Wednesday, August 31, 2011

“သူရဿဝါနှင့် ဟက်ကာ”

by ရသစာပေအနုပညာဘလော့ဂ် on Wednesday, August 31, 2011 at 3:30pm


 ကျွန်တော်တို့ အင်တာနက် သုံးစွဲသူများ၏ လောကမှာ အားလုံးလိုလို ကြောက်ရွံ့ရသော လူတန်းစား တစ်ရပ် ရှိသည်။ ဟက်ကာ (Hacker) ဖြစ်၏။ အင်တာနက် သုံးတတ်ခါစ ကိုယ့်ရှေ့မှ စီနီယာ ကိုကိုမမ များက မိမိတို့၏ စကားဝှက်များ မပျောက်ပျက်ရန် အထူးထိမ်းသိမ်း စောင့်ရှောက်ခိုင်းသည့် အကြောင်းအချက် များထဲတွင် ထိုဟက်ကာ များကို ရည်ရွယ်သမှု အများဆုံး ပြုကြသည်။
သူရဿဝါတို့ ၄င်းဟက်ကာများကို ဘယ့်ကလောက်အထိ ကြောက်သနည်း ဆိုသော် ကိုယ်တိုင်လည်း အဟက်မခံရဖူး၊ ကိုယ့်ဘေး ပတ်ဝန်းကျင်ရှိ လူများ အဟက်ခံ ရတာလည်း မမြင်ဖူး၊ ဟက်ကာ ဆိုတာ လုံးလုံးလား၊ ပြားပြားလား၊  ချိုပါသလား၊ အမြီးပေါက် နေသလား ဘာဆို ဘာမှကို မသိခင် ကတည်းက ကြားဖူး နားဝဖြင့် ကြိုကြိုတင်တင် ကြောက်ခဲ့ရသည်။ ကိုယ့်ထက် စီနီယာ တစ်ယောက်က ဆရာကြီး ဂိုက်ဖမ်း၍ မျက်နှာတည် မျက်နှာထားဖြင့် (တကယ်တော့ သူလည်း ဘာမှ လုပ်တတ်တာ မဟုတ်) “မင့် ... ငါ ဟက်ပစ် လိုက်ရမလား” ဟု လာပြောလျှင် ကိုယ့်မှာ နေစရာ မရှိတော့။ ဒီလောက်အထိ ဘာမှန်းမသိ ညာမှန်းမသိ ကြောက်ရွဲ့ ခဲ့ရသည်။

ကိုယ်တိုင် အင်တာနက်ပါး  မဝခင် ကိုယ့်ကို စီနီယာများ စခဲ့ နောက်ခဲ့ ခြောက်ခဲ့သလို ကိုယ်ကိုယ်တိုင် Net တစ်လုံး Chat တစ်လုံး (လူတစ်လုံး သူတစ်လုံး သဘောတရား ဆောင်ပါသည်) ဖြစ်လာချိန်တွင် ကိုယ်ကလည်း ကိုယ့်ထက် ဝါနုသူများကို “ဟက်ပစ်လိုက်ရမလား” စကားသုံး၍ ပြန်လည် ခြောက်လှန့် ဖူးတာပဲ။ ဒါပေမယ့် သူရဿဝါတို့ ကံမကောင်းပုံများ ကိုယ်ပြန်၍ ခြိမ်းခြောက် မိသည့် သကောင့်သားက ဟက်ကာ ဆိုတာကို နံပြားလောက်ပင် စိတ်မဝင်စား မသိရှိသူ ဖြစ်နေ၏။ ခပ်တည်တည်နှင့် “မင်း Password တွေ သေချာ သိမ်းနော်၊ အမြင်ကပ် လာရင် မင့်ကိုငါ ဟက်ပစ် လိုက်ရမလား” ဟု ဖြဲခြောက်တော့ သင်းက မထုံတက်တေး မျက်နှာပေးနှင့် ဘာပြန်ပြောသည် ထင်ပါသလဲ။ “ကျွန်တော့် ဟပ်ရအောင် အစ်ကိုက ခွေးလား .. တဲ့”။ တစ်ခွန်းတည်း ... သို့သော် သူရဿဝါ တစ်သက်လုံး မှတ်သွားပါသည်။ ဘယ်သူ့ကိုမှ ဒီလို ထပ်ပြီး မခြိမ်းခြောက် တော့ပါ။

ကျွန်တော် ဖတ်ဖူး မှတ်ဖူး သလောက် ပြောရလျှင် ဟက်ကာအပြား လေးပါး ရှိပါသတဲ့။ အော် .... တစ်မျိုးတည်း သိခဲ့တုန်း ကတောင် နေစရာ မရှိတာ .. လေးမျိုး ရှိမှန်း သိသိချင်း သူရဿဝါ နှာရှူဆေး ပြေးရှူလိုက်မှ နေသာထိုင်သာ ပြန်ဖြစ်၏။ နောက်ပြီး ဟက်ကာ ထဲမှာတောင် ကောင်းသော ဟက်ကာနှင့် မကောင်းသော ဟက်ကာ ဆိုတာ ရှိသေးသတဲ့။ ဗုဒ္ဗေါ ...။ ခိုးကြတာချင်း အတူတူတောင် ငါက ဘုရား ရှိခိုးပြီးမှ ခိုးတဲ့ကောင်ကွဟု ကြွေးကြော်သလို ဖြစ်နေပါ ရောလား။ ဟက်ကာ အမျိုးမျိုး ရှိသလို ဟက်နည်း ဟက်ဟန် အမျိုးမျိုးလည်း ရှိသည်ဟူ၏။ သူတို့က Hack လုပ်ပြီ ဆိုလျှင် သူတို့ လုပ်သည်ကို ဖောက်ထွင်းသည်၊ ခိုးယူသည်ဟု ဘယ်တာ့မှ မကြေငြာ၊ တိုက်ခိုက်သည်ဟု ဂုဏ်သရေ ရှိရှိ ကင်ပွန်းတပ်၏။ မှတ်သားစရာ တစ်မျိုး တိုးရပါသည်။ ဘာပဲဖြစ်ဖြစ် ဟက်ကာ ဆိုသည့် လူများသည် အတော်အတန် တန်ခိုးထွား ကြသူများ ဖြစ်သလို ပညာတတ် လူတန်းစားများ ဖြစ်သည်ဟု ယူဆမိသည်။ တချို့ကတော့ ဒီလို အဆင့်မြင့် ပညာများနှင့် ပညာသား ပါပါ ဖောက်ထွင်း တိုက်ခိုက်တာလည်း မဟုတ်ဘဲနှင့် တစ်ပါးသူ အလစ်အငိုက်တွင် Key Logger လို ဆော့ဖ်ဝဲမျိုး Run ထားကာ အောက်တန်းကျကျ ခိုးကြပြီးမှ သူတို့ကိုယ် သူတို့ ဟက်ကာ အမည် တပ်သည်များလည်း ရှိ၏။

ယခင်က ပြည်ပ သတင်းများ တွင်သာ ဟက်ပစ်လိုက်သည်၊ အဟက် ခံရသည် ဟူသော သတင်းမျိုး ဖတ်ခဲ့ရ သော်လည်း ယခုတော့ ကိုယ့်နိုင်ငံ တွင်းမှာပင် တကယ် တော်သော၊ တတ်သော နည်းပညာရှင် အချို့က ဟက်ကာ များအဖြစ် ရပ်တည်၍ လာကြသည်။ ကိုယ့်အနီးအနား ပတ်ဝန်းကျင် မှာပင် ဘယ်သူ့ မေးလ်အကောင့်တော့ ပါသွားပြီ၊ ဘယ်ဝက်ဘ်ဆိုက်တော့ ခွက်ထိုးခွက်လန် အဟက်ခံ လိုက်ရသည် ဆိုတာမျိုး ခဏခဏ ကြားလာရ၏။ ဘာကြောင့် ဟက်ကြသလဲ ... သူရဿဝါ ဥာဏ်မှီသလောက် လိုက်စဉ်းစား ကြည့်မိသည်။ အချို့က ပုဂ္ဂိုလ်ရေး မကျေနပ်၍ ဟက်သည်၊ အချို့က အကြောင်းပြချက် မည်မည်ရရ မရှိဘဲ သူတစ်ပါး ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို ထိပါးလို၍ ဟက်သည်၊ ဘယ်လိုပဲ ဖြစ်ဖြစ် အခြားတစ်ပါးသူ၏ ကိုယ်လုံခြုံရေး၊ စိတ်လုံခြုံရေးကို အနှောင့်အယှက် ပြုတာ မကောင်း ဟုတော့ ခံစားမိ၏။

ကိုယ့်အနီးအနား ပတ်ဝန်းကျင်တွင် အဟက်ခံရ ဖူးသူများ ထဲတွင်တော့ သိပ်ပြီး ဆိုးဆိုးရွားရွား ကိစ္စမျိုး ကြုံရသည်ဟု မကြားဖူး။ ကိုယ့် မေးလ်အကောင့် အဟက်ခံ လိုက်ရသည် ဆိုသော်လည်း မေးလ်ထဲတွင် သိပ်ပြီး အရေးကြီးသည့်၊ လျှို့ဝှက်အပ်သည့် အချက်အလက်များ မထားကြ သောကြောင့်ပင် ဖြစ်မည် ထင်သည်။ သူရဿဝါ ကတော့ အခု ဟက်ကာများ အကြောင်း ရေးသာ ရေးနေရသည်။ စိတ်ထဲမှာ သိပ်မသန့်။ တော်တော်ကြာ ဒီစာတွေကို ဟက်ကာ တစ်ယောက်ယောက်များ ဖတ်မိပြီး “ဒီအကောင်တော့ လှည့်ပတ် ရေးစရာ ကုန်သွားလို့ ငါတို့ကို ဆော်ပဟ” ဟု တွေးသွားပြီး လာဟက်လျှင် ဒုက္ခ။ ကိုယ်က ဟက်ကာများ အကြောင်း နည်းနည်းပါးပါး ဖတ်ရှုလေ့လာ ထား၍ နည်းနည်း ပါးပါး သိနေတော့ ဘာမှမသိသည့် ဟိုငရွတ် ကလေးလို ကျွန်တော့်ကို ဟပ်ရအောင် ခင်ဗျားက ဒိုဘာမင်လား၊ အယ်ဇေးရှင်းလား ပြန်မေး၍လည်း မဖြစ်။ တော်တော်ကြာ ရွဲ့သည်ဟု ဆိုကာ ရှောက်မြင်ကပ် ပုဒ်မနှင့် တစ်ဆုံးတစ ဟက်သွားလျှင် ... ဘုရား ဘုရား .. တွေးမိရုံနဲ့တင် ကြက်သီး ထမိပါသည်။

သည်တော့ကာ ... သူရဿဝါ ယခု ရေးထား သည်များမှာ ဟက်ကာများ အကြောင်းကို သိပ်သိနေ၍ မဟုတ်ပါ၊ ရမ်းသမ်းဖြီးဖြန်း နေခြင်း ဖြစ်ပါသည်။ ယခုစာကို ဖတ်မိကြကုန်သော ဟက်ကာအပေါင်း သူတော်ကောင်းတို့ ... အမိုက်အမဲလေးဟု သဘောထား၍ ဗွေမယူ ကြပါနှင့်။ မကျေနပ်၍ ဟက်မည် ဆိုလျှင်လည်း သူရဿဝါ မေးလ်ထဲတွင် ရည်းစားစာနှင့် အကြွေးစာရင်း များမှလွဲ၍ ဘာမှမရှိပါ။ အခန့်မသင့်လျှင် ထိုအကြွေးစာရင်း များကိုပင် သင်တို့ တာဝန်ယူ ရနိုင်ပါသည်။ ဒီစာမူကို လက်ခံ ဖော်ပြပေးသော Net Guide မှ အယ်ဒီတာကြီး ကိုဇော်မင်း တွင်သာ တကယ်တမ်း အပြစ်ရှိသည် ဖြစ်၍ ဘယ်လိုမှ မကျေနပ်နိုင်၍ စတိဖြစ်ဖြစ် ဟက်မည် ဆိုလျှင်လည်း ကိုဇော်မင်း မေးလ်ကိုသာ ဟက်တော်မူ ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည် ခင်ဗျား။

သူရဿဝါ
သြဂတ်စ် ၃၁ ရက် ၊ ၂၀၁၁ ခုနှစ်
www.thurathawah.net
www.facebook.com/ThuraThawah
www.twitter.com/Thurathawah
www.facebook.com/LiteraryArtBlog
www.moba4all.org


(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 1, Issue 98 တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဆောင်းပါးသရုပ်ဖော်ပုံကို ကာတွန်းနေကြီး မှ ကျေးဇူးပြုရေးဆွဲပေးပါသည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...