Monday, August 29, 2011

သနပ်ခါး အီဗော်လူးရှင်း

by Mizzima မဇ္ဈိမ on Monday, August 29, 2011 at 5:58pm
(ဆောင်းပါး)

ဒေါက်တာ စိန်မြင့်| တနင်္လာနေ့၊ သြဂုတ်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၀၂ မိနစ်

၁၈ ရာစု ကတည်းက ပြင်သစ်ရေမွှေးများ အင်းဝဘုရင့် နိုင်ငံတော်သို့ စတင် ဝင်ရောက်လာခဲ့သော်လည်း ရနံ့ယဉ်သည့် ရိုးရာသနပ်ခါးသာ မြန်မာနိုင်ငံရှိ အမျိုးသမီးများ သည်းခြေကြိုက် ဖြစ်လျက်ပင် ရှိနေသေး သည်။ မကြာသေးခင် အချိန်အထိ မြန်မာအမျိုးသမီး အများစုမှာ သနပ်ခါးကို ကျောက်ပျဉ်ပေါ်တွင်သွေးကာ  သနပ်ခါးအနှစ်ကို နှစ်နှစ်ခြိုက်ခြိုက် လိမ်းခြယ်လျက် ရှိဆဲပင်။ နေအိမ်ရှိ မိခင်၊ ညီမ၊ အမ များထံမှ သနပ်ခါးနံ့များ သင်းပျံ့လာလေ့ရှိသဖြင့် သနပ်ခါးနံ့မှာ ကျနော်တို့နှင့် မစိမ်းလှပေ။


မကြာသေးခင်က လစ်ဗျားနိုင်ငံတွင် သူပုန်များ အောင်ပွဲခံကာ နိုင်ငံကို သိမ်းပိုက်နိုင်ခဲ့ခြင်းက ကမ္ဘာ့မီဒီယာများနှင့် သတင်းကွန်ယက်များတွင် အရေးကြီးသည့် သတင်းထူး ဖြစ်သွားခဲ့သော်လည်း တချိန်တည်းတွင် မြို့တော် နေပြည်တော်၌ နူးညံ့သိမ်မွေ့သော “သနပ်ခါး အီဗော်လူးရှင်း” ဖြစ်ပွားနေသည်ကိုမူ ဗီအိုအေ၊ အာအက်ဖ်အေ၊ ဘီဘီစီနှင့် သတင်းဝက်ဘ်ဆိုဒ်များ၊ ဘလော့များမှအပ ကမ္ဘာ့သတင်း မီဒီယာများတွင် အထူးတလည် ဖော်ပြခဲ့ကြခြင်း မရှိခဲ့ပေ။

ပြည်ပရောက် မြန်မာနိုင်ငံရေး လှုပ်ရှားသူများနှင့် နိုင်ငံတကာမှ မြန်မာ့အရေး ကျွမ်းကျင်သူများ၏ သတိထား စောင့်ကြည့်လေ့လာမှု ရှေ့မှောက်တွင် ယခင် စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့သူ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ယခုလက်ရှိ အရပ်သား အစိုးရသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဦးတည်ချက် မှန်ကန်သည့် မတင်မကျ ခြေလှမ်းငယ်များ စတင် လျှောက်လှမ်းနေပြီ ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအား အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရန် ကမ်းလှမ်းခဲ့ခြင်း၊ ပြည်ပရောက် မြန်မာများအား ပြန်လာရန် ဖိတ်ခေါ်ခြင်း၊ နိုင်ငံတော် ရင်ဆိုင်နေရသည့် ပြဿနာများ အတွက် အတူတကွ ညှိနှိုင်း လုပ်ဆောင်ရန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရန် ကတိကဝတ် ပြုခြင်းနှင့် လူထုဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးတို့ကို လုပ်ဆောင်ခဲ့သလို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့ကလည်း မကြာသေးခင်က မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ သောမတ်(စ) အိုဟေး ကွင်တားနားနှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး တိုးတက်လာရေးနှင့် အခြားသော အခွင့်အရေးများ မြှင့်တင်ပေးရေးတို့ လွှတ်တော် အစည်းအဝေးများမှ တဆင့် လုပ်ဆောင်ပေးမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ နိုင်ငံရေးဖြစ်စဉ် ဖွံ့ဖြိုးလာမှုအပေါ် ပြည်ပရောက် မြန်မာအတိုက်အခံများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံတကာရှိ မြန်မာ့အရေး ကျွမ်းကျင်သူများ၏ တုံ့ပြန်မှုမှာမူ အပြောင်းအလဲအား သတိ အနေအထားဖြင့် လက်ခံကြိုဆိုသူများ ရှိနေသလို ချက်ချင်း ပယ်ချလိုက်သူများလည်း ရှိနေကာ အများစုမှာမူ နောက်လာမည့် လများတွင် ဆက်လက်စောင့်ကြည့် လေ့လာဦးမည့် သဘောထား ရှိနေကြသည်။ အများစု အဓိကထား၍ ပြောနေကြသည့် အချက်မှာ စစ်မှန်သော အမျိုးသား ပြန်လည်စည်းလုံးရေးအတွက် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးပင် ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ ရှေ့ဆက် ခြေလှမ်းရခြင်း၏ အကြောင်းရင်းမှာ နေပြည်တော်ရှိ ခေါင်းဆောင်များ၏ စိတ်ထဲတွင် လွှမ်းမိုးနေသော အချက်အလက်များကြောင့်လည်း ဖြစ်နိုင်သည်။ နေပြည်တော် အစိုးရကို မယုံကြည်သူများက ယခု အစိုးရ၏ လုပ်ဆောင်နေမှုများသည် နိုင်ငံတကာနှင့် ဒေသတွင်း ထောက်ခံမှုများ ရရှိရေးအတွက်၊ အထူးသဖြင့် ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး ရရှိရေး အတွက် ဟန်ပြ လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ရှု့မြင်ကြသည်။

ထိုကဲ့သို့ နိုင်ငံတကာ၏ အသိအမှတ်ပြု ခံယူလိုမှုနှင့် သမ္မတ အကြံပေးအဖွဲ့မှ တိုက်တွန်းမှုတို့က နေပြည်တော်ရှိ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးရမည်ကို ကြောက်သည့်စိတ်အား လွှမ်းမိုးသွားခြင်းမျိုးလည်း ဖြစ်နိုင်စရာ ရှိသည်။

တောင်ပြိုခြင်းနှင့် နှင်းမုန်တိုင်းများကို အချိန်မရွေး ရင်ဆိုင်ရနိုင်ချေရှိသည့် ဧဝရက် တောင်တက်သမားနှင့် အလားတူစွာပင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များ၌ အိပ်မက်ဆိုးများ၊ ပြုပြင်ပြောင်းလဲရေး သမားများ၏ အရိုးစုများနှင့် ပြည့်နှက်နေသည့် ကတုတ်ကျင်းများ စသည့် ခက်ခဲသော အနေအထားများနှင့် ရင်ဆိုင်ရစရာ အကြောင်းမျိုးလည်း ရှိနေသည်။

တောင်တက်သမား တယောက်က တောင်ထိပ် ရောက်နိုင်ရန် ရာသီဥတု အခြေအနေ ကောင်းမွန်မှုဆိုသည့် ပြတင်းတံခါးပေါက်ကို ရှာဖွေနေသကဲ့သို့  ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် ပါဝင်နေသူ အားလုံး အနေဖြင့်လည်း စေတီပုထိုးများ ပေါများလှသည့် မြန်မာနိုင်ငံတွင် ဆင့်ကဲပြုပြင် ပြောင်းလဲရေး (သို့မဟုတ်) သနပ်ခါး အီဗော်လူးရှင်း ကြာရှည်ခံရေး အတွက် ကြိုးပမ်းနေစဉ်တွင် အမျိုးသားပြန်လည် စည်းလုံးရေး အတွက် အခွင့်အရေး ပြတင်းတံခါးပေါက်ကို လက်လွှတ် မခံသင့်သလို  တဘက်တွင်လည်း ဖြစ်လာနိုင်သည့် နိုင်ငံရေးတောင်ပြိုမှု အန္တရာယ်အတွက် သတိဝီရိယဖြင့် နိုးနိုးကြားကြားလည်း ရှိနေသင့်ပေသည်။

(ဒေါက်တာစိန်မြင့် ရေးသားသောThe Sandalwood Evolution ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...