Wednesday, August 24, 2011

သတင်းမီဒီယာများ အပါအ၀င် ပြည်သူများနှင့် နိုင်ငံတကာမှ ဝေဖန်အကြံပြုချက်များကို လွှတ်တော်များက ခံယူသွားကြရမည် ဟုပြောကြား။

by Yeyint Kyaw on Wednesday, August 24, 2011 at 9:11am


ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၏ ပထမ နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတင်းမီဒီယာများ အပါအ၀င် အများပြည်သူနှင့် နိုင်ငံတကာမှ ဝေဖန်အကြံပြုမှုများကို မိမိ တို့ ခံယူသွားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကျင်းပဆဲ လွှတ်တော် အစည်းအဝေးတွင် စတုတ္ထမဏ္ဍိုင်မှ သတင်းဂျာနယ်၊ မီဒီယာများပါရောက် ရှိနေကြခြင်းကြောင့် ဒီမိုကရေစီပီပြင်စွာ ဖြစ်ထွန်းသောအင်္ဂါများ စုံညီစွာပါဝင် လာပြီဟုပြောကြားခဲ့ပြီး သတင်းမီဒီယာများ အပါအ၀င် အများပြည်သူနှင့် နိုင်ငံတကာမှ ဝေဖန်အကြံပြုမှုများကို ခံယူသွားမည်ဟု ပြောကြားခဲ့သည်။

ယင်းအပြင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားနှင့် ပြည်သူ့မျှော်လင့်ချက်များ ကို အလေးထား ဆန်းစစ် သုံးသပ် ဝေဖန်ပြီး လက်တွေ့နယ်ပယ်တွင် ပြည်သူနှင့်နိုင်ငံတော်အတွက် အကျိုး ဖြစ်ထွန်းစေမည့် ဥပဒေများ အမြန် ပေါ်ထွန်းရေးနှင့် ထိုဥပဒေများနှင့် အညီ နိုင်ငံသားအားလုံး၊ ပြည်သူအားလုံးနှင့် အဖွဲ့အစည်းအားလုံးက လိုက်နာကျင့်သုံးရေးအတွက် ထိန်းညှိ ကူညီဆောင်ရွက်ရန် လွှတ်တော်တွင် တာဝန်ရှိကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ယခုတစ်ကြိမ် လွှတ်တော်အစည်းအဝေးရဲ့ ထူးခြားချက်က ပြည်သူ့အသံ-လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်-လွှတ်တော်က ဖော်ဆောင်ရွက်ဆိုတဲ့ လွှတ်တော် ဆောင်ပုဒ်ပဲဖြစ်ပါတယ် . . .
နေပြည်တော်တွင် သြဂုတ်လ ၂၂ ရက်နေ့က စတင်ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး၊ ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးများ ပထမနေ့သို့ သတင်းထောက် ၉၀ ကျော် တက်ရောက် သတင်းရယူခဲ့သည်။

ပထမအကြိမ် လွှတ်တော်ဒုတိယ ပုံမှန်အစည်းအဝေးများ ပထမနေ့သို့ တက်ရောက် သတင်းရယူခဲ့သည့် သတင်းထောက်များမှာ ပြည်တွင်း ဂျာနယ်များမှ သတင်းထောက်များ၊ မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်းမှ အသင်းဝင် သတင်းထောက်များ၊ နိုင်ငံပိုင်မီဒီယာများမှ သတင်းထောက်များ၊ ရုပ်သံလိုင်းများ မှ သတင်းထောက်များ ဖြစ်ကြသည်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိ ပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင်မူ ပုဂ္ဂလိက မီဒီယာများမှသတင်းထောက်များ တက်ရောက် သတင်းရယူခွင့် မရခဲ့ပေ။

ပထမအကြိမ် လွှတ်တော်ဒုတိယ ပုံမှန်အစည်းအဝေးများသို့ တက်ရောက်သတင်းရယူမည့် သတင်းထောက်များအား ပြန်ကြားရေးကော်မတီက အချက် ၁၆ ချက် ပါဝင် သည့် မေတ္တာရပ်ခံချက် တစ်စောင် ထုတ်ဝေဖြန့်ချိခဲ့ပြီး ယင်းပါအချက် အချို့မှာ -“၈။ လွှတ်တော်၏ လျှို့ ၀ှက်ကိစ္စများ မပေါက်ကြားစေရေး အတွက်လည်းကောင်း၊ ပြင်ပလွှမ်းမိုးမှုများ မရှိစေရေးအတွက် လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၏ လုံခြုံရေးအတွက် လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ၀န်ထမ်းများအား လွှတ်တော်ပရ၀ဏ် အတွင်း၌ပြန်ကြားရေး ကော်မတီ၏ ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံရန် ဖြစ်ပါသည်။
၁၆။ လွှတ်တော်တွင်း ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်၏ဂုဏ်သိက္ခာကို ထိခိုက်စေရန် လည်းကောင်း၊ အများပြည်သူတို့အား ထင်ယောင်ထင်မှားဖြစ်စေရန် လည်းကောင်း သတင်းရေးသားဖော်ပြခြင်း မပြုရန်ဖြစ်ပါသည်။” ဟူ၍ဖြစ်သည်။

ကျင်းပနေသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၊ ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများ၌ သတင်းထောက်များသည် လွှတ်တော်အစည်းအဝေးခန်းမ၏ အပေါ်ထပ် တစ်ဘက်တစ်ချက်တွင် ရှိသော Interpreter Booth အခန်းမှတစ်ဆင့် ဓာတ်ပုံရိုက်ကူးခြင်း၊ လွှတ်တော်အစည်းအဝေး ကျင်းပနေသည်ကို အသံရော ရုပ်ပါ တိုက်ရိုက် ထုတ်လွှင့်ပြသနေသည့် Interpreter Booth အခန်းထဲရှိ တီဗွီမှတစ်ဆင့် အသံကူးယူခြင်း၊ လွှတ်တော် အစည်းအဝေးခန်းမအတွင်း ဓာတ်ပုံရိုက်ကူးခွင့် မိနစ်အနည်းငယ်ရရှိခြင်းဖြင့် လွှတ်တော်သတင်းများကို ရယူလျက် ရှိသည်။



by  
· · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...