Thursday, August 25, 2011

သစ်ပင်ကြီးနှင့် ကောင်လေးတစ်ယောက်

ဟိုးရှေးရှေးတုန်းက ပန်းသီးပင် တစ်ပင် နဲ့ ကောင်လေးတစ်ယောက် ရှိတယ်။

နေ့တိုင်း အဲဒီကောင်လေးက ပြေးလာပြီး ပင်စည်ပေါ် တက်ပြီး သစ်ပင်ပေါ်မှာကစားတယ်။ ပြီးတော့ ပန်းသီးတွေကို စားလေ့ရှိပါတယ်။

သစ်ပင်နဲ့ ကောင်လေးဟာ အတူတူ တူတူပုန်းတမ်းကစားကြတယ်။ ကစားလို့ မောသွားပြီဆိုရင် ကောင်လေးဟာ သစ်ပင်ရိပ်အောက်မှာ အိပ်လေ့၇ှိတယ်။


ကောင်လေးက သစ်ပင်ကို အရမ်း ချစ်တာပဲ....
သစ်ပင်ကလဲ ကောင်လေးကို ချစ်သတဲ့။

ဒီလိုနဲ့ ... ကောင်လေးလဲ အရွယ်ရောက်လာတာပေါ့။ သစ်ပင်ကတော့ ကောင်လေးမလာတဲ့အချိန်တွေမှာ အထီးကျန်ဆန်စွာနဲ့ပဲ နေလေ့ရှိသတဲ့။

တစ်နေ့တော့ ကောင်လေးက သစ်ပင်အောက်ရောက်လာတယ်။
သစ်ပင်က ပြောတယ် "လာလာ...ကလေးလေး..သစ်ပင်ပေါ်ကိုတက်ပါ၊ ပြီးတော့ တူတူပုန်းတမ်း ကစားမယ်လေ၊ ပန်းသီးလဲ စားနော်...သစ်ပင်အရိပ်အောက်မှာ ပျော်ပျော်ပါးပါး ကစားပါကွယ်..."

ကောင်လေးက " ကျွန်တော် ကလေးမဟုတ်တော့ဘူး.... သစ်ပင်ပေါ်တက်ပြီးလဲ မကစားတော့ဘူး.... ကျွန်တော် ၀ယ်ချင်တာဝယ်ဖို့ ပိုက်ဆံပဲလိုချင်တယ်.... ခင်ဗျား ကျွန်တော့်ကို ပိုက်ဆံပေးနိုင်လား " လို့မေးလိုက်ပါတယ်။

ဒါနဲ့ သစ်ပင်က "စိတ်မကောင်းပါဘူးကွယ်၊ ငါ့မှာ ပိုက်ဆံ တော့မရှိဘူး၊ သစ်ရွက်တွေရယ် ပန်းသီးတွေရယ်ပဲရှိတယ်၊ င့ါပန်းသီးတွေကို ဈေးမှာသွားရောင်းလိုက်လေ... ပိုက်ဆံရမှာပေါ့... ပိုက်ဆံရရင် ပျော်ပြီမဟုတ်လား"

ကောင်လေးက သစ်ပင်ပေါ်ကိုတက်...ပြီးတော့ ပန်းသီးတွေကို ခူးပြီး ထွက်ခွာသွားပါတယ်... သစ်ပင်ကတော့ ၀မ်းသာနေတာပေါ့။

ကောင်လေးက နောက်ထပ်မလာတာ တော်တော်ကြာသွားပါတယ်။ ဒါကြောင့် သစ်ပင်က စိတ်မကောင်းဖြစ်နေတာပေါ့။

တစ်နေ့တော့ ကောင်လေးက ပြန်ရောက်လာတယ်။ သစ်ပင်က ၀မ်းသာသွားပြီး "လာ လာ... ကလေး၊ ပင်စည်ပေါ်ကိုတက်၊ ငါနဲ့ အတူတူ ကစားလေ...ပျော်ပျော်ပါးပါးပေါ့" လို့ပြောလိုက်တော့ ကောင်လေးက "ကျွန်တော် အလုပ်အရမ်းများတယ်၊ ဆော့ဖို့ အချိန်မရှိဘူးဗျ" လို့ပြန်ပြောပါတယ်။ ထပ်ပြီး "ကျွန်တော် အိမ်လေးတစ်လုံးလိုချင်တယ်.... ကျွန်တော့်သားသမီးတွေနဲ့ မိန်းမ အတူတူနေဖို့ ...အဲဒါ ခင်ဗျား အိမ်တစ်လုံး ကျွန်တော့်ကို ပေးနိုင်လား" လို့ပြောလိုက်ပါတယ်။

ဒါနဲ့ သစ်ပင်က "ငါ့မှာ အိမ်မရှိဘူး၊ ဒီသစ်ပင်က ငါ့ရဲ့အိမ်ပဲ...ဒါပေမဲ့ မင်း ငါ့ရဲ့ သစ်ကိုင်းတွေကို ခုတ်ပြီး  အိမ် အကာ၊ အမိုးတွေလုပ်လို့ရတယ်လေ...ဒါဆို မင်းပျော်မှာပေါ့"

ကောင်လေးက သစ်ကိုင်းတွေကို ခုတ်ထစ်ပြီး အိမ်အမိုးမိုးဖို့ ယူသွားတာပေါ့ ...သစ်ပင်ကတော့ ကောင်လေးအဆင်ပြေသွားတော့ ၀မ်းသာသွားပါတယ်။

ဒါပေမဲ့ ကောင်လေးကနောက်ထပ်ပေါ်မလာတော့ပြန်ပါဘူး၊ တစ်နေ့တော့ ကောင်လေးပြန်ပေါ်လာတယ်... သစ်ပင်က ပျော်သွားပါတယ်။ ထုံးစံအတိုင်း "လာလာ...ကလေး လာကစားလေ"

ကောင်လေးက "ကျွန်တော်က အသက်လဲကြီးပြီ စိတ်ဓာတ်လဲ ကျနေတယ်... မကစားချင်ပါဘူးဗျာ... အခု လှေတစ်စီးပဲ လိုချင်တယ် ။ ဒီကနေ ဝေးဝေးသွားလို့ရအောင်လို့၊ ခင်ဗျားလှေ ရအောင် လုပ်ပေးနိုင်လား"

သစ်ပင်က"မင်း ငါ့ရဲ့ ပင်စည်ကို ယူသွားပြီ လှေလုပ်ပေါ့... မင်းအဆင်ပြေမှာပါ"

ဒါနဲ့ ကောင်လေးက ပင်စည်ကို ခုတ်ပြီး  လှေ တစ်စင်းဆောက်ပြီး ထွက်ခွာသွားပါတယ်။
သစ်ပင်က ၀မ်းသာသွားပါတယ် ဒါပေမဲ့ စိတ်ထဲမှာတော့ မချိရှာပါဘူး။

တော်တော်လေး ကြာသွားတော့ အဲဒီကောင်လေးက ပြန်ရောက်လာပါတယ်။
"ငါ စိတ်မကောင်းပါဘူး ကလေးရယ်...ငါ့မှာ ပေးစရာ ဘာမှမရှိတော့ဘူး...ပန်းသီးတွေလဲ မရှိတော့ဘူးလေ"

" ကျွန်တော့်မှာလဲ ပန်းသီးကိုက်ဖို့ သွားမရှိတော့ပါဘူးဗျာ"

သစ်ပင်က "ငါ့ရဲ့ သစ်ကိုင်းတွေလဲ မရှိတော့ဘူး အရင်ကလို ငါတို့ အတူတူ ကစားလို့ မရတော့ဘူး"

ကောင်လေးက "ကျွန်တော်လဲ အဲလို မကစားနိုင်တော့ဘူး...အသက်ကကြီးနေပြီလေ"

သစ်ပင်က "ပင်စည်မရှိတော့ တက်ဆော့လို့ မရတော့ဘူးပေါ့"

ကောင်လေးက "တက်ဆော့လို့ မရနိုင်အောင် ကျွန်တော် တော်တော်မောပန်းနေတယ်ဗျ"

"စိတ်မကောင်းပါဘူးကွယ်.... တကယ်တော့ ငါမင်းလိုသမျှကို ပေးချင်ပါတယ် ..ဒါပေမဲ့ ပေးစရာဘာမှ မရှိတော့ဘူး .... သစ်မြစ်တစ်ခုပဲ ငါ့မှာ ကျန်တော့ပါတယ် ကလေးရယ်"

ကောင်လေးက "ကျွန်တော်အခု ဘာမှ ထွေထွေထူးထူး မလိုချင်တော့ပါဘူး.... တိတ်ဆိတ်အေးချမ်းတဲ့ နေရာလေးတစ်ခုပဲလိုချင်တယ်..အရမ်းမောတယ်ဗျာ"

သစ်ပင်က "ကောင်းပါပြီကွယ်... ငါ့ရဲ့ သစ်မြစ်က မင်း အနားယူဖို့ အကောင်းဆုံးနေရာလေးဖြစ်မှာပါ...လာ ကလေး... ဒီမှာ လာထိုင်ပြီး အနားယူပေါ့"

ကောင်လေးက သူမနဲ့ အတူတူ ထိုင်လိုက်တော့ သစ်ပင်လဲ ၀မ်းသာသွားပါတော့တယ်။

သစ်ပင်ကြီး တစ်ပင်ရှိတယ်...
နွေဦးမှာ သူမကို မှီခိုပြီး ပျော်ရွှင်ကြတယ်..
နွေရောက်တော့ သူမအရိပ်ခိုပြီး အေးမြမှုကိုရယူတယ်...
ဆောင်းဦးတွင်ဝယ် သူမရဲ့ မှည့်တဲ့ အသီးတွေကို စားသုံးကြတယ်..
ဆောင်းရာသီမတော့ သူမဘေးမှာ အတူတူထိုင်ပြီး နွေးထွေးမှုကို ရှာဖွေကြတယ်....
ဒီသစ်ပင်ကြီးကတော့ ကျွန်တော်တို့ အတွက် အမြဲ တမ်း အပြုံးတွေကို သယ်ဆောင်ပေးမဲ့ အနန္တဂိုဏ်းဝင် မိခင်ပဲ ဖြစ်ပါတော့တယ်။

မူရင်း一棵大树 ကို ဘာသာပြန်ပါသည်။ 
ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ။
စာချစ်သူများအား ကျေးဇူးတင်ပါတယ်။
(ဇေယျာ) 25/Aug/2011, Thursday, 2:00pm

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...