Tuesday, August 23, 2011

[By Thein Myint]

“မောင်လေးကြီးရင် ဘာလုပ်မယ်၊ မမ မေးရင်ကွယ်၊ ဖျားနာသူတွေ သနားတယ်၊ ဆရာဝန်လုပ်လို့ဆေးကုမယ်” တတိယတန်း ကျောင်းသားဘ၀တုန်းက ကိုယ်တိုင် စင်မြင့်ပေါ်မှာ သီဆိုသရုပ်ပြခဲ့ဖူးတဲ့ သီချင်းလေးကို ခုထိမြင်ယောင် နေမိသေးတယ်။ ဘာမှမသိခင် ကလေးဘ၀တည်းက ဆရာဝန်ဆိုတဲ့ဝေါဟာရလေးကိုအရမ်းသဘောကျခဲ့တာပါ။ မွေးရပ်မြေက တောင်းတန်းဒေသရဲ့ ကျေးလက်တောရွာ ဆိုတော့ ဆရာဝန်ဟာ ကိုယ့်အတွက်သာမက အားလုံးရဲ့ စံပြလူသားလို့ ယုံကြည်ခဲ့တယ်။ ဆရာဝန်ဆိုတာ အရာအားလုံးပြည့်စုံသူလို့လည်း ထင်ခဲ့မိပါတယ်။ ဒါတွေဟာ ငယ်စဉ်ကလေးဘ၀တုန်းက ဆရာဝန်အပေါ်ထားရှိခဲ့တဲ့ အထင်ကြီးလေးစားမှုပေါ့။

ရွာမှာနေရပေမယ့် အမေဟာ ပညာရေးနဲ့ပတ်သက်ရင် အားပေးအားမြှောက်လုပ်တတ်တော့၊ ကိုးတန်းနှစ်မှာ မုံရွာမှာထားပြီး အထက်တန်းပညာဆည်းပူးခိုင်းတယ်။ အမေ့ကျေးဇူးတွေကြောင့် ဆေးတက္ကသိုလ်ဝင်ခွင့် အမှတ်မှီလို့ ဆေးကျောင်းတက်ရပါတယ်။ ဒီလိုနဲ့ ဆရာဝန်ဘွဲ့ရပြီး အလုပ်ထဲရောက်လာတာ ရာသီသုံးပတ်တောင်ကျော်ခဲ့ပေါ့။ ခုချိန် ရောက်ရှိနေတဲ့ဘ၀နဲ့ ငယ်စဉ်ကလေးတုန်းက အားကျဖူးတဲ့ဆရာဝန်ဘ၀ဟာ အံဝင်ခွင်ကျ ရှိမရှိဆန်းစစ်မိလိုက်ပါတယ်။
ဆေးကျောင်းစတက်ပြီဆိုလိုက်တာနဲ့ အိမ်ကထောက်ပံမှုငွေကြေးဟာ မနည်းပါဘူး။ ကျောင်းသားဘ၀ဆိုတော့ အိမ်ကို ပိုက်ဆံတောင်းရတာ မရှက်သေးပါဘူး။ ကျောင်းပြီးလို့ အလုပ်သင်လည်းရောက်ရော ပိုက်ဆံတောင်းရတာ မျက်နှာနည်းနည်းပူလာပြီ။ လူကြီးတစ်ပိုင်းဖြစ်လာပြီကိုး။ ခေတ်စနစ်တွေဟာ ကျနော်တို့ငယ်ငယ်ကလို မရိုးရှင်းတော့ပါဘူး။ လူ့အဖွဲ့အစည်းဟာ လည်းပကာသနတွေနဲ့ ချယ်မှုန်းထားတော့ အနှစ်ဆိုတာ မရှိတော့သလောက်ဖြစ်သွားခဲ့ပါပြီ။ ဆေးကျောင်းပြီးကတည်းက အိမ်ကိုပိုက်ဆံလက်ဖြန့်တောင်းရတာ မျက်နှာပူစရာပါ။ ကျောင်းသားမှ မဟုတ်တော့ဘဲဆိုတဲ့ အသိက ကျနော်တို့ကို ရှက်စိတ်ဖြစ်စေပါတယ်။ ဒါပေမယ့်ကျနော်တို့ဟာ အလုပ်သင်ဘ၀မှာလည်း အိမ်ကိုပိုက်ဆံလှမ်းတောင်းနေရတုန်းပါပဲ။ တစ်ချို့တော့ ဂျီပီလေးဖွင့်ပြီး အောင်မြင်နေတာရှိပါတယ်။ ဒါက အနည်းစုပါ။ ကျနော်တို့လို အများစုကတော့ အဆင်မပြေပါဘူး။ အလုပ်သင်ဘ၀ ပြီးတော့ ပညာမပျက်ဆည်းပူးနေရအောင်ဆိုပြီး ဆေးခန်းကြီးတစ်ခုမှာ MO ၀င်လုပ်ပါတယ်။ ပညာလည်းရ ကိုယ်ပိုင်ဝင်ငွေလည်း မစို့မပို့ရခဲ့ပါတယ်။ မစို့မပို့ဆို တကယ်ကို မစို့မပို့လေးပါ။ လုပ်ရတာနဲ့ ပြန်ရတာ မတန်ပါဘူး။ ဒီကြားထဲ မိမိတို့ရဲ့ လူနာပေါ်စောင့်ရှောက်ခဆိုပြီး ဘေဖြတ်ပြီး လူနာဆီကရသမျှကို ဆေးခန်းပိုင်ရှင်တွေက အကျိုးရှိရှိ အသုံးချပါတယ်။ ဒါကိုမြင်လို့ သူငယ်ချင်းတစ်ချို့က အပြင်ဆေးခန်းမှာ MO ၀င်မလုပ်ကြပါဘူး။ ကိုယ်ကတော့ ကိုယ့်ခံယူချက်နဲ့ကိုယ် ဆိုတော့ သိသိရက်နဲ့ ၀င်လုပ်ခဲ့ပါတယ်။ ရွေးချယ်စရာမှ မရှိတာကိုး။ ဒါတောင် လျှောက်လွာတင်၊ အင်တာပျူးဖြေပြီး ခခယယနဲ့ အလုပ်သဘောနားလည်အောင်ဆိုပြီး အစမ်းခန့် လစာမဲ့ သုံးလေးလလောက် ၀င်လုပ်ရပါသေးတယ်။ မကျေနပ်ရင်လည်း ဘာလုပ်လို့ရမှာလဲ ကိုယ့်နောက်မှာ ကိုယ့်နေရာဝင်ဖို့ တန်းစီနေတဲ့ ဆရာဝန်မောင်မယ်တွေမှ အများကြီးပါ။ ဓါတ်ဆီဆိုင်မှာ ဆီဝင်ထည့်ရသလိုတော့ ခန္တီစိတ်မွေးရပါတယ်။ အဲလိုသီးမခံချင်ရင် ဆိုင်ကယ်မစီးနဲ့ နေရာတကာခြေကျင်လျောက်ပေါ့ မဟုတ်ဘူးလား။ MOလုပ်ရတာ ဒီသဘောတရားပါပဲ။ ခရောင်းလမ်းကို အဲဒီကစခဲ့တယ်ဆိုရမှာပဲ။ ဆရာဝန်တစ်ယောက်ရဲ့ ဘ၀အစဟာ တကယ်ကို မလှပတာ အမှန်ပါပဲ။ ဆေးကုတဲ့ အလုပ်ဟာ တကယ်လုပ်ကြည့်လေ မလွယ်မှန်းသိလာလေ။ ဘက်ပေါင်းစုံကျွမ်းကျင်လိမ်မာ နေမှတော်ကာကျတဲ့ဖြစ်ခြင်း။ ပညာရပ်မှာ မတော်လို့ပဲဖြစ်ဖြစ်၊ ဆက်ဆံရေးမှာ ညံ့လို့ပဲဖြစ်ဖြစ်၊ လက်တွေ့အလုပ်မှာ မစေ့စပ်ရင်ဖြစ်ဖြစ် အသေးအဖွဲကအစ ကျနော်တို့ပေါ်အပြစ်ပုံကျနိုင်ပါတယ်။ လူနာနဲ့ ဆရာကြီးတွေကြား ဆက်ဆံရေးချောမွေ့အောင် သံတမန်အတတ်လည်း တတ်ရပါသေးတယ်။ လူနာဆိုတာလည်း အလွာပေါင်းစုံ၊ ခံယူချက်အမျိုးမျိုးရှိကြတာဆိုတော့ ကိုယ်ဘက်က ဘယ်လိုပဲလုပ်ပေးပေး ကျေနပ်ချင်မှ ကျေနပ်ကြတာပါ။ တစ်ချို့ပြဿနာ ကိုယ်နဲ့မဆိုင်လဲခံရတာပါပဲ။ ဒီကြားထဲ မီဒီယာတွေရဲ့ အစွမ်းကို လှန့်နေရပါသေးတယ်။ ပုဂ္ဂလိကဆေးခန်းက ဆရာဝန်ပေါက်စတွေရဲ့ ဖိအားဟာ တစ်ခါတစ်လေ ပေါက်ကွဲချင်စရာကောင်းလောက်အောင် ပြင်းထန်လှပါတယ်။
MO ဘ၀နဲ့ တစ်နှစ်လောက်လုံးခြာလိုက်ပြီးမှ လက်ထောက်ဆရာဝန်ဘ၀ကို ရောက်လာခဲ့တယ်။ ပြန်တမ်းဝင်အရာရှိဆိုတဲ့ ရာထူးဟာ ဂုဏ်မငယ်ပေမယ့် ဆရာဝန်အတွက်တော့ ရာထူးအာဏာဆိုတာ အပေါ်ယံဟန်ပြပါ။ လိုလည်းမလိုပါဘူး။ အရာရှိလခဟာ ဒီနိုင်ငံဝန်ထမ်းတစ်ယောက် အနေနဲ့ မနည်းဘူးလို့ဆိုရပေမယ့် မလောက်ဌ ပါဘူး။ ကိုယ်ပိုင်ဆေးခန်းလေးဖွင့်ပြီး အပြင်ဝင်ငွေရှာရပါတယ်။ ဂျီပီဆိုတာ မပျက်နေ့တိုင်းထိုင်မှ အလုပ်ဖြစ်တဲ့အရာပါ။ ကျနော်တို့လို အလုပ်ဝင်နေတဲ့ သူတွေအတွက်တော့ မလွယ်ပါဘူး။ ဘယ်လောက်ဇွဲရှိရှိ ဂျီပီအလုပ်ဖြစ်အောင်ဆိုတာ ကံပါမှလည်းရနိုင်တာပါ။ ဂျူတီကျတဲ့နေ့ဆို ဂျီပီထိုင်ဖို့ မဖြောင့်ပါဘူး။ တစ်ခါတစ်လေအရေးပေါ်ရှိရင် ပိတ်လိုက်ရတာပဲ။ ဒီလိုရုန်းကန်နေရတဲ့ဘ၀မှာ အိမ်ကိုပိုက်ဆံပြန်ထောက်ဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့ အိပ်မက်ပါ။ ခွင့်လွတ်ပါ မွေးမေမေ။ သားအတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ ဒီလို ဘက်ပေါင်းစုံ အဆင်မပြေမှုတွေ နပန်းလုံးနေရတာ ကြာတော့ ကျနော်တို့ဟာ ခန္တီပါရမီနည်းပါးနည်းပါးသွားတာ မဆန်းပါဘူး။ လူနာနဲ့ဆက်ဆံရေး အထစ်အငေါ့ဖြစ်လိုက်တာနဲ့ အော်ငေါက်ပစ်လိုက်တာပဲ။ လူနာရောက်လို့ ရောဂါရာဇ၀င်စယူလိုက်တာနဲ့ ပြဿနာတတ်တော့တာပဲ။ မေးတစ်ခြား ဖြေတစ်ခြား၊ လိုရာမရောက် ဝေ့လည်ရိုက်နေရင် ကျနော်တို့ အလိုလို လူကြမ်းဘ၀ ရောက်မှန်းမသိရောက်ခဲ့ရပါတယ်။ ဆရာဝန်ဖြစ်လာမှတော့ လူနာတိုင်းရဲ့ အစေခံပါပဲလို့ ကိုယ့်ကိုကိုယ် အမြဲသတိပေးနေပေမယ့် တစ်နေ့တစ်နေ့ ရောင်စုံလူနာပေါင်းမြှောက်များစွာနဲ့ ထိတွေ့ကြုံနေရတော့ သတိလွှတ်လွှတ်သွားရပါတယ်။ ကျနော်တို့ရဲ့ အပြင်ပန်းဆက်ဆံရေးကိုပဲ အပြစ်မမြင်ပဲ ကျနော်တို့ရဲ့ အတွင်းစိတ်ထားကို လူနာတွေမြင်တွေ့ သိစေချင်ပါတယ်။ လူနာနဲ့ ဘယ်လိုဆက်ဆံရေးရှိရှိ လူနာရောဂါပျောက်ရင် ကျနော်တို့ခံစားရတဲ့ ပီတိဟာ ဘာနဲ့မှ အစားမလဲနိုင်ပါဘူး။ အဲဒီအချိန်မှာ ပင်ပန်းရသမျှ ဒဏ်တွေ ပိန်းကြာရွက်ပေါ် ရေမတင်သလို လုံးလုံးပျောက်သွားတော့တာပဲ။ အဲကိုယ့်ဘက်က အတတ်နိုင်ဆုံး ကယ်နေပါရက်မှ လူနာအခြေအနေ ဆိုးဆိုးသွားရင် ယူကြုံးမရ ၀မ်းနည်းမိတာပဲ။ ပီတိဖြစ်ဖြစ်၊ ယူကြုံးမရခံစားမှုပဲဖြစ်ဖြစ် မျက်နှာမှာ မထင်ဟပ်အောင် ကျနော်တို့ မျိုသိပ်ထားရပါတယ်။ သရုပ်ဆောင်အလုပ်ဟာ တကယ်ကို ပင်ပန်းပါဘိကွယ်။ အင်မတန် သနားစရာကောင်းတဲ့ လူနာတွေပေါ် ဘာရည်ရွယ်ချက်မှ မရှိဘဲ အော်မိခဲ့တာတွေ ပြန်တွေးမိရင် ၀မ်းနည်းမိပါတယ်။ ကိုယ့်ဖိအား လူနာပေါ်လျှံကျသွားမိသလိုဖြစ်ခဲ့မယ်ဆိုရင် လူနာနားလည်နိုင်ပါ့မလား။ နိုင်ငံခြားရောက်နေတဲ့ သူငယ်ချင်းတွေရှိပါတယ်။ သူတို့နဲ့ လူနာကြား နွေးထွေးတဲ့ ဆက်ဆံရေးအပေါ် အားကျမိပါတယ်။ ဒီလို ဘာလို့ ကွာခြားလဲလို့ လေ့လာမိသလောက် ပြောရရင် အဓိကကတော့ မိမိ ဘ၀ကို မိမိ ကျေနပ်ပျော်ရွင်ခြင်းပါပဲ။ အဲဒါသိပ်အရေးကြီးပါတယ်။ ဘယ်လောက်တောင်မှဆို နိုင်ငံတစ်နိုင်ငံရဲ့ ဖွံဖြိုးမှု ကိုတိုင်းတဲ့ စံပေတံဟာ Gross National Happiness တဲ့။ သူတို့တွေမှာ ဆရာဝန်ဆိုတာ လုပ်သလောက်အကျိုးရှိပါတယ်။ ခံစားခွင့်အပြည့်လည်း ပေးထားပြီးဆိုတော့ လိုအပ်တဲ့ တာဝန်ယူမှုဆိုတာ အေးအေးဆေးဆေးပေါ့။ လူနာရောက်လာရင် ကိုယ့်ဘက်က လုပ်ပေးစရာအကုန်လုပ်ပေးလိုက်ရုံပါပဲ။ ကျနော်တို့မှာလို လူနာတတ်နိုင်၏၊ မတတ်နိုင်၏ ချင့်ချင့်ချိန်ချိန် ဆရာပေါင်ချိန်လုပ်စရာမလိုဘူး။ ဒါတွေခေါင်းစား နေဖို့မလိုဘူး။ ကုသရေးမှာ အပြည့်အ၀ အာရုံစူးစိုက်ရုံပဲ။ ကျသလောက်ကုန်ကျစရိတ်ကိုလည်း အစိုးရက လူနာကို တော်တော်များများ စိုက်ထုတ်ပေးပါတယ်။ လူနာအတွက် မလိုအပ်တဲ့ ၀န်ထုပ်ဝန်ပိုး double burden မရှိပါဘူး။ ဒါကြောင့် အေးအေးချမ်းချမ်းနဲ့ ဆေးကုကြရပါတယ်။ ကျနော်တို့လည်း ဒီလိုစနစ်အောက်မှာ တော့ဆရာဝန်ဖြစ်ရကျိုးနပ် အောင် ဆေးကုစားချင်ကြပါသေးတယ်။ ဘယ်တော့များ ဖြစ်လာမလဲလို့ ကြိတ်ပြီး ဆုတောင်းနေခဲ့မိတာ အကြိမ်ကြိမ်ပါ။ ငယ်ငယ်က ကျနော်မသိလိုက်တဲ့ အချက်က ဆရာဝန်တွေရဲ့ စွန့်လွတ်အနစ်နာခံမှု ကြီးပါပဲ။ ဒါကလည်း ကိုယ်တိုင်ဒီဘ၀ရောက်မှ သိနိုင်ကြမှာပါ။ ခုလိုချိန်များ ငယ်ငယ်ကလို "မောင်လေးကြီးရင် ဘာလုပ်မယ် မမမေးရင်ကွယ်လို့ လာမေးရင် ဖျားနာသူတွေသနားတယ် ပိုက်ဆံရှာပြီး ထောက်ပံ့မယ်၊ ဆရာဝန်တော့ မလုပ်ပါကွယ်"လို့ ဆယ်ခါပြန် ဖြေလိုက်ချင်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...