Thursday, August 25, 2011

တကယ့်အရေးပါတဲ့အရာ !

by ဘဘကြီး ဘဘကြီး ဘဘကြီး on Thursday, August 25, 2011 at 4:10pm

စိတ်တိုတဲ့အခါ (၁ဝ)အထိရေပြီးမှ စကားစပြောပါ။ တကယ်လို့ အရမ်းဒေါသထွက်တဲ့အခါ (၁ဝဝ)အထိရေပါ။ ------- အမေရိကန်နိုင်ငံရေးပညာရှင် Thomas Jefferson
အသက်(၅)နှစ်အရွယ်သားလေးကို အရမ်းချစ်တဲ့ ဇနီးမောင်နှံနှစ်ဦးရှိတယ်။ သားလေးကလည်း လိမ္မာသိတတ်သူမို့ တစ်မိသားစုလုံး ပျော်ရွှင်ချမ်းမြေ့ကြတယ်။

တစ်နေ့မှာ သားက မိခင်ဆီပြေးလာပြီး ဝမ်းသာအားရနဲ့ "မေမေ... မေမေ.. ဒီနေ့က ဖေဖေ့မွေးနေ့နော်။ ဖေဖေအံ့သြဝမ်းသာသွားအောင် ဖေဖေအတွက် သားအလုပ်တစ်ခုလုပ်ထားတယ်" လို့ဆိုတယ်။
"ဖေဖေအတွက် သားဘာလုပ်ပေးထားသလဲ?"လို့ မိခင်ဖြစ်သူက တအံ့တသြမေးတော့ သားက ကျေနပ်အားရတဲ့အသံနဲ့ "ဖေဖေရဲ့ကွန်ပြူတာပေါ်မှာ ဖုန်တွေနဲ့ညစ်ပတ်နေလို့ သားယူပြီး ရေဆေးပေးထားလိုက်တယ်" လို့ ပြောတယ်။
"ဘာ! ကွန်ပြူတာကို ရေဆေးလိုက်တယ်" သားစကားကိုကြားတာနဲ့ မိခင်က ရေချိုးခန်းထဲ အမြန်ပြေးဝင်သွားတယ်။ တကယ်ပဲ ယောက်ျားဖြစ်သူရဲ့ အကြိုက်ဆုံးအဖိုးတန် လက်တော့ပ်ကွန်ပြူတာလေးက ဆပ်ပြာမြုပ်ကြားထဲမှာ စိမ်နေတာကိုတွေ့လိုက်တယ်။ ကွန်ပြူတာကို သူအမြန်ဆယ်လိုက်ပေးမယ့် အချိန်မမီခဲ့တော့ပါဘူး။ ကွန်ပြူတာလေး ပျက်စီးသွားခဲ့ပါပြီ။
မိခင်က စိတ်တိုပြီး သားလေးကို ဆူဆဲတော့တယ်။ ဘာမှန်းမသိတဲ့ သားလေးက ငိုငိုယိုယိုပါပဲ။
အမေရဲ့ အော်ငေါက်သံ၊ သားလေးရဲ့ငိုသံကြောင့် ဖခင်က အပြေးနဲ့လာကြည့်တယ်။ ရေတစက်စက်ကျနေတဲ့ ကွန်ပြူတာကိုမြင်တော့ သူတစ်ချက်မှင်သက်သွားပြီး မျက်နှာလည်းသုန်မှုန်သွားတော့တယ်။ ဖခင်ကိုကြည့်ပြီး ဖခင်စိတ်တိုတော့မယ်ဆိုတာကို သိတဲ့သားက ခေါင်းလေးကျုံ့ပြီး ကြောက်လန့်နေခဲ့တယ်။
ဒါပေမဲ့ ဖခင်က စက္ကန့်ပိုင်းလောက်တည်ငြိမ်သွားပြီး လေကိုတဝကြီးရှုလိုက်တယ်။ ပြီးတော့ ဇနီးရဲ့ပုခုံးကိုပုတ်ပြီး "ကွန်ပြူတာက ပျက်သွားပြီပဲ.. ထားလိုက်ပါတော့ သားကို ဆူမနေနဲ့တော့" လို့ဆိုတယ်။
"မဆူလို့ရမလား! ဒီကွန်ပြူတာက မောင် အနှစ်သက်ဆုံးပစ္စည်းလေ... " ဇနီးလေသံက မာနေတုန်းပဲ...
"ခင် မှားတယ်။ ဒီကွန်ပြူတာက မောင်ရဲ့"ဒုတိယ"နှစ်သက်တဲ့အရာပါ။ "ပထမ"နှစ်သက်တဲ့အရာက ခင်နဲ့သားလေးပါ။ ဒါကြောင့် ခင်ဒေါသထွက်တာကို မောင်မကြည့်ရက်သလို သားလေးငိုသံကိုလည်း မောင် မကြားရက်ပါဘူး" လို့ ယောက်ျားဖြစ်သူက မျက်ခွံကိုပုတ်ခပ်ရင်း ဆိုပါတယ်။


ပုံပြင်တစ်ပုဒ်ကလည်း ဒီလိုဆိုထားပါတယ်....

တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ သားအမိနှစ်ယောက်ဟာ နောက်ပိုင်းမှာ ခေါ်ခေါ်ပြောပြော မလုပ်ကြတော့ပါဘူး။

အကြောင်းက အစ်မ မင်္ဂလာဆောင်ချိန်နဲ့ ညီမ မင်္ဂလာဆောင်ချိန်ဟာ နှစ်လလောက်ပဲခြားတယ်။ အစ်မ မင်္ဂလာဆောင်တော့ အမေဖြစ်သူက မိဘစဉ်ဆက်ထားခဲ့တဲ့ အဖိုးတန်ကျောက်စိမ်းလက်ကောက်ကို လက်ဖွဲ့လိုက်တယ်။ ဒါကို ညီမကသိတော့ အစ်မကိုပဲပေးတယ်၊ ကိုယ်ကျတော့မရဘူး၊ အမေဖြစ်သူ မတရားဘူးဆိုပြီး အမေနဲ့ အကြီးအကျယ်ရန်ဖြစ်တဲ့အပြင် အစ်မကိုပါ ဆူဆဲတော့တယ်။ အဲဒီနောက် စိတ်ဆိုးပြီး တစ်အိမ်လုံးနဲ့ မဆက်သွယ်ခဲ့တော့ဘူး။
ရက်တွေ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့တယ်။ အမေနဲ့အစ်မကို သူစိတ်မဆိုးတော့ဘူး။ ဒါပေမဲ့ မျက်နှာကို သူအောက်မချနိုင်ခဲ့ဘူး။ သူတို့ကို ဘယ်လိုပြန်ခေါ်ရမယ်ဆိုတာကိုလည်း မသိခဲ့ဘူး။ နောက်ဆုံးမှာ မိသားစုနဲ့တွေ့ဆုံဖို့ သူအခွင့်အရေးတစ်ခု ရလိုက်ပါတယ်။ အမေရဲ့ အသုဘအခမ်းအနားမှာဖြစ်တယ်။
"လက်ကောက်လေးတစ်ခုနဲ့ အရင်းနှီးဆုံး၊ အချစ်ဆုံးမိသားစုကို ကျွန်မလက်လွတ်ဆုံးရှုံးခဲ့တယ်။ ကျွန်မ တုံးအလွန်းပါတယ်" လို့ နောင်တနဲ့ သူပြောခဲ့ပါတယ်။
လူတိုင်းက သူတို့ဘဝမှာ အရေးအပါဆုံးသူဟာ ဘယ်သူပါဆိုပြီး အလွယ်တကူပြောနိုင်ကြတယ်။ အဲဒီအရေးပါသူတွေက မိဘ၊ သားသမီး၊ ဘဝဖော်၊ ..... စတာတွေဖြစ်တယ်။ ဒါပေမဲ့ ထူးဆန်းတာက ကျွန်မတို့ဟာ "အရမ်းကြီး အရေးမပါတဲ့ကိစ္စ၊ အရာတွေ"နဲ့ "တကယ့်အရေးပါတဲ့လူတွေ"ကို မကြာခဏ ထိခိုက်နာကျင်စေခဲ့ပါတယ်။
မူရင်း -- http://share.youthwant.com.tw/sh?id=31023170&do=D
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...