Saturday, August 27, 2011

ခရစ်စမတ်လက်ဆောင် အပိုင်း(၁)


by Seaman Nayminthu on Sunday, August 28, 2011 at 10:13am
နံနက် ၁၀ နာရီခန့်ရှိပြီ။
ဆောင်းရာသီပင်ဖြစ်သော်လည်း ပင်လယ်ရေပြင်ပေါ်သို့ ကျရောက်လာသော နေပူရှိန်ကြောင့် အိုက်စပ်စပ် ဝေဒနာ ခံစားရသည်။
          ရတနာရေနံစင်နှင့် ရေမိုင် ၁၅ မိုင်ခန့်အကွာတွင် ကျောက်ချရပ်နားနေသော စစ်ရေယာဉ်(++)၏ ပဲ့ပိုင်း ကုန်းပတ်ပေါ်မှာ စစ်သည်တစ်စု ငါးခြောက်ခွဲသူခွဲ၊ ခွဲပြီးသားငါးတွေကို ရေဆေးပြီးနေလှန်းသူကလှန်း၊ နေလှန်းထားတဲ့အထဲက သိမ်းဆည်းဖို့သင့်တောပြီဖြစ်သောငါးခြောက်တွေကို ဆန်အိတ်ခွံထဲထည့်သူ ထည့်နှင့် ရေလုပ်သားတို့စုဝေးရာ တံငါအလုပ်ရုံလေးတစ်ခုကဲ့သို့ပင်။
ရဟတ်ယာဉ်ကွင်း ( Helicopter Deck) တစ်ခုလုံးနီးပါး ငါးခြောက်တွေပြန့်ကျဲနေသည်။
“ဌာနေကို ငါလေပြန်ရတော့မယ်…နေရစ်ခဲ့တော့ ပင်လယ်ပြာကြီးရယ်…” ငါးဆေးဖို့ပင်လယ်ရေကို ပုံးကလေးဖြင့် ဆွဲငင်တင်နေရင်း တစ်ယောက်သောသူက စိတ်ထဲပေါ်ရာ သီချင်းတစ်ပိုဒ်ကို ဆိုညည်း လိုက်သည်။
“ငါတို့ရဲ့ အိမ်ပြန်လမ်း..ငါးခြောက်ထုပ်လေးကိုထမ်း.. အမ်း..ဟမ်..” ငါးခြောက်အိတ်ကို ပလပ်စတစ် ကြိုးဖြင့် ချည်နှောင်နေသူတစ်ဦးကလည်း အားကျမခံ Rap တေးသွားလိုလို သံယောင်လိုက်ရင်း လက်ထဲက အိတ်ကိုမ,ပြီး ထမ်းတော့မည့်ဟန်ပြုလိုက်သည်။
သူတို့တတွေ ပျော်မွေ့နေသည်တော့ မဟုတ်ပါ။ အိမ်လွမ်းစိတ်နှင့်အတူေ၀၀ါးဝါးမျှော်လင့်ချက် အရောင်လက်လာမည့်အချိန်ကို တမ်းတမျှော်လင့်ရင်း စိတ်ဖြေဖျောက်ရာ ရှာနေကြခြင်းဖြစ်ပေမည်။
သူတို့ပင်လယ်ပြင်ကိုရောက်နေသည်မှာ ၂ လနီးပါးကြာမြင့်ခဲ့ပေပြီ။ တိတိကျကျပြောရလျှင် ၂ လပြည့် ရန် ၁၀ ရက်သာလိုတော့သည်။ ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်မှာ နေ့စဉ်ပုံမှန်လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ရင်း နေ့တွေညတွေ အလီလီကုန်ဆုံးလာခဲ့သည်။ ရေယာဉ်အပေါ်ထပ်နှင့် အောက်ထပ် ဆင်းလိုက် တက်လိုက်၊ ဦးပိုင်းနှင့် ပဲ့ပိုင်း ခေါက်တုန့်ခေါက်ပြန်လျှောက်လိုက်။ ရေယာဉ်သည်သာ သူတို့ရဲ့ နားခိုရာနေရာ၊ ခြေဆန့်ရာကမ္ဘာ။ ပင်လယ်ရေပြာလှိုင်းတွေကိုတော့ ငေးမောအလှကြည့်ရုံ သက်သက်မျှသာ။ ထုံးစံအတိုင်း “ရောက်သည့် အရပ်မှာ ပျော်အောင်နေ တွေ့တဲ့သူနဲ့သင့်အောင်ပေါင်း” ။
သည်အချိန်မျိုးမှာ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ပင်လယ်ပြင်မှာ စီးပွားရှာကြသော ငါးဖမ်းလုပ်သား များနှင့် ရင်းနှီးခွင့်ရကြသည်။ သူတို့နှင့်ဆုံတွေ့သည့်အခါ ဟင်းသီးဟင်းရွက်၊ ဆေးပေါ့လိပ်၊ ကွမ်းရွက်၊ ကွမ်းသီး တွေရတတ်သည်။ ထို့ပြင် သူတို့တတွေ၏ သဒ္ဓါတတ်အားနည်းများမဆို ထည့်ဝင်လှူဒါန်းပေးထားသော ဒိုးဇက်ကလေးတွေ ရေယာဉ်ဝမ်းဗိုက်အတွင်းက အလှူခံပုံးထဲမှာ အသင့်အတင့်နေရာယူထားကြပါသည်။ ရေဘဲလေးတွေ အသုံးအနှုန်းအတိုင်း ပြောရလျှင်တော့ “ဘီအီးဖိုးတော့ တွက်ခြေကိုက်ပြီ…ဘီယာဖိုးရဖို့ဆိုလျှင် ရည်မှန်းချက်ပေါက်ရမည်”။
မျှော်လင့်ချက်က ဘာမှကိုမရေရာသေး။ ဒီလိုနှင့် ခရစ်စမတ်ရက်ကို တဖြည်းဖြည်းနီးကပ်လာလေပြီ။ ခက်နေသည်မှာ…ရတနာမြေပုံညွှန်းကို အတတ်ဟောတွက်ချက်ပေးဖို့ လိုက်ပါလာသူ ကိုနား(စကားပြန်)က ခရစ်ယာန်တစ်ဦး။ သူတတ်စွမ်းသမျှ တွက်ချက်ပံ့ပိုးကူညီပါသော်လည်း ရတနာသိုက်ကိုတွေ့ဖို့ ကွင်းဆက် တွေဟနေမြဲ။ လမ်းကြောင်းတွေလွဲနေဆဲ။ မတတ်နိုင်။ ခရစ်စမတ်ပွဲအမီ ရန်ကုန်ပြန်ဖို့ သူစီစဉ်ရလေပြီ။ အဆင်ပြေရာရေယာဉ်ကြုံဖြင့် သူပြန်ရပါတော့မည်။ သူလည်း ရေယာဉ်စီအို(စစ်ရေယာဉ်မှူး)ကို အားတုံ့အားနာ ဖြစ်နေဟန်ရှိသည်။
“ကျနော်မပြန်ခင်မှာ စီအိုတို့အတွက် ခရစ်စမတ်လက်ဆောင်လေး ပေးနိုင်ဖို့ကြိုးစားကြည့်တာပဲလေ။ ဒါပေမယ့်..”
“ဘယ်တတ်နိုင်မလဲဗျာ..ကျနော်လည်း ဘဲဥလေးကွဲရင် တော်ပါပြီလို့တွက်ထားတာ...”
နောက် ၁၀ ရက်ဆိုလျှင် စစ်ဆင်ရေးကာလပြီးဆုံးပြီ။ ရန်ကုန်မြို့ကို သူတို့ပြန်ကြရတော့မည်။
…………………………………………………………………………………………………………………………………………
          “ဟေး…သတင်းထူးပြီကွ…”
          “ဘာလဲ…အိမ်ပြန်ဖို့ ကြေးနန်းရပြီလား”
          “ဂျမ်းကောင်တွေ သတင်းရပြီကွ.. မင်းတို့ငါးတွေ ရေထဲသွန်ပစ်လိုက်တော့”
          “ဟုတ်ပါ့မလားကွာ… အရင်တစ်ခါလို ဖွတ်မရ ဓားမ,ဆုံး ဖြစ်နေဦးမယ်”
          “သေချာပါတယ်ကွာ..ငါ့ရှေ့မှာ ကိုတဲ(ဆက်သွယ်ရေး) နဲ့ ကိုနားက စီအိုကို သတင်းပို့နေတာ…စီအိုက ပြောတယ်.. ဒီတစ်ခါထပ်ပြီး ကံစမ်းကြည့်တာပေါ့…တဲ့။ အဆင်မတော့လည်း ရေချိုးပြီး ပြန်ကြတာပေါ့..တဲ့”
          “အေးပေါ့လေ..အောင်မြင်ပါစေလို့ပဲ ဆုတောင်းမိတယ်….”
          ပဲ့စင်ဆက်သွယ်ရေးခန်းအတွင်းမှာ ကိုတဲ၊ ကိုနား၊ ကောက်စင်ကြီး (ပဲ့နင်းမှူး) တို့အပြင် စီအိုလည်း ရောက်နေသည်။ ကိုနားက ဆက်သွယ်ရေးလေလှိုင်းပေါ်မှ ထွက်ပေါ်လာသော  ကွိ..  ညံ.. ကွမ်း. အသံတွေကို ဂရုတစိုက်နားထောင်ရင်း တစ်ချက်တစ်ချက်မှာ စီအိုကို အဓိပ္ပါယ်ပြန်ရှင်းပြနေသည်။ ဘေးနားမှာရပ်နေသော ကောက်စင်ကြီးနှင့် ကိုတဲတို့ကတော့ မျှော်လင့်ချက်အရောင်လက်နေသည့် မျက်ဝန်းကိုယ်စီနှင့် ခေါင်း တညိမ့်ညိမ့်။ မကြာမီ တာဝန်ကျရဲဘော်နှင့်အတူ ဆရာကြီးစက် (စက်ခန်းအုပ်) ရောက်ရှိလာသည်။ ဒန်ကလီ (စက်ပြင်ဝတ်စုံ) ၀တ်ထားသော ဆရာကြီးစက်က စီအိုကိုအလေးပြုနှုတ်ဆက်လိုက်သည်။
          “ဆရာကြီးစက်တို့ ဘာတွေလုပ်နေလဲ”
          “စက်ခန်းသန့်ရှင်းရေး လုပ်နေတာပါ စီအို… ပြီးတော့”
          “လုပ်လက်စအလုပ်တွေ ရပ်ထားလိုက်တော့ဆရာကြီး။ ၁၃း၀၀ နာရီမှာ ရေယာဉ်ခွာနိုင်ဖို့ အသင့်ပြင် ထားပါ….” စီအိုက လက်ပတ်နာရီကို ငုံ့ကြည့်ရင်းပြောလိုက်သည်။
          “ဟုတ်ကဲ့ပါ စီအို”
          “ကဲ….ဆရာကြီးကောက်လည်း စစ်သည်တွေကို အသင့်ပြင်ခိုင်းထားလိုက်…ထမင်းစားပြီး ခဏနေရင် စထွက်မယ်”
          နောက် ၅ မိနစ်လောက်အကြာမှာတော့ အလုပ်သိမ်းထမင်းစား ပိုက်မှုတ်သံထွက်ပေါ်လာပြီး သံချေး ခေါက်သံ၊ တံမြက်စည်းလှဲသံ၊ ငါးခုတ်သံတွေ ငြိမ်သွားသည်။ ဂယ်လီ (စားဖိုဆောင်) အတွင်းမှာတော့ ဆရာကြီး ကွတ် (စားဖိုမှူး) တစ်ယောက် သီချင်းလေးတအေးအေးနှင့် ဟင်းအိုးတွေကိုနေရာချနေသည်။
          အချိန်ကား….၁၁ နာရီ ၅ မိနစ်စွန်းစွန်း။
…………………………………………………………………………………………………………………………………………
          ဖြစ်ပေါ်နေသော သတင်းအချက်အလက် တိကျသေချာမှု ရှိ/မရှိ စောင့်ဆိုင်းရင်း လိုအပ်သည်များ ပြင်ဆင်မှုပြုလုပ်၍ ၁၄း၃၀ အချိန် ရေယာဉ်စတင်ထွက်ခွာဖြစ်သည်။ နှစ်နာရီကျော်ကျော်လောက် မောင်းနှင် လာပြီးနောက် ငါးဖမ်းလှေအုပ် တစ်ခုအနီးသို့ ချင်းကပ်ရောက်ရှိလာခဲ့သည်။ မိမိတို့လမ်းကြောင်းနှင့် နီးစပ်ရာ လှေတစ်စီး နှစ်စီးကို ခေါ်ယူစစ်ဆေးနေစဉ် ခပ်လှမ်းလှမ်းမှ အခြားသောလှေများလည်း ပိုက်များကိုဆွဲတင်ကာ ရေယာဉ်ရှိရာသို့ ဦးတည်ခုတ်မောင်းလာသည်ကို တွေ့ရသည်။ ထူးတော့ ထူးဆန်းနေပါလား…။ ယခင်ကဆို လျှင် မှန်ပြ၊ မီးရိုက် နည်းမျိုးစုံဖြင့် အချက်ပြပြီးခေါ်မှ မလာချင်လာချင် ရောက်လာတတ်သူများ ယခုတစ်ခါတော့ ရှောရှောရှူရှူ ရောက်လာပြီး အလှူဒါနပြုနေကြသည်။၂ နာရီလောက်အချိန်အတွင်း ဒိုးဇက်ပီပါ ၃၀ လောက် ရေယာဉ်ဗိုက်ထဲ ခုန်ဆင်းရောက်ရှိသွားသည်။ လှေပဲ့နင်းတစ်စု ရေယာဉ်ပေါ်သို့တက်လာကာ စီအိုနှင့် စကား သမီပြောကြသည်။ ရေနံစင်ပတ်လည်မှာ မွေးမြူထားသော ရေသတ္တ၀ါတွေကို ၀င်ရောက်ဖမ်းဆီးခွင့်ပြုဖို့။
          ထိုအချိန်မှာပင် ရေယာဉ်နှင့်မလှမ်းမကမ်း လှိုင်းကြက်ခွပ်လေးတွေကြားမှာ လင်းပိုင်တစ်အုပ် ပျော်မြူး ဆော့ကစားနေသည်ကို တွေ့လိုက်ရသည်။ ကောက်စင်ကြီးနှင့် ရဲဘော်၂ ဦး တို့ လက်ခုပ်တီးလိုက်သောအခါ လင်းပိုင်တချို့ ရေပေါ်ခုန်ပျံပြီး ကျွမ်းထိုးပြသည်။ ပင်လယ်ပြင်အတွေ့အကြုံများသူတွေ ပြောဆိုချက်အရ ရေယာဉ်ပေါ်မှာ ပိုးဟပ်တွေ့လျှင်၊ ရေထဲမှာ လင်းပိုင်တွေ့လျှင် ကံကောင်းခြင်းအမှတ်အသားဟု နားလည်ထား မိပါသည်။
          ယခုတော့ လမ်းစရိတ်လည်းရ လင်းပိုင်အုပ်လည်းတွေ့ပြီ။ ကံအကြောင်းကောင်းတော့မည်ဟု တွေးပြီး အားတက်မိကြသည်။
          သူရိယနေမင်းကြီး သမုဒ္ဒရာနှုတ်ခမ်းကိုမေးတင်နှုတ်ဆက်ချိန်မှာ ရေယာဉ်ခရီးဆက်လက်ထွက်ခွာ လာ ခဲ့သည်။ သွားရမည့်အရပ်က ရန်ကုန်မြို့နှင့်ဆန့်ကျင်ဘက်။ သို့သော် ရေယာဉ်ကို ရန်ကုန်ဘက်သို့ ဦးတည် လိုက်သည်။ ငါးဖမ်းလှေအုပ်နှင့် အတော်လေးအလှမ်းဝေးသွားပြီး မိုးစုန်းစုန်းချုပ်သည့်အချိန်ရောက်မှ ရေယာဉ် ဦးတည်ရာ ပြောင်းလိုက်သည်။ ညဉ့်အမှောင်နက်နက် ပင်လယ်ပြင်ထက်ဝယ် ရှိန်းခိုသီးတစ်လုံး အနောက် တောင်ယွန်းယွန်းဆီသို့ မျောလွင့်ရွေ့လျားနေသည်။
          တစ်လမ်းလုံး ရေယာဉ်ကို အမှောင်ချ၍ မောင်းနှင်လာသည်။ ယခင်ပုံမှန် ကင်းလှည့်မောင်းနှင်ချိန် တွင် တစ်နာရီသွားနှုန်း ၁၂ မိုင်မျှရှိသောရေယာဉ်ကို စက်အရှိန်တင်လိုက်သောအခါ ၁၅ မိုင်နှုန်းခန့် ခရီးပေါက် လာသည်။ ပို၍ပြင်းထန်လာသော အင်ဂျင်စက်သံနှင့်အတူ မီးခိုးစက်ခေါင်းတိုင်အတွင်း ချေးတက်နေသော မီးခိုး နှင့်သံချေးများ ကွာထွက်ကာ အပေါ်ပိုင်းကုန်းပတ်များပေါ် လွင့်စင်ကျရောက်လာသည်။ တစ်ချက်တစ်ချက် မီးခိုးနှင့်အတူ မီးပွားလေးများ ရောနှောပါလာသည်ကို အမှောင်ထုအတွင်း၌ ထင်းထင်းကြီးတွေ့မြင်ရသည်။        လွန်ခဲ့သော ရက်သတ္တ ၂ ပတ်ခန့်ကလည်း ယခုလိုခရီးမျိုးထွက်ခဲ့ဖူးပါသည်။ ထိုစဉ်တုန်းက ဦးပုည အခါတော်ပေးလွဲသွားသဖြင့် ဘာရလဒ်မှထူးထူးခြားခြားမရှိဘဲ လက်ချည်းဗလာ တပ်ခေါက်ပြန်ခဲ့ရသည်။ သည်တစ်ခေါက်မှာရော ဘာတွေဖြစ်လာဦးမည်လဲ…။ အားလုံးရဲ့ ရင်ထဲမှာတော့ မျှော်လင့်ချက်အိပ်မက်ကိုယ်စီ အတွေးဗာရာဏသီချဲ့ရင်း လိုက်ပါလာကြသည်။
          သီလ၀ါဘွိုင်မှ ရေယာဉ်မထွက်ခွာမီ ရေငန်ပိုင်ဦးရှင်ကြီးကို ဆွမ်းတင်ပူဇော်ပသချိန်မှာ ကောက်စင်ကြီး ဆုတောင်းရွတ်ဆိုသံကို ပြန်လည်ကြားယောင်နေမိသည်။ “ဖမ်းမိတဲ့အစီးရေ နည်းချင်နည်းပါစေ..၀န်အပြည့် ကဲ့လှေ ဒါမှမဟုတ် ဆီအပြည့်တန်ကာတစ်စီးလောက်ပါအောင် မ,စပေးပါအဘဦးရှင်ကြီးခင်ဗျား”…တဲ့။
(အပိုင်း-၂ ကိုဆက်လက်ဖော်ပြပေးပါမည်)

လေးစားလျက်

နေမင်းသူ
၂၅ သြဂုတ် ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...