Wednesday, August 10, 2011

ခေါင်းဆောင်

Min Thant Syn created a doc.

အမှောင်ထဲမှာ လမ်းပြနိုင်သူကို လူအများ အားကိုးကြသည်။
မှန်သည်။ ကိုယ့်လမ်း ကိုယ်သိလျှင် သူတစ်ပါးနောက်က ဘယ်သူ လိုက်မည်လဲ။
သို့သော် တိုင်းပြည်တွေ၊ လူမျိုးတွေ၏ ဘဝမှာ အမှောင်ဖုံးသော ကာလတွေ ရှိတတ်သည်။ ကိုယ့်အဖြစ်ကိုကိုယ် ကောင်းစွာ ပုံဖော် ကြည့်နိုင်စွမ်း မရှိသည့် ...ကာလများ။


တို့အနေအထားဟာ ဘယ်လိုပါလားဟု ယေဘုယျ ခြုံငုံ၍လည်း မမြင် ခွဲခြမ်းစိတ်ဖြာ ၍လည်း မကြည့်တတ်၊ မရေရာတာ သိသော်လည်း ပြောင်းလဲရန် နည်းလမ်းကို မရှာတတ်၊ စမ်းတဝါးဝါး အလွဲလွဲ အချော်ချော်တွေ ဖြစ်နေကြသူများ ကြားမှာ ပစ္စုပန်ကိုသာမက အနာဂတ်အထိ လှမ်းမြင်သူ၊ မိမိတို့အတွက် အကောင်းဆုံး ဖြစ်နိုင်စရာရှိသည့် အနာဂတ် အနေအထား ကို ကိုယ်တိုင်မြင်ရုံမက သူတစ်ပါးကိုပါ ရှင်းလင်း ပီပြင်စွာ ပုံဖော်ပြတတ်သူ၊ ပုံဖော်ရုံမက အဲသည် အနာဂတ် ပန်းတိုင်သို့ အရောက်လှမ်းနိုင်မည့် လမ်းကြောင်းကိုပါ ညွှန်ပြတတ်သူ၊ အဲသည်လူသည် ခေါင်းဆောင်အရာ ရစမြဲဖြစ်သည်။
သူက အဘယ်ကြောင့် တစ်ပါးသူတွေ မျက်စိလည်နေသည့် လက်ရှိ အခြေအနေ အရပ်ရပ်ကို ဖောက်ထွက်ကာ အနာဂတ်ကို လှမ်းမြင်နိုင်ရသနည်း။

လွတ်မြောက်ရာ လမ်းစကို မပြတ်ရှာဖွေ နေတတ်သည့် ထက်သန်သော စိတ်ဓာတ်ကြောင့် ဖြစ်သည်။
သို့သော် စိတ်အား ထက်သန်ရုံ သက်သက်နှင့် မလုံလောက်၊ ဉာဏ်ပညာ အမြော်အမြင် ရှိဖို့လည်း လိုသေးသည်။
သို့သော် အဲသည် ဉာဏ်အမြော် အမြင်သည်လည်း ပင်ကိုဉာဏ်အပြင် ထက်သန် စိတ်ဇွဲ ပေါ်မှာပါ အများအပြား မူတည်သည်။ မပြတ်လေ့လာ ရှာဖွေမှု၊ တီထွင်ကြံဆမှုနှင့် ပတ်ဝန်းကျင် အနေအထားကို ခွဲခြမ်းစိတ်ြဖာ အဖြေရှာနေမှု တို့ကြောင့် အမြော်အမြင် စုဝေးမိလာသည်။
အဲသည်အခါ လမ်းစကိုမြင်သည်။ သည်လမ်းစကို ဘယ်လိုတိုးတက် ချဲ့ထွင်ရမည်။ ဘယ်လို ဆက်လက် လျှောက်လှမ်း ရမည်။ ခလုတ်ကန်သင်း အတားအဆီးတွေကို ဘယ်လို ရှောင်ကွင်း ကျော်လွှားရမည် စသည့် နည်းလမ်း အကြံအစည် တွေလည်း သူ ရလာသည်။
သို့သော် အကြံအစည် ရှိရုံနှင့်လည်း မပြီးသေး။
သူ့အမြင် သူ့လမ်းကြောင်းနှင့် သူ့နည်းလမ်းနှင့် အကြံအစည်တို့က
ို အားကိုးယုံကြည်၍ သူနှင့်အတူ လိုက်ပါ ဆောင်ရွက် မည့် သူတွေ စည်းရုံး ခေါ်ဆောင်ရဦးမည်။ စည်းရုံးသည် ဆိုရာ၌လည်း အပြောကောင်းရုံ သက်သက်မျှဆိုလျှင် နောက်ပါ တစ်သိုက်ကို ကာလ အခိုက်အတန့် တစ်ခု စုစည်း ထားနိုင်ရုံသာ ရှိမည်။ ရဲဝံ့မှု၊ စွန့်လွှတ်အနစ်နာခံမှု၊ မိမိ ပြောသောစကား နှင့် တစ်သား တည်းကျစွာ ကျင့်ကြံ နေထိုင်တတ်မှုတို့ဖြင့်သာ ရေရှည်စွဲမြဲသော အားကိုးယုံကြည်မှုကို တည်ဆောက် နိုင်လိမ့်မည်။

အိန္ဒိယ၏ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီကို ကြည့်ပါ။
ဂန္ဓီသည် အကြမ်းမဖက်သော လမ်းစဉ်ဖြင့် တော်လှန်ရေး တစ်ရပ်ကို အောင်မြင်စွာ ဆင်နွှဲခဲ့သူဖြစ်သည်။ တစ်ဖက်က နည်းမျိုးစုံဖြင့် နိုးဆွ ရန်စသည့်တိုင် မိမိ ရွေးချယ်ထားသည့် နည်းလမ်းကို မစွန့်လွှတ်ခဲ့။ လက်တုံ့မပြန်ဘဲ ခုခံဖီဆန်သည့် ကျင့်စဉ်ဖြင့် သူကိုယ်တိုင် စိတ်ဓာတ် ခွန်အား မြင့်မားအောင် ဖြည့်ဆည်းခဲ့သလို နောက်လိုက် နောက်ပါများ အားလည်း အလားတူ ကြံ့ခိုင်သန်စွမ်း စေခဲ့သည်။
ဂန္ဓီ၏ လမ်းစဉ်သည် နိုင်ငံတကာရှိ လွတ်မြောက်ရေး တိုက်ပွဲဝင် သူတို့အတွက် စံနမူနာပြ ဖြစ်ခဲ့သည်။
ဂန္ဓီသည် လွတ်လပ်ရေး ပန်းတိုင်ကို မြင်သည်။
ပန်းတိုင်သို့ ချီတက်ရာလမ်းကို မြင်သည်။
ထိုလမ်းသည် အန္တရာယ်ပြွမ်းသည် ကိုလည်း မြင်သည်။ သို့သော် လွတ်လပ်ရေး အတွက် ချောင်ချိသောလမ်း မရှိ။ ထို့ကြောင့် ထိုလမ်းကိုပင် သူရွေးသည်။ မိမိနှင့်အတူ လိုက်ပါကြရန် စည်းရုံး ဆွဲဆောင်သည်။
သူ၏ ကိုယ်ကျင့်သီလ ပြောစကားနှင့် တစ်သားတည်းကျသည့် သူ့ လုပ်ရပ်တို့က သိန်းသန်းချီသော လူထုကို သူ့နောက် တွင် စုစည်းပေးခဲ့သည်။
သူနှင့်အတူ ချီတက်ကြသည်။ သူနှင့်အတူ အကျဉ်းထောင်သို့ ဝင်ကြသည်။ အသက် အန္တရာယ်တွေကြားမှာ စွန့်စား လုပ်ဆောင်နေသော သူ့ကို အတုယူကာ သူ့နည်းတူ စွန့်စားရင်း သူ့ထက်အရင်ပင် အသက်ပေါင်းများစွာ ပေးသွားခဲ့ကြ
သည်။

ဂန္ဓီသည် နှစ်ပေါင်း ၁၀၀ မျှ ကျွန်ဘဝ ကျရောက်နေခဲ့သော အိန္ဒိယကို လွတ်လပ်ရေး ရယူပေးခဲ့သည်။
ဂန္ဓီနည်းတူပင် စကားနှင့် တစ်သားတည်း ကျသော လုပ်ရပ်များကြောင့် တန်းတူနိုင်ငံရေး သမားများ အကြား ထူးခြားမြင့်မား သွားသော ပုဂ္ဂိုလ်တစ်ယောက် ပြချင်ပါသေးသည်။ အဲဒါက မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။
နမူနာ တစ်ခုပဲ ကြည့်ပါ။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်စတွင် မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများ အကြား၌ အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရေး အတွက် လက်နက်ကိုင်၍ ပုန်ကန် ထကြွသော နည်းလမ်းကိုပါ အသုံးပြုရမည် ဟူသော အယူအဆ တစ်ခု ပေါ်ပေါက်လာ သည်။ သည်အယူအဆကို အဓိက ဖြန့်ချိ ပြောဆိုနေသူက ဗိုလ်ချုပ် အောင်ဆန်း၊ အဲသည်တုန်းက သခင်အောင်ဆန်းပင် ဖြစ်သည်။
သို့သော် ပုန်ကန်ရန်အတွက် လက်နက် ဘယ်ကရမည်လဲ၊ စဉ်းစားကြသည့် အခါ တိုင်းတစ်ပါးမှ အကူအညီတောင်းလျှင် ရနိုင်မည်ဟု အဖြေထွက်သည်။
သို့သော် တိုင်းတစ်ပါးသို့ ဘယ်သူသွားမည်လဲ။
ကမ္ဘာမှာ စစ်မီးကြီး စတင်တောက်လောင် နေသည့်ကာလ၊ တိုင်းတစ်ပါးသို့ အင်္ဂလိပ်အစိုးရ မသိအောင် လျှို့ဝှက်သွား ရောက်၍ အဆက်အသွယ်ရှာဖို့ ဆိုသည်မှာ အလွန်အန္တရာယ်များသည့် စွန့်စားမှုကြီး တစ်ရပ် ဖြစ်နေသည်။
ပြီး ရလဒ်ကလည်း သေချာသည်မဟုတ်။
သို့သော် ဘယ်သူမှ မသွားဘူးဆိုလျှင် သည်အကြံအစည်သည် အပြောစခန်းမှာပင် နိဂုံးချုပ်လိမ့်မည်။ ဗိုလ်ချုပ် အောင်ဆန်းသည် အပြောသမား မဟုတ်။

ထို့ကြောင့် နောက်ဆုံးတွင် သည်အစီအစဉ်ကို ဦးဆောင် တင်ပြနေသည့် မိမိကိုယ်တိုင်ပင် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်
သို့နှင့် ၁၉၄၀ ပြည့်နှစ်၊ သြဂုတ်လ ၆ ရက်နေ့ (ခန့်)တွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့၏ သမိုင်းဝင် အမွိုင်း လျှို့ဝှက်ခရီး စတင်ဖြစ်ခဲ့သည်။
ထိုညက ရန်ကုန်မြစ်တွင်းရှိ ဟိုင်လီ သင်္ဘောဆီသို့ တော်လှန်ရေးသမားနှစ်ဦး သမ္ဗာန် တစ်စီးနှင့် ထွက်ခွာသွားပုံ ရှုခင်းကို နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သူ ဗိုလ်လက်ျာက လွမ်းစဖွယ် မှတ်တမ်းတင်ခဲ့သည်။
စဉ့်အိုးတန်း ဆိပ်ကမ်းမှ လှမ်းမျှော်ကြည့်ရင်း ကျန်ရစ်သည့် ဗိုလ်လက်ျာ၏ စိတ်တွင် စွန့်စားသွားသူ တို့ကိုကြည့်ကာ ဝမ်းနည်းစရာ လိပ်ပြာမလုံချင်စရာ ဖြစ်ခဲ့ပေလိမ့်မည်။ သို့သော် ကိုယ်တိုင် စည်းရုံးပြောဆိုနေသည့် စကားအတိုင်း လက်တွေ့ လုပ်ဆောင်ပြသွား ခဲ့သည့် ဗိုလ်ချုပ်အဖို့မူ ထိုခရီးစဉ်သည်ပင် သူ့အား အမျိုးသား ခေါင်းဆောင် အဆင့်သို့ တိုးမြင့် ရောက်ရှိစေမည့် နိဒါန်းအစ ဖြစ်သွားခဲ့ပေသည်။

ပြည်သူ့ခေတ်အယ်ဒီတာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...