော့ နေ့ဘက်ထက် ညဘက်တွင် ပိုပြီး ဒုက္ခ ရောက်တော့သည်။ မိုးစက်၊ မိုးပေါက်တွေ ဓနိပျစ်တွေ ကြားကနေ ယီးလေးခို ကျလိုကျ၊ တရစပ် ခုန်ချလိုချနှင့် ခပ်စိပ်စိပ်လေး စိမ့်ဆင်းနေပုံက ကျောက်ခဲတို့ သားအမိကို လှောင်နေသယောင်ပင်။ ထိုအခြေအနေမျိုးကို ရင်ဆိုင်ရတိုင်း ကျောက်ခဲ စာဖတ်ပျက်တော့သည်။ ဖက်ရွက်နှင့်ဖာလိုဖာ၊ အိတ်ထူတွေနှင့် ထေးလို ထေးလုပ်သော်လည်း ဘူးစင်လို ဖြစ်နေသည့် ခေါင်မိုးကို မိုးမယိုရအောင် ဘယ်လိုမှ မတားဆီးနိုင်ခဲ့။ ရက်စက်လွန်းသည့် မိုးပေါက် တွေက သားအမိ နှစ်ဦး၏ တစ်အိပ်စာ နေရာလေးကိုမျှ အလွတ် မပေးကြတော့ပါ။ သည့်အတွက် ညစဉ်ညတိုင်း ဆောင့်ကြောင့် ထိုင်ပြီး ကြိတ်မှိတ် အိပ်ခဲ့ရ ပေါင်းက မနည်းတော့။ ကျောက်ခဲစိတ်ထဲမှာ မိုးအမြန်ကုန်ပါစေဟုသာ အမြဲတမ်း ဆုတောင်းမိတော့၏။

တန်ဆောင်မိုး လရောက်လျှင်လည်း ကျောင်းကထိန် စရိတ်အတွက် စိတ်ထဲကသာ တတ်နိုင်ခဲ့၏။
“ကဲ ကျောက်ခဲ အခန်းထဲမှာ ကထိန်စရိတ် အကုန်စုံကြပြီ။ မင်းတစ် ယောက်ပဲ ကျန်တော့တယ်”

အတန်းပိုင်ဆရာ သည်စကားကို ပြောတာ ထပ်နေခဲ့ပြီ။ မတတ်နိုင်သည့် ဘ၀မို့ ကြိတ်မှိတ်ခဲ့ရတာပါ ဆရာ။ သည်အခါတိုင်း တစ်ခန်းလုံး၏ သရော် သည့်အကြည့်တွေက ကျောက်ခဲဆီမှာသာ စုပြုံခဲ့ကြ၏။ ကျောင်းကထိန် လည်လာတော့လည်း ထွက်မကြည့်ရဲလို့ တစ်နေရာကနေ ပုန်းလျှိုးပြီး မျက်ရည် ၀ဲခဲ့ရသေးသည်။ တစ်ယောက်တည်း ကြေကွဲ ၀မ်းနည်းရသည့် ဘ၀ကို ဘယ်သူတွေ နားလည်ပေးနိုင်မှာလဲ။ ကျောက်ခဲအတွက် ခါးသီးလွန်းသော အချိန်တွေသည် ကျောင်းစာ အောက်မှာသာ နစ်မြုပ်သွားခဲ့၏။ ကျူရှင် မတက်နိုင်သော်လည်း စာမေးပွဲကိုတော့ ကောင်းကောင်းကြီး ဖြေဆိုနိုင်ခဲ့သည်။

၎။
ကျောက်ခဲ လူပျိုပေါက် ဖြစ်လာပြီ။ သို့ပေမယ့် သူများတွေလို ၀တ်ကောင်း စားလှနေဖို့ စိတ်မကူးရဲပါ။ ပိုက်ဖာပြီး အမေ့ကို တစ်ဖက်တစ်လမ်းမှ ကူညီခဲ့၏။
တပေါင်း လကွယ်နေ့တွင် အသက် ၁၆ နှစ် ပြည့်ပြီ။ ရှိစုမဲ့ စုငွေလေးနှင့် အဖေနှင့် အစ်ကိုတို့ကို ရည်စူးပြီး ဘုန်းတော်ကြီးကျောင်းတွင် သက်သတ်လွတ် ဆွမ်းတစ်ပွဲ သွားလှူလိုက်သည်။ သည့်အတွက် လက်ငင်းရသည့် ၀မ်းသာပီတိက သားအမိနှစ်ဦး အဖို့ ဘယ်အရာနဲ့မှ မလဲနိုင်သည့် အေးမြမှု။
သင်္ကြန် ကျလျှင်လည်း သူများတွေလို မကဲနိုင်။ စုထားသော ငွေလေးနှင့် ဥပုသ်သည် အမေ့ အတွက် ဆွမ်းချက်ပြီး သွားကပ်ခဲ့၏။ နွေည နေခင်းများတွင် ကျောက်ခဲ အနားမနေ။ ဘုန်းတော်ကြီး ကျောင်းများတွင် သောက်တော်ရေ၊ သုံးတော်ရေများ သွားလှူခဲ့သည်။ ကျောက်ခဲ တတ်နိုင်သည့် ကုသိုလ်ဆို၍ ပစ္စုပ္ပန်တွင် အေးမြသည့် ရေစင်သာ ရှိခဲ့သည် မဟုတ်ပါလား။

မိုးဝသန်ရောက်ခဲ့ ပြန်၍ အောင်စာရင်းထွက် မည့်နေ့ကို ကြုံရပြန်ပြီ။ ကျောက်ခဲ စိတ်တွေသိပ် လှုပ်ရှားနေမိသည်။ မတော်၍ ခြေချော်လက်ချော် ဖြစ်ခဲ့လျှင် ကျောက်ခဲအဖို့ မတွေးရဲစရာပင်။ အရုဏ်ချိန်ရောက်၍ အောင်စာရင်းကပ်တော့မှ ဟင်းခနဲ သက်ပြင်းချနိုင်သည်။ မြန်မာစာနှင့် သင်္ချာဆိုလျှင် ဂုဏ်ထူးတောင် ထွက်သေးသည်။ ပျော်လိုက်သည် ဖြစ်ခြင်း။ မိုးပေါ် မြောက်တက် သွားသလို ခံစားရသည်။ သည်နေ့ကို ဘ၀တွင် “အပျော်ဆုံးရက်”ဟု သတ်မှတ်လိုက်သည်။ ကျောက်ခဲ၏ ကြိုးစားမှုနှင့် ပြုခဲ့ဖူးသည့် စေတနာ၊ သဒ္ဓါတရားတွေက ပဲ့တင်ထပ်ပြီး ရောင်ပြန်ဟပ် ခြင်းပင် မဟုတ်ပါလား။ အိမ်ရောက်၍ အမေ့ကို ပြန်ပြောပြတော့ ၀မ်းသာ လွန်းသဖြင့် အမေမျက်ရည် ၀ဲခဲ့မိသေး သည်။ သည်လို အချိန်မျိုးတွင် အဖေနှင့် အစ်ကို တို့သာရှိခဲ့လျှင် သိပ်ကောင်းပေမည်ဟု တွေးမိပြီး စိတ်မကောင်း ဖြစ်ရပြန်သည်။

“အဖေနှင့် အစ်ကိုတို့ ဖြစ်စေချင်တဲ့ ပညာတတ်ကြီး ဖြစ်တော့မယ်။ ကျွန်တော့်ရဲ့ကြိုးစားမှုကို တမလွန်က အဖေနှင့်အစ်ကိုတို့ မြင်လှည့်စမ်းပါ”
ကျောက်ခဲ စိတ်ထဲတွင် တမ်းတမှုတွေနှင့် အတူ ညည်းတွားမိ၏။ ပြီးလျှင် တက္ကသိုလ်ဆက် တက်ရန် ကျောက်ခဲ ရင်လေးနေမိသေးသည်။ အညွန့်တလူလူ တက်ချင်သည့် ဘူးပင်ကို စင်ဆင် မပေးနိုင်မည့် အဖြစ်အား အလွန် နှမြောတွန့်တို နေမိသည်။
“ဟေ့ အေးရင်၊ အိမ်မှာ ဘယ်သူမှ မရှိကြ ဘူးလား”

ကျောက်ခဲ ထမင်းချက်နေရာမှ အပြေး ကလေး ထွက်မိသည်။ ရပ်ကွက်လူကြီး တစ်ယောက်ပင်။
“ကျွန်တော်ရှိပါတယ် ဘကြီး”

“မင်းအမေရော”

“အမေ ဈေးသွားရောင်းတာ ပြန်မရောက် သေးဘူး ဘကြီး”

“ဒါဆို မင်းကိုပဲ ပြောခဲ့တော့မယ်”

“ဘာများလဲ ဘကြီး”

“ဒီလိုကွ။ တို့မြို့လေးမှာ ဆင်းရဲချို့တဲ့ပြီး ပညာထူးချွန်တဲ့ မင်းတို့လို လူငယ်တွေကို မြို့က ထောက်ပံ့ကြေးနဲ့ တက္ကသိုလ် ဆက်တက်နိုင်အောင် ပံ့ပိုးပေးမှာတဲ့။ နေ့လယ်က အစည်းအဝေးမှာ မြို့မိမြို့ဖတွေနဲ့ အကုန်ဆွေးနွေး ညှိနှိုင်းပြီးပြီ။ အဲဒါ မင်းကို လာအသိပေးတာကွ”

ကျောက်ခဲ ထခုန်လိုက်မိသည်။ ပျော်တာ ကတော့ ပြောမပြတတ်အောင်ပါ။ တက္ကသိုလ် ကျောင်းသားဘ၀ကို ကျော်ပြီး ကြည့်မိသည်။ တတ်စွမ်းရာ ပညာဖြင့် လောကကို အကျိုးပြုနိုင်မည့် ဘ၀ကို မြင်ပြီး ရင်ထဲမှာ ကြည်နူးလို့ မဆုံး။ “မိမိတတ်ရာ ပညာသည် မွေးရပ်မြေ အတွက် ဖြစ်ရမည်”ဟု ကျောက်ခဲစိတ်တွင် ခိုင်ခိုင်မြဲမြဲ သန္နိဋ္ဌာန် ချလိုက်သည်။

မနက်ဖြန်များစွာ...
အနာဂတ်များ အချိန်ကာလများစွာ... တို့မှာ ညှိုးလျနေသော သစ်ပင်တွေကို စိမ်းစိုလာအောင် လူတွေက လုပ်နိုင်ရမည်။ ခြောက်သွေ့သော ကမ္ဘာမြေကို အေးမြ စိုပြည်လာအောင် လူတွေက လုပ်နိုင်ရမည်။ ပူလောင် မွန်းကျပ်နေသော လူ့ ဘ၀တွေကို မေတ္တာတရားနှင့် အေးချမ်းမှု ပေးနိုင်ရမည်။ လောဘ ရမ္မက်ကြောင့် သင်္ခါရအောက် နစ်မြုပ်သွားသော အသက်ပေါင်း များစွာကို ကရုဏာ တရားနှင့် ချစ်ကြည် နွေးထွေးမှုတွေ၊ ရှင်သန် တိုးတက်မှုတွေ ပေးနိုင်ရမည်။ လူသည် လူပီသစွာနှင့် လောကအတွက် လူဖြစ်လာခြင်း ဖြစ်ရမည်။
ကျောက်ခဲ၏ အတွေးတွေ မမှားခဲ့ဘူး ဆိုလျှင်...။


Written by လင်းထက်သူရိန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...