Sunday, August 14, 2011

ငှက်ကြီး (ထူးအိမ်သင်) အတွက် အမှတ်တရ......

by Min Kyaw Khine on Saturday, August 13, 2011 at 8:24pm


ငှက်ကြီးရေ...
ဒီနေ့ သြဂုတ်လ ၁၄ရက်နေ့
မင်း ငါတို့အားလုံးနဲ့ခွဲခွာသွားခဲ့တာ (ရ) နှစ် ရှိခဲ့ပေမယ့် ရင်ထဲမှာသတိတရရှိနေဆဲပါ။
မင်းနဲ့ ငါ စတွေ့တာ ၁၉၈၁ ခုနှစ် မြင့်မိုးအောင်ရဲ့ ခပေါင်းဆောင်က အခန်းမှာ၊ အဲဒီတုန်းက မင်းယူလာတဲ့ ထန်းရည် နှစ်ပုံးကိုလဲပြန်သတိရတယ်၊
အဲဒီကတည်းက မင်းနဲ့မြင့်မိုးအောင် သီချင်း သွင်းဘို့ တိုင်ပင်နေကြပေမယ့် ငါ့စိတ်ထဲ မင်းအောင်မြင်မှာမဟုတ်ပါဘူးကွာလို့ပြောခဲ့မိတာ တောင်းပန်ပါတယ်။

ငါကမှ သိပ်စိတ်မဝင်စားတာကိုး၊ အဲဒီအချိန်တုန်းက ငါက ကျောင်းနေဘက်သူငယ်ချင်း ဂစ်တာတီးတဲ့ မိုးကျော် (The Aces)၊ ကိုရဲလွင်၊ ကိုတိုး (ကိုခင်မောင်တိုး)၊ ကိုမောင်မောင်၊ ကိုနေဝင်းတို့နဲ့တွဲနေတဲ့အချိန် ဆိုတော့ ကိုတိုးကြိုးစားနေတဲ့ "အဉ္စလီအတွက် ဂီတဉ္စလီ" ခွေထဲက သီချင်းတွေဘက်ကိုပဲ စိတ်ကရောက်နေတာဝန်ခံပါတယ်သူငယ်ချင်း။
ဒါပေမယ့် မင်းအောင်မြင်ခဲ့ပါတယ်၊ သူများအဆိုတော်တွေအောင်မြင်တယ်ဆိုတာက နိုင်ငံတကာမှာပေါက်ထားတဲ့သီချင်းတွေနဲ့ မို့ဒို့ဆီမှာလည်းအောင်မြင်တာပါ၊
မင်းက သူတို့လိုမဟုတ်ပဲ ကိုယ်ပိုင်သံစဉ်နဲ့ အမှတ်တရ ရင်ထဲမှာ ကျန်ရစ်စေတဲ့ အောင်မြင်မှုကိုရခဲ့တာပါ၊ သမိုင်းကျန်ရစ်တဲ့အောင်မြင်မှုပေါ့။
အဲဒီအတွက်လေးစားဂုဏ်ယူပါတယ်သူငယ်ချင်း။
နောက်မင်းနဲ့ ပြန်ဆုံတာ ၈၈၈၈ အပြီး စစ်တပ်က အာဏာသိမ်းတော့ ဒို့ လွတ်မြောက်နယ်မြေကို အသွား ငှက်ဖျားကြမ်းတဲ့ ဒေါနတောင်တန်းပေါ်မှာ၊
တောထဲတောင်ထဲ ခရီးကြမ်းနှင်ရင်း ဆေးလိပ်သောက်စရာမရှိတော့တဲ့ ငါ့ကို မိုးရွာလို့ရေစိုနေတဲ့ ဆေးပေါ့လိပ်တွေတဝက်ခွဲပေးခဲ့တာလဲ သတိရသေးတယ်သူငယ်ချင်း၊
အဲဒီရေစိုနေတဲ့ဆေးပေါ့လိပ်တွေကို ထမင်းအိုးအဖုံးပေါ်တင် အခြောက်ခံပြီးသောက်ခဲ့ရတာ မင်းကိုကျေးဇူးပါသူငယ်ချင်း၊
နောက် ဘုရားသုံးဆူ စမ်ခဘူရီမြို့မှာ ငါက အဆက်အသွယ်ကိစ္စအတွက် ဘန်ကောက်တက်ဖို့ ထိုင်းကုန်သည်တယောက်နဲ့ စားသောက်ဆိုင်အပြင်က ကျောက်စားပွဲဝိုင်းလေးမှာ
သူတိုက်တဲ့ ထိုင်းအရက် (မဲခေါင်) သောက်ရင်း စကားပြောနေတုန်း သူငယ်ချင်းမွန်းအောင်(အဆိုတော်) ရောက်လာပြီး " ဟေ့ကောင် ငါ ထိုင်းအရက်မသောက်ဖူးသေးဘူး" လို့ ပြောတာနဲ့ "လာ..ထိုင်ကွာ ဒီ ထိုင်းကုန်သည်က သဘောကောင်းပါတယ်" ဆိုပြီး ဝင်အထိုင်၊ ထိုင်းကုန်သည်ကလဲ အလိုက်တသိပါပဲ၊ ငါတို့ကိုလွတ်လွတ်လပ်လပ်နေစေချင်တဲ့သဘောနဲ့ နောက်နေ့မှတွေ့မယ်ဆိုပြီးနှုတ်ဆက်ပြန်သွားတယ်၊ မကြာခင်ပဲ ငှက်ကြီး..မင်းယောင်လည်လည်နဲ့ လမ်းလျောက်လာရင်း ငါနဲ့ မွန်းအောင်ကိုတွေ့တော့ " ဟာ..မင်းတို့ တယ်နိပ်နေပါလား...ငါ အရက်တော့မသောက်ချင်ဘူး..မင်းတို့မှာပိုက်ဆံပါရင် ယိုးဒယား ခေါက်ဆွဲပြုတ် စားချင်တယ်ကွာ" ဆိုလို့ မင်း ခေါက်ဆွဲကိုမြိန်ရည်ရှက်ရည်စားနေပုံ ပြန်မြင်ယောင်မိတယ်သူငယ်ချင်း၊ ပြီးတော့ မင်းပြောခဲ့တဲ့စကား ငါ အခုထိကြားယောင်နေသေးတယ်၊
"ကောင်းလိုက်တာကွာ...ကြားပဲကြားဘူးတာ...အခုမှစားဘူးတာ..ကျေးဇူးပဲ" တဲ့။
အဲဒီနေ့က မင်းနဲ့ နောက်ဆုံးဆုံခြင်းပဲဆိုတာ ငါမထင်ခဲ့မိဘူး၊
နောက်ပိုင်း မွန်းအောင်ပြောပြလို့ မင်း သူနဲ့အတူ Camp ထဲမှာနေသွားတဲ့အကြောင်း၊ " အရေးကြီးပြီ" သီချင်းရေးပေးခဲ့တဲ့အကြောင်း တွေသိရတယ်။
နောက် ၁၉၉၉ မှာ မွန်းအောင်နဲ့ ငါ ဘုရားသုံးဆူ စမ်ခဘူရီမြို့ကိုတခေါက်ပြန်ရောက်ဖြစ်တယ်၊ ကိုအောင်သူငြိမ်းရဲ့ မင်္ဂလာဆောင်ပေါ့၊
အဲဒီမှာ မွန်းအောင်နဲ့ ငါနဲ့ ဒို့ သုံးယောက်ထိုင်ခဲ့ဘးတဲ့ စားသောက်ဆိုင်ရှေ့က ကျောက်စားပွဲဝိုင်းလေးကို သတိတရသွားကြည့်ပေမဲ့ နေရာတွေအားလုံးဟာ ပြောင်းလဲကုန်ပြီသူငယ်ချင်း....
အဲဒီလိုပဲ မင်းချစ်တဲ့ ဒို့ဧရာဝတီကြီးဟာလဲ ဘယ်တော့ပြောင်းလဲသွားမလဲ ဆိုတာ...ပူပင်နေရပြီ သူငယ်ချင်း...
ရာဇဝင်များရဲ့သတို့သမီးဧရာဝတီကို မပျောက်ပျက်ဖို့ ငါတို့ဝိုင်းကြိုးစားနေပါတယ်သူငယ်ချင်း.....
သတိရ..အမှတ်ရစွာ...
မင်းကျော်ခိုင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...