Sunday, August 28, 2011

သူ့အရပ်နဲ့ သူ့ဇာတ် (၂)

by Shey SarSo on Sunday, August 28, 2011 at 5:30pm


မနေ့က စာရေးတင်ပြီးနောက်.... ငါရေးတာ အများရှေ့ချပြဖို့ သင့်သော်ခဲ့သလား ဆိုပြီး...ပြန်စဉ်းစားမိတယ်။ ရေးပြီး တင်ပြီးမှတော့ ဘာလို့ ပြန်စဉ်းစားနေသေးသလဲ မေးစရာရှိတယ်။ မဟုတ်ပါဘူး။ စာရေးမှ မဟုတ်ပါဘူး။ ဘာလုပ်လုပ်၊ ဘာကိုင်ကိုင် မလုပ်ခင်ကလည်း စဉ်းစားရတယ်။ လုပ်ပြီးရင်လည်း ပြန်ပြီး သုံးသပ်တဲ့အနေနဲ့ တစ်ခါ ပြန်စဉ်းစား စီစစ်ရတယ်။ ဒါမှ ရလဒ်က မျှတမှုရှိမရှိ၊ သင့်တော်၏၊ မတော်၏ အနီးစပ်ဆုံး ခန့်မှန်းနိုင်မှာ ဖြစ်တယ်။


ကျွန်တော် စာရေးတဲ့ပုံစံက အတတ်နိုင်ဆုံး ဖွင့်ပြီး ရေးတဲ့ ပုံစံဖြစ်တယ်။ ဒါမှလည်း အပြင်လောကမှာ ဖြစ်ပျက်နေတာတွေကို အနီးစပ်ဆုံး ထင်ဟပ်ပြနိုင်မှာ ဖြစ်တယ်။ အကယ်လို့ တခြားနည်းရှိခဲ့လျှင်လည်း ရှိမယ်။ ရှိခဲ့လျှင်လည်း ကျွန်တော် စာရေးမကျွမ်းကျင်လို့ တစ်ခြားနည်းနဲ့ လောလောဆယ်မှာ မချပြတတ်သေးလို့ (သို့) မချပြချင်သေးလို့ ဖြစ်မယ်။ ကဲ...ဆက်လိုက်ကြရအောင်ဗျာ။

တစ်ကယ်တော့ နယ်စပ်မှာ အခြေအနေတွေ ရှုပ်ထွေးနေတယ်လို့ ဆိုရမှာပါ။ (၂၅.၀၈.၂၀၁၁) မနေ့ကလည်း တိုက်ပွဲ ဖြစ်ပါတယ်။ အသေအပျာက်ရှိတယ်။ မူဆယ်မြို့နယ်ထဲမှာကိုပဲ အဝေးပြေး လမ်းမတစ်လျှောက်ပေါ်မှာတောင် စစ်ကြောင်းတွေ နေရာတော်တော် များများမှာ ချထားတာ တွေ့ရပါတယ်။ ဒီကြားထဲ ဒီနေ့ (၂၆.၀၈.၂၀၁၁)မှာ တရုတ်ပြည်ကနေ စစ် အထွေထွေသုံးယာဉ်တွေ အစီးပေါင်း (၃၀၀)လောက်ရှိမယ် မြန်မာပြည်ဖက်ကို သယ်သွားကြတယ်။

(ဝါးပါရစေနော်...လမ်းတစ်ဖက်တစ်ချက်မှာ ဘူလေးတွေလဲ)

ဒါကို ဘော်ဒါက အဲ့ဒါ (စုံ့ကေတွေ၊ စုံ့ကေတွေ)ဆိုပြီး ပြောလေရဲ့။ ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံတော် ငွေတွေနဲ့ ဝယ်ထားတာလည်း ဖြစ်နိုင်တယ်။ ဒါက နိုင်ငံရေးနဲ့ စစ်ရေးကိစ္စ။ ကျွန်တော်ကတော့ အားလုံးဟာ ကောင်းဖို့အတွက် အဖက်ဖက်က တတ်စွမ်းသလောက် လုပ်နေကြတယ်လို့ပဲ မြင်မိပါတယ်။

ထိုအခြေအနေတွေနဲ့ မဆိုင်တဲ့ ကျွန်တော်မှာလည်း အလေလိုက်ရတာ ထင်သလို ဖြစ်မလာခဲ့ဘူး။ အခြေအနေအရ ကျွန်တော့် အလေလိုက်ချင်းကို သတ်မှတ်ထားတဲ့ အချိန်အတွင်း မပြီးစီးနိုင်ခဲ့ဘူး ။ ဒီတော့  အချိန်တွေ အလကားပိုနေမယ့် အတူတူ မူဆယ်နယ်ထဲကို ဘော်ဒါနဲ့ ပတ်ပစ်လိုက်တယ်။

ကျွန်တော်တို့လည်း အားယားနေတာနဲ့ တော်တော် ခြေရှည်ကြတယ်။ ဒီနေရာမှာ ပြောပြစရာလေး ရှိတယ်။ မြန်မာလူငယ်၊ လူရွယ်တွေ ခါတိုင်းထက်စာရင် အလုပ်ကြိုးစားလာ ကြတယ်လို့ မြင်မိပါတယ်။ အလုပ်မရှိတဲ့လူတောင် ဆိုင်ကယ် ကယ်ရီစီးပြီး ကြယ်ခေါင်ကနေ မြန်မာပြည်ကို ဆိုင်ကယ်ကို ကယ်ရီ သယ်စီးလေး စီးကြတယ်။ အဲ့ဒီလို ကယ်ရီ စီးတဲ့ လူတွေက သမရိုးကျ လမ်းက သွားလို့ မရပါဘူး။ သွားရင် ဖမ်းခံရင် ဖမ်းခံရ။ မဟုတ်ရင် ပိုက်ဆံ အများကြီး ပေးပြီး ဂိတ်တွေ ဖြတ်ကျော်ရပါတယ်။

ပြောချင်တာက ကယ်ရီ စီးတဲ့အကြောင်း မဟုတ်ဘူး။ အဲ့ဒီအကြောင်းကို နောင်မှ စိတ်ပါရင် အသေးစိတ် ရေးပြမယ်။ ပြောချင်တာက သူတို့သွားတဲ့ လမ်းကြောပါ။ တောလမ်း၊ တောင်လမ်းတွေ၊ မြစ်တွေ ဖြတ်ကျော်ပြီး သွားရတာပါ။ ကျွန်တော်တို့လည်း ထိုလမ်းကြောင်းတွေကနေ သွားဖို့ပါပဲ။ အချိန်က ထင်သလောက် မရတာနဲ့ မသွားဖြစ်ခဲ့ဘူး။ ကံနဲ့လူ မပူနဲ့ ဆိုရမလား။ ဒီနေ့ (၂၆.၀၈.၂၀၁၁)မှာလည်း ထိုလမ်းကြောင်းပေါ်မှာ တိုက်ပွဲ ဖြစ်တယ်။ အသေအပျောက်လည်း ရှိတယ်။

အချိန်က နေ့လည်ရောက်လာပြီ။ ညကလည်း အိပ်ရေးပျက်ထားတော့ အရမ်းအိပ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အလေလိုက်စရာ ရှိတဲ့ ကိစ္စတွေလည်း ရှိသေးတော့ မအိပ်နိုင်ခဲ့ဘူး။ ကျွန်တော် အလေလိုက်ချိန်ဆိုရင်တော့ ဘော်ဒါက အိပ်စောင့် စောင့်နေတော့တာပဲ။

ညနေလောက်မှာ မူဆယ်ညဈေးတန်းဖက်ကို မုန့်သွားစားတယ်။ စိုင်းဆိုင်မောဝ် သီးချင်းထဲကလို မူဆယ်ဈေးက ရှမ်းခေါက်ဆွဲလေး ဒီတစ်ခါမှာတော့ မစားဖြစ်ခဲ့ဘူး။ တနေ့က ရေးပြဖူးသလိုပေါ့ ကလေးလေးတွေ သနားစရာလို့ပဲ ပြောရမလားပါ။ နိုင်ငံကခုမှ စပြီး အပြောင်းအလဲများစွာနဲ့ ပြုပြင်တည်ထောင်ကာစဆိုတော့ ဒီထက်အရေးကြီးတာတွေ ဦးစားပေးနေရပုံရှိပါတယ်။ နောင်ဆိုရင်တော့ ဒီလို ကလေးငယ်တွေအတွက် အခွင့်အရေးတွေ ရှိလာနိုင်ချေရှိတယ်လို့ မျှော်လင့်မိပါတယ်။

ညနေချိန်ရောက်လေ လုပ်ချင်၊ သွားချင်တဲ့ အရာတွေက များလာပါတယ်။ တောင်ပေါ်ဘုရားလည်း သွားချင်တယ်ဆိုပြီး ရာထားတယ်။ ဒါပေမယ့် ကလေးလေးတွေ အကြောင်း ရေးချင်မိတာနဲ့ ဘုရားအစား အင်တာနက်ဆိုင်ကို သွားဖို့ ရွေးလိုက်တယ်။ အင်တာနက်ဆိုင်တွေမှာရှိတဲ့ လိုင်းတွေ သုံးလို့ မကောင်းပါဘူး။ ပြည်တွင်းထက်စာရင် ဈေးလည်း ပိုများပါတယ်။ ထိုသို့ သုံးနေစဉ် အိပ်ချင်နေသော်ငြားလည်း ကြိတ်မှိတ်ပြီး ရေးကာ ပိုစ့်တင်ဖြစ်ခဲ့တယ်။ ဘော်ဒါကတော့ ခုံပေါ်မှာ ပက်လက်လန်ကာ အိပ်ပျော်နေလေရဲ့။

(တရားမဝင်ပေါက်တစ်ခုဖြစ်သော မော်တော်ဖြင့် ကူးရသော နေရာ။ ကမ်းကပ်သော နေရာသည် ကြယ်ခေါင်(တရုတ်ဖက်)ဖြစ်ပြီး။ တစ်ဖက်ကမ်းသည် မြန်မာဖက်ခြမ်း ဖြစ်သည် )


(ဆင်ဖြူ ခိုးပေါက်ကို မြန်မာဖက်မှ ဆိုင်ကယ်၊ သုံးဘီး သမားများ ခရီးသည်စောင့်နေကြစဉ်)

အလေလိုက်ချင်းက ထင်သလို ဖြစ်မလာတဲ့အဆုံး ကြယ်ခေါင်ဖက် ကူးဖို့ စီစဉ်လိုက်တယ်။ အချိန်က ည (၈)လောက်ရှိပါပြီ။ ညစာကို ကြယ်ခေါင်ဖက်မှာပဲ စားကြဖို့ စီစဉ်ကြတယ်။ ကြယ်ခေါင်ထဲမှာ ဆိုင်ကယ်တွေနဲ့ ပတ်တုန်း မြန်မာအချင်းချင်း သတိပေးစကားလေး လမ်းမှာ ကြုံကြတော့ သတိပေးကြတယ်။ "၄လမ်းမှာ ဆီဘီးတွေ အဖမ်းအစီးရှိတယ်"တဲ့။

ကြယ်ခေါင်မှာက ၁လမ်၊ ၂လမ်း၊ ၃လမ်း အဲ့ဒီလို အစဉ်လိုက်ရီထားပြီး လမ်းတွေကို နာမည်ပေးထားတာပါ။ မန္တလေးလို မျိုးပေါ့။ ဆီဘီးလို့ ခွဲပြော ကြတာက တရုတ်မှာ ဗက်ထွီနဲ့ စီးလို့ရတဲ့ ဆိုက်ကယ်ဘီးတွေ အများကြီးမို့လို့ပါ။ တရုတ်က ထိုဗက်ထွီဘီးကို ဆိုင်ကယ်လို့ မသတ်မှတ်ပဲ စက်ဘီးလိုမျိုးပဲ သတ်မှတ်ပါတယ်။ ဒါကြောင့် ဓာတ်ဆီထည့်မောင်းရသော ဆိုင်ကယ်ကို ဆီဘီးလို့ ခွဲပြောကြချင်းဖြစ်တယ်။



ထိုညက မြန်မာတွေ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်ရတဲ့ ညပေါ့။ စာအုပ်တွေလည်း လိုက်စစ်တယ်ဆိုပြီး အိမ်ထဲမှာ မနေရဲကြပဲ လမ်းပေါ်မှာတင် ထွက်နေနေကြတာ များတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြယ်ခေါင်မှာရှိသော မြန်မာတော်တော်များများဟာ တရားမဝင်နေထိုင်နေကြသော သူတွေများလို့ပါ။ ကျွန်တော်တို့လည်း အစားအသောက် မပျက်စားရင် မြန်မာတော်တော်များများနဲ့ ဆုံဖြစ်တယ်။

အဲ့ညက ငိုတဲ့သူက ငို၊ အော်တဲ့သူက အော်၊ တရားချသူက ချ၊ တားသူက တား။ ဆုံလို့ ဆုံလို့ပါပဲ။ ထိုအချိန်မှာ ကျွန်တော် ဘာလုပ်နေလဲ။ အင်း....နားထောင်နေလိုက်တယ်။ ကြည့်နေလိုက်တယ်။ ခုလိုဖြစ်နေတဲ့အချိန်မှာ နားထောင်နေလိုက်တာ အကောင်းဆုံးပါပဲလေ။ ရင်ဖွင့်စရာတွေ များနေကြတယ်လို့ ထင်မိလို့ပါ။

"ဟေ့ကောင်...မင်း ပေါက်ပင် ပါလို့ ကိုင်းလဲသိလား......ပေါက်ပင်ဆိုတာ ကိုင်းချင်လို့ ကိုင်းတာကွ"

"မင်းလည်း မင်းအဖေကို မကောင်းမမြင်နဲ့ အေး.. မင်းကလည်း မင်းကလည်း မင်းအမေကို မကောင်း မမြင်နဲ့"

"မင်းလည်း ထောင်ကျဖူးတယ်။ ငါလည်း ထောင်ကျဖူးတယ်"

"မင်း ထောင်ကျတော့ မင်းအဖေက လာမထုတ်ဘူး။ အဲ့ဒါ စေတနာကွ။ ဒါကြောင့် ဒီနေ့ ဒီအချိန်မှာ မင်းဒီလို အသိစိတ်တွေ ရှိနေတာ"

"ငါ ထောင်ကျတော့ ငါ့အဖေက ငါ့ကို လာထုတ်တယ်ကွာ...ကဲခုကြည့် ငါမင်းလို အသိစိတ်မရှိဘူး...ခုတော့ ငါက ဟိုမရောက် ဒီမရောက် ဖြစ်နေရပြီ"

ထိုညက သူတို့ချင်း မူးမူးနဲ့ ပြောနေကျသော စကားများအလယ်မှာ ကျွန်တော်ကတော့ တိတ်ဆိတ်နေခဲ့တယ်။ မူးနေတုန်း သွားပြောလည်း ဘာမှ မထူးဘူးဆိုတာ သိသောကြောင့် ပြောမနေတော့ချင်း ဖြစ်တယ်။ ငိုတဲ့အခါ ငိုကြပြီး တော်ကြာ ရယ်လိုက်ကြပြန်ရင်လည်း ရယ်ပြန်ကြသေးတယ်။ ဟော မကြာဘူး ငိုကြပြန်ရော။ သြော် အရက်အရက်။

မြန်မာတွေ အလုပ်လုပ်တယ်။ အရင်ကထက်စာရင် အလုပ်ပိုလုပ်တယ်လို့ ကျွန်တော့် ကိုယ်ပိုင်အမြင်နဲ့ မြင်တယ်။ ဒါပေမယ့် ကောင်းစားတဲ့ သူရှားတယ်။ ရှားရချင်း အကြောင်းကလည်း တစ်ခြားကြောင့် မဟုတ်ဘူး။ ခုလိုတွေ ဖြစ်ပျက်နေကြလို့ ဖြစ်တယ်။ ရရစားစား ဘဝတွေ ဖြစ်နေကြရတယ်။ လူတိုင်းနီးပါး ပိုက်ဆံ ရှာနိုင်ကြတယ်။ ဒါပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက် ဘဝတွေ မတူဘူး။ ဘာကြောင့်လဲ။ ဘာကြောင့်လဲ ဆိုတဲ့ အဖြေကို တော်တော်များများ သိကြတယ်။ ဒါပေမယ် လိုက်မလုပ်နိုင်ဘူး။ ဒါကြောင့် ဝဲကယပ်မှာ လည်နေကြတယ်။ အဲ့ညက ဖဲဝိုင်းရှိတယ်။ အရက်ဝိုင်းရှိတယ်။ ဆေးခန်း ရှိတယ်။ မိန်းမခန်းတွေကလည်း ပုံလို့။

ဒါကြောင့် တိုင်းတပါးရောက်နေချိန်မှာ ကိုယ့်အိမ်လို မဟုတ်ဘူးလို့ တွေးစရာမလိုဘူ။ ကိုယ်နေတဲ့ နေရာ ကိုယ့်နေရာလို့ စိတ်ထဲမှာ သတ်မှတ်တာကို ပိုအားပေးတယ်။ ဒါပေမယ့် ငွေကြေးကို စီမန်ခန့်ခွဲမှုတွေတော့ လုပ်သင့်တယ်။ (၁၀၀)ရလို့ (၁၀၀)သုံးပစ်မယ် ဆိုတာမျိုး မလုပ်သင့်ဘူး။ တစ်ချို့များဆို ချေးတောင် သုံးလိုက်သေးတယ်။ ဒါမျိုး လုပ်ရင်တော့ အသက်ကလေး ရလာရင် သိပါလိမ့်မယ်။

အဖြစ်အပျက်အကြောင်းတွေ ရေးနေရင်း သဘောတရား အကြောင်းတွေ ဝင်လာမိပြီ။ :P ပြန်ဆက်မယ်... ညက (၁၁)လောက် ရှိလာပြီ။ ညအတွက် အစီအစဉ် ကောင်းကောင်း မဆွဲရသေးဘူး။ ဘော်ဒါလည်း တော်တော် မူးနေပြီ။ ကျွန်တော်လည်း မကောင်းတတ်တော့ မူဆယ် ပြန်အိပ်မယ်လုပ်ဖြစ်တယ်။ (ရတယ်၊ သူမမူးဘူး ဆိုပြီး ရေသွားချိုးတယ်။) ၁၅မိနစ်ပဲ...ခဏစောင့် ၁၅မိနစ်ပဲတဲ့။ သူ့ ၁၅မိနစ်က ၁နာရီခွဲလောက် ကြာသွားတယ်။

ညကပွဲသွားမလား။ အချိန်က နံနက် ၁ချက်ထိုးလောက် ရှိနေပြီ။ ခုထိ ဘယ်သွားကဲကြမယ် မသိကြသေးဘူး။ ဘယ်အချိန် ပိတ်လဲ သိချင်လို့ ညကပွဲရုံကို ဖုန်းဆက်တယ်။ မရဘူး။ ဒါနဲ့ နံနက် ၁နာရီလောက်ကြီး ကြယ်ခေါင်ထဲ ဗက်ထွီဆိုင်ကယ်နဲ့ လျှောက်သွားကြတယ်။ ကျွန်တော်က သူ့လို နေ့လည်တုန်းက မအိပ်ရသေးတော့ တော်တော် အိပ်ချင်နေပါပြီ။ မျက်လုံးတွေလည်း ကြိမ်းစပ်နေပြီ။

ဒါနဲ့ အနှိပ်ခန်းတွေဖက် ရောက်လာတယ်။ ကြယ်ခေါင်မှာ ဟိုးတုန်းက အနှိပ်ခန်းတန်းတွေ ရှိတယ်လို့ ကြားဖူးတယ်။ ခုတော့ မရှိတော့ဘူးလို့ ပြောတယ်။ ခု အနှိပ်ခန်းတွေက ဟိုနေရာ၊ ဒီနေရာ ကွက်ကြား ကွက်ကြား ပုံစံနဲ့ ရှိကြတယ်။ အနှိပ်ခန်း တစ်ခု ဝင်ကြည့်တယ်။ သန့်ရှင်းမှုအား အလွန်နည်းတာနဲ့ မသွားဖြစ်ဘူး။ နောက်မှ တစ်ခြား ကောင်းကောင်း၊ သန့်သန့် တစ်ခုကို ရွေးလိုက်တယ်။

(သန့်ရှင်းမှု အားနည်းသော အနှိပ်ခန်း)

ဒီနေရာမှာ တစ်ခုပြောပြချင်တယ်။ အနှိပ်ခန်းဆိုလို့ မကောင်းတဲ့ နေရာကြီးလို့ လူတော်တော်များများ စိတ်ထဲမှာ မြင်ကြတယ်။ ဒီအယူအဆဟာ အနှိပ်ခန်းတွေရဲ့ အဘောသဘာဝကို ကောင်းကောင်း မသိလို့ ဖြစ်တယ်လို့ ယူဆပါတယ်။ အနှိပ်ခန်း အမျိုးမျိုးရှိကြပါတယ်။ တစ်ချို့ အနှိပ်ခန်းတွေက နာမည်ခံပြီး မကောင်းတာလုပ်စားကြတာပါ။ တစ်ချို့ကတော့ ကျန်းမာရေးအတွက် တကယ်ကို အထောက်အကူပြူကြတဲ့ အနှိပ်ခန်းတွေလည်း ရှိပါတယ်။ နောက်တစ်ခုကတော့ မကောင်းတာလည်း မဟုတ်ဘူး။ အနှိပ်လည်း ကောင်းကောင်း မကျွမ်းကျင်ဘူး။ နှိပ်ဖြစ်ရုံ လုပ်ကြတဲ့ အမျိုးအစားတွေ ရှိကြပါတယ်။

ဘော်ဒါက ဟိုတယ်သွားအိပ်တာထက်စာရင် အနှိပ်ခန်းမှာ နှိပ်ရင်း အိပ်တာ ပိုတန်တယ် ဆိုတာနဲ့ သွားဖြစ်ကြတယ်။ (၂)ချိန်အထက် ယူသူတွေကို တစ်ညလုံး ပေးအိပ်ပါတယ်။ ကိုယ့်အခန်းကိုယ် သီးသန့်ရတဲ့ သဘောပါ။ နောင်မှ အနှိပ်ခန်းအကြောင်း အသေးစိတ် သီးသန့် ရေးပေးပါဦးမယ်။ ကျွန်တော့် အနေနဲ့ဆိုရင်တော့ ဟိုတယ်မှာ အိပ်ရတာကို ပိုသဘောကျပါတယ်။



ခုရေးနေတာကို နောက်တစ်ပိုင်းဆိုပြီး နောက်ရက် မဆက်ချင်တော့တာနဲ့ အကျဉ်းချုံးလေးပဲ ရေးလိုက်တော့မယ်။ ၂ရက်ဆက်တိုက် တိုက်ပွဲတွေနဲ့ မငြိမ်းချမ်းတဲ့ နယ်မြေထဲမှာ အလေလိုက်ပြီးတဲ့အဆုံး ကျွန်တော် ထိုနယ်ထဲက ပြန်ထွက်ခဲ့တယ်။ (၂၇.၀၈.၂၀၁၁) အပြန်လမ်းမှာ ရေဒုက္ခဖြစ်ပါတယ်။ ကျွန်တော်နဲ့ သွားတိုင်းလိုလို ကားတွေက ဘာလို့  ရေပြသာနာ ဖြစ်ကြသလဲ မသိဘူး။ တိုက်ဆိုင်တာလည်း ဖြစ်နိုင်တယ်။ ခုလည်း ရေတိုင်ကီ ပြသာနာ ဖြစ်တော့ ကျွန်တော်တို့ ရေတွေ ရနိုင်သလောက် ရေသန့်ဗူးတွေနဲ့ သယ်ကြရတယ်။ ကျွန်တော်စီးတဲ့ ဖိနပ်လေးနဲ့ အမှတ်တရ ပုံလေးလည်း တင်ပေးလိုက်တယ်။



ဒီအပြင် တောင်ပေါ်လမ်းဟာ ဘယ်လောက် အန္တရယ်များသလဲ ဆိုတာ ပြချင်ပါသေးတယ်။ အပြန်လမ်းမှာတင်ပဲ ကျွန်တော်တို့ ရှေ့တင်ဖြစ်ခဲ့ကြတဲ့ အက်စီးတန့်တွေ အများကြီး ကြုံခဲ့ရပါတယ်။ ထိုအရာတွေကိုလည်း ဓာတ်ပုံတွေနဲ့ လျတ်တပြတ် ရိုက်ချက်တွေနဲ့ အမြန်ရိုက်ယူခဲ့ပါတယ်။


(မူဆယ်မြို့နယ်ထဲမှာ တစ်စီးဆုံးနီးပါး ရစရာ မရှိအောင် ပျက်စီးသွားသော ၁၂ဘီး ကုန်တင်ကား တစ်စီး)



(ကွတ်ခိုင်မြို့နယ်ထဲမှာ ရှေ့ဘယ်ခြမ်း ထိသွားသော ၆ဘီး ဒိုင်နာတစ်စီး)


( သိန္ဒီမြို့နယ်ထဲမှာတွင် ဖြစ်ပွားခဲ့သော ကယ်ရီ ဆိုင်ကယ်ဖြစ်ပါတယ်။ ကယ်ရီဆိုင်ကယ်တွေဟာ အရှိန်နဲ့အရမ်းမောင်းကြပါတယ်။ ခုလည်း သူများလမ်းကြော မှားယူပြီး တိုက်ချပစ်လိုက်တာ ဖြစ်ပါတယ်)

စာလာဖတ်သူများအား အစဉ်လေးစားစွာဖြင့်

ရှေးစာဆို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...