Wednesday, August 10, 2011

စစ်ကပေးသော ရင်ဘတ်ပေါ်က ဒဏ်ရာအချို့


ရန်ကုန်သို့ ရောက်ရှိနေသည်မှာ နှစ် ၃၀ ကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း 'ပေါ်တာ' ဆိုသည့် စကားလုံးကို ကြားလိုက်ရလျှင် ရင်ခုန်မြဲ ဖြစ်သည်။ ငယ်စဉ်ကတည်းက စွဲမြဲစွာ ကြောက်ရွံ့ခဲ့ရသော ဝေါဟာရမို့လား မသိ၊ လက်ဖက်ရည်ဝိုင်းတွင် ရောက်တတ်ရာရာ ပြောရင်း ကြားရလျှင်ပင် ကြက်သီးထမိသည်။
ငယ်စဉ်တုန်းက 'ပေါ်တာ' ဟု ဘာကြောင့် ခေါ်သလဲ မသိခဲ့။ ကျွန်တော့် ဇာတိမြေမှာ စစ်နဲ့ မဝေးသော မွန်ပြည်နယ်မှ တောမြို့လေး တစ်မြို့ဆိုတော့ ကျွန်တော်တို့ ကလေးတင်မက လူကြီးများကပါ အထူး ကြောက်ရွံ့ကြသည်။ ပြောမရ ဆိုမရ ဆိုးပေလှသော ရွာသား တချို့အား ပေါ်တာထဲ ထည့်မည်ဟု ခြိမ်းခြောက်လျှင် ငြိမ်ကျသွားသည် အထိ ကြောက်ကြသည်။

ပေါ်တာ ဆိုသည်မှာ Porter ဆိုသည့် အင်္ဂလိပ်စကားကို တိုက်ရိုက် မွေးစားထားခြင်း ဖြစ်သည်။ Porter ကို မြန်မာလို ပြန်ဆိုလျှင် ကုန်ထမ်းပြီး လိုက်ပို့ရသော အလုပ်သမားဟု အဓိပ္ပာယ် ထွက်မည် ထင်သည်။ သို့သော် ကျိုက်ထီးရိုးမှ အထုပ်ထမ်း သမားများကို ပေါ်တာဟု ခေါ်ဆို နိုင်သော်လည်း မတွင်။ စစ်သုံးဝေါဟာရ အဖြစ်သာ တွင်ကျယ်ခဲ့သည်။
ဒုတိယ ကမ္ဘာစစ်တုန်း ကတော့ ပေါ်တာဟု မခေါ်။ မြန်မာစကား စစ်စစ် ချွေးတပ်ဆွဲခြင်းဟုသာ တွင်ကျယ်စွာ သုံးနှုန်းခဲ့ သည်။ ကျွန်တော် ပထမဦးဆုံး ကြားဖူးသည့် စကားလုံးမှာလည်း ပေါ်တာမဟုတ်၊ ချွေးတပ်ဆွဲခြင်းသာ ဖြစ်သည်။

သံဖြူ ဇရပ် (ဘုရားသုံးဆူ) သေမင်းတမန် ရထားလမ်း ဖောက်သည့် အခါ ကျွန်တော့် အဘွား၏ အစ်ကိုမှာ ချွေးတပ်သား ဖြစ်ခဲ့သဖြင့် ကြားရခြင်း ဖြစ်သည်။ ထိုအခါက ကျွန်တော်တို့ မြို့တွင် မဲနှိုက်ကြရသည်။ မဲပေါက်သည့် အိမ်၊ လှည်းတစ်စီး၊ နွားတစ်ရှဉ်း၊ လူတစ်ယောက်ကျ။ ကံဆိုးသော ကျွန်တော့် အဘိုး အဘွား မိသားစုမှာ မဲပေါက်သည်။ ကျွန်တော့် အဘိုးကြီးမှာ သားအကြီးဆုံး ဆိုတော့ သွားရသည်။ ကျန်ရစ်သူများမှာ မျက်ရည်နဲ့ မျက်ခွက်။ အသေဟုသာ တွက်ပြီး လွှတ်လိုက်ရသည်။
ချွေးတပ်ထဲတွင် ဘယ်နှနှစ် ကြာသွားသလဲတော့ မမှတ်မိ။ အဘိုး ပြန်ရောက် လာတော့ လူရုပ်ပင် မပေါ်တော့ဟု သိရသည်။ အဘိုးတို့ သူငယ်ချင်း ၃ ယောက်၊ လှည်းနဲ့ နွားကို ထားပြီး ထွက်ပြေး လာကြသည်။ ယနေ့ခေတ် တစ်ရက်သာ ကြာသော ခရီးကို တစ်လလောက်ကြာမှ ရောက်သည်။ အဘိုး မသေခင် အချိန်ထိ လမ်းတစ်လျှောက် ထမင်းကျွေး၊ လမ်းပြ ပေးခဲ့သော သူများအား ဘုရားရှိခိုးပြီးတိုင်း မေတ္တာပို့သည်တို့ ကြားခဲ့ရဖူးသည်။

ပြန်ရောက်ပြီး တစ်နှစ်ကျော်သည်ထိ ဘာမှ မလုပ်နိုင်။ ချွေးတပ် အတွေ့အကြုံကို မေးလျှင် ဘယ်တော့မှ မပြော။ ကျွန်တော် လူပျိုပေါက်၊ ဆရာ လင်းယုန်သစ်လွင် ရေးသော 'သေမင်းတမန် လမ်းပေါ်ဝယ်' စာအုပ်ဖတ်သည့် အခါမှ ကြောက်မက်ဖွယ်ရာ အတိတ်ကို ဇာတ်ကြောင်း မပြန်ချင်တော့သည့် အဘိုး၏ စိတ်ကို နားလည်မိသည်။
သေမင်းတမန် ရထားလမ်းကို ၁၉၄၂ မှ ၁၉၄၅ အထိ ထိုင်းနိုင်ငံ ဘန်ပေါင် (Ban Pong) ဘူတာမှ သံဖြူဇရပ် ဘူတာအထိ ၁၇၅ မိုင် အရှည် ဖောက်လုပ်ခဲ့သည်။ ဆရာ လင်းယုန်သစ်လွင် ကိုယ်တိုင် ၁၉၄၃ ဩဂုတ်လဆန်းမှ ၁၉၄၄ ဒီဇင်ဘာအထိ စခန်းမျိုးစုံတွင် နေထိုင်၍ ရထားလမ်း ဖောက်ခဲ့ရသည်။ ၁၉၄၇ အောက်တိုဘာ ၇ ရက်တွင် ဗြိတိသျှ နိုင်ငံခြားရေးရုံးမှ ထုတ်ပြန်ခဲ့သော စာရင်းအရ မြန်မာ ချွေးတပ်သား ရှစ်သောင်းကျော် သေဆုံးခဲ့သည်။ သံဖြူဇရပ် စစ်သင်္ချိုင်းတွင် ဗြိတိသျှ ၁၇၂၈ ဦး၊ ဩစတြေးလျ ၁၁၆၃ ဦးနှင့် ဒတ်ခ်ျ ၆၂၁ ဦး မြှုပ်နှံခဲ့သည်ဟု စစ်သင်္ချိုင်း ကော်မရှင်က ဆိုသည်။
ရက်စက်သော သေမင်းတမန် ရထားလမ်း၊ လူ့အဖြစ် ပျောက်ဆုံးခဲ့သော ရထားလမ်း။ သေခဲ့ကြသည်မှာ သောက်သောက် လဲ။ ထိုရထားလမ်းသည် စစ်၏ ကြောက်မက်ဖွယ် အနိဋ္ဌာရုံ တစ်စိတ် တစ်ပိုင်းမျှသာ ရှိသည်။

(၂)
၁၉၈၀ ကျော် ကာလကို ရောက်တော့ ကျွန်တော် ၄-၅ တန်းအရွယ် ရောက်ပြီ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်ခါနီး ကြားခဲ့ရသော ချွေးတပ်ဆိုသည့် ဝေါဟာရ နေရာတွင် ပေါ်တာ ဆိုသည့် ဝေါဟာရ ပါဝင်သည်။ ထိုဝေါဟာရမှာ ကျွန်တော်တို့ မြို့တွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ ယနေ့ခေတ် စကားနဲ့ ပြောရလျှင် ပေါ်တာသည် လုံးဝ အော်တာ။
လစဉ် ပေါ်တာကြေး ပေးရသည်။ ငွေမှ မထည့်လျှင် ပေါ်တာ လိုက်ရမည် ဆိုတော့ စားစရာမရှိလည်း နေ၊ ရှာကြံပြီး ထည့်ဝင်ရသည်။ ထိုအခါက ကရင်ပြည်နယ် နယ်စပ် တစ်လျှောက်တွင် တိုက်ပွဲဝင်များ တရကြမ်း ဖြစ်နေသဖြင့် ရှေ့တန်း သို့ ပစ္စည်းများ ထမ်းပိုးရန် ပေါ်တာလည်း အကြီးအကျယ် လိုအပ်ပုံရသည်။
မနက်ခင်း မုန့်စိမ်းပေါင်း ငါးမူးဖိုးဝယ်လျှင် ဗိုက်တင်းအောင် စားရသည့် ခေတ်တွင် ပေါ်တာကြေး တစ်လ ၃၀ ကျော် လောက် ထည့်ရခြင်းမှာ တော်တော့်ကို များသည်ဟု ဆိုနိုင်သည်။ ပေါ်တာကြေး ထည့်ရုံနဲ့ မပြီးသေး။ ရံဖန်ရံခါ ပေါ်တာ ဆွဲခြင်း ကလည်း ရှိသေးသည်။ ည ၇ နာရီလောက် ဆိုလျှင် ကျွန်တော်တို့ မြို့လမ်းမပေါ် ခွေးများပင် သိပ်မရှိတော့။ ထိုခေတ် ကာလသားများ ညဆို လုံးဝ အပြင် မထွက်ရဲ။

ပေါ်တာ အဆွဲကြမ်းသည့် ညအချို့တွင် ကျွန်တော်တို့ လမ်းမှ အရွယ်ရောက်ပြီးသူများ အားလုံး တောင်ပေါ် ဘုရားက အထက်ပစ္စယံ ပုံစံ လုပ်ထားသော ကြာဖူးပေါ်တွင် တက်အိပ်ရသည်။ ချမ်းလှသော ဆောင်းညများ၊ စောင်အထူ သုံးထည် လောက်မှ အချမ်းလုံရန် နေရာ။ စောင်မရှိသူများက လိုက်ငှားရသည်။
ပထမ၊ ပေါ်တာကြေး ပေးရုံနဲ့ ပြီးသော်လည်း နောက်ပိုင်းတွင် တစ်ရွာ ဘယ်နှစ်ယောက်နှုန်း၊ ကိုယ့်ဘာသာ ငှားစနစ် ပေါ်လာသဖြင့် ပေါ်တာ ဈေးကွက် ပေါ်လာသည်။ ကျွန်တော်တို့ရွာမှ အငှားလိုက် သမား ကိုပွန်နဲ့ ကိုကုလားကြီး။ ပထမ အခေါက် ပေါက်ဈေးမှာ ၅၀၀၀ ကျပ်ဝန်းကျင် ဖြစ်သည်။ သူတို့ သတ္တိရှိလွန်းလို့တော့ မဟုတ်။ သားနဲ့ မယားနဲ့ လက်လုပ် လက်စားတွေ ဆိုတော့ မရှိလွန်းသဖြင့် အသက် စွန့်လိုက်ကြခြင်း ဖြစ်သည်။
ပထမအခေါက် လိုက်သွားပြီး တစ်လကျော် အကြာတွင် နှစ်ဦးစလုံး ပြန်ရောက်လာသည်။ တစ်ရွာလုံးက သူရဲကောင်းများ ပြန်ရောက်လာ သလို ကြိုဆိုကြသည်။ ပြန်ရောက်ပြီး တစ်ပတ်လောက် အထိ သူတို့ နှစ်ဦးပါသော ရေနွေးကြမ်းဝိုင်းတွင် လူအပြည့်။
နောက်တစ်လလောက် ကြာတော့ ဒုတိယ အခေါက်။ ဘာကြောင့်လဲတော့ မသိ။ လိုက်ကြေးက နည်းနည်း ကျသွားသည်။ ဒုတိယ အခေါက်သွားပြီး နှစ်လနီးပါး အကြာတွင် ကိုပွန် တစ်ဦးတည်းသာ ပြန်ရောက်လာသည်။ ကိုကုလားကြီး မိန်းမမှာ အော်ဟစ် ငိုယိုလို့။ သေသလား၊ ရှင်သလား ကိုပွန်လည်း မပြောနိုင်။
တတိယခေါက် ကိုပွန် ထပ်လိုက်သွားသည်။ တချို့ သေကြသည်ဟု သတင်းကြားရသည်။ အလှည့်အပတ် အပြောအဆို ညက်ညောသော ကိုပွန်ကတော့ မသေ။ ယနေ့တိုင် ရွာမှာ ရှိသေးသည်။ နောက်အခေါက် တွေတော့ ကိုပွန်လည်း ထပ်မ လိုက်တော့။ နောက် ၆ လလောက် ကြာတော့ ပေါ်တာ အသံလည်း တိတ်သွားသည်။ ပေါ်တာ ကြေးကတော့ ပေးရမြဲဖြစ် သည်။ ပေါ်တာ ဂယက်မှာ ၃-၄ နှစ်ခန့် ကြာခဲ့သည်။ နောက်ပိုင်းမှာတော့ မကြားရတော့။ ယနေ့ထိတိုင်လည်း မကြား တော့ ကျွန်တော်တို့ မြို့သားများ တော်တော် ဝမ်းသာကြရသည်။

(၃)
ပေါ်တာဆိုသည်မှာ စစ်ကြောင့် လူထု ဒုက္ခရောက်ရသည့် အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။ ပြည်တွင်းစစ် ပြင်းထန် သော နိုင်ငံအချို့တွင် အရပ်သား ပေါ်တာများကို လူသား တံတိုင်း အဖြစ် အသုံးပြု ကြသည် အထိ ရှိသည်။
စစ်ပွဲများကို ပြည်သူများ မဖန်တီး။ သို့သော် ပြည်သူများက စစ်၏ဒဏ်ကို မျိုးစုံ ခံစားရသည့်အပြင် စစ်ကြောင့် တိုင်းပြည် စီးပွားရေး ကျသည့် ဒဏ်ကိုလည်း တမြည့်မြည့် ခံစားရပြန်သည်။ လွတ်လပ်ရေး ရပြီးနောက် အရှေ့တောင် အာရှတွင် အလား အလာကောင်းများ ရှိနေသော မြန်မာ့စီးပွားရေးမှာ ပြည်တွင်းစစ်၏ ဒဏ်ကြောင့် ကြေမွခဲ့ရသည်။
နိုင်ငံရေး ပြဿနာကို စစ်ပွဲဖြင့် ဖြေရှင်းခြင်းသည် ၂၁ ရာစုတွင် အသက် မရှိတော့သည့် အယူအဆဟု ဆိုကြသော်လည်း စစ်ပွဲများက ကမ္ဘာကြီး၏ တစ်နေရာ မဟုတ် တစ်နေရာတွင် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

မျိုးညွန်

Min Thant Syn

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...