Saturday, August 27, 2011

ပျော်ရွှင်ဖွယ် မျှော်လင့်ခြင်းများနှင့် အနာဂတ်မျိုးဆက်များ

ပျော်ရွှင်ဖွယ် မျှော်လင့်ခြင်းများနှင့် အနာဂတ်မျိုးဆက်များ

သင့်ရဲ့ ကလေးထံမှ တောင်းဆိုမှုတွေ များနေသလား....

    မိဘတိုင်းဟာ ကိုယ့်သားသမီးကို အောင်မြင်စေချင်ကြပါတယ်။ လုပ်ငန်းခွင်မှာ ထက်မြက်ပြီး အနုပညာပိုင်းမှာ ဖန်တီးနိုင်စွမ်းရှိတဲ့ သားသမီးတွေကို ကျွန်တော်တို့ လိုချင်ကြပါတယ်။ တကယ်လို့ သင့်ကလေးဟာ အောင်မြင်တဲ့ သားသမီးကောင်းတစ်ယောက်အဖြစ် ဂုဏ်ယူရမယ်ဆိုရင် သင့်အနေနဲ့လဲ ၀မ်းသာမဆုံးဖြစ်မိမှာ သေချာပါတယ်။


    စင်ကာပူ ပညာရေးအဖွဲ့ အစည်းမှ ကောက်ချက်ချထားတာက ....ကလေးတစ်ယောက် ကျောင်းစနေပြီ ဆိုတာနဲ့၊ အဓိက မိဘများ အာရုံစိုက်တတ်တာက ကလေးရဲ့ ပညာရေးမှတ်တမ်းပါပဲ။ တချို့ကျောင်းတွေမှာ ဆိုရင် ရလဒ်ကောင်း ရဖို့အတွက် ကလေးများအတွက် ကြိုတင် ပြင်ဆင်ပေးတဲ့ လုပ်ဆောင်ချက်တွေ ထားရှိကြပါတယ်။  အကျိုးဆက်အနေနဲ့ ၊ မိဘတွေဟာ ကလေးများအောင်မြင်ဖို့အတွက် မျှော်လင့်ချက် ဒီရေနှင့်အတူ လိုက်ပါသွားလေ့ရှိကြပါတယ်။

    ကလေးတွေရဲ့ ပညာရေးကို လေ့လာမယ်ဆိုရင် ကလေးတွေဟာ မိဘတွေရဲ့ အခမ်းနားဆုံး မျှော်လင့်ခြင်းများနဲ့  လိုက်ပါနိုင်အောင် ကြိုးစားနေကြရပါတယ်။ သူတို့လေးတွေဟာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သည့်တိုင်၊ သင်တို့ မိဘတွေ မျှော်လင့်ချက်နဲ့ မကိုက်ညီသေးတာကို ခံစားမိကြပါလိမ့်မယ်။ ဒါဟာ ဘာလို့လဲဆိုရင်၊ မိမိကလေးထက် သာတဲ့ ကလေးတစ်ယောက် ရှိနေသေး တယ်လို့ခံစားနေကြလို့ပဲပေါ့။ ဒါကြောင့် သူတို့လေးတွေဟာ အကောင်းဆုံးစွမ်းဆောင်နိုင်သည့်တိုင်၊ ရှုံးနိမ့်သူများအဖြစ် ကိုယ့်ကိုယ်ကို အထင်ခံနေကြရပါတယ်။ တကယ်တော့ ဒီလိုဖြစ်တာဟာ သူတို့ အမြဲတမ်း ဆုံးရှုံးခြင်းနဲ့ ရင်ဆိုင်နေကြရတာလား။  ဘာသာရပ်ဆိုင်ရာ ရလဒ် တစ်ခုတည်းကို အာရုံစိုက်မယ်ဆိုရင်တော့ ဟုတ်တယ် လို့ ပြောမိမှာပါပဲ။

    မူလတန်းကျောင်း အကြံပေး ဆရာမ တစ်ဦးဖြစ်သူ ကျွန်တော့် မိတ်ဆွေ Genevieve Wee က သူမ အများဆုံးတွေ့ ရတဲ့ ပုံစံတစ်မျိုးကတော့ မိဘတွေဟာ သူတို့ သားသမီးတွေကို စာကြိုးစားစေဖို့အတွက် သူများကလေးတွေနဲ့ နှိုင်းယှဉ်ပြောဆိုတတ်ကြပါသတဲ့။ သူမ ပြောတာက "ကျောင်းသားတိုင်း အမေးခံရတဲ့ မေးခွန်းတစ်ခုက မင်းတို့အတန်းထဲမှာ အမှတ်အများဆုံး ဘယ်သူရလဲ  ဆိုတာပါပဲ။ ကျောင်းသားတွေအနေနဲ့ လဲ အတန်းထဲမှာ အတော်ဆုံး မဖြစ်တဲ့အတွက် စိတ်ပျက်အားငယ်နေကြပါတယ် " လို့ပြောပါတယ်။

    အဓိက အကြောင်းရင်းက ကျွန်တော်တို့ဟာ သားသမီးတွေရဲ့ ကျောင်းစာ ရလဒ်တစ်ခုကိုပဲ မျှော်လင့်ချက်ကြီးကြီးမားမားထားတတ်ပါတယ်။တခြားအရာတွေထက် ကျောင်းစာ ရလဒ်ကိုသာ တန်ဖိုးထားတယ်ဆိုတဲ့ သဘောကို ပြဆိုတတ်ကြပါတယ်။ ရေခပ်တာ မသိချင်ဘူး ... ရေဗူးထဲ ရေပါလာတာပဲ မြင်ချင်တယ် ဆိုတဲ့ မိဘတွေ များပါတယ်။ ဒါဆိုရင် တကယ့် တန်ဖိုးကောင်း တွေ ကို ကျောင်းစာ ရလဒ်တစ်ခုတည်းနဲ့ ပြောလို့ ရနိုင်သလား။ ကလေးတွေ အိမ်ကို သယ်လာမဲ့ ကျောင်းစာ ရလဒ်တွေကိုပဲ မျက်စေ့ဒေါက်ထောက် ကြည့်နေတော့မှာလား

မကောင်းတဲ့ ဖိစီးမှု နှင့် ကောင်းမွန်သော ဖိစီးမှု

    Positive Pushing : How to Raise a Successful and Happy Child စာအုပ်ကို ရေးသားသူ Jim Taylor က မိဘတွေဟာ သူတို့ သားသမီးတွေကို " မင်း အတန်းထဲမှာ ပထမရနိုင်တယ်၊ မင်းက တော်တာကိုး ။ " ဒါမှမဟုတ် "မင်းဟာ အပြေးပြိုင်ပွဲမှာ အနိုင်ရမှာ... မင်းက အမြန်ဆုံးပဲလေ" ဆိုတဲ့ စကားတွေနဲ့ သားသမီးယုံကြည်ချက်ကို မြှင့်တင်ပေးတတ်ကြပါသတဲ့။ ဒါပေမဲ့ ကလေးတွေဟာ သူတို့ရဲ့ စွမ်းဆောင်ရည်ပေါ်မှာ ထိန်းချုပ်ကွပ်ကဲနိုင်မှု မရှိကြပါဘူး.... ကလေးတွေဟာ စွမ်းဆောင်ရည် အတိုင်းအတာ တစ်ခုထိနဲ့ ပဲ မွေးဖွားလာခဲ့ကြသလို...ဒီစွမ်းဆောင်ရည်ကို အစွမ်းကုန် ထုတ်သုံးလေ့ရှိကြပါတယ် လို့ သူက ပြောဆိုပါတယ်။

    စိတ်ဖိစီးမှု ကို ဖော်ပြတဲ့  Yerkes-Dodson ဥပဒေသက လူတစ်ယောက်ဟာ တာဝန်တစ်ရပ်ကို စွမ်းဆောင်နိုင်ဖို့အတွက် အတိုင်းအတာတစ်ခုထိ စိတ်ဖိစီးမှုဒဏ်ကို အသုံးချဖို့ လိုတယ် လို့ဖော်ပြပါတယ် ။ အဲဒီလို အတိုင်းအတာတစ်ခုအထိ စိတ်ဖိစီးမှုဒဏ်ဟာ လူတစ်ယောက်ကို ပိုကောင်းတဲ့ စွမ်းဆောင်နိုင်မှုကို ဖြစ်စေပါသတဲ့။ ဒါပေမဲ့ ဒီလို စိတ်ဖိစီးမှုထက် ကျော်လွန်သွားပြီဆိုရင် စွမ်းဆောင်ရည်ဟာလဲ ကျဆင်းလာတတ်တယ်လို့ ဖော်ပြပါရှိပါတယ်။ ဒီအခါမှာ လိုချင်တဲ့ အရာတွေက စွမ်းဆောင်ရည်ထက် ကျော်လွန်ပြီး မကောင်းတဲ့ စိတ်ဖိစီးမှုကို တိုးပွားလာစေပါတယ်။ ကျွန်တော်တို့ဟာ အလုပ်တစ်ခုကို မလုပ်နိုင်တာ ဒါမှမဟုတ် လုပ်နိုင်တဲ့ အင်အား မရှိတဲ့အခါ စိတ်ဖိစီးမှုမှ စိတ်ဓာတ်ကျမှုကို ကူးပြောင်းသွားပါတယ်။ အကောင်းဆုံးဖြေရှင်းနည်းကတော့ ရည်မှန်းချက်ကို ကောင်းမွန်တဲ့ စိတ်ဖိစီးမှုဖြစ်အောင် ပြောင်းလဲပေးဖို့ လိုပါတယ်။

ဘာတန်ဖိုးတွေလဲ

သင်ဟာ သင့်ရဲ့ သားသမီးတွေကို ဖြစ်စေချင်တဲ့ အလေ့အကျင့်တွေနဲ့ အောင်မြင်မှုရစေတဲ့ တန်ဖိုးတွေကို စဉ်းစားကြည့်ပါ။ Genevieve Wee က " ဒီလိုအ၇ာတွေထဲမှာ ခံဝန်ကတိတွေ၊ ကြိုးစားမှု၊ စည်းကမ်းသေ၀ပ်မှု၊ဇွဲရှိမှု နဲ့ အကောင်းမြင်သဘောထား တွေ ပါတယ် " လို့ပြောပါတယ်။


ကြိုးစားမှု ဟာလဲ သင့်ရဲ့ကလေးငယ်အတွက် စည်းကမ်းသေ၀ပ်မှုကို အထောက်အပံ့ဖြစ်စေပါတယ်။  Sean(၆ နှစ်) နဲ့ Shana(၃ နှစ်) တို့ရဲ့မိခင် Yeo ဆိုတဲ့ Marketing Executive တစ်ဦးက "ကျွန်မက Sean ကို သူနေ့တိုင်းကျောင်းက ပြန်လာရင် အိမ်စာလုပ်ဖို့ ပြောတတ်တယ်လေ။ သူ့ကို စည်းကမ်းရှိပြီး ကြိုးစားတဲ့ ကျောင်းသားတစ်ယောက် ဖြစ်စေဖို့ အတွက်ပါ " လို့ပြောပါတယ်။

မိဘတွေဟာ သားငယ်သမီးငယ်တွေအတွက် စီမံကိန်းတွေ ချမှတ်ထားဖို့လိုပါတယ်။ ပြီးတော့ ကစားဖို့နဲ့ အနားယူဖို့ အချိန်တွေလဲ သတ်မှတ်ပေးထားဖို့လဲ လိုအပ်လှပါတယ်။ ကလေးတွေရဲ့ ကျောင်းစာနဲ့ အတူ ကလေးရဲ့ ကျန်းမာရေးပိုင်းကိုလဲ ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ Leann Ng, ၄၅ နှစ် အရွယ် Finance Manager တစ်ဦးက " ကလေးတွေဟာ အဘက်ဘက်ကပြည့်စုံတဲ့ ဘ၀ပုံစံကို  ပိုင်ဆိုင်ဖို့ လိုတယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကျွန်မရဲ့ ၈ နှစ် အရွယ် နဲ့ ငါးနှစ်သား ကလေး တွေ သူတို့ အချိန်ဇယားကို စီမံတတ်အောင်၊ လုပ်ရမဲ့ အလုပ်တွေကို အကွက်ချနိုင်အောင်၊ အိမ်စာတွေနဲ့ လက်တွေ့ project တွေကို နိုင်နင်းအောင် ခွဲခြားလုပ်ဆောင်တတ်အောင် စီမံပေးလေ့ရှိပါတယ်" လို့ပြောပါတယ်။

ငြီးငွေ့ခြင်းနှင့် အလုပ်များခြင်း

လုပ်စရာ တွေ သင်ယူလေ့လာစရာတွေက များလွန်းလှလို့ ကလေးတွေ မနိုင်မနင်းဖြစ်နေကြပြီလား။ သင့်ကလေးရဲ့ လုပ်ဆောင်စရာများနှင့် ကျောင်းစာများကို စမ်းစစ်ကြည့်ပါ ၊ အားလုံးသူလုပ်ချင်တာတွေလား ဆိုတာကိုပေါ့ ။ သူက ပုံဆွဲတာပိုစိတ်ဝင်စားနေလား ။

Leann က ပြောတာက " ကျွန်တော် ၅ နှစ်အရွယ်က ဂီတဆရာက အတင်းအကြပ် သင်ပေးတာ ၊ ဒါနဲ့ ဆရာကိုလဲကြည့်မရ ၊ ဂီတသင်ခန်းစာတွေကိုလဲ မုန်းတီးခဲ့တယ်လေ။  နောက်ဆုံးတော့ ကျွန်တော့်မိဘတွေက ဆက်မသင်ဖို့ ခွင့်ပြုခဲ့ကြတယ်။ အဲဒီကစပြီး ကျွန်တော်က ဂီတသင်ခန်းစာ ဆို စိတ်မ၀င်စားတော့ပါဘူး။ အခုတော့ ကျွန်တော့်သားသမီးတွေရဲ့  ၀ါသနာနှင့် စိတ်အားထက်သန်မှုကို မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်" လို့ပြောပါတယ်။

ကလေးထိန်း သင်တန်းမှ ဆရာတစ်ဦးဖြစ်သူ Serena Mok က " မိဘတွေဟာသူတို့ အိပ်မက်တွေ အတွက် သားသမီးတွေကို ကြိုးစားစေချင်ကြတဲ့အခါမှာ ငြီးငွေ့စိတ်ပျက်မှုဖြစ်လာစေတော့တာပဲ" လို့ပြောပါတယ်။

ဒါကြောင့် သင့်ကလေးရဲ့ အချိန်ဇယားကို အချိန်ယူ စစ်ဆေးဖို့ လိုပါတယ်။ ကလေးတွေဟာ သင်တန်းတွေ အများကြီး နဲ့ လုပ်စရာ အိမ်စာ တွေ တစ်ပုံကြီးဖြစ်နေသလား ဆိုတာကိုပေါ့။ တချို့ကလေးတွေဟာ သူတို့ လက်ပန်းကျတာ နဲ့  စာထဲမှာ စိတ်မ၀င်စားတာ ကို မဖော်ပြတတ်ကြပါဘူး။ ဒါကြောင့်မိဘတွေက အလိုက်တသိ ကိုယ့်သားသမီး ခံစားချက်ကို နားလည်ဖို့လိုပါတယ်။

ကလေးများ၏ စိတ်ဖိစီးမှု ပုံစံများ

  1. လုပ်စရာတွေနဲ့ ပတ်သက်ပြီး တွန့်ဆုတ်နေမယ်။
  2. စိတ်ဓာတ်ကျမှု ၊ မပျော်ရွှင်မှုတွေနဲ့ စိတ်ပျက်အားငယ်မှုတွေ ဖြစ်နေတတ်တယ်။
  3. လုပ်စရာတွေကို ပျော်ရွှင်မှုမရှိတော့ဘူး
  4. ရန်လိုတတ်မယ် ဒါမှမဟုတ် စိတ်ဆိုးလွယ်မယ်။
  5.  နည်းနည်းထိတာနဲ့ ဒေါသဖြစ်မယ်။
  6.  စိတ်ပျက်အားလျော့ပြီး၊ တိတ်ဆိတ်ငြိမ်သက်နေတတ်တယ်။
  7.  မေ့တတ်လာမယ် ပြီးတော့ စိတ်ဝင်စားမှု အာရုံစိုက်မှု လျော့နည်းလာမယ်။

တက်ကြွအောင် လှုံ့ဆော်အားပေးခြင်း

အောက်ပါ အချက်များဟာ မိဘတွေက သားသမီးတွေကြိုးစားဖို့ ကောင်းမွန်တဲ့ အားပေးမှုတွေပါပဲ။

ထိုက်တန်မှသာ အားပေးပါ
တချို့မိဘတွေက အမြဲတမ်း သားသမီးတွေကို အားပေးနေလေ့ရှိပါတယ်၊ ထမင်းစားပြီးတာက အစ ချီးကျူး တတ်ပါတယ်။ တကယ်တော့ အားပေးမှုဟာ အသိဥာဏ်နှင့် ယှဉ်သင့်ပါတယ်၊ သင့်တော်ထိုက်တန်တဲ့ အားပေးမှုကသာ ကလေးငယ်ကို အောင်မြင်မှုသို့ ပို့ဆောင်ပေးပါတယ်။

စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ပါစေ
 စိန်ခေါ်မှုကို ဖိစီးမှုမရှိပဲ ရင်ဆိုင် နိုင်အောင် ကလေးတွေကို  သင်ပေးဖို့လိုပါတယ်။ project တွေကို နေ့စဉ်အလုပ်အဖြစ် ခွဲခြားလုပ်ဆောင်တတ်ပါစေး

ချက်ချင်းအဖြေမပေးပါနဲ့
ကလေးဟာသူ့အလုပ်ကိုလုပ်နေတဲ့ အခါ အဆင်သင့် ချက်ချင်း အဖြေမပေးပါနဲ့။ တကယ်လို့သူသိချင်တာကို ချက်ချင်းအဖြေပေးလိုက်မယ်ဆိုရင် သူ့စိတ်ထဲမှာ လွယ်ကူတယ်လို့ အထင်ရောက်သွားတတ်ပြီးသူ့ရဲ့စွမ်းရည် ကြိုးစားအားထုတ်မှု ကျဆင်းသွားတတ်လို့ပါပဲ။

ဖြစ်နိုင်တဲ့ ပန်းတိုင်တစ်ခုစီ ချမှတ်ပေးပါ
ကလေးတွေအတွက် သူတို့တတ်နိုင်တဲ့ ပန်းတိုင်ကို ချမှတ်ပေးမှသာ သူတို့ စိတ်ဖိစီးမှုဒဏ်မှ ကင်းဝေးမှာဖြစ်ပါတယ်။

တိုးတက်မှုကို အားပေး အသိအမှတ်ပြုပါ
ဒီအချက်က ကလေးတွေရဲ့စွမ်းရည်ကို သင်က အသိအမှတ်ပြုရာ ရောက်ပါတယ်။ သူ့ရဲ့ပြီးခဲ့တဲ့ လက စွမ်းဆောင်ချက်တွေနဲ့ အခုလုပ်ဆောင်မှုတွေကို နှိုင်းယှဉ်ပြပါ။ တိုးတက်မှုကို ညွှန်ပြ ပြောဆိုပါ။

ကျောင်းနဲ့ပတ်သက်ပြီး မေးမြန်းပါ
ကျောင်းနဲ့ပတ်သက်ပြီး သင့်ကလေးကို နေ့စဉ်မေးပါ။ သူများတွေနဲ့ နှိုင်းယှဉ်ဖို့ ပြောတာမဟုတ်ပါဘူး ။ မိမိရဲ့ကလေး ကျောင်းမှာ နေ့တိုင်း ဘာတွေ သင်ခဲ့ရတယ်... သူတို့ သင်ခန်းစာတွေလိုက်နိုင်လားဆိုတာကို သိဖို့လိုပါတယ် ။ ဒါမှ မိဘတွေကလဲ ကလေးတွေလိုအပ်တဲ့ နေရာမှာ ကူညီ အားပေးနိုင်မှာဖြစ်ပါတယ်။

 ကလေးဘ၀ရရှိပါစေ
 ကလေးတွေဟာ ပျော်ရွှင်ဖွယ်ကလေးဘ၀ကို ပိုင်ဆိုင်ဖို့လိုပါတယ်။  ဒါပေမဲ့ အများစုကတော့ မိဘတွေရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်တွေအောက်မှာပဲ ကလေးဘ၀ ပျောက်ဆုံးသွားတတ်ကြတယ်။ အိမ်စာတွေ ကျောင်းသင်ခန်းစာတွေ ကျက်မှတ်လေ့လာရင်းနဲ့ပဲ ကိုယ်ပိုင် ၀ါသနာ နှင့် ဖန်တီးနိုင်မှုတွေပျောက်ဆုံးသွားတာကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရပါတယ်။ တကယ်တော့ သူတို့အတွက် ကိုယ်ပိုင်စွမ်းရည်နဲ့ အသစ်အဆန်းတွေကို ကိုယ်ပိုင်လေ့လာတတ်ဖို့ လမ်းကြောင်းပေးသင့်ပါတယ်။ ကစားချိန်ကို သူ့ရဲ့ နေ့စဉ် အချိန်ဇယားထဲမှာ ထည့်သွင်းရေးဆွဲထားဖို့လဲ လိုအပ်လှပါတယ်။

ကိုယ်ပိုင်အရည်အချင်းရှိတဲ့သူဖြစ်ပါစေ
 ကလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက်စွမ်းဆောင်ရည်ချင်း မတူညီကြပါဘူး။ တချို့ကလေးတွေဟာ မိဘတွေဆီကို စိတ်ပျက်စရာတွေ သယ်ဆောင်မလာချင်ကြပါဘူး။ ဒီမှာတင် စိတ်ဖိစီးမှုဖြစ်တတ်ပါတယ်။ Serena က " တချို့ကျောင်းသားတွေဟာ သူတို့ စိတ်ပျက်ဖွယ် အမှတ်တွေနဲ့ အိမ်ကိုပြန်လာဖို့ မ၀ံ့မရဲ ဖြစ်တတ်ပါတယ်။ သူတို့တွေဟာ အမှတ်များများပေးဖို့လဲ ဆရာတွေကိုတောင်းဆိုတတ်လေရဲ့။ "
 တကယ်တော့ သင့်ကလေးရဲ့ လုပ်ဆောင်နိုင်စွမ်းကို သိဖို့လိုပါတယ်။  ပြီးတော့မှ ဖြစ်နိုင်တဲ့ မျှော်လင့်ချက်မျိုးကို သင့်ကလေးကို ချမှတ်သင့်ပါတယ်။ မိဘတွေအနေနဲ့လုပ်သင့်တာက ကလေးတွေအတွက် မေတ္တာ၊ ဖေးမမှု၊ လမ်းညွှန်မှုနဲ့ အားပေးမှု တွေပါပဲ။ မိဘရဲ့ အကူအညီ အထောက်အပံ့ကောင်းရတဲ့ ကလေးဟာလဲ သူ့ရဲ့ အောင်မြင်မှုလမ်းကြောင်းကို ကိုယ်တိုင် လျှောက်လှမ်းဖို့ အတွက် စွမ်းအားတွေ ရရှိသွားပါတယ်။


မူရင်း ။ ။ စင်ကာပူနိုင်ငံထုတ် 年轻家庭( July-Aug 2011 ) magazine မှ  快乐的期望ကို ဘာသာပြန်သည်။

ကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
စာချစ်သူများအားကျေးဇူးတင်ပါတယ်။
(ဇေယျာ) 27/Aug/2011 , Saturday, 11:30 pm

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...