Wednesday, August 31, 2011

အမေရိကန် ပြည်ထောင်စုတွင် စီးပွားရေးပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိခဲ့သူ ဒေါက်တာဇော်ဦးနှင့် တွေ့ဆုံခြင်း


Rozoner King created a doc.

[By Nyi Mg]

" လုပ်စရာရှိတာကို မြန်မြန်ဆန်ဆန် လုပ်ခြင်းဟာ၊ ကြိုတင်ကာကွယ်ခြင်းဟာ ဖြစ်မှ လုပ်ရတာထက် ပိုကောင်းပါတယ် "
... ဒေါက်တာဇော်ဦးသည် အမေရိကန်ပြည်ထောင်စု အမေရိကန်တက္ကသိုလ်မှ စီးပွားရေးပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ (Ph.D) ရထားသည့် ပညာရှင်တစ်ဦး ဖြစ်ပြီး လောလောဆယ် မြန်မာနိုင်ငံသို့ ရောက်ရှိနေပါသည်။
နေပြည်တော်တွင် ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့သော နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့၌ " ၂၀၁၅ အာဆီယံ စီးပွားရေး အသိုင်းအဝိုင်းနှင့် အဖွဲ့ဝင်သစ်များအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ " ခေါင်းစဉ်ဖြင့် စာတမ်းတင်ပြ ဆွေးနွေးခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်းပါး အများအပြား ရေးသားခဲ့သူ ဖြစ်သည့်အပြင့် ABSDF ဒုတိယဥက္ကဋ္ဌအဖြစ် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူ တစ်ဦးလည်းဖြစ်သူ ဒေါက်တာဇော်ဦးကို မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေများနှင့် ပတ်သက်၍ The Voice Weekly က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

VOICE » ဦးဇော်ဦးခင်ဗျာ၊ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ငွေရေးကြေးရေး အထူးသဖြင့် နိုင်ငံခြားငွေနဲ့ မြန်မာ ကျပ်ငွေနှုန်းထား လဲလှယ်တဲ့ အခြေအနေဟာ လွန်ခဲ့တဲ့ရက်က စံချိန် ကျိုးအောင် ၇၀၀ အောက်ကို ရောက်ရှိသွားပါတယ်။ ဒီအခြေအနေကို ပညာရှင်ဖြစ်တဲ့ ဦးဇော်ဦးအနေနဲ့ ဘယ်လိုအဓိပ္ပာယ် ကောက်ယူပါသလဲ၊ မူဝါဒဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့ ဘယ်လို ကောက်ယူသင့်တယ်ဆိုတာ သိပါရစေ။
DR.ZO » ဟုတ်ကဲ့၊ ဒီအခြေအနေအထိ ရောက်သွားတဲ့ကိစ္စကို တွက်ကြည့်တဲ့အခါမှာ ပြီးခဲ့တဲ့နှစ်က ငွေလဲနှုန်းတွေနဲ့ ယှဉ်လိုက်ရင် အခု ငွေလဲနှုန်းက မြန်မာကျပ်ငွေ ၇၀၀ အောက်အထိ ကျသွားတယ်။ တစ်နည်းအားဖြင့် ပြောရရင် မြန်မာကျပ်ဟာ မာသထက် မာလာတယ်ဆိုတာ ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ ငွေလဲနှုန်းတွေနဲ့ ယှဉ်လိုက်ရင် ၄၀ ရာခိုင်နှုန်း နီးပါးလောက်အထိ မာလာတာကို တွေ့ရတယ်။ နိုင်ငံတစ်ခုမှာ ငွေလဲနှုန်းက အများအားဖြင့် ပြောနေတာက ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း အပြောင်းအလဲကို ပြောနေကြတာ။ အခုက ၄၀ ရာခိုင်နှုန်းအထိ ဖြစ်လာပြီဆိုတော့ ငွေလဲနှုန်းတစ်ခုရဲ့ မတည်ငြိမ်မှု အများဆုံး ဖြစ်နေတာကို ပြောနေတာ။ အဲဒီတော့ ဒီဟာက စိုးရိမ်ရေမှတ်ကို ရောက်သွားတယ်လို့ တစ်ဖက်က သုံးသပ်လို့ ရပါတယ်။
ဝေးဝေး မကြည့်နဲ့။ မဟာအင်အားကြီး အမေရိကနိုင်ငံမှာ ဖြစ်သွားတဲ့ ပြဿနာတွေကိုပဲ ကြည့်၊ စိုးရိမ်ရေမှတ် ရောက်တာကို နောက်ဆုံးအချိန်အထိ အချိန်ဆွဲပြီး လုပ်တဲ့အတွက် det service sresism ကနေ တစ်ကမ္ဘာလုံး စီးပွားရိုက်ခတ်တဲ့ ပြဿနာ ဖြစ်လာတယ်။ ကျွန်တော့်အနေနဲ့ ဒီနေရာမှာ လုပ်ဆောင်ရမယ့် ကိစ္စတွေကို မြန်မြန်ဆန်ဆန် သွက်သွက်လက်လက်နဲ့ ရဲရဲတင်းတင်း လုပ်ဖို့လိုတယ်။ ဘာပဲဖြစ်ဖြစ် လုပ်လိုက်ဖို့ လိုတယ်။ ဒီကိစ္စဟာ အရေးကြီးတယ်လို့ ထင်ပါတယ်။
VOICE » ဦးဇော်ဦးခင်ဗျာ၊ တစ်ခုလောက် ဖြတ်မေးပါရစေ။ ဒီလို မြန်မာကျပ်ငွေဟာ သာမန်နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းဝန်းကျင် မဟုတ်ဘဲ ၄၀ ရာခိုင်နှုန်းဝန်းကျင် မာလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေး တစ်ခုလုံးအပေါ် ဘယ်လို သက်ရောက်သွားနိုင်တာ ဖြစ်တဲ့အတွက် ဦးဇော်ဦးက အရေးပေါ် အခြေအနေ စိုးရိမ်ရေမှတ်လို့ ဆိုလိုတာပါလဲ။ ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ ရှင်းပြစေလိုပါတယ်။

DR.ZO » အခုလောလောဆယ် ကျွန်တော်တို့ နားလည်တာကတော့ ကုန်သွယ်ရေး ကဏ္ဍမှာ အများဆုံး ထိခိုက်နေတာ၊ ငွေလဲနှုန်းဟာ ကုန်သွယ်ရေးကို အဓိက သက်ဆိုင်နေတဲ့ ဈေးနှုန်းတစ်ခု။ ကုန်သွယ်ရေးဟာ ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ ဆက်စပ်နေတယ်၊ စားသုံးမှုကဏ္ဍနဲ့ ဆက်စပ်နေတယ်။ ဒီကဏ္ဍတွေကိုပါ တိုက်ရိုက်ဆက်နွှယ်လာပြီ ဆိုရင်တော့ စီးပွားရေးအခေါ် System made effect စနစ်တစ်ခုလုံးကို ကူးစက်လာတဲ့ ပြဿနာလို့ ယူဆလို့ ရပါတယ်။ ကဏ္ဍ တစ်ခုကနေ တစ်ခု၊ နောက်ကဏ္ဍတစ်ခုကို ကူးစက်သွားရာမှာ တချို့နေရာမှာ မြန်မြန်ဆန်ဆန် ကူးစက်သွားတာ ရှိသလို တချို့နေရာတွေမှာ ဖြည်းဖြည်း ကူးစက်သွားတာလည်း ရှိတယ်။ တချို့နေရာတွေမှာ ဖြည်းဖြည်းနဲ့ အရှိန်ယူလာပြီးတော့ ကူးပြီးဟေ့ဆိုရင် မရှူနိုင် မကယ်နိုင် ဖြစ်သွားတဲ့အထိ ရှိတယ်။ System made effect ရပြီဟေ့ဆိုရင် အင်မတန်မှ စိုးရိမ်စရာ ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ ဒါကြောင့်မို့ နိုင်ငံအသီးသီးမှာ System made effect ရှိ မရှိ သိနိုင်အောင် Early warning system ဆိုတဲ့ Mecahnism မျိုးတွေကို ချထားပြီး ဂရုတစိုက် လုပ်လေ့ရှိတယ်။ ကျွန်တော်တို့မှာကတော့ အားနည်းချက်ဟာ Early warning system မျိုးကို ချမှတ်ထားနိုင်မှု မရှိသေးဘူး။ ဒီဘက်မှာလည်း စောင့်ကြည့်နိုင်မှု အားနည်းတာမို့ တစ်ခါတစ်ခါ Early warning system တွေကို မမြင်မိဘဲနဲ့ system made crisis ကိုရောက်တော့မှ လုပ်ရမယ့် အခြေအနေ ရောက်သွားရင် သိပ်နောက်ကျသွား နိုင်ပါတယ်။ လုပ်စရာရှိတာကို မြန်မြန်ဆန်ဆန် လုပ်ခြင်းဟာ၊ ကြိုတင်ကာကွယ်ခြင်းဟာ ဖြစ်မှ လုပ်ရတာထက် ပိုကောင်းပါတယ်။
VOICE » ဦးဇော်ဦးခင်ဗျာ ကျွန်တော် ဒီ Early Warning ဆိုတဲ့ဟာလေးနဲ့ ဆက်ပြီး မေးချင်ပါတယ်။ အဲဒါကို မမေးခင်မှာ တစ်ခုဖြတ်ပြီး မေးလိုက်ပါရစေ။ ငွေရေးကြေးရေး သို့မဟုတ် ငွေလဲလှယ်နှုန်းထားများရဲ့ ငွေကြေးမူဝါဒများနဲ့ ပတ်သက်လို့ အစိုးရများက ထားရှိသင့်တဲ့ မူဝါဒနဲ့ အခြေခံ သဘောတရားများကို ရှင်းပြပေးနိုင်မလား ခင်ဗျာ။ ဒီဟာလေး ရှင်းပြပြီးရင် ကျွန်တော့်အနေနဲ့ နောက်တစ်ဆင့် Early warning System ကို မေးချင်လို့ပါ။
DR.ZO » ဟုတ်ကဲ့ခင်ဗျာ၊ အဓိက,ကတော့ ငွေလဲနှုန်းကို ကျွန်တော်တို့ ခေါ်ကြတာက Mother of all prices ဆိုပြီး ခေါ်ကြပါတယ်။ ဆိုလိုတာ တိုင်းပြည်တစ်ခုမှာ ရှိနေတဲ့ ဈေးနှုန်းအားလုံးရဲ့ အချုပ်ဟာ ငွေလဲနှုန်း ဖြစ်တယ်။ ဒီဈေးနှုန်း တည်ငြိမ်မှုဟာ နိုင်ငံတစ်ခုရဲ့ စီးပွားရေးတည်ငြိမ်မှု ဘယ်လောက်ရှိ၊ မရှိဆိုတာ ညွှန်ပြနေသလို ဖြစ်နေပါတယ်။ တိုင်းပြည် တစ်ခုရဲ့ ငွေလဲနှုန်းမှာ အဓိက အခြေခံ ချရမယ်။ အစိုးရရဲ့ မူဝါဒကတော့ တည်ငြိမ်မှုပါ။ အခု အခြေအနေကို ကြည့်ရင် ကျွန်တော်တို့ ငွေလဲနှုန်းဈေးကွက်ဟာ တော်တော့်ကို တည်ငြိမ်မှု ပျက်သွားပြီလို့ ပြောလို့ရပါတယ်။ ဒီ တည်ငြိမ်မှုကို အရင်ဆုံး ထိန်းဖို့သည် ကျွန်တော်တို့ စတင်ဆောင်ရွက်ရမယ့် ခြေလှမ်းဖြစ်ပါတယ်။

VOICE » ဒီလိုဆိုရင် ကျွန်တော် ဆက်မေးပါရစေ။ ဒီလို ငွေလဲနှုန်း တည်ငြိမ်မှု ရှိဖို့အတွက် ဘယ်လို အဖွဲ့အစည်းမျိုးက မည်သို့မည်ပုံ ဆောင်ရွက်ရတယ်ဆိုတာ ဥပမာလေးကို ရှင်းပြပေးနိုင်မလား။ ငွေလဲနှုန်း တည်ငြိမ်ဖို့အတွက် ဘယ်လို အဖွဲ့အစည်းတွေက တာဝန်ယူရတယ်ဆိုတာ နိုင်ငံတကာစံနှုန်းနဲ့ ရှင်းပြပေးစေချင်ပါတယ်။
DR.ZO » နိုင်ငံတကာမှာ အစိုးရတွေက ငွေကြေးဈေးကွက်မှာ ဝင်ပြီး ထိန်းညှိပေးတာကို ဗဟိုဘဏ်ကတစ်ဆင့် လုပ်ပါတယ်။ ဈေးကွက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ဗဟိုဘဏ်ဟာ အစိုးရနဲ့ မဆက်စပ်ဘဲ သီးသန့် ရပ်တည်ပြီး ဆောင်ရွက်ရတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ သူဟာ ဈေးကွက်ကို တာဝန်ခံပြီး ဆောင်ရွက်ရတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် သူ့မှာရှိတဲ့ ငွေရေး၊ ကြေးရေး၊ စီးပွားရေး Policy လက်နက်တွေကို ထုတ်သုံးလေ့ ရှိပါတယ်။ များသောအားဖြင့် သူထုတ်သုံးလို့ရတဲ့ ဒီငွေစက္ကူ ရိုက်ထုတ်တဲ့ကိစ္စ၊ ငွေတိုက်စာချုပ် ရောင်းချတဲ့ကိစ္စ၊ အစိုးရကို ငွေချေးတဲ့ကိစ္စတွေနဲ့ ဆိုင်တဲ့နှုန်းတွေအပေါ် ဗဟိုဘဏ်က စနစ်တကျ ညှိနှိုင်းပြီး ဆောင်ရွက်ပေးရပါမယ်။ တစ်ချိန်တည်းမှာ ငွေကြေးနဲ့ ပတ်သက်တဲ့ ဂယက်ရိုက်လာပြီဆိုရင် ဗဟိုဘဏ်နဲ့ မလုံလောက်တဲ့အခါ အစိုးရက သူရဲ့ Fiscal Policy တွေကို သုံးပြီး ရသုံးမှန်းခြေစာရင်းမှာ ဘယ်လိုပိုပြီး သုံးလိုက်မယ်၊ ဘယ်လို ခြိုးခြံချွေတာမယ် ဆိုတာကို စဉ်းစားပြီး လုပ်တာတွေ၊ အခွန် ကောက်ခံတဲ့ စနစ်တွေကို ထိန်းချုပ်လို့ ရတဲ့ဟာတွေ ရှိပါတယ်။ များသောအားဖြင့် ငွေရေးကြေးရေး ဂယက်တစ်ခု ဖြစ်လာပြီ ဆိုရင်တော့ ဗဟိုဘဏ်ကော အစိုးရပါ ပေါင်းပြီး Monetary Policy Tools ကော၊ Fiscal Policy Tools တွေကော အသုံးချပြီး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆောင်ရွက်လေ့ ရှိပါတယ်။ ဒီမှာ အရေးအကြီးဆုံးက နိုင်ငံတော်ရဲ့ အကြီးအကဲ ဆိုသူတွေဟာ အစိုးရကော ဗဟိုဘဏ်ကော လုပ်နေတဲ့ အပေါ်မှာ ထပ်ဆောင်းပြီးတော့ လုပ်ဆောင်ချက်တွေကို လူထုယုံကြည်လာအောင်၊ ဈေးကွက်ထဲက Stakeholder တွေ ယုံကြည်လာအောင် ယုံကြည်မှု နှစ်ဆတိုးပြီး ရအောင် အကြီးအကဲတွေက ရှေ့မှာထွက်ပြီး ကတိကဝတ် လုပ်လေ့ရှိပါတယ်။ ငွေကြေးဈေးကွက်မှာ အဓိက ကြုံတွေ့ရတဲ့ ပြဿနာက စီးပွားရေး ကိန်းဂဏန်းတွေ ထက်စာရင် လူတွေရဲ့ စိတ်ခံစားမှုက၊ ပြဿနာက အများကြီး ပါလေ့ရှိပါတယ်။

VOICE » ကျေးဇူးတင်ပါတယ် ဦးဇော်ဦး ခင်ဗျာ။ ကျွန်တော် စောစောက ဦးဇော်ဦး ပြောခဲ့တဲ့ Early Warning အကြောင်းကို မေးချင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နောင်အသုံးတည့်မယ်ဆိုရင် အရေးကြီးလာမှာ ဖြစ်တဲ့အတွက် ဘယ်လို Early Warning System ကို ထည့်သွင်းထားခြင်းဖြင့် ဒီလို ငွေကြေးဂယက်ဟာ System Made သဘောကို မရောက်ခင် ကြိုတင် သိရှိနိုင်တယ်ဆိုတာ ဥပမာလေးနဲ့ ရှင်းပြပေးပါ။
DR.ZO » အဓိက,ကတော့ Early Warning System ရှိသင့်တဲ့ ကိစ္စကတော့ ဈေးနှုန်းတွေရဲ့ အပြောင်းအလဲကို ကြည့်ရှုနိုင်တဲ့ Mechansim တစ်ခု ထားရှိဖို့ပါပဲ။ ဈေးနှုန်းတွေက ကျွန်တော်တို့ဆီမှာဆိုရင် ငွေလဲနှုန်း၊ ငွေကြေး ဖောင်းပွမှုနှုန်း၊ တိုင်းပြည်ရဲ့ ကုန်သွယ်မှု အပေးအယူ ရှင်းတမ်း၊ ဈေးနှုန်းတွေ အပြောင်းအလဲ ဘယ်လိုရှိလဲဆိုတာ လေ့လာထားဖို့ လိုပါတယ်။ ဈေးနှုန်းဟာ အတက် ကြမ်းမယ်၊ အကျ ကြမ်းမယ်ဆိုရင် မတည်ငြိမ်မှု ရှိလာတာ ပြတဲ့ သဘောပါ။ သူများတိုင်းပြည်တွေမှာ ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းအောက် ဂဏန်းတစ်လုံး ပြောင်းရုံနဲ့ အမေရိကလို တိုင်းပြည်မှာ ဒသမ ပြောင်းရုံနဲ့တင် သူတို့မှာ တော်တော်ကြီးကို လေးလေးနက်နက်ထားပြီး ဆောင်ရွက်လေ့ ရှိပါတယ်။ လုပ်တဲ့အခါကျရင် ဘာတွေ လုပ်မယ်ဆိုတာ ပြင်ဆင်ထားနိုင်ဖို့၊ လုပ်ပြီဟေ့ဆိုရင် မြန်မြန်ဆန်ဆန် လုပ်ဖို့ လိုအပ်ပါတယ်။ လုပ်တာတွေ မှန်ဦးတော့ အချိန်ဆွဲပြီး လုပ်မယ်ဆိုရင်လည်း မအောင်မြင်တဲ့ သာဓကတွေ အများကြီး တွေ့ရပါတယ်။
VOICE » ဦးဇော်ဦး ခင်ဗျာ။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေလေးကို အနည်းငယ် ရှင်းပြပြီး မေးခွန်းလေး မေးလိုပါတယ်။ ကျွန်တော်တို့ လောလောဆယ် Exchange Rate ခြောက်ချက်နဲ့ ဈေးကွက်ပေါက်ဈေးနဲ့ ကွာဟနေတဲ့ ကိစ္စ၊ FEC ကို ဖျက်သိမ်းဖို့ကိစ္စ အပါအဝင် အရေးပေါ် ဖြစ်လာတဲ့ ၇၀၀ အောက်ကို ရောက်သွားတဲ့ အမေရိကန်ဒေါ်လာကို ဆွဲတင်ဖို့ ကိစ္စသုံးမျိုးမှာ ဘယ်လိုခွဲခြမ်းစိတ်ဖြာ သုံးသပ်သင့်တယ်။ ဘယ်ဟာကို အရေးတကြီး သဘောထားသင့်တယ်၊ ဘယ်လို သဘောထားသင့်တယ် ဆိုတာကို ပညာရှင်တစ်ဦးရဲ့ အမြင်ကို သိပါရစေ။
DR.ZO » အဓိက ရင်ဆိုင်နေရတာက ငွေလဲနှုန်း မာလာတဲ့ကိစ္စ။ Evoluation, Unification ပြဿနာ၊ ငွေလဲနှုန်း မာလာပြီဆိုရင် အဓိက စဉ်းစားရမှာက ဒီဟာ မာလာတာကို ဆက်မမာအောင် ဘယ်လို ကာကွယ်မလဲဆိုတာ အရေးကြီး ပါတယ်။ များသောအားဖြင့် ငွေတန်ဖိုးတွေ ကျလာပြီဆိုရင် ဈေးကွက်ထဲမှာ တကယ်ပေါက်နေတဲ့ ဈေးထက် အစိုးရ သတ်မှတ်ထားတဲ့ ဈေးနဲ့ ကွာဟနေတာကို ညှိယူတဲ့ Evoluation, Unification တွေနဲ့ စဉ်းစားပြီး လုပ်လေ့ ရှိပါတယ်။ ငွေလဲလှယ်နှုန်း ဈေးတည်ငြိမ်ရေးသာ အရေးကြီးတဲ့ အတွက်ကြောင့် ငွေလဲနှုန်း ဘယ်နားမှာပဲ ရှိရှိ တည်ငြိမ်အောင် အစိုးရက ထိန်းပေးရတဲ့ ဆောင်ရွက်ချက် ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ဖြစ်နေတဲ့ ပြဿနာက ငွေလဲနှုန်း မာလာတာ ဖြစ်တဲ့အတွက် မာလာတာကို ဘယ်လို ကာကွယ်မလဲ ဆိုတာကို ဦးစားပေး စဉ်းစားပြီး ဆောင်ရွက်သင့်ပါတယ်။

VOICE » ဦးဇော်ဦး ခင်ဗျာ။ အဓိက ဖြစ်တဲ့ မေးခွန်းကို မေးလိုက်ပါရစေ။ ဒီလို အရေးပေါ် အခြေအနေမျိုးကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် Monetary Policy ဖြစ်တဲ့ ငွေကြေးဆိုင်ရာ တာဝန်ရှိတဲ့ ဗဟိုဘဏ်။ Fiscal Policy လုပ်ပိုင်ခွင့်ရှိတဲ့ ဘဏ္ဍာ/ အခွန် ဝန်ကြီးဌာနနဲ့ အစိုးရနဲ့ သက်ဆိုင်တဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနနဲ့ ဈေးကွက်ရဲ့ Trust ကို တည်ဆောက်ဖို့ နိုင်ငံတော် အကြီးအကဲများက အပိုင်းဆိုပြီး ဦးဇော်ဦး ပြောထားတာ ရှိပါတယ်။ လက်ရှိ အခြေအနေတွေကို ကာကွယ်ဖို့အတွက် ငွေရေးကြေးရေး အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုဘဏ်က မည်သို့ ဆောင်ရွက်သင့်တယ်၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်မှု အပိုင်းက မည်သို့ ဆောင်ရွက်သင့်တယ်၊ တတိယအပိုင်း ဖြစ်တဲ့ နိုင်ငံတော် အကြီးအကဲများ မည်သို့ လုပ်ဆောင်သင့်တယ် ဆိုတာ ဥပမာများနဲ့ ရှင်းပြစေလိုပါတယ်။
DR.ZO » အခု ကျွန်တော်တို့ ဖြစ်သွားတဲ့ မြန်မာငွေတန်ဖိုး ခိုင်မာတဲ့နောက်မှာ ဒီပြဿနာကနေ ကုန်သွယ်ရေး ကဏ္ဍမှာ ဂယက်ရိုက်နေတဲ့ ပို့ကုန်လုပ်ငန်းကို အခြေခံပြီး အနောက်ကနေ အထောက်အကူ ပေးနေရတဲ့ လုပ်ငန်းတွေထိခိုက်နေရာကနေ တခြားစီးပွားရေးကို မထိခိုက်ရအောင် တားဆီးဖို့ အဓိက ဖြစ်ပါတယ်။ ကျွန်တော်တို့ အခေါ်မှာတော့ အများဆုံး အထိနာတဲ့သူတွေကို အရင်ဆုံး စဉ်းစားပြီး မြန်မြန်ဆန်ဆန် လုပ်ဖို့လိုပါတယ်။ ဒါမှသာလျှင် ဆက်တိုက် ကူးစက် ပြန့်ပွားမယ့် ကိစ္စတွေကို မပြန့်ပွားအောင် တားဆီးဖို့ လိုပါတယ်။ ဗဟိုဘဏ်အနေနဲ့ သူ့ရဲ့ ငွေကြေးလက်နက် ဖြစ်တဲ့ အတိုးနှုန်းတွေကို ဘယ်လို ပြင်ဆင်ဖို့ စဉ်းစားမလဲ။ ငွေကြေးဈေးကွက် ငွေစီးဆင်းမှု နှေးကွေးတာကို မြန်ဆန်လာအောင် ဘယ်လိုလုပ်မလဲ။ အဲဒီလို လုပ်တဲ့အတွက် အစိုးရရဲ့ ပိုငွေလိုငွေ ရှင်းတမ်းမှာ ထိခိုက်နိုင်တာတွေ ရှိပါတယ်။ ဘဏ္ဍာအခွန်ကလည်း ဘဏ္ဍာရေး အသုံးစရိတ်တွေကို ဘယ်လို စဉ်းစားပေးမလဲ။ ချက်ချင်း လုပ်ရမယ့်ဟာ ရှိသလို အချိန်ယူပြီး လုပ်ရမယ့်ဟာတွေလည်း ရှိပါတယ်။ အချိန် မမီတော့ရင်တောင် နောင်အချိန်ယူပြီး လုပ်ရမယ့်ဟာတွေကို တစ်ချိန်မှာ ဂယက်တွေ မကူးစက်ရအောင် ဘယ်လို အချိန်ယူပြီး လုပ်ထားမလဲ၊ အခွန်ကိစ္စတွေကို စဉ်းစားလို့ ရပါတယ်။ စီးပွားရေး ဂယက်ဆိုတာ တိုင်းပြည်တိုင်း ကြုံတွေ့နေရတဲ့ ပြဿနာပါ။ တွေ့တဲ့ပြဿနာကို ရှောင်လို့ မရဘူး။ လာမယ့်ဘေး ပြေးတွေ့၊ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ဒီအကျိုးဆက်တွေ အတွက်ပါ စဉ်းစားပြီး ဆက်ပြီး လုပ်သွားရမယ်။

အခုလောလောဆယ်မှာ တအုံနွေးနွေးနဲ့ အရှိန်ပြင်းပြင်း စလောင်တဲ့မီးကို အရင်ဆုံးငြှိမ်းဖို့ လိုပါတယ်။ ဒါအားလုံးကို ကျွန်တော်တို့ စနစ်တကျနဲ့ လုပ်မယ်ဆိုပြီး အချိန်ယူမယ်ဆိုရင် အချိန်လင့်သွားမယ့် ပြဿနာရှိတဲ့အတွက် စဉ်းစဉ်းစားစား လုပ်ဖို့ လိုပါတယ်။
VOICE » ဦးဇော်ဦးခင်ဗျာ။ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ ပညာရှင်တချို့ရဲ့ မူဝါဒဆိုင်ရာ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဦးဇော်ဦးရဲ့ အမြင်ကို သိချင်ပါတယ်။ ဗဟိုဘဏ်နဲ့ ပတ်သက်လို့ ဗဟိုဘဏ်က လောလောဆယ်မှာ အမေရိကန်ဒေါ်လာ Demand ကို တိုက်ရိုက် ဖန်တီးတဲ့အနေနဲ့ အမေရိကန်ဒေါ်လာတွေကို ဝင်ရောက် ဝယ်ယူပေးဖို့ အဆိုပြုတာနဲ့ ပတ်သက်ပြီး ဦးဇော်ဦးရဲ့ Comment ကို သိပါရစေ။
DR.ZO » ကျွန်တော်တို့ အခုလက်ရှိ အစိုးရရဲ့ ယန္တရားထဲမှာ ဒါကိုလုပ်ဖို့ စနစ်မရှိသေးဘူး။ ဒါကို လုပ်တဲ့အခါကျရင် အခြေခံဥပဒေနဲ့အညီ လုပ်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့ဆီမှာ အခု ပြည်သူ့လွှတ်တော်ဆိုတာ ရှိတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့အစိုးရကလည်း ရှိနေပြီဖြစ်တဲ့အတွက် လုပ်ဖို့လိုနေတဲ့ ကိစ္စတွေကို ပြည်သူ့လွှတ်တော်ကနေ ဥပဒေကြမ်း အနေနဲ့ တင်နိုင်မယ်။ ဒါကို နိုင်ငံတော် အစိုးရကလည်း ချက်ချင်းလက်ငင်း အရေးယူ ဆောင်ရွက်မယ်ဆိုရင် လုပ်လို့မရတဲ့ကိစ္စဆိုတာ မရှိဘူးလို့ ထင်ပါတယ်။ ဘာကို ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖို့ လိုပါတယ်။
VOICE » ဒုတိယအချက်အနေနဲ့ စီးပွားရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ စီးပွားကူးသန်း အနေနဲ့ ဘာလုပ်သင့်လဲ ဆိုတာလေး မေးပါရစေ၊ ပညာရှင်တချို့က အဆိုပြုထားတဲ့ အထဲမှာ အမေရိကန်ဒေါ်လာ Demand ကို ဖန်တီးပေးတဲ့ အနေနဲ့ သွင်းကုန်တချို့နဲ့ ပတ်သက်တဲ့ မူဝါဒကို လျှော့ပေါ့ပေးဖို့ ပြောနေတာတွေ ရှိပါတယ်။ စီးပွားကူးသန်း ဝန်ကြီးဌာန အနေနဲ့လည်း သူတို့ရဲ့ ကုန်သွယ်မှုလိုငွေ၊ ပိုငွေကိစ္စမှာ Sensitive ဖြစ်တာလေးတွေ ရှိနေတယ်။ လောလောဆယ်မှာ စီးပွားကူးသန်း အနေနဲ့ အမေရိကန် ဒေါ်လာ Demand ကို ဖန်တီးပေးတဲ့ အနေနဲ့ သွင်းကုန်မူဝါဒ တချို့ကို လျှော့ပေါ့ခွင့်ပြုသင့်တဲ့ ကိစ္စအပေါ် ဘယ်လိုများ ရှုမြင်ပါသလဲ။ စီးပွားကူးသန်း အနေနဲ့ ကုန်သွယ်မှုပိုငွေ ဆိုတာကို အလေးပေးနေတော့ ဦးဇော်ဦး Comment လေးကို သိချင်တာပါ။

DR.ZO » ကျွန်တော်တို့ စီးပွားရေး မကောင်းတော့ဘူးဆိုရင် ကုန်သွယ်ရေး ကဏ္ဍကလည်း တိုးတက်လာစရာ မရှိပါဘူး။ အဲဒီအခါကျရင် ကုန်သွယ်ရေးမှာ ဘယ်လောက် အတိုင်းအတာအထိ ပိုငွေပြအောင် ဘယ်လို ကြိုးစားမယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေကလည်း အရာမရောက်တော့ဘူး။ အဓိကကတော့ လောလောဆယ်မှာ ဖြစ်နေတဲ့ Crisis ကို ပိုဦးစားပေးပြီး ဖြေရှင်းဖို့ လိုပါတယ်။ ဒီတစ်နေ့မှာ လိုငွေပြသွားတယ် ဆိုရင်လည်း စီးပွားရေး ပြန်ပြီး ဦးမော့လာရင် ကုန်သွယ်ရေး ပြန်တက်လာမယ်။ ကုန်သွယ်ရေး ပြန်တက်လာရင် ပို့ကုန်မြှင့်တင်ရေးကို အမြဲ ဦးစားပေးတဲ့ မဟာဗျူဟာ ရှိတဲ့အတွက်ကြောင့် ပို့ကုန် မြှင့်တင်ဖို့ဟာ စီးပွားရေး တက်လာပြီဆိုရင် ပို့ကုန်ဟာ အလိုလိုနေရင်း မြင့်လာဖို့ ရှိပါတယ်။ အခု ပြဿနာနဲ့ နောင်ဖြစ်မယ့် အကျိုးဆက်မှာ နောင်ဖြစ်မယ့် အကျိုးဆက်ကို တွေးပူနေမယ့်အစား အခုဖြစ်နေတဲ့ အခက်အခဲကို အရင်ကျော်လွှားအောင် လုပ်လိုက်၊ ဒါကို စီးပွားရေးအရ တိုးတက်လာပြီဆိုရင် ပို့ကုန်မြှင့်တင်ရေးနဲ့ ကုန်သွယ်ရေး ပိုငွေ ပြရေးဟာ သူ့အလိုလို ဖြစ်လာမယ်လို့ ထင်ပါတယ်။
VOICE » တတိယတစ်စု အနေနဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍမှာ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဌာနအနေနဲ့ အခွန်တချို့ကို လျှော့ပေါ့ပေးသင့်တယ်လို့ ဝိုင်းပြီး အဆိုပြုခဲ့တဲ့အတွက် ၁၀ ရာခိုင်နှုန်းမှာ ၈ ရာခိုင်နှုန်းကို ဖျက်ပေးလိုက်တဲ့အတွက် ၂ ရာခိုင်နှုန်းပဲ ကျန်ပါတော့တယ်။ တခြားသော Fiscal Authority အနေနဲ့ ဘာများ ဆက်လုပ်ပေးနိုင်ပါသေးလဲ။
DR.ZO » ကျွန်တော်ပြောချင်တဲ့ ကိစ္စက ခုနကပြောခဲ့တဲ့ ကုန်သွယ်ရေးကဏ္ဍနဲ့ လည်းဆိုင်ပါတယ်။ အခွန်ဘဏ္ဍာ ကောက်ခံတယ်ဆိုတဲ့ ကိစ္စရပ်ကလည်း ရာခိုင်နှုန်း တချို့ကို ဝင်ငွေအနေနဲ့ ကောက်တယ်။ ကုန်သွယ်ခွန် အနေနဲ့ ကောက်တယ်။ အမြတ်ခွန်အနေနဲ့ ကောက်တယ်။ အဲဒီစီးပွားရေး တိုးတက် မှုတွေ အားလုံး အနုတ်လက္ခဏာ ပြပြီဆိုရင်တော့ ရာခိုင်နှုန်းအရ ရမယ့်အခွန်တွေကလည်း တစ်နည်းမဟုတ် တစ်နည်း လျော့နည်းလာမှာ ဖြစ်ပါတယ်။ အဓိက ဦးတည်ချက်ဖြစ်တဲ့ စီးပွားရေး နာလန်ထူဖို့၊ စီးပွားရေး တိုးတက်ဖို့က ပိုပြီး အဓိကကျတယ်။ စီးပွားရေး တိုးတက်လာတာနဲ့အမျှ ခုနက ပြောတဲ့ အခွန်ဘဏ္ဍာငွေတွေကလည်း စီးဝင်လာမှာပါ။ အခွန်နှုန်း နည်းခြင်းဟာ ပြဿနာ မဟုတ်ပါဘူး။ စီးပွားရေး တိုးတက်မှုနှုန်း နည်းခြင်းဟာ ပြဿနာပါ။ စီးပွားရေး တိုးတက်မှုနှုန်း မြင့်မယ်ဆိုရင် အခွန်နှုန်း နည်းပေမယ့်လည်း စီးပွားရေး တိုးတက်ရင် ဘဏ္ဍာငွေ ပမာဏမှာ များနေမှာပါ။

VOICE » နောက်ဆုံးမေးခွန်း မေးချင်ပါတယ်။ ဦးဇော်ဦးခင်ဗျာ။ ဒီနေ့ အခြေအနေဟာ အရေးပေါ် အခြေအနေ ဖြစ်နေတော့ ဈေးကွက်ရဲ့ Confident ယုံကြည်မှု ရဖို့အတွက် နိုင်ငံတော် အကြီးအကဲများ အပိုင်းက မည်သို့သော ပံ့ပိုးကူညီမှုများ ဝင်ရောက် ဆောင်ကြဉ်း ပေးနိုင်မယ်ဆိုတာ မြန်မာနိုင်ငံ အခြေအနေ အပေါ်မှာ မည်သို့ အကြံပြုချင်တယ်ဆိုတာ သိပါရစေ။
DR.ZO » ကျွန်တော်တို့ တိုင်းပြည်မှာ ယခင် ၂၀၀၃ ခုနှစ်တုန်းကလည်း ဘဏ်တွေမှာ ပြဿနာ ဖြစ်ခဲ့ပါတယ်။ ဒီလို ပြဿနာ ဖြစ်ခဲ့တဲ့ အရင်းခံတွေကို ကြည့်မယ်ဆိုရင် ဘဏ်တစ်ခု အားနည်းလာပြီလို့ ယူဆတဲ့အခါမှာ အားနည်းတဲ့ ဘဏ်ကနေ ငွေတွေကို အဆမတန် ထုတ်လိုက်တဲ့အခါမှာ ဘဏ်ကဏ္ဍတစ်ခုလုံးကို သွားပြီး ထိခိုက်တဲ့ ပြဿနာမျိုးပါ။ ဒီလို ဘဏ်တွေမျိုးပဲ ငွေရေးကြေးရေးနဲ့ ဆက်စပ်တဲ့ ဘယ်ကဏ္ဍမဆို လူထုရဲ့ စိတ်လှုပ်ရှားမှုနဲ့ သောကကြောင့် ဖြစ်တဲ့ အကျိုးဆက်တွေဟာ တခြားကဏ္ဍထက် ပိုပြီး ဖြစ်လေ့ရှိသလို ပိုပြီးတော့လည်း အန္တရာယ် ကြီးပါတယ်။ အဲဒီအတွက်ကြောင့် စီးပွားရေးအတွက် ဆောင်ရွက်ချက်တွေ မစနိုင်ခင်မှာ မစနိုင်သည် ထားဦး။ ဒါတွေ ဆောင်ရွက်ပေးဖို့ ရှိတယ် ဆိုတဲ့ကိစ္စကို နိုင်ငံတော် အကြီးအကဲတွေ၊ ခေါင်းဆောင်တွေက လူထုယုံကြည်မှု ရအောင်၊ ဈေးကွက်ယုံကြည်မှု ရအောင်၊ ပုဂ္ဂလိကကဏ္ဍရဲ့ ယုံကြည်မှု ရအောင် အမြန်ဆုံး လုပ်လိုက်ရင် ပြောင်းလဲနေတဲ့ ပြောင်းလဲမှုနှုန်းတွေ၊ တက်လိုက်ကျလိုက် ဖြစ်နေတဲ့ အတက်ကြမ်း၊ အကျကြမ်း ဖြစ်နေတဲ့ ကိစ္စတွေ အနည်းဆုံးတော တည်ငြိမ်မှုရအောင် ပထမဆုံးအဆင့်မှာ ထိန်းထားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

VOICE » ဦးဇော်ဦးခင်ဗျာ။ အပိတ်အနေနဲ့ သီးခြားမှတ်ချက် ပေးချင်တာရှိရင် သိပါရစေ။ ဒီနေ့ အရေးပေါ် အခြေအနေမှာ လုပ်သင့်လုပ်ထိုက်တာ ပြည်သူလူထုဘက်က ဖြစ်စေ၊ စီးပွားရေး အဖွဲ့အစည်းများဘက်က ဖြစ်စေ တခြားများ အကြံပြုချင်တာရှိရင် ဦးဇော်ဦးရဲ့ အကြံပြုချက်ကို သိပါရစေ။
DR.ZO » ဟုတ်ကဲ့။ ကျွန်တော် အကြံပြုချင်တဲ့ ကိစ္စကတော့ အခုမလုပ်ရင်လည်း နောင်တစ်ချိန်မှာ AEC လို့ခေါ်တဲ့ အာဆီယံ စီးပွားရေးဝန်းကျင် အသိုင်းအဝိုင်း တစ်ခု ဖြစ်လာပြီဆိုရင် ခုနက ပြောတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို လုပ်ရမှာ။ အောက်တိုဘာလမှာ လာမယ် ဆိုတဲ့ IMF က စုံစမ်းဖော်ထုတ်လိုက်တဲ့ အခါမှာ သူတို့ အကြံပေးလာမယ့် ဆောင်ရွက်ချက်တွေဟာလည်း ခုနက ပြောခဲ့တဲ့ ဆောင်ရွက်ချက် တော်တော်များများ ပါဝင်ပါလိမ့်မယ်။ ကျွန်တော်တို့ တစ်နည်းမဟုတ် တစ်နည်းတော့ လုပ်ရမယ်ဆိုတာ သေချာနေပါတယ်။ အဲဒီတော့ အနည်းဆုံး ကျွန်တော်တို့အနေနဲ့ တာဝန်ရှိတဲ့ ပြည်သူရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်နဲ့ ပြည်သူ့လွှတ်တော်တွေ အနေနဲ့ အခုအချိန်မှာ ရဲရဲတင်းတင်းနဲ့ အားလုံး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း တစ်ခုခု လုပ်ထားမယ်ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်း အကူအညီတွေ ရလာတဲ့ အခါကျရင်လည်း လုပ်စရာ ရှိတာကို ပိုပြီး သွက်သွက်လက်လက် လုပ်သွားနိုင်မှာပါ။ သူတို့ လာပြီးတော့မှ သူတို့အကြံပေးချက်ရမှ ကျွန်တော်တို့ လုပ်ရမယ်ဆိုရင်တော့ ပိုပြီး နောက်ကျသွားမလားလို့ စိုးရိမ်မိတဲ့ ခံစားချက်လေးတွေ ရှိပါတယ်။

VOICE » ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကိုယ်ရေးအကျဉ်း
(၁၉၈၂) ခုနှစ်မှ (၁၉၈၈) ခုနှစ်အထိ ရန်ကုန် ဆေးတက္ကသိုလ် (၁) တွင် ပညာသင်ကြားခဲ့သည်။ အထက်တန်း ကျောင်းသားဘဝနှင့် တက္ကသိုလ် ကျောင်းသားဘဝတွင် တိုင်းပြည်ရှိ ထူးချွန်ကျောင်းသားများကို ချီးမြှင့်သော လူရည်ချွန်ဆုများ (၂) ကြိမ် ရရှိခဲ့သည်။ တက္ကသိုလ် ပညာရေးအတွက် နိုင်ငံတော်ပညာသင်ဆု ရရှိခဲ့သည်။ (၁၉၈၈) ခုနှစ်တွင် စစ်အစိုးရ ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သော ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည်။ စစ်အစိုးရမှ တက်ကြွလှုပ်ရှားသူများကို အပြင်းအထန် နှိမ်နင်းဖိနှိပ်သော ကာလတွင် ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း တစ်ခုသို့ သွားရောက်နေထိုင်ခဲ့ပြီး၊ ဒုက္ခသည်များ၏ လူမှုရေး ထောက်ပံ့ပေးရေး လုပ်ငန်းများကို (၃) နှစ်တိုင် တာဝန်ထမ်းဆောင်ပေးခဲ့သည်။ (၁၉၉၄) ခုနှစ်တွင် မက်ဂွိုင်းယား ဖဲလိုးရှစ်ဆု ရရှိပြီး၊ ကိုလံဘီယာ တက္ကသိုလ်၊ နိုင်ငံတကာရေးရာနှင့် လူမှုရေးရာကျောင်း (School of International and Public Affairs) တွင် (၂) နှစ် ပညာသင်ကြားပြီးနောက် နိုင်ငံတကာ လေ့လာရေးဆိုင်ရာ မဟာဘွဲ့ ရရှိခဲ့သည်။ ၁၉၉၆ − ၉၈ ခုနှစ်အတွင်း မြန်မာ့စီးပွားရေး သုတေသန စီမံချက်အတွက် သုတေသနလက်ထောက်အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဝါရှင်တန်ဒီစီ မြို့တော်ရှိ အမေရိကန် တက္ကသိုလ် စီးပွားရေး ပညာဌာနမှလည်း ဖွံ့ဖြိုးမှု ငွေရေးကြေးရေးနှင့် ဘဏ်များဆိုင်ရာ စီးပွားရေး မဟာဝိဇ္ဇာဘွဲ့ကို (၂၀၀၂) ခုနှစ်တွင် ရရှိခဲ့သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်းပါး အများအပြား ရေးသားခဲ့ပြီး တက်ကြွစွာ ပါဝင်လှုပ်ရှားနေဆဲ ဖြစ်သည်။ (၁၉၉၈) ခုနှစ်မှ (၂၀၀၆) ခုနှစ်အထိ အမေရိကန် အခြေစိုက် မြန်မာ့ ဒီမိုကရေစီ ရန်ပုံငွေအဖွဲ့တွင် သုတေသနနှင့် ပေါ်လစီများဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...