Tuesday, August 23, 2011

ခုတော့ သိပြီလေ - ၂

by ဂျူး - Ju on Wednesday, August 24, 2011 at 12:25am


မိုးပြာနဲ့ ခင်လေးကလဲ ဟားတိုက်ပြီး ရယ်တော့ အေးမလဲ ရယ်မိတယ်။ အခုတော့
နောက်ပိုင်းဆို မိုးပြာက သူ့ရင်ကို လက်နဲ့ဖိပြီး ။
"ကျွန်တော် ရင်တွေ ခုန်လိုက်တာဗျာ"  ဆိုတဲ့ ဟန်ကိုလုပ်ပြနေတတ်တယ်။
ဒီတုန်းက သူတို့နဲ့ အတူရောရယ်နိုင်တာကို အံသြလို့ မဆုံးဘူး။

"ငါက မပြောပဲ ထားလေ သူက မေးလေ၊ ရင်တွေ ခုန်လှပြီဗျာ တဲ့၊ တကယ်ဟားရတဲ့လူပဲ၊
ငါရယ်လဲ ရယ်ချင် စိတ်ကလဲပျက်တာပဲဟာ၊ ခင်ဗျား သိမှာပါ၊ ဘယ်သူရှိလဲ စဉ်းစားပေါ့
ဆိုတော့ မသိဘူးဗျ၊ အများကြီးတဲ့"

"အောင်မယ်... ကောင်စုတ်လေး"
မိုးပြာက မခံမရပ်နိုင် ဝင်ဆဲလိုက်သေးတယ်။ အေးမကတော့ ပြုံးရုံပဲ
ပြုံးနေလိုက်မိပါတယ်။ ရင်ထဲမှာတော့ ကျင်နေတာပဲ။

"နောက်တော့ ငါလဲ သူ့ပုံစံကြည့်ပြီး ဟားရမလို သနားရမလိုနဲ့၊ နင့် နာမည်
ပြောလိုက်တာပေါ့၊ အေးမ လို့"
"ဟယ်... စောလွင်တို့ကတော့ ပြောလိုက်ရင် အရမ်းချည်းပဲ"
ခင်လေးက အပြစ်တင်ပြီး..
"အဲဒီတော့ အက်စီတုန်းက ဘာပြောလဲဟင်"  မေးရော။
"အက်စီတုန်း မျက်နှာ ဘယ်လိုဖြစ်သွားလဲ" လို့ မိုးပြာက မေးရော။
"ဟုတ်ပါဘူးဟ... အပြစ်မတင်ပါနဲ့ဦး၊ ငါစကားခံထားပါတယ်၊ စိတ်ဝင်စားတယ်ဆိုတာက
အမျိုးမျိုး ရှိပါတယ်လို့၊ စိတ်ဝင်စားတာဟာ ဆိုးလို့၊ ဒါမှမဟုတ် တော်လို့၊
ဒါမှမဟုတ် ချောလို့ ဒီလို အမျိုးမျိုးရှိပါတယ်လို့၊
အဲဒီ မိန်းကလေးက ခင်ဗျားကို ပန်းချီသိပ်တော်လို့ စိတ်ဝင်စားတာလဲ
ဖြစ်နိုင်ပါတယ်လို့ ပြောထားပါတယ်ဟ၊ သူက အဲဒီလိုပဲ ယူဆပါတယ်တဲ့။"

"ကဲပါ ... အေးမ လို့ပြောတော့?" ခင်လေးက စိတ်မရှည်ဘူး ထင်ရဲ့။ စောလွင်က အေးမ
ကိုလှမ်းကြည့်ပြီး။
"သူက ... "
"ဘာတဲ့လဲ"
"သြော် ...  ဟုတ်လား တဲ့"
ဘယ်သူက ဆိုးတာလဲ။

သူ ဒီလိုပြောလိမ့်မယ်လို့ အေးမ မထင်မိပါဘူး။ အို   ခုထိကို မယုံပါဘူး ။
တစ်ခုခုတော့ လွဲနေပြီလို့ ယူဆမိတယ်။ စောလွင်လိမ်တာ မဟုတ်ရင် သူလိမ်တာလို့
တွေးပစ်လိုက်မိတာပေါ့။
သူ့ စကားတွေကြောင့်လဲ စောလွင်က အေးမ ကို အပြစ်တင်ခဲ့တာပေါ့.
ကိုယ့်ဘက်ကိုယ်ယက်တွေးတယ်လို့ အထင်ခံရတာတောင် နည်းသေးတယ်။ သူ့ လုပ်ပုံက
ဟုတ်မှမဟုတ်ဘဲ။ အပြစ်တင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မကျေနပ်ဘူးလေ။
အေးမလေ သဘောထား မသေးတတ်ပါဘူး။ ဆွေဇင်ကို ချစ်နေရက်နဲ့ အေးမကို ချစ်ရမလားလို့
အပြစ်မတင်ချင်ပါဘူး။ ဒါကတော့ ဘယ်သူမဆို လွတ်လပ်စွာ ရွေးနိုင်ခွင့် ရှိတယ်
မဟုတ်လား။ ဒါပေမယ့် သူ့ဘက်က နည်းနည်းထိန်းဖို့ကောင်းတာပေါ့။ အေးမကို တွေ့ရင် ဘာဖြစ်လို့ သဲရတာလဲ။

သိပ်ချစ်တဲ့ပုံနဲ့ ဘာဖြစ်လို့ နေပြရတာလဲ။ အေးမဟာ နှလုံးသားရှိတဲ့
မိန်းကလေးတစ်ယောက်ဆိုတာ သူမေ့နေပြီလား။
အေးမ အရုပ်မှမဟုတ်ဘဲ။ နောက်ပြီးလေ အေးမတို့ မိန်းကလေးတွေ ဆိုတာ သိပ်ချစ်တတ်တယ်
မဟုတ်လား။ နောက်ပြီး မေးချင်သေးတယ်။
အေးမတို့ အဆောင်က အထွက်ဆို အောက်ထပ် စာသင်ဆောင်ကော်ရစ်ဒါ လက်ရမ်းပေါ်မှာ သူ့ကို
အမြဲ တွေ့ရတယ်၊ အဖော်လည်းမပါဘူး။ သူတစ်ယောက်တည်း။ အဲဒါ ဘာလုပ်တာလဲလို့။
အေးမတို့ ကျော်သွားအောင် စောင့်နေပြီးမှ ခဏကြာတော့ လိုက်တာ။ အဲဒါရော
တိုက်ဆိုင်တာပဲလားဟင်။ စာသင်ခန်းအပြင်ဘက်ကနေ ရပ်ပြီးတော့ အေးမအလာကို
စောင့်ကြည့်တာကိုရော ဘာပြောဦးမှာလဲ၊ အေးမကို ကြည့်တာမှမဟုတ်ဘဲ တစ်ခြားမိန်းကလေးတွေလဲ ကြည့်မိတာပဲလို့
ငြင်းဦးမှာလား။ ထားပါတော့ အေးမနဲ့ အကြည့်ချင်းဆုံရင် ဘာဖြစ်လို့ မျက်လွှာချရတာလဲ။
အေးမ သူ့ကို နားမလည်ဘူး။ အခုနီပြလိုက် အခုဝါပြလိုက် အခုစိမ်းပြလိုက်နဲ့ ဒီက
ဘာဆက်လုပ်ရတော့မှာလဲလို့။

ဆွေဇင် နဲ့ သူ့အခြေအနေတွေကို စောလွင်က ပြန်ပြောတော့ အေးမ ဝမ်းနည်းမိတာပဲ။ သူက
ဆွေဇင်ကို စ,တယ်ဆိုပဲ။ ဆွေဇင်ကလည်း ရယ်နေတယ်တဲ့၊ ဟိုနေ့ကဆိုလား လူသေလောင်းကို
သူနဲ့ ဆွေဇင်နဲ့ ခွဲကြတာတဲ့။ အေးမ တော့ ကောင်းကောင်းမမြင်ပါဘူး၊ တွေးတော့ကြည့်မိတယ်။
ဟိုဘက်ဒီဘက် ဆိုတော့ တစ်ယောက် မျက်နှာ တစ်ယောက် မြင်နေကြမှာပဲလို့။
သူ့ကို ကြည့်ရတာ အေးအေးငြိမ်ငြိမ်လေးပါ။ သူ့စိတ်ကတော့ အမျိုးမျိုး
ပြောင်းလဲနေတာပဲ။ နောက်ပြီး အကဲခပ်ရ သိပ်ကျပ်တာ။ မော်ဒန်အတ် ပန်းချီကားတစ်ခုကို
ကြည့်ရသလိုပဲ။ ရေပြင်ကြီးပေါ်မှာပေမယ့် သစ်ပင်တွေ ရှိချင်ရှိနေတယ်။ ငှက်ကလေးတွေလဲ ရှိတတ်တယ်။ သစ်ပင်တွေ မြင်တော့ သြော် ... ဒါဟာ ရေပြင် ဟုတ်မယ် မထင်ပါဘူး၊ မြေကြီးပဲ ဖြစ်မှာပါ တွေးမိတယ်။

ငှက်ကလေးတွေ ပျံတာတွေ့တော့ ရေလဲမဟုတ် ၊ မြေလဲမဟုတ် ဒါ ကောင်းကင်ပဲလို့ ယူဆရပြန်ရော။ ခက်တာက
လှိုင်းကြက်ခွပ်လေးတွေလဲ မြင်နေရတယ်လေ။ အရောင်ကလဲ အမျိုးမျိုး။
မော်ဒန်အတ် ပန်းချီတစ်ခုကို ဘယ်လောက် ကြာကြာကြည့်ဖူးလဲ။ အကြာကြီး
ကြည့်ကြည့်စမ်း။ အဓိပ္ပာယ်ကောက်ကြည့်စမ်း။ ပန်းချီကားနာမည်ကို သိထားတာတောင်မှ
အဓိပ္ပာယ်ယူလို့မရဘူး မဟုတ်လား။ ကိုယ်သိတာနဲ့ သူများသိတာနဲ့တောင် မတူဘူးလေ။ အခုလဲ သူ့ကို အေးမ
အဓိပ္ပာယ်မရှာတတ်ပါဘူး။ မော်ဒန်အတ်ကားကို အကြာကြီး စိတ်ဝင်စားမိတော့ မူးလာတယ်
မဟုတ်လား။ ဒီလိုပဲ သူ့ကိုလဲ အကဲခတ်ရတာများလာတော့ အေးမ မူးတယ်။
တစ်ခါတစ်ခါတော့လဲ သူ သိပ်သဝန်ကြောင်တာပဲလေ။ နောက်ပြီး စိတ်ကောက်တတ်တာ လွန်ပါရော။

ဟိုအရင်တုန်းက အေးမတို့ ကျောင်းကထိန်မှာ အေးမ  က တယ်လေ။ ကထိန်မတိုင်ခင်
ရီဟာဇယ်ညမှာ သူလာကြည့်တယ်။ သူကတော့ အံ့သြနေမှာပေါ့။ ပန်းချီတွင်မဟုတ်
ရှာရှာဖွေဖွေ ကဦးမလားလို့ပေါ့။
အေးမတော့ သူ့ကိုမြင်လိုက်တာနဲ့ ရင်တွေခုန်လို့ ၊ ထွက်ပြီးကရမှာကို လန့်နေတယ်။
ခင်လေးတို့က သိတယ်လေ။ တီးဝိုင်းတွေ နားထောင်ရင်း အေးမ လက်တွေအေးနေလို့
ဆုပ်ကိုင်ပြီး အားပေးနေသေးတယ်။
"နင်နော် ကြောက်မနေနဲ့နော် သိလား။ အထူးသဖြင့် အက်စီတုန်း ရှိနေတော့
နင်အရှက်တကွဲ မဖြစ်ရစေနဲ့"
"ငါရှက်တယ်ဟာ၊ သူ့ရှေ့မှာ ငါဘယ်လိုလုပ် ကရမှာလဲ"
"ဘာဖြစ်လဲ သူက နင်ကတာကို ကြည့်ချင်လို့ လာတာဖြစ်မှာပဲ၊ သူက တီးဝိုင်းတွေ ဘာတွေ
သိပ်ဝါသနာပါတာ မဟုတ်ဘူး၊ မယုံစောင့်ကြည့်၊ နင်ကပြီးခဏနေပြန်မှာပဲ" မိုးပြာက
ပြောနေသေးတယ်။

အေးမ အလှည့်ကျတော့ ထွက်လာခဲ့ရရော၊ သူ့ဆီ လှမ်းမကြည့်မိဘူး။ မကြည့်ပေမယ့်
မြင်ရသားပဲ။ အင်္ကျီအဝါရောင်ကြီးကို မျက်စိကျိန်းအောင် မြင်ရတယ်။ ဖြစ်ချင်တော့
ကြံဖန်ဖြစ်တာပဲ။
အေးမတို့အဖွဲ့ထဲကပါပဲ။ ဂျက် တဲ့။ သူက အေးမထွက်လာတော့ ထောင့်မှာ ရပ်နေရာက
အေးမကို လှမ်းနှုတ်ဆက်တယ်။ အေးမ အတွက်လည်းး စိတ်ပူလို့ပေါ့လေ။
လူအများကြီးဆိုတော့ အေးမ ကြောက်မယ်လို့ ထင်နေတယ် ရှိမှာပေါ့။
"ဖြစ်ရဲ့လားဟင် ရတယ်မဟုတ်လား" တဲ့။ အေးမလည်း တစ်ဖွဲ့သားချင်းလည်းဖြစ်ပြန်
အနုပညာဝါသနာတူလဲ ဖြစ်ပြန်ဆိုတော့ ပြန်ပြီးဖြေရတာပေါ့။ ဖြစ်ပါတယ်
ကျေးဇူးတင်ပါတယ်၊ ဘာဘာညာညာပေါ့လေ။
ရယ်ရယ်ပြုံးပြုံး ပြောရတာပေါ့။
အေးမ ထင်တယ် ။ အဲ့တုန်းက အေးမနဲ့ ဂျက်နဲ့ တစ်ပေတောင် ကွာမှာ မဟုတ်ဘူးလို့။ အေးမ
အကျင့်ကလည်း မကောင်းဘူး။ လူတစ်ယောက်ယောက် နဲ့စကားပြောရင် အဲဒီလူရဲ့မျက်နှာကို
ကြည့်ပြောတတ်တယ်။ အဲဒီတုန်းကလဲ ဒီလိုပေါ့လေ။ စိတ်ထဲမှာတော့ ဘာမှမဖြစ်မိဘူး။
သာမန်ပဲ။

ကအပြီး ခုံမှာ ပြန်ထိုင်တော့ ခင်လေးတို့က ရင်ဆို့စရာစကား ပြောတယ်။
"ခွေးကောင်။ ကြည်နေလိုက်တာ။ ပြောစမ်းပါဦး။ နင့်ကို ဂျက်က ဘာတွေ ပြောတာလဲ"  တဲ့။
ဒါနဲ့ အေးမက စိတ်ပူလို့ မေးတဲ့အကြောင်းတွေ ပြောပြလိုက်ရတယ်။
"အေး နင်က ကြည်နေ။ အက်စီတုန်းက ပြန်သွားပြီ သိလား"
အဲဒီစကားကြားရတော့ ရင်ထဲမှာ ဘယ်လို ဖြစ်သွားမှန်းတောင် မသိဘူး။ သူက အေးမ
မကခင်ကတည်းက ပြန်သွားတာ ဆိုပဲ။ အေးမနဲ့ ဂျက်နဲ့ စကားပြောမပြီးခင် ပြန်တာတဲ့လေ။
မိုးပြာက အပြစ်တင်နေတယ်။
"ဟိုကောင်လေး ဂျက်ကလဲ နင့်ကို ငုံ့ကြည့်ပြီးပြော။ နင်ကလဲ မော့ကြည့်ပြီး
ရယ်ပြော။ နင်တို့နှစ်ယောက် တကယ့်အတွဲတွေလိုပဲ ၊ အက်စီတုန်း အထင်လွဲတာ
နည်းသေးတယ်။ နင်ကလဲ ဂျက်နဲ့ ခပ်ကွာကွာရပ်ပါလား။ နေရာက ဒါလောက် ကျဉ်းသလား"  တဲ့။
စိုးမိုး ဆိုတာ အဲဒီလောက်ထိ အပြောင်းအလဲမြန်တာ။
ခုပဲကြည့်လေ ဆွေဇင် တဲ့။
ကဲ  အေးမ ဘယ်အဆင့် ရောက်သွားပြီလဲ။

သူကလဲ ပြောမှာပေါ့လေ၊ ပါးစပ်က ဖွင့်ပြောရလို့လား။ ကိုယ့်ဟာကိုယ်
ဆွဲတွေးနေတာလို့။ ဟုတ်ပါတယ် သူ့ဘက်ကလဲ ဆင်ခြေတွေ ပေးနိုင်ပါတယ်။
ခုလဲ ဆင်ခြေတွေ ပေးနေပြီထင်ပါရဲ့၊ အေးမနဲ့ သူနဲ့ မတွေ့တာ သုံးလေးရက်ရှိပြီလေ။
ဆွေဇင် နဲ့တော့ သိပ်ပြေလည်တယ်ဆိုပဲ။ စောလွင်က ပြန်ပြောတယ်။
"တကယ်တမ်း နင့်ကို ချစ်တယ် ဆိုရင် ငါ့ကို နင့်အကြောင်း တစ်စွန်းတစ်စတော့
မေးရမှာပေါ့. ဘာအကြောင်း ဖြစ်ဖြစ်ပေါ့ဟာ။ မေးကို မေးရမယ်။ ငါက နင့်ကို ဒီလူ
လာကို စကားပြောမယ် လို့ တွက်ထားတာ။ နင် သူ့ကို စိတ်ဝင်စားနေတယ်ဆိုတာ သူ့ကို ပြောပြထားတာတောင်
သူဘာမှမလုပ်ဘူးဆိုတော့ ဒီလူ ဆိုးတာပဲဟာ"
"နင်ကလဲ ဒါလောက်ပဲ အစွဲအလမ်းကြီးသလား။ သံယောဇဉ် ဖြတ်ပစ်လိုက်ပေါ့။ နင်နာတာပေါ့။
အခု သူနဲ့ ဆွေဇင်လဲ အတွဲဖြစ်ဖို့ နီးနေပြီ"
သူပြောပြတုန်းက အေးမ ငြိမ်နားထောင်နေမိတယ်။ လက်စသတ်လိုက်တော့ အေးမ ဆိုတာ
စံပယ်ပန်းမှ မဟုတ်ဘဲ။ ခံပွင့်ကလေးကိုး... နော်။

    *        *       *
အေးမရှေ့က မီးတောက်လေးတွေလိုပဲ။ အေးမ ရင်တွေပူနေတယ်။ မျက်စိရှေ့မှောက်က
မီးလောင်နေဆဲ စာရွက်ကလေးတွေ ပြာဖြစ်သွားတဲ့ စာရွက်ကလေးတွေကို ငေးရင်း ရင်ထဲမှာ
ဟာနေတာပဲ။
တကယ်တော့ ဘယ်သူက မီးရှို့ရက်မှာလဲ။ ဒါလောက် ကြိုးစားပမ်းစားရေးထားတဲ့
ကဗျာလေးတွေ၊ ဒိုင်ယာရီ စာရွက်လေးတွေ၊ ဘယ်သူ စွန့်ပစ်ချင်မှာလဲ။ ဒါပေမယ့်လေ
ဖတ်နေမိရင် စိတ်ဆင်းရဲနေဦးမှာ မဟုတ်လား။ မိုးပြာကတော့ ကဗျာဝါသနာအိုးရယ် မပြောရဘူး။ စာတွေ
မီးရှို့ပစ်တာတောင်မှ "အချစ်ဈာပန" တဲ့။ အချစ် ကို မီးသင်္ဂြုလ်ခြင်းတဲ့။
သူကတော့ ထင်မှာပဲ၊ အပြီးတိုင်သင်္ဂြုလ်တာလို့၊ ခက်တာက အေးမဆိုတာ အစွဲအလမ်း
ကြီးတတ်တယ်။ ပြာလေး တွေကို ကြည့်ရင်းကြည့်ရင်း ဝါးဝါးသွားတယ်။ မျက်လုံးတွေ စိုစွတ်လာပါရော။
အေးမ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်တာ မြင်လို့ ထင်ပါရဲ့။ ခင်လေးက အေးမကို
စိတ်မကောင်းသလို ကြည့်တယ်။ စာရွက်ကလေးတွေ မီးပုံထဲ ပြစ်ထည့်ဖို့
လက်တွန့်နေတတ်တဲ့ အေးမကို ကြည့်ပြီး မိုးပြာက မျက်မှောင်ကုပ်ကြည့်တာ ခဏခဏ။
"ဟာ... ကိုစောလွင်ရာ ပြောစမ်းပါဗျာ ကျွန်တော် ရင်တွေ ခုန်လိုက်တာ"
ဆိုင်းမဆင့် ဗုံမဆင့် မိုးပြာက ဟန်အမူအရာနဲ့ လုပ်ပြတယ်လေ။ ခင်လေးက ရယ်လိုက်တာ။
သွားစမ်းပါကွာလို့ မိုးပြာကို ဟောက်ပစ်လိုက်ရင်း ရယ်လိုက်မိသေးတယ်။
မဆိုးပါဘူး ၊ရယ်နိုင်သေးသားပဲ။

ပြာလေးတွေပေါ်မှာ သူ့မျက်နှာကို မြင်လာပြန်ရော။ မျက်လုံးက လှလိုက်တာ
သူ့နှုတ်ခမ်းကလည်း ပန်းရောင် ရဲနေတာပဲ။
စာရွက်တွေ ကုန်သွားတော့ မိုးပြာက ...။
"တစ်ခုကျန်သေးတယ်လေ" တဲ့။
ခင်လေးက ... "ဘယ် တစ်ခုရမှာလဲ နှစ်ခု" တဲ့။
"သူ့ ပုံတူ ပန်းချီရယ်၊ နောက်ပြီး ဒူးရင်းချိုချဉ် စက္ကူလေးတွေရယ်"
အေးမ ရင်ထဲမှာ နာလိုက်တာ။ နှလုံးဆီက နာတယ်ထင်တာပဲ ။ နောက်ပြီး
လည်ချောင်းတစ်ခုလုံး ပူပြီးစပ်နေတယ်။ အေးမ ကိုယ့်စိတ်ကိုယ် မနိုင်သေးဘူး လို့
သိလိုက်ပါတယ်။
အခု စာရွက်တွေတောင် ဇွတ်အတင်း မီးရှို့ခိုင်းလို့။
သူတို့က ပြောကြတယ်။
"မမေ့နိုင်ရင် ကိုယ်ပဲ ရှုံးမှာပဲတဲ့။"
အရှုံးနဲ့ အနိုင် ဆိုတာ ဘာကိုခေါ်တာလဲ။ အေးမ ရှုံးရအောင် အေးမနဲ့ သူနဲ့ ဘယ်တုန်းက
ယှဉ်ပြိုင်ဖူးလို့လဲ။ အေးမ ရှုံးတယ်လို့ ဘာလို့ ပြောနိုင်တာလဲ။
သူနိုင်တယ်လို့ရော ဘာလို့ပြောနိုင်တာလဲ။ နောက်ပြီး အနိုင်အရှုံးကို ဘယ်စည်းကမ်းနဲ့
ဆုံးဖြတ်ပေးမှာလဲ။ ဒိုင်လူကြီးက ဘယ်သူလဲ။
တစ်ခုတော့ ဝန်ခံပါတယ်လေ။
သူ့ကြောင့် အေးမဘဝမှာ လမ်းမဖြောင့်ဘဲ ကွေ့နေတာတော့ အမှန်ပဲ။ သူ့ကြောင့် အေးမ
ဒုက္ခရောက်ရတာလဲ ခဏခဏပါပဲ။

အေးမ မှတ်မိနေသေးတယ်။
ပထမနှစ်တုန်းကလေ။ အေးမတို့ ဖားတွေ ဝက်တွေ ခွဲရတယ် မဟုတ်လား။ တစ်နေ့ပေါ့။
ဇူးလက်(ဘ်)ထဲမှာ အေးမ ဝက်ခွဲနေတယ်။ အေးမက ဘေးဖျားဆုံးမှာဆိုတော့
အခန်းပြင်ကို မြင်နေရတယ်။ အင်္ကျီအဝါရောင်ကို ရိပ်ခနဲ မြင်လို့လှမ်းကြည့်မိတော့
သူ့ကို မြင်ရတယ်။ သူအပြင်ကနေ ဖြတ်လျှောက်ရင်း အေးမကို ကြည့်သွားတယ်။ ဟော
နောက်တစ်ခါကျ ကော်ရစ်ဒါမှာ ရပ်ရင်း လှမ်းကြည့်နေတယ်။
အေးမလေ... ဒီတုန်းက ကိုယ့်ကိုယ်ကို ဒေါသထွက်လိုက်တာ။ နှလုံးက ဘာဖြစ်လို့
အေးစက်လာရတာလဲ။ နောက်ပြီး ဓားကိုင်တဲ့ လက်ကရော ဘာလို့ တုန်လာရတာလဲ။
သတိတော့ ထားနေတာပဲ။ သွေးပြန်ကြောရှာတာဆိုတော့လဲ အပေါ်ယံလေးမှာ။ ဒီတော့
သွေးကြောပါမသွားအောင် သတိထားပြီးခွဲရတာပဲ။ သတိထားရင်းနဲ့ကို ဘယ်က ဘယ်လို
ဖြတ်လိုက်မှန်း မသိဘူး။ အို... သွေးကြောတွေ အကုန်ပြတ်ကုန်တာပဲ။ ရှက်လိုက်တာလေ။
မျက်နှာကို ပူနေတာပဲ။ ဘယ်ကိုကြည့်ကြည့် ဘာမှမမြင်ဘူး ရှက်စိတ်နဲ့
ထူပူနေတာဖြစ်မှာပေါ့။

အဲဒီအကြောင်းကို ခင်လေးသိတယ်။ သိမှာပေါ့။ ခင်လေးနဲ့အေးမက တစ်ဖွဲ့တည်းကိုး။
ခင်လေးက အေးမကို နောက်ပြောင်နေသေးတယ်။
"အက်စီတုန်းက ထိရင် အေးတယ်ဆို၊ ဘယ်မှာအေးလို့လဲ၊ သွေးကြောတွေ အကုန်ပြတ်ကုန်တာ
အေးလို့လားတဲ့"
အဆောင်ပြန်တော့လည်း မိုးပြာကို အသိပေးရင်း ဟားနေကြတယ်။
"မိုးပြာ ... နင့်လူဆီက နာမည်ကို အေးမ လူဆီ ပြောင်းပေးလိုက်တော့ဟာ၊ ဟေ့ ...
အေးမ အက်စီတုန်း မဟုတ်တော့ဘူးနော်၊
ဖီနော ဖြစ်သွားပြီ၊ ဒီနေ့ အေးမတို့ ဖီနောလောင်ခဲ့တာပေါ့... တဲ့"
အေးမ ရှက်ရှက်နဲ့ ရယ်နေလိုက်ရတယ်။
သြော် ... အဲဒီတုန်းက အခြေအနေတွေကို ပြန်လိုချင်လိုက်တာ။ အခုတော့ အေးမကလည်း
အ-တယ်။ အင်းလေ ... အတွေ့အကြုံပေါ့။
"ကဲ... အေးမ ဘယ်မှာလဲ၊ ပန်းချီ   မီးရှို့မယ်..."
အေးမ ခေါင်းယမ်းရင်း တွေဝေနေမိတယ်။ ခင်လေးက...
"အေးလေ၊ ထားလိုက်ပေါ့ မီးမရှို့ပါနဲ့၊ ဒါပေမယ့် နင့်ဆီမှာ မထားနဲ့လေ၊
ငါ့ကိုပေးထား..."
သူကလည်း အေးမကို နည်းနည်း သနားနေသလိုပဲ။
"ကဲ... ထဟယ်  အေးမ ... တို့ရုပ်ရှင်သွားကြည့်ရအောင်၊ ရေလေးဘာလေးချိုး၊ Sun
Flower သိပ်ကောင်းတယ်တဲ့..."
မိုးပြာက ပြာလေးတွေ စုကျုံးရင်း တိုက်တွန်းတယ်လေ။ ခင်လေးကတော့ မီးရှို့တုန်းက
ပိတ်ထားတဲ့အခန်းတံခါးကို ခုမှ ဖွင့်လိုက်တယ်။
ရုပ်ရှင်ကြည့်ရမှာလည်း စိတ်မပါပါဘူး။ ဒါပေမယ့် စိတ်ပြေလက်ပျောက် အပြင်ထွက်ရင်
သိပ်ကောင်းမှာပဲ။

"တွေးမနေနဲ့ ငေးမနေနဲ့ ခုဆယ့်တစ်နာရီ ထိုးတော့မယ်။ ဒီနေ့ ပန်းအိုးလဲဖို့
ပန်းသွားဝယ်ရဦးမယ်၊ မြန်မြန်လုပ်၊ လာလာ
ပန်းအရင် သွားဝယ်မယ်"
ခင်လေးက ဇွတ်ခေါ်တော့ အေးမဗြုန်းခနဲ ထလိုက်သွားရတယ်။ လမ်းမှာ မိုးပြာက
သီချင်းတိုးတိုး ညည်းတယ်။
"ကိုယ်အသည်းကို နုနုလေးလို့ မင်းထင်သလား၊ မှားလိမ့်မယ်၊ ငိုတယ်ဆိုတာ
ပျော့ညံ့လွန်းတယ်၊ ဒီကမ္ဘာမှာ ကြည်စရာ မင်းထက် ချောတဲ့လှတဲ့သူ ကိုယ်လိုက်ရှာမယ်"

သီချင်းကတော့ မန္တလေးက ခင်မောင်တိုးရဲ့ သီချင်းပါပဲ။ အေးမ သိပါတယ်။ မိုးပြာ
အေးမကို စောင်းဆိုနေပြီဆိုတာ။
"အေးဟ... ရှာမယ်...ရှာမယ်... လိုက်ကို ရှာမယ်  ရှာပြီးတွဲပြမယ်"
မထိန်းမသိမ်း ဒီလိုပဲ ပြောမိလိုက်တယ်။ ပြီးမှ...
"အမယ် ... ရှာနေစရာတောင် မလိုဘူး ရှိတယ် သိလား..."
"ဘယ်သူလဲ အေးမရဲ့..."
"ရှိပါတယ်ဆို ..."
"တယ်... ဘယ်သူလဲ၊ လုပ်မနေစမ်းပါနဲ့..."
"သြော်... တကယ်ပါ၊ ဂျက်လေ... ဒီကောင် ငါ့ကို ရှိတ်နေတာ"
"ဟင်း... ပြောပြန်ပြီ  အရှက်မရှိ၊ အက်စီတုန်းကလဲ နင့်ကို ရှိတ်တယ်ဆိုပြီး
ဆွေဇင်နဲ့ ဖြစ်ရော မဟုတ်လား..."

အေးမ ရင်ထဲမှာ 'သူ့'ကို ဒေါသထွက်လို့ပါ၊ ဆွေဇင်ကို ချစ်တယ်ဆိုလဲ အေးမ ကို
ဒုက္ခမပေးနဲ့ပေါ့...အခုတော့  အေးမ အရူးဖြစ်ရတာပေါ့။ ခုဟာလဲ
ခင်လေးက နောက်တာပဲ။ အေးမ သိတယ် ။ နောက်ပြီး ကရုဏာဒေါသနဲ့လို့လဲ သိသားပဲ။
ဒါပေမယ့်လေ အေးမ သိပ်ဝမ်းနည်းပါတယ်။
ပြန်တောင် တွေးမိသေးတယ်။
အေးမ ကိုယ့်ဘက်ကိုယ် ယက်လားလို့။
ဒီလိုလေ... အေးမကို စောင့်တာ မဟုတ်ဘဲ ဆွေဇင်ကိုစောင့်တာမျိုး၊ အေးမကို ကြည့်တာ
မဟုတ်ဘဲ ဆွေဇင့်ကို ကြည့်တာမျိုး၊ ဒီလိုဖြစ်နေရင်
မခက်ပါလား၊ လူဆိုတာ ကိုယ်လိုရာကို ဆွဲတွေးကြတယ်လေ။
ဒါပေမယ့် ဘယ်လိုပဲ တွေးတွေးပါ။ အသိသာကြီးပါနော်။ သူ စပြီး အေးမကိုကြည့်တဲ့နေ့က
စစဉ်းစား။ ဆိုက်ကိုတက်စ် တုန်းက ဆွေဇင်မှ မပါဘဲ။
အေးမ အနားမှာ ဆွေဇင်မှမရှိဘဲ အေးမ ကိုကြည့်တဲ့မျက်လုံးဆိုတာ အေးမ သိပါတယ်။
နောက် သူတို့ အခန်းရှေ့ ဖြတ်ဖြတ်သွားရတော့
အေးမ တစ်ယောက်တည်းပါ။ စာမေးပွဲ တုန်းကလည်း ဆွေဇင်က သူနဲ့ တခန်းတည်းပါနော်။
အေးမက အဝေးကြီးပါ။

ခန္ဓာဗေဒခန်းမှာတုန်းက စောင့်စောင့်နေတာရော လူတွေ ကြားထဲက (ဆွေဇင့်အနားက) နေ
အေးမဘက်ကို ခြေဖျားထောက် ထောက်ကြည့်တာရော။
အို... တော်ပါပြီလေ။ ကြာရင် အေးမ ရူးမှာပဲ။ ခုကို ရူးနေပြီလားမသိဘူး။
ခင်လေးတို့ ပန်းဝယ်နေတုန်း နှင်းဆီပန်းစည်းတွေကို ကိုင်ကြည့်မိတယ်။ အနီရောင်
ကြက်သွေးရောင်ပေါ့။ လှလိုက်တာ။
ပန်းနီနီ မပန်ကောင်းဘူးတဲ့။ အချစ်ဦးနဲ့လွဲတတ်သတဲ့။ ကဲ...
မပန်ဘဲနဲ့ လွဲတာရော၊
တကယ် ... အေးမ တစ်သက်နဲ့တစ်ကိုယ် ပန်းမပန်ဖူးဘူး။
ပန်ဖူးဦးမှပဲလေ။ အေးမ ဆံပင်က ပခုံးလောက်ရှိတာ တိုတိုလေး  ။ ဘယ်မှာပန်လို့ရမလဲ။
"ဟေ့... ငါ ပန်း ပန်ချင်တယ် ..."
ခင်လေးတို့က တအံ့တသြ လှည့်ကြည့်တယ်။ အေးမ ရယ်နေရာက ပန်းလှလှလေးတွေ
ရွေးနေမိတာပေါ့။ အေးမ နှင်းဆီပန်းနှစ်ပွင့် ဝယ်လိုက်မိတယ်။
အဆောင်ပြန်ရောက်တော့ မှန်ထဲမှာ ပန်ကြည့်မိတယ်။ မလှဘူး ပြောင်စပ်စပ်နဲ့။ ဟဲ့...
ငါ့ဟာ လှရဲ့လား။ ကြည့်ပေးဦး လို့ ပြောတော့ ပန်ပေးမယ်တဲ့။ ရေချိုး
သနပ်ခါးလိမ်းတဲ့။ ဒါနဲ့ အေးမ ဒီနေ့ ပန်းပန်ဖြစ်တယ်။ ပထမဆုံး ပန်းပန်တာပဲလေ။
"ဘာလဲဟ ... အချစ်ဦးနဲ့ကွဲတဲ့ အထိမ်းအမှတ်လား"
ခင်လေးက မေးလိုက်တော့ ရင်ထဲမှာ နင့်သွားမိတယ်။

ကျောင်းထဲက ထွက်လာရင်း ကြွေကျနေတဲ့ ခေါင်ရမ်းပန်းလေးတွေကို ကြည့်နေမိတယ်။
ခေါင်ရမ်းပန်း နီနီလေးတွေမှ အများကြီး မြေမှာ
ကြဲနေတာ။ ခေါင်ရမ်းပန်းလေးတွေက အေးမရဲ့ အသည်းအစအနလေးတွေနဲ့ တူသလိုပဲ။
ကြွေသလိုပဲလို့လေ။ အနင်းခံထားရတာကိုး။ တစ်ချို့
ဒီလိုပဲ အကြင်နာတရားရှိတာ မဟုတ်ဘူး။
"တစ်ရက်တစ်ယောက် ချစ်တတ်သူနဲ့ တစ်သက်တစ်ယောက် ချစ်တတ်သူ တဲ့"
ခင်လေး က စောလွင်ကဗျာထဲက စကားလုံးတွေကို ရွတ်ပြနေတယ်။ တစ်သက် တစ်ယောက်
ချစ်တတ်သူက အေးမ ပေါ့လေ။
ဒီလိုဆိုလိုချင်တာ ထင်ပါရဲ့။ ဒါပေမယ့် 'သူ' ကတော့ တစ်ရက် တစ်ယောက်
မဟုတ်ပါဘူးလေ။ သူ ဒီလောက် မဟုတ်ပါဘူး။
ကံကြမ္မာဆိုတာ ဒီလိုပဲ မျက်နှာ သိပ်လိုက်တယ်။ ကောင်းတာ မဟုတ်ဘူး။

အေးမ ရင်ထဲက နှလုံးတွေ အသည်းတွေ ပြောင်းပြန်စောက်ထိုး တွေဖြစကုန်ကြပြီလား။
အို... လှိုက်လှိုက်ပြီး နာလာတာပဲ။ ခင်လေး
လက်မတို့မီကတည်းက မြင်ပါတယ်။ အေးမ မျက်လုံးတွေမှာ မျက်ရည်တွေ ဖုံးနေပေမယ့်
ဒီလောက်တော့ မြင်ပါတယ်။
မရှက်တမ်း ဝန်ခံရမယ်ဆိုယင် စောစောကအထိ သူ့ကို အေးမ မျှော်လင့်တုန်းပါပဲ။
အေးမကို သူချစ်နေတုန်းပဲလို့ အေးမ ယူဆထားတာ။
ခုတော့ အေးမ မျှော်လင့်သမျှ အကုန်ပဲ သဲထဲရေသွန်ဖြစ်ရပြီလေ။
အေးမတို့ သူ့ကို မြင်သလို သူကလည်း အေးမတို့ကို မြင်ပါတယ်။ ဆွေဇင်ကတော့
မမြင်ဘူး။ ရုပ်ရှင်ကလည်း ပြခါနီးပြီ မဟုတ်လား။ ရုံထဲ ဝင်တော့မလို့ ထင်ပါရဲ့။ သူက အေးမကို မြင်တော့ အမူအရာမပျက်ဘူး။ အေးမ ထင်တာပဲလေ၊ အေးမတို့ကို မြင်ကြောင်း အသိအမှတ် ပြုရုံလောက်ပဲ။
ဘာမှ မဆိုင်သလို အေးမဆိုတာ သူ့ရင်ထဲမှာ မရှိခဲ့သလို။ အေးမ ရင်ထဲကလေ။ ဆတ်ဆတ်ခါအောင် နာကြည်းမိပါတယ်။ သူတို့နှစ်ယောက် ဝင်သွားတာကို ငေးရင်း အောက်နှုတ်ခမ်းကို ခပ်ဖိဖိလေး ကိုက်ထားမိတာပေါ့။
ခင်လေးတို့ အလိုက်သိပါတယ်။

"ပြန်မလား အေးမ၊ ဒါမှမဟုတ် မစိုးရိမ်ကို သွားမလား၊ တခြားရုံ
သွားကြည့်တာပေါ့နော်..." မိုးပြာကလည်း လက်မှတ်ရုံဆီ သွားဖို့ပြင်နေတဲ့
ခြေလှမ်းတွေကို ပြန်ပြင်လိုက်တယ်။ တခြားသွားမယ်ပေါ့လေ။
"အိုး... ဒီကားကြည့်မလို့လာတာ ဘာဖြစ်လို့ ပြန်ရမှာလဲ ကြည့်မှာပေါ့ဟ"
"မဟုတ်ဘူးလေ... တော်ကြာ နင် မူပျက်နေလိမ့်မယ်"
"ခင်လေးရယ် ... အေးမပါဟာ ဘာမှမဖြစ်စေရဘူး  လာ..."
အေးမကပဲ လက်မှတ်ဝယ်။ အေးမကပဲ ရှေ့ဆောင်ခဲ့ရတယ်။ အေးမ တစ်ကိုယ်လုံး
လေဟာပြင်ထဲမှာ ရှိနေသလိုပဲ။
ခြေထောက်နဲ့ မြေကြီး မထိဘူး ထင်ပါရဲ့။
ဖြစ်ချင်တော့ ရုပ်ရှင်ကလည်း အလွမ်းကား။ ဇာတ်သိမ်းခါနီးမှာ ရင်နင့်ဖို့
ကောင်းလိုက်တာ။
မိုးပြာက ... "အေးမ လက်ကိုင်ပဝါ ပါလား..."
"ပါသားပဲ... ယူမလား..."
"မယူပါဘူး ငိုချင်ရင် ရောပြီး ငိုလိုက်လို့ ပြောမလို့..."
"သြော်"
အေးမ အသံထွက်အောင် ရယ်မိတယ်။
"မျက်ရည်တွေ နှမြောတယ်ဟ၊ ပိုက်ဆံ ငါးကျပ်ပေးပြီး မငိုသေးဘူး..."
"ဒါဖြင့် ထောင့်ငါးရာ ပေးပြီး ငိုမယ်လား..."
"သွားကွာ..."
စိတ်တိုတိုနှင့် ဟောက်ပစ်ရင်း ရယ်နေလိုက်တယ်။ ခင်လေးက ...
"ဘာဖြစ်တာလဲတဲ့" ဒါ ဟာသ မဟုတ်ဘူးတဲ့။ ရယ်စရာတွေ ပြောနေတယ်မှတ်လို့ ရယ်တာလားတဲ့။
"ဟင် ဒါရယ်စရာ မဟုတ်ဘူးလား ငါက ရယ်စရာလားလို့"
မှင်သေသေနဲ့ ပြောတော့ သုံးယောက်လုံး ရယ်မိကြတယ်။ ဘေးက လူတွေက ဂျိုကြည့်
ကြည့်တယ်။ ဖီလင်ကားကို ရယ်နေရမလား ပေါ့။

ရုပ်ရှင်ပြီးလို့ အပြင်ပြန်ထွက်လာတော့ ဆုံမိမယ်လို့ ထင်သားပဲ။ ဒါတောင်
အေးမတို့က လူတွေကုန်မှ ထွက်တာ။ လမ်းဘက်အထွက်မှာ
တိုးတာပဲ။ စိုးမိုးနဲ့ ဆွေဇင်က စက်ဘီးဘေးမှာ၊ ဆွေဇင်က အေးမတို့ကို
နှုတ်ဆက်နေတယ်။ နဂိုက ဖြူနေတဲ့ အသားက ရှက်နေလို့လားမသိဘူး။
ပန်းရောင် ဖြစ်နေတယ်။
သူကလည်း ဆွေဇင်နဲ့ အတူရပ်ရင်း အေးမတို့ကို ပြုံးနှုတ်ဆက်တယ်။ မျက်လုံးကတော့
အေးမဆီမှာပေါ့။ နောက်ပြီး အေးမ ခေါင်းပေါ်က
နှင်းဆီပန်းကို ငေးနေတယ်။ သူလေ ပန်းချီဆရာ မလုပ်ဘဲ
ရုပ်ရှင်မင်းသားလုပ်ရင် ဖြစ်ထွန်းမယ်။ သူ့မျက်နှာ ဘာအရိပ်အရောင်မှ
မရှိဘူး အပြစ်ကင်းနေတာပဲ။

သူက ...
       "သွားမယ်နော်" လို့ နှုတ်ဆက်တော့ အေးမ ခေါင်းညိတ်ပြလိုက်တယ်။ သူ့
စက်ဘီးနောက်မှာ ဆွေဇင်က တက်လိုက်သွားတယ်။
       "အေးမ... အေးမ..."
       "ဘာလဲ..."
       "နင်... ရုပ်ရှင်မင်းသမီး လုပ်စားပါလား..."
       "ငါ့ရုပ်နဲ့ ရုပ်ရှင်မင်းသမီး လုပ်ရင် ရုပ်ရှင်ကြည့် ပရိသတ်တွေ အသက်
တိုကုန်ပါ့မယ်ဟယ်..."
       "တကယ်ပြောတာ၊ နင် သရုပ်ဆောင် သိပ်ပိုင်တယ်"
       "ဟဲ ... ဟဲ ..."
       "မရယ်နဲ့၊ အကောင်းပြောတာ၊ ငါနင့်ကို ကြည့်နေတယ်၊ နင့်မျက်နှာက
သန့်ရှင်းနေတာပဲ၊ အို... ဘာဆိုဘာမှ မရှိဘူးဟာ၊
ပြုံးနေပုံကလဲ တမင်ပြုံးရတာမျိုး မဟုတ်ဘူး၊ တော်တယ်... သိပ်တော်တယ်"
       "ကဲ... ခင်လေးကတော့ ချီးကျူးနေပြီ"
       "နေဦး... မင်းသားရမှ လုပ်ကို လုပ်ရဦးမယ်"
       "ငါရှာပေးမယ်၊ ကြိုက်တဲ့ ကောင်လေးပြော"
       အေးမ ရယ်နေလိုက်ရတယ်။
       "သူကတော့ အံ့သြမှာပဲနော်၊ ဒီကောင်မလေး အသည်းမာတယ်လို့" ခင်လေးက ပြောနေတယ်။
       "ငါအစတုန်းက စောလွင်ကိုတောင် ရန်တွေ့မလို့၊    ဟဲ့... စောလွင်၊ အေးမက
ခင်ဗျားကို စိတ်ဝင်စားနေတယ်လို့ မပြောဘဲ
သိပ်ချစ်နေပါတယ်လို့ ပြောလိုက်ရောပေါ့... လို့၊ အဲဒီလို ပြောရင် စောလွင်က
ဆဲမှာ သိလား"
       "သူ ဆဲ မဆဲတော့ မသိဘူး အေးမရေ...၊ အက်စီတုန်းကတော့ ရင်တွေခုန်ပြီး
စက်ဘီးတောင် နင်းနိုင်မှာ မဟုတ်ဘူး၊ အဲဒီတုန်းက ကျတော့လဲ နုလိုက်တာ
အခုကျလဲ အပြတ်ရင့်တယ် နားမလည်ဘူး"
       "ကျွန်တော် ရင်တွေခုန်လိုက်တာဗျာ"
       "သွားစမ်းပါ မိုးပြာရယ်"
       မိုးပြာကို ဆောင့်တွန်းပစ်ပြီး အကျယ်ကြီး ရယ်မိတယ်။ အဆောင်ပြန်ရောက်ရင်
ပန်းချီရော ဒူးရင်းချိုချဉ် စက္ကူလေးတွေရော မီးရှို့ပစ်မယ်လို့
တွေးမိတယ်၊ အချစ်ဈာပနအတွက် ဆွမ်းသွတ်မယ်လေ။ ပရိသတ်က မိုးပြာရယ်၊
ခင်လေးရယ်၊ စောလွင်ရယ် ပေါ့။
       အေးမလေ... ကိုယ့်ကိုယ်ကို အံသြနေမိတယ်။ သည်လောက် အသည်းမာလိမ့်မယ်လို့
မထင်မိပါဘူး။
       ဒါပေမယ့် တစ်ခုတော့ ရှိတယ်။
       ရယ်တော့ ရယ်နေတာပဲ။ အသံကလည်း တကယ့်ရယ်သံစစ်စစ် မျက်လုံးတွေကျတော့ ဝေနေတယ်။
                                             *        *       *
အဝေးကနေ လက်ပြနေတာကိုတော့ မြင်သားပဲ။
ဒါပေမဲ့ ...
လက်ပြတာက သူ့ဆီလာဖို့ လက်ယပ်ခေါ်နေတာမှ မဟုတ်ဘဲ။
ခွဲခွာဖို့ နှုတ်ဆက်နေတာကိုး
ခုတော့ သိပြီလေ...။
                *       *       *
                               [၁၉၈၃ ခုနှစ်၊ ဧပြီလ၊ ရုပ်ရှင်မဂ္ဂဇင်း]

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...