Thursday, August 25, 2011

"ပုံသွင်းမမှားစေချင်ပါ"

Cloud Cuckoo Land created the doc:

“သားရေ…အဖေ့ကို ဆေးလိပ်လေး နှစ်လိပ်လောက်ဝယ်ပေးစမ်းဟေ့…မင်းသူ ဆိုင်ကနေ…ပြီးတော့ အဖေစားနေကျ ကွမ်းတစ်ရာဖိုး ပါဝယ်ခဲ့”
“ဟုတ်”
ပိုက်ဆံယူပြီးထွက်လာခဲ့တော့ ကိုမင်းသူ ကွမ်းယာဆိုင်မှာ သူ့သူငယ်ချင်းနှစ်ယောက်။ သူ့လိုပင် ဆေးလိပ်လာဝယ်သည်ထင်ပါရဲ့။ သူတို့အဖေတွေသည်လည်း သူ့အဖေလိုပင် ကွမ်းစား၊ ဆေးလိပ်သောက်သည်ကို တွေ့ဖူးသည်လေ။

………
တစ်ခေါက်ကနေ ဆယ်ခေါက်ဖြစ်လာတော့ သူလည်း ကိုမင်းသူနှင့် ရင်းနှီးချေပြီ။
“ကိုကြီးမင်းသူ သားကို အဆိမ့်တစ်ယာလောက်..စားကြည့်ချင်လို့”
“မစားပါနဲ့ကွာ..မကောင်းပါဘူး” ဆိုင်ရှင် ကိုမင်းသူက တစ်ခွန်းတော့ တားဖြစ်ပါသည်။ သို့သော်လည်း…
သူ့ပါးစောင်ထဲဝယ် ကွမ်းတစ်ယာ ရောက်ရှိချေပြီ။ မစားဘူးလို့ အစားထူးလေသည်လားမသိ။ သူ့ရင်ထဲဝယ် ကွမ်းမြုံ့နေရခြင်းကိုက အရသာတစ်ခု။
သူငယ်ချင်းများရှေ့ဝယ် ကွမ်းစားရင်း၊ သူငယ်ချင်းတွေနှင့်အတူတူ ကွမ်းစားရင်း ကိုယ့်ကိုယ်ကို လူကြီးစားရင်းဝင်ပြီဟု သူတို့ အတူတူ တွေးဖြစ်ခဲ့ကြသည်။ အသက်ကလေးကတော့ တစ်ဆယ့်နှစ်နှစ် လောက်ရှိသေးသည်ပေါ့။ ရံဖန်ရံခါ ဆေးလိပ်တစ်လိပ်ကို သူငယ်ချင်းသုံးယောက် အတူတူဖွာရှိုက်ဖြစ်ခဲ့ကြသည်။ မိဘကွယ်ရာမှာပေါ့။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
“သားရေ အမေ့ကို ဦးနိုင်ဆီမှာ ဒါလေးသွားထိုးပေးစမ်း”
“အင် ၂၅က ငါးရာဖိုးပဲလား မအာတော့ဘူးလားအမေ တော်ကြာ ၅၂ ထွက်သွားမှ ဟုတ်ပေ့ဖြစ်နေဦးမယ်”
“သူ့ပြောစကားကို အမေဖြစ်သူကလည်း လက်ခံပါသည်လေ။ ငွေနှစ်ရာ ထပ်ထုတ်ပေးရင်း အာတာကို နှစ်ရာဖိုးထည့်လိုက်”
“ဟုတ် ပေါက်ရင် သားကိုမုန့်ဖိုးပေးရမယ်နော်”
………
ဦးနိုင်ဆီရောက်တော့ သူသိမ်းထားသည့် မုန့်ဖိုး နှစ်ရာကိုပါထုတ်လိုက်သည်။ မနက်ကမှ အဖေ့ဆီက ရထားသည့်နှစ်ရာ။
“ဦးနိုင် သားအတွက်  ၅၂ က တစ်ရာဖိုး ၂၅ တစ်ရာဖိုး..ဒါက အမေ ထိုးခိုင်းလိုက်တာ”
“အေးအေး….”
“ဦးနိုင် သားပေါက်ရင် အမေတို့ပြောမပြနဲ့နော်…သားဘာသာသား သုံးစရာရှိလို့”
“အေးပါကွာ”
တစ်ကယ်တမ်းက ဦးနိုင်က နှစ်လုံးထီဒိုင်မဟုတ်။ သူက လိုက်၍ လက်ခံပေးသူ။ ဦးနိုင်၏ နောက်တွင်မှ ဒိုင်ဖြစ်သူ ဦးဇော် ရှိသည်လေ။ အခါတိုင်းတော့ ဦးဇော်ကိုယ်တိုင်လာယူသော်လည်း ဒီရက်ပိုင်း တင်းကျပ်လို့ဆိုလား။ ဘာဆိုလား။  သိပ်တော့ မသဲကွဲ။ ဦးနိုင်သာ လာယူသည်မှာ နှစ်ပတ်လောက်တော့ ရှိပြီ။ ဦးနိုင်ကတော့ ကိုမင်းသူတို့ဆိုင်တွင်ထိုင်ကာ တိုးတိုးတိတ်တိတ်လက်ခံပေးသည်လေ။
…………………….
“ဟေ့ကောင်တွေ ဒီနေ့ ငါ နှစ်လုံးထီပေါက်တယ် ..မင်းတို့ကို မုန့်ဝယ်ကျွေးမယ်” သူပြောတော့
“ဟာ..ဟုတ်လှချေလား..နောက်တစ်ခါဆိုရင် ငါတို့လည်း အသိပေးဦးကွာ..ငါကတော့ မနေ့က မုန့်ဖိုးအကုန်သုံးလိုက်တာပဲ ဒါပေမဲ့ မရ…အကုန်ပြောင်ပဲ ဟီး”
“ငနိုင်ရ မင်းက သက်ဦး လောက်မှ ကံမကောင်းပဲကိုးကွ”
“အေးလေ ပြောလိုက်စမ်းပါ ဇွဲရာ ငါက ဘယ်လောက် ကံကောင်းတဲ့သူဖြစ်ကြောင်း”
ရယ်သံတို့ ညံသွားကြချေသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
“ရှက်လိုက်တာ..ရှက်လိုက်တာ…မိသိန်းသမီးကပြောတယ်..နင့်လွယ်အိတ်ထဲမှာ ဆေးလိပ်မိလို့ ဒဏ်ပေးခံရတယ်ဆို နင်မရှက်ဘူးလား ဟင်..နင့်အစား ငါရှက်တယ် တစ်ကယ်ပါပဲ ခုချက်ခြင်းငါ့ရှေ့လာ လက်ပိုက်စမ်း”
အမေ့ရဲ့ တရစပ် ဆူသံတွေ။ ကြိမ်လုံးရဲ့ တရွှမ်းရွှမ်းမြည်သံနှင့်အတူ ခြေသလုံးသားပေါ်ဝယ် အရှိုးရာ ထင်ကျန်ချေပြီ။
“ဟ..အမေကြီး ဘာဖြစ်လို့လဲ သားကို ရှိုက်နေတာ” ယခုမှ ရုံးကနေပြန်ရောက်လာသူ အဖေက မေးပြန်ပါသည်။
“သူ့လွယ်အိတ်ထဲမှာ ဆေးလိပ်တွေ့တယ်တဲ့လေ  ကျောင်းခန်းထဲမှာ ဒဏ်ပေးခံခဲ့ရသတဲ့..မဖြစ်သေးပါဘူး လွယ်အိတ်စစ်ကြည့်မှရမယ် နင်အဲဒီအတိုင်းရပ်နေ ..ကြားလား ”
သူလန့်သွားသည်။ လွယ်အိတ်ထဲဝယ် ကျောင်းဆင်းလာတုန်းကမှ ဝယ်ထားသော ကွမ်းယာတစ်ထုပ် ရှိနေမည်လေ။ အရိုက်ခံရဦးမည်ထင်သည်။ မျက်လုံးကိုမှိတ်ထားရင်း သံဗုဒ္ဓေဂါထာကိုသာ ရွက်နေမိသည်။ သက်သာမလားရယ်လို့။
“ဒီမှာ ကွမ်းတစ်ထုပ်….သက်ဦး နင်တော်တော် သတ္တိကောင်းနေတယ်ပေါ့…ဟင် ငါပြောလိုက်ရမကောင်းတော့ဘူး လူလေးက လက်တောက်လောက် ရှိသေးတယ် ကွမ်းစားတတ်နေပြီ ဆေးလိပ်သောက်တတ်နေပြီပေါ့….ဘုရား ဘုရား..ဒါနှစ်လုံးထီတွေ ဘယ်လောက်တောင်ထိုးထားတာလဲ..နင် အဲဒီပိုက်ဆံတွေ ဘယ်ကရလဲ ဟင် ပျက်စီးချင်တိုင်း ပျက်စီးနေတယ်ပေါ့ ဟုတ်လား”
ပြောသံနှင့်အတူ လွယ်အိတ်ကိုင်ကာ အမေထွက်လာပါတော့သည်။ အဖေကတော့ အမေပြောသမျှနားထောင်ရင်း စိတ်တိုလာဟန်နှင့် မျက်လုံးကြီးတွေ နီလာချေပြီ။
“ဘုရားရေ ဒါ ရီပို့ကဒ် မလား…အရှေ့က လက်မှတ်တွေက နင်ထိုးထားတာပေါ့..ဟုတ်လား..အဆင့်တွေကလည်း နှစ်ဆယ်ကျော်ချည်းပါပဲလား….မအေနဲ့ဖအေက အိမ်စားရိတ်အတွက် လုံးပန်းနေရတာကို နင်က အလိုက်မသိပဲ ဆိုးချင်တိုင်းဆိုးနေတယ် ပျက်စီးချင်တိုင်းပျက်စီးနေတယ်ပေါ့ ဟင်”
အဖေ ကြိမ်လုံးကိုင်ချေပြီ။ သူ ကြောက်ကြောက်ရွံရွံနှင့် ကြည့်မိတော့ အဖေက…..
“ဟိုဖက်လှည့်စမ်း ပုဆိုးမ ခြေသလုံးသားပေါ်အောင်မစမ်း……လက်မှတ်ခိုးထိုးတုန်းကတော့ မကြောက်ဘူးမလား ခုမှ ဘာလို့ ကြောက်ကြောက်ရွံရွံဖြစ်နေလဲ..ဆေးလိပ်ခိုးသောက်တုန်းကရော မကြောက်ဘူးမလား ကွမ်းခိုးစားတုန်းကကော မကြောက်ဘူးမလား ဟမ်..မငိုနဲ့နော်..မျက်ရည်ကျရင် ပိုရိုက်မှာ မင်းယောင်္ကျားမဟုတ်ဘူးလား”
တစ်ချက်ပြီးတစ်ချက်။ အဖေ့အော်သံတွေ။ အမေ့ဆူသံတွေ။ သူသိပ်မကြားရတော့။ ခြေသလုံးက အနာက နားတွေပါအူစေသည်ထင့်။မငိုမိအောင်၊ မျက်ရည်မကျမိအောင် အံတင်းတင်းကြိတ်ရင်း ပိုက်ထားသည့်လက်က ပိုပို တင်းကျပ်လာသည်။ ထိုညက အိပ်ယာထဲဝယ် သူ ငိုမိခဲ့ပါသည်လေ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကလေးဆိုတာ ဖယောင်းလိုပဲ လိုရာပုံသွင်းလို့ ရသတဲ့။
လိုရာပုံသွင်းမရခြင်းဟာ ဖယောင်းရဲ့ အမှားလား၊ ပုံသွင်းသူတို့ အမှားလား။ သို့မဟုတ် ပုံသွင်းသူတို့သည် ကိုယ့်လက်၏ စေညွှန်ရာကို ကိုယ်ကိုယ်တိုင်ပင် မသိကြလေရော့သလား။
……………………………
“သားရေ အဖေ့ကို ကွမ်းလေး နှစ်ရာ ဖိုးလောက် အရှေ့ဆိုင်မှာ သွားဝယ်ပေးကွာ”
“ဟုတ်” ဟုဆိုရင်း ပြေးထွက်သွားသည့် ကလေးငယ်ကိုကြည့်ရင်း
“ကိုလတ်ရာ..ကိုယ့်သားကိုယ် အဲဒီလိုမခိုင်းပါနဲ့လားကွာ”
“သက်ဦးရေ..ငါလည်း တစ်နေ့တစ်နေ့ အလုပ်လုပ်ရတာ မသက်သာဘူးကွ…ဒီလိုအိမ်မှာ နားရတဲ့ ရက်မှာတော့ အပြင်မထွက်ချင်ဘူးကွာ..နောက် သူလည်း လမ်းကောင်းကောင်းကူးတတ်ပါတယ်ကွာ…စိတ်မပူပါနဲ့”
အစ်ကိုဝမ်းကွဲဖြစ်သူ ကိုလတ်၏ စကားသံ အကြားမှာတော့ သူ သက်ပြင်းချမိတော့သည်။ လမ်းကောင်းကောင်း ကူးတတ်သည်တဲ့လား။
သူသည်လည်း ဒီလိုသွားရင်းနှင့်ပင် ကွမ်း၊ ဆေးလိပ် စွဲခဲ့သည်မှာ ယနေ့ထိ။ အသိဥာဏ်လေးအနည်းငယ်ရလာသောကြောင့် နှစ်လုံးထီမထိုးဖြစ်တော့ပေမဲ့ ဆယ်တန်းအောင်လို့ တက္ကသိုလ် ပထမနှစ်ပင် ဖြေပြီးချေပြီ။ ဒီဆေးလိပ်နှင့် ကွမ်းကိုတော့ ဖြတ်မရခဲ့။ သူ့သူငယ်ချင်း ငဇွဲနှင့် ငနိုင်လည်း ထိုနည်း၎င်း။ သူတို့လိုပင် ပုံသွင်းမှားသော ဖယောင်းလေးတွေ ဘယ်ရွေ့ဘယ်မျှ ရှိနေပြီလဲ။
……………………..
ကိုလတ်တို့ အိမ်အပြန်လမ်းမှာဖြင့်ူသူ့ထံဝယ် အတွေးတို့သာကြီးစိုးနေလေတော့သည်လေ။ သူသည်လည်း တစ်ချိန်တခါမှာဖြင့် ကလေးအဖေ ဖြစ်လာဦးမည်။ ထိုအခါ သူသည်လည်း ပုံသွင်းမှားဦးမည်လား။ မဖြစ်သင့်ပါ။ သူတစ်ယောက်တည်းနှင့်ပင် လုံလောက်သင့်ပါပြီလေ။
အိပ်ကပ်ကို သူစမ်းကြည့်မိတော့  မီးခြစ်တစ်လုံး ၊နိုင်တီးတူးကွမ်းတစ်ထုပ်နှင့် Vegas နှစ်လိပ်။ ဒါသည် ဒီနေ့အတွက်။ နက်ဖြန်မှစ၍ သူကွမ်းမစား၊ ဆေးလိပ်မသောက်တော့ပါ။ သူ့သူငယ်ချင်းနှစ်ယောက်ကိုလည်း ဆွယ်ရပါဦးမည်။ ကွမ်းမစားဆေးလိပ်မသောက်ရန်။
အတွေးတို့ကို အဆုံးသတ်ရင်း Vegas တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်သည်။ လက်ကျန်ကွမ်းနှင့် ဆေးလိပ်ကိုတော့ သူ မလွှင့်ပစ်ရက်သေး။
“သက်ဦး..ဘယ်ကပြန်လာတာလဲကွ…မင်းမှာကွမ်းပါရင် ငါ့ ကို တစ်ယာလောက်ပေးစမ်းကွာ”
ကိုမင်းသူဆိုင်မှာ ထိုင်ရင်းသိဖြစ်ခဲ့သည့် အစ်ကိုကြီး ကိုအောင်။ သူပြုံးပြလိုက်ရင်း အိပ်ကပ်ထဲမှ ကွမ်းထုပ်ကို နှမြောစွာထုတ်လိုက်သည်။ ပြီးနောက်…
“ရော့ ကိုအောင် နိုင်တီးတူး ကိုအောင် စားတယ်မလား..တစ်ထုပ်လုံးယူသွားဗျာ..ဆေးလိပ်ကောသောက်ဦးမလား”
“ဟ…င့ါကောင်ကြီး တယ်သဘောကောင်းနေပါ့လား…ခံတွင်းချဉ်နေတာနဲ့ အတော်ပဲ ဆေးလိပ်ပါရရင်ပိုကောင်းတာပေါ့ကွာ”
“ယူပါဗျာ..ယူပါ……….သွားပြီနော် ကိုအောင်”
ဖွာလက်စ၊ ရှိုက်လက်စ ဆေးလိပ်ကို လက်မှာ ကိုင်ရင်း သူ့ခြေလှမ်းတို့ ပေါ့ပါးစွာ။ ဟိုကောင်တွေနှင့် ညနေ လဖက်ရည်ဆိုင်မှာ ချိန်းထားသေးသည်။ အဲဒီအခါ ဒီကောင်တွေကို တရားဟောရဦးမည်။ ဆေးလိပ်မသောက်ဖို့၊ ကွမ်းမစားဖို့။ ဒီကောင်တွေတော့ မျက်ခုံးလှုပ်နေတော့မည်ဟုတွေးရင်း….တရားဟောစဉ် ဖြစ်ပျက်နေမည့် .ငဇွဲတို့ ငနိုင်တို့ ရုပ်ကို သူစဉ်းစားနေမိရင်း ရယ်လိုက်မိတော့သည်လေ။

posted by ဘာကိုမှမသိချင်သူ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...