Monday, August 29, 2011

“ဓားရိုးကမ်းလိုသူများနှင့် ကျွန်ပ်တို့၏….”

by အား မာန် on Monday, August 29, 2011 at 5:54pm

ကျနော်တို့ မြန်မာဆိုရိုးစကားမှာ “သူခိုးဓားရိုးကမ်းတယ်” လို့ ပြောရင် မှန်ကန်သူဘက်က မိမိဘက်က ရပ်တည်ပေး ရမယ့်အစား၊ ကူညီအားဖြည့်ပေးရမယ့်အစား မမှန်ကန် သူ မိမိရဲ့ရန်သူဘက်က ရပ်တည် ပူးပေါင်းသွားသူ သစ္စာဖောက်ဖြစ်တယ်လို့ ပြောလိုက်တာပဲ ဆိုတာ ကို မြန်မာစကား မြန်မာစာ နားလည်တတ်မြောက်ကြ သူတွေအားလုံး လိုလိုသိကြပါတယ်။ ချီးမွမ်းပြောဆိုတဲ့ စကား မဟုတ်ပါဘူး။ စက်ဆုပ်ရှုံ့ချတဲ့စကား ဖြစ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက် ဆစ်တော်လှန်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေး နိုင် ငံရေးတိုက်ပွဲ၊ စစ်ရေးတိုက်ပွဲ အဆက်ဆက်မှာလည်း သူခိုးဓားရိုးကမ်းခဲ့သူတွေ သာမန်ပြည်သူလူထုထဲမှာရော ထင်ရှားတဲ့ နိုင်ငံရေး စစ်ရေး တိုက်ပွဲဝင်ခဲ့ကြသူ နိုင်ငံရေး သမား၊ စစ်သားတွေ၊ နိုင်ငံရေးသမားတပိုင်း စစ်သားတ ပိုင်းတွေထဲမှာရော  အတော်များများ ရှိခဲ့ကြပါတယ်။ ကမ်းလိုက်တဲ့အခါတိုင်းလည်း တော်လှန်ရေးနဲ့ အရေးတော်ပုံကြီးတွေမှာ ကြီးမားတဲ့အန္တရယ် တွေ့ကြုံခဲ့ရပါတယ်။ အသေးအကြီး အတိုင်းအဆ ပမာဏသာ ကွာခြားပါတယ်။ နစ်နာဆုံးရှုံးမှုတွေ အများကြီးရှိခဲ့ပါတယ်။
တကယ်တန်းမှာတော့ အဲဒီ သူခိုးကိုဓားရိုးကမ်းခဲ့သူတွေ သူခိုးဆီက ရရှိခဲ့တဲ့ အကျိုးစီးပွားဟာ အနည်းအပါး အတ္တ အ ကျိုးစီးပွားလောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူခိုးရဲ့တိုက်ခိုက်ရန်ပြုမှုကြောင့် အမှန်တရားဘက်က တရားမျှတမှုဘက် ကတော့ အတ္တမဟုတ်တဲ့ အများအကျိုးစီးပွား၊ တတိုင်းပြည်လုံးနဲ့ချီပြီး ထိခိုက်ဆုံးရှုံးခဲ့ရပါတယ်။
၆၂ ခုနှစ်မှာ ဗိုလ်နေ၀င်းကို တိုင်းပြည်အာဏာကို လုယူချင်စိတ်ပေါက်လာအောင် အာဏာ အရသာကို မြည်းစမ်းဖူး သွားအောင် ဓားရိုးကမ်းခဲ့သူကတော့ ကျနော်တို့ တိုင်းပြည်ရဲ့တရားဝင်ရွေးချယ်တင်မြှောက် ထားခဲ့တဲ့ ကွယ်လွန် သူဝန်ကြီး ချုပ် ဦးနု ပဲ ဖြစ်ပါတယ်။ ပြည်သူလူထုအကျိုး တိုင်းပြည်ရဲ့ရေရှည်အကျိုးစီးပွားကို မကြည့်ပဲ သူခိုးလက်ထဲကို ၁၉၅၈ ခုနှစ်မှာ ဓားရိုးထိုးကမ်းခဲ့ပါတယ်။ သူခိုးကလည်း ရလာတဲ့ဓားတရမ်းရမ်းနဲ့ အာဏာပါဝါ ပြခဲ့ တဗိုလ်တမင်း လုပ်ခဲ့ပါတယ်။
လိုရင်းကိုပြောရရင်တော့ ၁၉၆၂ ခုနှစ်မှာတော့ တရားဝင် လူထုရွေးချယ်တင်မြှောက်ထားတဲ့ ၀န်ကြီးချုပ် ဦးနု ကို သူကမ်း ခဲ့တဲ့ဓားနဲ့ပဲ လည်မျိုထောက်ပြီး တိုင်းပြည်ကို ချောက်ထဲတွန်းချခဲ့ပါတယ်။ သူခိုးလက်က သူဝှက်တွေ အဆင့်ဆင့်လု ယူတွန်းချရင်း တိုင်းပြည်ကတော့ ချောက်ကမ်းပါးတခု ကနေ နောက်ကမ်းပါး ချောက်တခုထဲ ထပ်တွန်းချခံရ၊ တခါ နောက်ကမ်းပါးချောက်နက်ကြီးတခုထဲကို တွန်းချခံရ ဖြစ်ခဲ့ရတာ ခုထိလည်းနက်ရှိုင်း တဲ့ ချောက်ကြီးထဲမှာ ပဲရှိနေဆဲ ဖြစ်ပါတယ်။
အဲဒီသူခိုးအဆက်ဆက်ရဲ့လက်တွင်းကဓားကို လုယူဖို့ကြိုးစားခဲ့ကြတဲ့ ကျောင်းသားတိုက်ပွဲ၊ အလုပ်သမားတိုက် ပွဲ၊ ကျောင်းသား အလုပ်သမား ပူးပေါင်းတိုက်ပွဲ အဆက်မှာလည်း သူခိုးကို ဓားရိုးကမ်းခဲ့သူတွေ အများကြီးရှိခဲ့သလို ၁၉၈၈ လူထုဒီမိုကရေစီ တော်လှန်ရေးကြီး မတိုင်ခင်နဲ့ တော်လှန်ရေးကြီးအတွင်းမှာလည်း ဓားရိုးကမ်းခဲ့သူတွေ အများကြီး ရှိခဲ့ ပါတယ်။ ၈၈ နောက်ပိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်တွန်းလှန်ရေးလှုပ်ရှား မှုတွေမှာလည်း စဉ်ဆက်မပြတ် သူခိုးဓား ရိုးကမ်းခဲ့သူတွေ၊ ကမ်းနေသူတွေ၊ ကမ်းဖို့ကြိုးစားနေသူတွေ အများကြီးရှိနေပါတယ်။
အဲဒီလိုလူတွေထဲမှာ တိုင်းပြည်အတွက် ကိုယ်ယုံကြည်တဲ့အတွေးအခေါ်တရပ်ကို ကိုင်စွဲပြီး ကိုယ်ကျိုးစွန့်အနစ်နာခံရင်း ရန်သူရဲ့ဖိစီးနှိပ်စက်မှု၊ မက်လုံးပေးစည်းရုံးသိမ်းသွင်းမှုတွေကို နောက်ဆုံးမလွန်ဆန်နိုင်တော့ပဲ ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်ပြီး ဓားရိုးကမ်းခဲ့သူတွေလည်း အနည်းနဲ့အများ ရှိခဲ့ကြပါတယ်။ ဘယ်တုံးကမှ တိုင်းပြည်အကျိုး အများပြည်သူ အကျိုးကို စွန့်လွှတ်အနစ်နာခံပြီး မလုပ်ခဲ့ဖူးဘဲ တိုက်ပွဲအမျိုးမျိုးကို ရှောင်တိမ်းပြီး ကိုယ်အကျိုးစီးပွားပဲ လုပ်လာပြီး ထပ် လောဘတက်လာ၊ ကိုယ့်တိုင်းပြည်အကျိုး အများပြည်သူအကျိုးကို ငဲ့မကြည့်တော့ပဲ အာဏာရှင်တွေနဲ့ ပေါင်း စီပွားရှာ၊ အခွင့်အာဏာရှာ ဓားရိုးကမ်းကြသူတွေကတော့ အများကြီးပါပဲ။ အတိတ်သမိုင်း စာမျက်နှာတွေမှာရော အခုဖြတ် သန်းဆဲ စာမျက်နှာတွေမှာပါ တွေ့နေရပါတယ်။
ကွယ်လွန်ပြီးကြသူတွေကိုတော့ ပြန်ပြီးအပြစ်ပြောမနေလိုတော့ပါဘူး။
ဒါပေမယ့် စစ်အစိုးရက ရေလာမြောင်းပေး လေးလုပ်လိုက်တာနဲ့ ပြည်တွင်းကရောပြည်ပကပါ ကသောကမျော တိုးတိုး တိတ်တိတ် တမျိုးငြိမ်ချမ်းရေး အကျိုးလိုလိုဗန်းပြပြီး ဓားရိုးကမ်းကြသူတွေကိုတော့ မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါ တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခွဲထွက်ပြီး ပါတီထူထောင်ခဲ့ပြီး အင်ဒီအက်ဖ် ပါတီ ထူထောင်ခဲ့ကြသူတွေဖြစ်တဲ့ ဦးခင်မောင်ဆွေ ခေါင်းဆောင်တဲ့အရင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၀င်တွေကလည်း ပါတီဗဟိုရဲ့ဆုံးဖြတ်ချက်ကို မလိုက်နာပဲတစင်ထောင်ခဲ့ကြ၊ စစ်အစိုးရအလိုကျ လေသံတွေပစ်ပြနေရင်း ဓားရိုးကမ်းနေကြသလို အဲဒီပါတီက တခါထပ်အထုတ်ခံရပြီး ရွေးကောက်ပွဲကြိုကာလမှ စစ်အစိုးရရဲ့ လိမ်ဆင်ချထားတဲ့ အတိုင်း အလိုကျ လိုက်ပြော၊ ပြည်သူလူထုကို ဒီမိုကရေစီအစိုးရတရပ် တက်လာသလို အခမဲ့ကြော်ငြာပေးနေတဲ့ ဦးသိမ်းညွန့် ကလည်း ဓားရိုးကမ်းနေကြတာတွေ့ရပါတယ်။ စစ်အစိုးရကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပေါ့ လေ။
တဘက်မှာလည်း တိုင်းပြည်အတွက်လုပ်ပေးနေတာပါဆိုတဲ့ မြန်မာအင်ဂျီအိုက ပညာရှင်များကလည်း စစ်အစိုးရစေခိုင်း တဲ့အတိုင်း ပြည်သူတွေကိုလှည့်စားဖို့ ကြိုးစားကြသလို တိုင်းပြည်ရဲ့လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် ကိုတောင် နိုင်ငံရေးဆက်မလုပ်ဖို့ စည်းရုံးလာတာ တွေ့ရပါတယ်။ တခါ စစ်အစိုးရက နိုင်ငံရေးနဲ့ ကင်းကွာအောင် နိုင်ငံရေးလုပ်တာကိုပဲ ညစ်ပတ်တဲ့ အလုပ်မကောင်းတဲ့အလုပ်လို့ထင်အောင် လုပ်ထားခံရတဲ့သူတွေကို နိုင်ငံရေးသိပ္ပံလို ဘာသာရပ်မျိုးသင်ကြားပေးဖို့ လုပ်လာကြပြန်ပါပြီ။ လူငယ်တွေရဲ့ မဟုတ်မခံစိတ်၊ အမှန်တရားကိုချစ်မြတ်နိုးတဲ့စိတ်၊ စွန့်လွှတ်အနစ်နာခံလိုစိတ်တွေကို စကားလုံးလှလှပပသုံးပြီး တွေးခေါ်စဉ်းစားမှုလမ်းကြောင်းကို ပြောင်းလဲနေကြပါပြီ။ အတွေးအခေါ်ကို ဖျက်ဆီးပစ်ဖို့ ကြိုးစားလာကြတာပါပဲ။ ဒါကို လူထုဒီမိုကရေစီခေါင်းဆေင်နဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ၊ ထောက်ခံအားပေးသူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားခဲ့တဲ့ ဒီပရင်းလူသတ်ပွဲကြီးမှာ ပါဝင်လာ အောင် စည်းရုံးသိမ်းသွင်းခံခဲ့ရတဲ့ လူငယ် လူလတ်တွေရဲ့ အတွေးအခေါ်ကို ဥပမာအဖြစ် ထင်ထင်ရှားရှားတွေ့ခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာာရှင်တွေနဲ့ ဆွေမျိုးသားချင်းတွေ အပေါင်းအပါတွေရဲ့ အကျိုးစီးပွားအတွက်၊ ဆွေစဉ်မျိုး ဆက် ကောင်းစားဖို့၊ သြဇာအာဏာရှိဖို့ စစ်အာဏာရှင်စနစ်က ဖန်တည်းတည်ဆောက်ပေးလိုက်တဲ့ အရေခွံလဲ စစ်အစိုး ရကို တကယ့်ဒီမိုကရေစီအစိုးရတရပ်လို့ ထင်လာအောင်၊ သူတို့ကို ဆန့်ကျင်အာခံမှု လုပ်မလာကြအောင် လူငယ်တွေ ရဲ့အတွေးအခေါ်တွေကို ပြောင်းလဲသွားအောာင် ဦးနှောက်ဆေးကြော (Brain wash) ဖို့ ကြိုးစားတာပါပဲ။ လူငယ်တွေကို ကိုယ်ဘ၀ တက်လမ်းကိုပဲ အာရုံစိုက်ဖို့၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်မှု မလုပ်ဖို့၊ အုပ်ချုပ်သူတွေရဲ့ အမိန့် ကို ဆင်ခြေမတက်ဘဲ နာခံတတ်ဖို့စတဲ့ အတွေးအခေါ်တွေကို သင်ကြားပို့ချပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို လူငယ်တွေ အနေနဲ့ အသေအချာခွဲခြားနားလည်ဖို့ လိုပါတယ်။ ချည်းကပ်စည်းရုံးလာတာကို ခံရတဲ့နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်း တွေက တာဝန်ရှိပုဂ္ဂိုလ်တွေ အနေနဲ့လည်း ရပ်တည်ရေးတို့ အကျိုးစီးပွားတို့မကြည့်ဘဲ လူငယ်တွေရဲ့ အနာဂတ်နဲ့ တိုင်း ပြည်အနာဂတ်အတွက် ရေရှည်စဉ်းစားကြဖို့လိုပါတယ်။ စစ်အရိုးရဟာ တဗိုလ်ဆင်းတဗိုလ်တက် ပြောင်းလဲသွားပေမယ့် သူတို့သုံးနေတဲ့ မဟာဗျူဟာက တတိုင်းပြည်လုံးကို စစ်အာဏာရှင်စနစ်အောက်မှာ ကျွန်ပြုရေးပဲ ဖြစ်ပါတယ်။ အဲဒီ မဟာဗျူဟာအောင်ပွဲရရေးအတွက် သုံးစွဲလို့ရသမျှ ကောက်ကျစ်စဉ်းလဲတဲ့ နည်းပရိယယ်တွေကို အသုံးချပြီးလုပ်သွားမှာ ပါပဲ။ အပြောာင်းအလဲမရှိပါဘူး။ ဒါကို ဒီကနေ့ ဒီမိုကရေစီရေးလှုပ်ရှားနေကြတဲ့ သူတွေ၊ နိုင်ငံရေးတာဝန်ရှိသူတွေက လျှော့မတွက်စေချင်ပါဘူး။
ကျနော်တို့တိုင်းပြည်ဟာ ၆၂ ခုနှစ်ကစပြီး စစ်အာဏာရှင်စနစ်ရဲ့ဖိနပ်သံခွာအောက် ကျရောက်ခဲ့ကြရတဲ့အတွက် လူငယ် မျိုးဆက်သစ်တွေရဲ့ အတွေးအခေါ်ဟာ သင်းသပ်ခံခဲ့ရပါတယ်။ လွတ်လပ်စွာ တွေးခေါ်စဉ်းစားတဲ့ အကျင့်တွေနေရာမှာ ချပေးတဲ့အတွေးအခေါ်အတိုင်း တွေးခေါ်စဉ်းစားဖို့၊ အခြေခံ လူ့အခွင့်အရေးတွေဟာ ဘာတွေပါဆိုတာတွေကို မသိဘဲ၊ အဲဒါတွေဟာ ပျက်စီးနေတဲ့ အနောက်ဒီမိုကရေစီ တန်ဘိုးတွေသာဖြစ်တယ်။ အာရှတန်ဘိုးနဲ့အာရှလူ့အခွင့်အရေးက ဒီလိုမဟုတ်ဘူးဆိုပြီး ခိုင်းတာကို လုပ်တတ်ဖို့သာ ဆင်ခြေဆင်လက် အကာအရံတွေ၊ အမျိုးသားရေး အရေခွံတွေနဲ့ ဖုံးလွှမ်းပြီး အတွေးအခေါ်ကို ဖျက်ဆီး သင်းသပ်ခံလာခဲ့ကြရတာတာ ဖြစ်ပါတယ်။ ယူနီဖောင်းဝတ်တွေကို အားကျပြီး ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့ထက် အာဏာပါဝါအခွင့်အာဏာပြဖို့ဘက်ကို တိမ်းညွှတ်လာအောင် တပ်မတော် သာလျှင်အမိ တပ်မတော်သာလျှင်အဖဆိုတဲ့ ဖောက်ပြန်တဲ့ အတွေးအခေါ်ကို မြန်မာပြည်တပြည်လုံး ပြန့်နှံ့အောင် ထူ ထောင်ခဲ့ကြတာကို သတိမမေ့ကြစေချင်ပါဘူး။
အမှန်တရားနဲ့ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့စိတ်၊ လူသားချင်းစာနာထောက်ထားတဲ့စိတ်။ ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင် ရင်းငြိမ်းချမ်းရေးကို ထိမ်းသိမ်းကာကွယ်စောင့်ရှောက်လိုစိတ်တွေကို ကျနော်တို့ လူငယ်တွေကြားမှာ ပေါက်ပွားရှင်သန် အောင် လုပ်ပေးကြရပါလိမ့်မယ်။ အမှန်တရားဖက်က ရဲရဲတင်းတင်းရပ်တည် ကာကွယ်ပေးဖို့ဟာ တာဝန်တရပ်ဖြစ်တယ် ဆိုတဲ့ စိတ်ဓာတ်တွေကိုရှင်သန်ထက်မြက်အောင် လုပ်ပေးကြရပါမယ်။ ကိုယ်နဲ့မှ မဆိုင်တာ ၀င်မပါနဲ့၊ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ အချောင်သမားအတွေးအခေါ်ကို လက်သင့်မခံဘဲ အမှန်တရား တရားမျှတမှုဘက်က၊ အများ ပြည်သူဘက်က ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်ပေးကြဖို့ ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်တွေကို မှန်ကန်ထက်မြက် တော်လှန်တိုးတက်တဲ့ အတွေးအခေါ်တွေကို ပို့ချပြောပြ၊ လမ်းညွှန်ပြသကြ ရပါလိမ့်မယ်။
ဘယ်လိုအခြေအနေမျိုးမှာမှ စစ်အာဏာရှင်စနစ်ကို လက်မခံဘူးဆိုတဲ့ အတွေးအခေါ်ဟာ ဒီကနေ့ နိုင်ငံတကာ အတွေး အခေါ်ဖြစ်လာနေပါပြီ။ မြေထဲပင်လယ်ကြီးကတော့ အုံကြွလှိုင်းထန် အာဏာတွေရဲ့ ကမ်းပါးရံတွေကို ရိုက်ခတ်ချေမွ ပစ်နေပါပြီ။ ကျနော်တို့လည်း……။
စိုးနေလင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...