Monday, August 29, 2011

"အမှောင်ထဲက အလင်းတန်း (၂)"


[By အား မာန်]

အိမ်မှ ကေခိုင်ကလည်း ကိုထက်က မစောင့်နဲ့လို့ မှာသွားပေမယ့် ကိုထက်ပြန်လာလာချင်း သိရအောင် ဧည့်ခန်းထဲမှာပဲ စာဖတ်ရင်း ထိုင်စောင့်နေခဲ့သည်။ ည(၃)နာရီခွဲသည်အထိ ကိုထက် ပြန်မလာ သေးသောကြောင့် ခုံပေါ်တွင် ခဏလှဲနေလိုက်သည်။ မှေးကနဲ အိပ်ပျော်သွားပြီး ပြန်နိုးလာ၍ နာရီကြည့် လိုက်တော့ နံနက်(၄)နာရီပင်ခွဲနေပြီ။ ကိုထက်ပြန်ရောက်မလာသေးသည့်အတွက်လည်း စိတ်ပူလာမိသည်။ (၅)နာရီလောက်မှာ ကိုထက်ပြန်ရောက်လာသည်။ ကေခိုင်က တံခါးသွားဖွင့်ရင်း -
“ကိုထက်ရယ် ကေကစိတ်ပူနေတာ၊ တော်သေးတာပေါ့”
“ကိုယ်လည်း ကေစောင့်နေမှာကို စိုးရိမ်နေတာ”
“ဟင် ကိုထက်အနားက အရက်နံ့ရတယ်”
“ရှူး …တိုးတိုး၊ အမေကြားသွားမယ်။ ဟုတ်တယ်။ ကိုယ်ကအစားနဲ့ပဲဧည့်ခံမှာ ထင်နေတာ ဟိုရောက်တော့ အသောက်ပါ ပါနေတယ်။ ကိုယ်ငြင်းပေမယ့် ဇွတ် ၀ိုင်းတိုက်ကြလို့ နည်းနည်းသောက်လိုက်တာ။ ဒေါင်ချာစိုင်းသွားတာပဲ။ ကိုယ်လည်း မဟန်နိုင်တော့ဘူး။ ဟိုကောင်တွေလည်းမူးပြီး ကိုယ်လည်း ဘယ်လို အိပ်ပျော်သွားမှန်းကို မသိလိုက်တော့ဘူး။ စည်သူ့အိမ်မှာလည်း ဘယ်သူမှ မရှိလို့ တော်သေးတာပေါ့။ နို့မို့ဆို သူ့အိမ်ကလူတွေကို အားနာနေရဦးမှာ။ ကဲ-ဒီနေ့ ရုံးလည်းပိတ်တယ်ဆိုတော့ ကိုယ်ရေချိုးပြီး တစ်ရေးလောက် အိပ်လိုက်ဦးမယ်။ ခေါင်းတွေလည်းတအားကိုက်နေလို့။ နေဦး၊ အမေနိုးနေပြီလား”
“အမေက ဆေးသောက်ပြီးအိပ်တာဆိုတော့ နိုးဦးမှာမဟုတ်ဘူး။ ကဲ…ကိုထက် ရေချိုးတော့ ကေဈေးသွားဖို့ ပြင်ဆင်လိုက်ဦးမယ်”


ဒီလိုနဲ့ပဲ ကိုထက်တို့အိမ်ထောင်သက် (၂)နှစ်ကျော်မှာ သားဦးလေးမွေးဖွားခဲ့တယ်။ သားလေးကို ဇွဲခန့်လို နာမည်ပေးခဲ့တယ်။ သားလေး(၂)နှစ်ကျော်ကျော်အရွယ်ရောက်တော့ အမေက သူ့ဇာတိမြို့လေးရဲ့ နှစ်စဉ် တပေါင်းလဘုရားပွဲကိုမရောက်တာကြာပြီ၊ ဆွေမျိုးများနှင့်လည်းတွေ့ချင်သည်၊ သူ့မြေးလေးကို လည်း ဆွေမျိုးများကိုပြချင်သည်ဟုဆိုလာသဖြင့် မိသားစုအားလုံး အမေ့ဇာတိမြို့လေးသို့ အလည်သွားခဲ့ ကြသည်။ နောက်နှစ်တွေမှာ အမေကသွားချင်သော်လည်း ကိုထက်အလုပ်မှ မအားသဖြင့် မသွားနိုင်ခဲ့ တော့ပေ။ သားလေး(၅)နှစ်လောက်မှာ ကေက သမီးလေးတစ်ယောက် ထပ်မံမွေးဖွားခဲ့ပြန်သည်။ သမီး လေးကိုတော့ ကေခန့်လို့နာမည်ပေးခဲ့တယ်။ ကိုထက်အတွက်တော့ ဒီမိသားစုကမ္ဘာလေးဟာ ပျော်စရာ အတိပေါ့။
သားလေးဇွဲခန့်ပင် ဒီနှစ် ဒုတိယတန်းကိုရောက်ရှိခဲ့ပေပြီ။ တစ်နေ့ သားလေးကို ကျောင်းကြိုပြီး အပြန်မိုးမိရာမှ ကိုထက် နေမကောင်းဖြစ်လာခဲ့သည်။ ကိုထက်တစ်ယောက် တစ်နေ့တစ်ခြား ပိုဆိုးလာပြီး အရိုးပေါ် အရေတင်ဖြစ်လာပြီး ဆေးခန်းပြတော့လည်း တီဘီရောဂါဖြစ်တယ်လို့သိရသည်။ ပတ်ဝန်းကျင် ကလည်း ပြောဆိုသံတွေထွက်လာသည်။

“အောင်ခန့်တစ်ယောက်တော့ သနားစရာပဲ”
“အေးလေ…သူ့ရောဂါက အရိုးတီဘီတဲ့ဟ”
“ဘယ်က အရိုးတီဘီဖြစ်ရမှာလဲ။ AIDS ဖြစ်တာနေတာပါ”
“နင်ကလည်း သေသေချာချာမသိပဲနဲ့ လျှောက်မပြောပါနဲ့ဟာ၊ မဟုတ်ရင် အားနာစရာကြီး”
“ငါလျှောက်ပြောနေတာမဟုတ်ဘူး။ သူ့မိန်းမ ကေခိုင်က အရင်တုန်းက ကာရာအိုကေမှာလုပ်တာပဲ။ သူ့ဆီက ကူးတာနေမှာပေါ့”

“ဒါဆို ကေခိုင်က ရောဂါအရင်ဖြစ်မှာပေါ့”
“အေး …သူဖြစ်နေလို့ အောင်ခန့်ကို ကူးတာပေါ့ဟ”
“ဒါဆို အောင်ခန့်တော့ သနားပါတယ်ဟာ။ ဒေါ်လေးစန်းမူလည်း သနားစရာပါပဲ။ အောင်ခန့် ကေခိုင့်ကိုယူမယ်ဆိုတုန်းကတည်းက သူကတားမှမတားပဲ။ ဒီလိုမိန်းမမျိုးကိုယူတော့ ဒီလိုရောဂါရမှာပေါ့”
“ဟဲ့-တော်တော့ ဟိုမှာလာနေတာ ကေခိုင်။ ကြားသွားလို့ ပြဿနာဖြစ်နေဦးမယ်”
“အို-ကြားကြားပေါ့။ အမှန်တွေပြောတာပဲ၊ ဘာဖြစ်လဲ”
“ကဲပါဟယ်၊ တော်ပါတော့၊ နောက်မှဆက်ပြောတော့”

အောင်ခန့်မှာလည်း အလုပ်မလုပ်နိုင်တော့ပဲ အိပ်ယာထဲလဲနေတော့သည်။ ပတ်ဝန်းကျင်က မိမိတို့  မိသားစုကို မြင်လျှင် ရှောင်ဖယ်ရှောင်ဖယ်လုပ်ကာ သိပ်မခေါ်မပြောကြတော့ပေ။ မိမိသားရဲ့ရောဂါ ကူးစက်ခံရမှာ ကြောက်လို့ဟု သိရသည်။ ကေခိုင်ကတော့ နေမကောင်းဖြစ်နေတဲ့ခင်ပွန်းသည်ကို ပြုစုရင်း တစ်ဖက်ကပဲ အိမ်ရဲ့ မိသားစု စားဝတ်နေရေးအတွက် လုံးပန်း နေရသည်။ ဒေါ်စန်းမူမှာလည်း နေမကောင်း နေသည့်သားနှင့် ပင်ပန်းဆင်းရဲစွာ မိသားစုအတွက် ၀မ်းစာ ရှာဖွေနေရသောချွေးမကို ကြည့်ကာ စိတ်မကောင်းရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။

တစ်နေ့ …

“အမေ”

“ဘာလဲသား”

“ကျွန်တော်တို့မြို့က ဒီနှစ် ဘုရားပွဲနီးလာပြီနော်။ ပြန်ကြရအောင်၊ အမေလည်း မပြန်ရတာကြာပြီမဟုတ်လား။ ကျွန်တော်လည်း သွားချင်နေတယ်”
“သားရယ် …သားနေကောင်းမှ သွားကြတာပေါ့”
“ဟာဗျာ ..အမေကလည်း ကျွန်တော်က ဒီလောက်တော့ သွားနိုင်ပါသေးတယ်၊ သွားကြရအောင်ဗျာ”
ကိုထက် ပြောလွန်းမကပြောသောကြောင့်  ဒီနှစ်တပေါင်းပွဲအမီ ဒေါ်စန်းမူရဲ့ ဇာတိမြို့လေးကို မိသားစုအားလုံး ပြန်ခဲ့ကြသည်။ တစ်လလောက်ကြာသွားသည်အထိ ဒေါ်စန်းမူတို့မိသားစု ပြန်မလာခဲ့ကြ သေးပေ။ တစ်လ ကျော်ကြာမှ ဒေါ်စန်းမူတို့မိသားစုပြန်လာကြသောအခါ ကိုထက်တစ်ယောက် ပါမလာ ခဲ့ပေ။ ဒေါ်စန်းမူ တို့ကိုမြင်သည်နှင့် ရပ်ကွက်ထဲမှ ၀ိုင်းဝန်းနှုတ်ဆက်ကြပြီး ကိုထက်တစ်ယောက်ကို ၀ိုင်းမေး ကြလေသည်။ ထိုအခါကျမှ ဒေါ်စန်းမူနှင့် ကေခိုင်တို့ ၀မ်းနည်းကာ ငိုပြီးပြောပြခဲ့သည်။
“ကိုထက်က ဟိုရောက်တော့ နေကောင်းလာပြီး လန်းလန်းဆန်းဆန်းဖြစ်လာတယ်။ ဆွေမျိုးတွေအိမ် လျှောက် လည်ပြီး လိုက်နှုတ်ဆက်နေတာ။ ကေတို့ဖြင့် ၀မ်းသာနေကြတာ။ ကိုထက်ပြန်ပြီး နေကောင်းလာပြီ ဆိုပြီးတော့လေ။ ဆွေမျိုးတွေနဲ့ တွေ့ပြီး ဆယ်ရက်လောက်နေတော့မှ ပြန်ပြီးနေမကောင်းဖြစ်လာတယ်။ ဆယ်ရက်လောက် အိပ်ယာထဲလဲပြီးတော့ဆုံးသွားတယ်။ အခုရက်လည်ပြီးမှ ကေတို့ ပြန်လာခဲ့ကြတာ။ ဒီကိုလှမ်းပြောချင်ပါတယ်။ အဆင်မပြေလို့ မပြောရတာပါ။ အမေလည်း သူ့သားအကြောင်းတွေးတွေးပြီး ငိုနေတာကြောင့် အမြန်ပြန်လာခဲ့တာ။ ကေ ကိုထက် ခေါင်းချခဲ့တဲ့နေရာကနေ ပြန်မလာချင် ပါဘူး။ ကလေးတွေရဲ့ ပညာရေးကလည်းရှိသေးတယ်လေ။ ဒါကြောင့် ပြန်လာ ခဲ့ရတာ။ ကိုထက်က မသေခင် နောက်ဆုံး ဆွေမျိုးတွေကို နှုတ်ဆက်သွားခဲ့တယ်လေ”
“ကဲပါ ..ကိုထက်အတွက် စိတ်တော့မကောင်းဖြစ်ရပါတယ်။ သူ့မြေပါလို့ သူ ဟိုမှာ သွားသေရတာလေ။ ကျန်တဲ့မိသားစုက သူ့အတွက် ကုသိုလ်ဒါန လုပ်ပေးကြတာပေါ့။ မဟုတ်ဘူးလား”
“ဟုတ်ပါတယ်။ သားလေးအတွက် ကျွန်မတို့ကျန်တဲ့လူတွေက ကောင်းမှု ကုသိုလ်တွေ လုပ်ပေးရမှာပါပဲ။ သားလေးအတွက်ရည်စူးပြီး ကျွန်မတို့ တတ်နိုင် သလောက်လေးလည်း လှူခဲ့ကြပါတယ်။ နောက်လည်း လုပ်ပေးရဦးမှာပါပဲလေ”


ဒါနဲ့ပဲကေခိုင်တစ်ယောက် ဈေးထဲမှာ ကုန်စိမ်းဆိုင်လေးဖွင့်ပြီး ယောက္ခမရယ်၊ သားသမီး (၂) ယောက်ရယ် အတွက် စီးပွားရှာဖွေခဲ့ရတော့တယ်။ တစ်နေ့မှာ သားလေး ဇွဲခန့်တစ်ယောက် နေမကောင်း ဖြစ်လာခဲ့တယ်။ ဆေးခန်းပြတော့ အရိုးတီဘီလို့ပြောတာကြောင့် ဆေးတွေကုနေရတော့တာပေါ့။ သားလေး ကလည်း တစ်နေ့ ထက်တစ်နေ့ ပိန်ပိန်လာခဲ့တယ်။ မိမိမှာ မိသားစုစားဝတ်နေရေးကတစ်ဖက်၊ သားလေးရဲ့ ကျန်းမာရေးအတွက် ဆေးဖိုးတွေကတစ်ဖက်နဲ့ သောကတွေ ဝေနေတော့တယ်။ ကေကိုယ်တိုင်လည်း စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ကျန်းမာရေးမကောင်းဖြစ်လာတော့တယ်။ မိမိကျန်းမာရေးကို ဂရုမစိုက်နိုင်ပဲ သားလေးကျန်းမာရေးနဲ့ မိသားစု စားဝတ်နေရေးအတွက် ကြိုးစားခဲ့ရတယ်။ သို့သော်လည်း သားလေးမှာ သက်ဆိုးမရှည်ခဲ့ရှာပေ။ ပတ်ဝန်းကျင် ကလည်း အမျိုးမျိုးပြောဆိုနေကြပြီ။ သူတို့ပြောသလို ရောဂါဆိုးကြီးက မိမိတို့မိသားစုကို ဒုက်္ခပေးနေတာလား။ ပတ်ဝန်းကျင်ကပြောနေကြသလို မိမိကြောင့် ရောဂါကူးသည် ဆိုရအောင် မိမိအနေက ဘယ်သူနှင့်မှ ပတ်သက်ဆက်ဆံခဲ့ဖူးတာမဟုတ်။ ကိုထက် တစ်ယောက်သာပဲ။ ဒါဆို ဒီရောဂါဆိုးက ဘယ်ကဘယ်လို ကူးစက်ခဲ့ပါလိမ့်။ သူများတွေပြောသလို မဟုတ်ပါစေနဲ့ဟုသာ ဆုတောင်းနေမိသည်။
နွေရာသီကျောင်းပိတ်ရက်ကုန်ဆုံးလို့ ကျောင်းပြန်ဖွင့်တော့မည်။ သမီးလေး ကေခန့်ကို ကျောင်း အပ်ရန် အတွက် ငွေလိုလာသည်။ မိမိမှာ အကြွေးတွေပတ်လည်ဝိုင်းနေတာကြောင့် ဘယ်သူကမှလည်း ငွေမချေး လိုကြတော့ပေ။ ဘယ်လိုလုပ်ရမလဲစဉ်းစားရင်းနဲ့ အင်္ကျီအ၀တ်အစားကောင်းလေးများကို ရသလောက်နှင့်ပဲ ရောင်းရန် စိတ်ကူးရခဲ့တယ်။ သေတ္တာထဲမှ အ၀တ်တွေကို ထုတ်ယူလိုက်စဉ် စာခေါက် ကလေးတစ်ခု ထွက်ကျလာသည်။ ဘာပါလိမ့်ဟုတွေးရင် ဖွင့်ကြည့်လိုက်သည်။
“ကိုထက်လက်ရေးပဲ။ ဘာရေးထားပါလိမ့်”
“ကေ ….
ကေ – ဒီစာကိုဖတ်နေချိန်မှာ ကိုယ်ရှိတော့မှာမဟုတ်ဘူး။ ကိုယ့်ရောဂါက သူများတွေပြောကြသလို AIDS လို့ပဲထင်တယ်။ သူများတွေပြောကြသလို ကေ့ ဆီက ကူးတယ်ဆိုတာတော့ လုံးဝမဟုတ်နိုင်ပါဘူး။ ကေ ရိုးရိုးသားသား သီချင်းဆိုပြီး အလုပ်လုပ်ခဲ့တာ ကိုယ်သိပြီး ယုံကြည်ပါတယ်။ ကိုယ် မယုံနိုင် ဖြစ်နေတာက ကိုယ့်ကိုကိုယ်ပဲ။ ကေမှတ်မိလား။ ကိုယ့်သူငယ်ချင်း စည်သူရဲ့ မွေးနေ့မှာ ကိုယ်မနက်မိုးလင်းမှ အိမ်ပြန်လာ ခဲ့တဲ့နေ့လေ။ အဲဒီညက ကိုယ် တော်တော်မူးသွားပြီး ကောင်မလေးတစ်ယောက်ကို ကေအမှတ်ရဲ့ ကိုယ်လေ ….ဟို …မှားသွားခဲ့မိတယ်။ ကိုယ် မနက်လင်းခါနီးနိုးလာမှသိရတယ်။ သူကတော့ အဲဒီလို အမြဲနေနေတဲ့ မိန်းကလေးတစ်ယောက်ပါတဲ့။ ဒီတော့ ဘာ ပြဿနာမှတော့ မရှိခဲ့ဘူးပေါ့။ ဒါပေမယ့်လည်း ကေ့ကို ပြောမပြရဲဘူး။ ကိုယ် ဖောက်ပြန်တာ၊ ကေ့အပေါ် သစ်္စာမရှိတာမဟုတ်ပါဘူး။ ကိုယ်တကယ် မှားသွားခဲ့တာပါ။ တဒင်္ဂအမှားက ကိုယ့်ကို အမြဲခြောက်လှန့်နေခဲ့တယ်။ ကိုယ်တောင်းပန် ပါတယ်။ ကေ ကိုယ့်ကို ခွင့်လွှတ်ပေးပါလို့။ ကိုယ်မရှိတဲ့နောက် အမေရယ်၊ သားနဲ့ သမီးရယ်ကို ကေစောင့်ရှောက်ပြုစုပေးသွားပါလို့။

ကေ့ရဲ့ ကိုထက်
စာဖတ်ပြီး ကေတော်တော်တုန်လှုပ်သွားခဲ့တယ်။ ဒါဆို မိမိမှာ AIDS ရောဂါဖြစ်နေပြီပေါ့။ သားလေးလည်း ဒီရောဂါနဲ့ပဲ သေခဲ့ရတာပေါ့။ ရက်စက်လိုက်တာကိုထက်ရယ်။ ကိုထက်ရဲ့ တဒင်္ဂအမှား ဆိုပေမယ့် မိသားစု တစ်ခုလုံး ဒုက်္ခရောက်ရပြီပေါ့။ ကေဘာလုပ်ရမလဲ။ ကေ့သမီးလေးအတွက် ကေ ဘယ်လိုလုပ်ရမလဲ။ ကေ မရှိတော့ရင် သမီးလေး ဘ၀ပျက်တော့မှာပေါ့။ အဘွား ဒေါ်စန်းမူကလည်း ဘာမှ လုပ်ကိုင်နိုင်တော့တာမဟုတ်။ လုပ်ကြပါဦး။ ကေဘာလုပ်ရမဲ။ ကေ့စိတ်တွေ ဆောက်တည်ရာမရ ဖြစ်နေတော့တယ်။ ကေကလည်း နေမကောင်းဖြစ်နေတာဆိုတော့ ကေ သေရတော့မှာပါ။ ကေ့သမီးလေးနဲ့ ကေခွဲရတော့မှာပေါ့။ သမီးလေးမှာ ရော ဒီရောဂါကြီးဖြစ်နေပြီလား။ ဒါဆိုရင် ယောက္ခမဖြစ်သူကိုရော ကူးစက်ပြီးဖြစ်နေပြီလား။ သူတို့မှာ မကူးသေးရင်တော်ပါသေးရဲ့။ ကူးနေပြီဆိုရင် …. အို …. ကေ ဆက်မတွေးရဲတော့ပါ။
အဲဒီနောက် ကေ့ရောဂါကို ကေအလိုလိုသိလာတယ်။ ကေ့အကြောင်းကိုပြောပြရင်လည်း ယောက္ခမနဲ့ ဘာမှ နားမလည်သေးတဲ့သမီးလေး စိတ်မကောင်းဖြစ်မှာရယ် ပတ်ဝန်းကျင်က ၀ိုင်းပြီး ဖယ်ကြဉ် လိုက်တော့မှာ စိုးရိမ်ပြီး မပြောပဲနေလိုက်တယ်။ ကေ့ရဲ့ ခန္ဓာကိုယ်ဟာ တစ်နေ့တစ်ခြားပိန်ပိန်လာတယ်။ ဘာစားစား အဟာရ မဖြစ်ဘူး။ ရှိစုမဲ့စုလေးနဲ့ ဆေးခန်းပြနေရပြီး ကေ့မှာ သေမယ့်ရက်ကို လက်ချိုးပြီး တွက်နေရတာ။ သမီးလေးနဲ့ ယောက္ခမကို ကေဘယ်လိုမှ စိတ်မချနိုင်ဘူး။ ကေချက်ပြုတ်ကျွေးမွေးတာကို စားနေကြရတဲ့ သမီးလေးနဲ့ ယောက္ခမကို ကေ့ဆီက ရောဂါကူးမှာ စိုးရိမ်တယ်။ သမီးလေးကိုလည်း ကေ့အနား သိပ်အကပ် မခံစေချင် တော့ဘူး။ ဒါနဲ့ပဲ ကေ့ဘ၀ဟာ အထီးကျန်ပြီး ခြောက်သွေ့လာခဲ့တော့တယ်။
ဒီလိုနဲ့တစ်နေ့ ရပ်ကွက်ထဲကို လူမှုကျန်းမာရေးပညာပေးအဖွဲ့ကဆိုပြီး ကောင်မလေး (၂) ယောက် (၃) ယောက်က လာပြီး ကျန်းမာရေးပညာပေးပွဲလေးလုပ်တယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာပေးနေတဲ့ အဖွဲ့အစည်းတစ်ခုကတဲ့။ သူတို့က HIV/AIDS ရောဂါအကြောင်းကို အဓိကပြောပြကြတယ်။ သူတို့ပြောပြတဲ့ HIV/AIDS ရောဂါ ကူးစက်ပုံကူးစက်နည်းတွေ၊ မကူးနိုင်တဲ့နည်းတွေ ၊ ကာကွယ်နည်းတွေ၊  ရောဂါဖြစ်နေတဲ့ သူကို ပြုစု ပေးတဲ့နည်းတွေ၊ စိတ်ဓါတ်အင်အား တိုးမြင့်စေတဲ့အကြောင်းတွေ၊ ဒီရောဂါသည်တွေကို ပစ်ပယ် မထား သင့်တဲ့အကြောင်းတွေ ပြောပြသွားလိုက်ကြတာ။ ကေ့မှာ သူတို့ပြောတာနားထောင်၊ သူတို့ကိုကြည့်ပြီး အားတွေရှိလာတယ်။ ပညာပေးပြောပြပြီးတဲ့နောက် ကေသိချင်တဲ့အကြောင်းလေးတွေကို သူတို့နားသွားပြီး ကပ်မေးကြည့်တယ်။ သူတို့က စိတ်ရှည်ရှည်နဲ့ပြောပြတယ်။ သူတို့ကို ကေယုံကြည်ပြီး ကေ့အကြောင်းတွေ အားလုံးပြောပြလိုက်တယ်။ သူတို့ကလည်းအားပေးကြတယ်။ ကေ့အတွက် အားတက်သရောကူညီ ပေးကြပါ တယ်။ သွေးစစ်တာကအစ သူတို့ကူညီကြတယ်။ အမှောင်ထဲရောက်နေတဲ့ ကေ့အတွက် အလင်းတန်း တစ်ခုတွေ့လိုက်ရတာပါပဲ။


သွေးစစ်ပြီးတဲ့နောက် ကေ့မှာ AIDS ရောဂါဖြစ်နေပြီဆိုတာ သေသေချာချာ သိလိုက်ရ တော့တယ်။ အဲဒီနောက်လည်း ကေ့ဆီကို ခဏခဏလာပြီး အားပေးစကားတွေပြောတယ်။ တစ်ခါတစ်လေမှာ တစ်ယောက်စီလာကြတာလည်းရှိတယ်။ ဆေးဝါးတွေနဲ့ စားစရာသောက်စရာတွေအပြင် သမီးလေးအတွက်  အသုံးအဆောင်လေးတွေပါယူလာကြပြီး ကေနဲ့အတူတူ စားသောက်ကာ ကေ့ကိုပြုစုပေးနေတာ ကိုယ့်မိသားစု တစ်ယောက်ကိုပြုစုနေသလိုပါပဲ။ ကေလေ သူတို့လာရင် အရမ်းပျော်တာပဲ။ ကေ့ကိုယ်ကိုလည်း ရောဂါသည် တစ်ယောက်လို့ကို မထင်တောဘူး။
သူတို့လာရင် ကေ့ရောဂါဝေဒနာတွေပျောက်သွားသလိုပဲ။ ကေအားတွေရှိနေတယ်။ သမီးလေးကိုလည်း သူတို့က ချစ်ကြတယ်။ သမီးလေးဆို သူတို့လာရင် ပျော်နေ လိုက်တာအရမ်းပဲ။ သူတို့လေးတွေ ဒီလိုလူမှုရေး လုပ်ငန်းလေးတွေလုပ်ပေးနေတာကို ကေ အားကျမိတယ်။ အစောကြီးကတည်းကသာသိရင် ကေလည်း ဒီလိုလုပ်ငန်းတွေမှာ ပါဝင်မိမှာပါ။ ကေ့သမီးလေး ကြီးလာ ရင်လည်း ဒီလို ကျန်းမာရေးပညာပေးအဖွဲ့ကြီးမှာ ပါဝင်ဆောင်ရွက်စေဖို့ ကေတိုက်တွန်းမယ်။ သမီးလေး ကြီးလာတဲ့အချိန်မှာ ကေက သက်ရှိထင်ရှား မရှိနိုင်တော့ဘူး။ ဒီတော့ ကေစာရေးထားခဲ့မယ်။ သမီးလေး လည်း နားလည်ပြီး လုပ်ဆောင်မယ်လို့ ကေယုံကြည်နေပါတယ်။


အခု ကေပြောပြခဲ့တာတွေအားလုံးဟာ ကေ့ဘ၀ရဲ့ဖြစ်စဉ်တွေပါပဲ။ ကေအခုလိုပြောပြရတာဟာ နောက်လူတွေ သင်ခန်းစာယူနိုင်အောင်လို့ပါ။ လူတစ်ယောက်ရဲ့ တဒင်္ဂအမှား၊ အဲဒီအမှားကို ဖုံးကွယ် ထားလိုက်လို့ ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲရလဒ်တွေတွေကို အခြားသူတွေ သင်ခန်းစာယူစေချင်ပါတယ်။ ကေလည်း ဘ၀ဆက်တိုင်းမှာ ဒီလိုဒုက္ခဆင်းရဲမျိုးမှ ကင်းလွတ်ပါစေလို့လည်း ဆုတောင်းမိပါတယ်။
ကေ့ဘ၀ရဲ့နောက်ဆုံးအချိန်အထိ ကေ့ကိုအားပေးထောက်ကူခဲ့တဲ့ အသိပညာပေးနေတဲ့အဖွဲ့ကြီး ကို အလွန်ပဲ ကျေးဇူးတင်ပါတယ်။ လူသားထုအကျိုးကို ဒီထက်ပို၍ သယ်ပိုးဆောင်ရွက်နိုင်တဲ့ အဖွဲ့ကြီး ဖြစ်ပါစေလို့လည်း ကေအမြဲဆုတောင်းပါတယ်။ ကျန်းမာရေးအသိပညာပေးနေတဲ့ အဖွဲ့ကြီးရဲ့ လုပ်ဆောင်ပေးမှုတွေ က ကေတို့လို့ အမှောင်ထဲ ရောက်နေသူတွေအတွက် အလင်းတန်း တစ်ခုလို့ပဲ ကေမှတ်ယူထားမိပါ တော့တယ်။


ကေခိုင်ပြောပြခဲ့လို့ သူ့ဘ၀အကြောင်းကို ကျွန်မအားလုံးသိခဲ့ရပါတယ်။ သူကလည်း သူ့ဘ၀ အကြောင်း သူများတွေကို သင်ခန်းစာယူနိုင်အောင် ပြောပြပေးပါလို့လည်း ပြောခဲ့ပါတယ်။ အခုဆိုရင် ကေခိုင့်သမီးလေးဟာ ကျန်းမာရေးပညာပေးအဖွဲ့တစ်ခုမှာ အားတက်သရောနဲ့ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ဆောင်နေတာကို တွေ့နေရပါတယ်။ ဒီလိုမျိုးတွေ့ရတော့ ကျွန်မရင်ထဲမှာ ဖော်မပြနိုင်လောက် အောင် အလွန့်အလွန်ကို ၀မ်းသာကြည်နူးနေရပါတယ်။ နောက်နောင်လည်း ဒီလို စေတနာ့ဝန်ထမ်း လေးတွေ ပေါ်ပေါက်လာအောင် ထာဝစဉ် မွေးထုတ်ပေးသွားနိုင်ပါစေ လို့လည်း ဆုတောင်းနေမိပါတော့သည်။ ကေတို့လို AIDS ရောဂါသည်တွေအတွက် အသိပညာပေးနေတဲ့ အဖွဲ့အစည်းတွေက အမှောင်ထဲက အလင်းတန်း တစ်ခုပါလို့ ကေကပြောခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းလေးရဲ့ခေါင်းစဉ်ကို “အမှောင်ထဲက အလင်းတန်း”လို့ ပေးလိုက်ရခြင်း ဖြစ်ပါသည်။
ဝိုင်း
ပြီးပြီ...။
http://phopa-dwm.blogspot.com/2011/08/blog-post_3254.html#more ကူးယူဖော်ပြပါသည်....။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...